အခန်း (၂၆၂၉)
Vol. 112 Ch. 2629
“ရေခဲနှလုံးသားတောင်ကြားက တပည့်တွေကို ပေးမယ်…” ရန်ကိုင်၏မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။
ဖန်မင်ဟွေက ပြန်ပြောလိုက်၏။ “ရေခဲနှလုံးသားတောင်ကြားက အမျိုးသမီးတွေအကုန်လုံးက ရေခဲနတ်သမီးလေးတွေလိုလှတဲ့ မိန်းမချောလေးတွေလေ ဆရာရဲ့… ပြီးတော့ အကုန်လုံးကလည်း ပါရမီရှင်တွေချည်းပဲ… ဒီတော့ သူတို့ကို ရလိုက်တဲ့ ဘယ်သူမဆို တစ်သက်လုံး နောင်တရသွားတော့မှာမဟုတ်ဘူး…”
ရေခဲနှလုံးသားတောင်ကြားသည် အေးစက်စက် ရေခဲနတ်မိမယ်လေးများဖြင့် ပြည့်နှက်နေသည့် ဂိုဏ်းတစ်ဂိုဏ်းဟု မြောက်ဘက်နယ်မြေတွင် ကျော်ကြားပေသည်။ သာမန်နောက်ခံ အသိုင်းအဝိုင်းကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများအတွက်မူ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များသည် နတ်သမီးလေးများအလားပင်။ သူတို့သည်သာ ထိုနတ်သမီးလေးတစ်ပါးကို ရလိုက်မည်ဆိုပါက ပျော်လွန်း၍ပင် အသက်ထွက်သွားနိုင်ပေသည်။
သမိုင်းကြောင်းတစ်လျှောက်တွင် မြောက်ဘက်နယ်မြေမှ ယောက်ျားသားများသည် ရေခဲနှလုံးသားတောင်ကြားမှ တပည့်တစ်ဦးကို လက်ထပ်နိုင်ပါက အလွန်တရာကိုမှ ဂုဏ်ရှိသည်ဟု မှတ်ယူထားကြလေသည်။
သို့သော်ငြား လူအနည်းငယ်သည်သာ ထိုကဲ့သို့ဖြစ်အောင် လုပ်နိုင်ကြသည်။ ယခု ရမ္မက်ရှာဂိုဏ်း၏ စုဆောင်းရေးအမိန့်ကို ကြားသိရပြီးသည့်နောက်တွင် မြောက်ဘက်နယ်မြေ၌ရှိနေသော မရေမတွက်နိုင်သော ယောကျ်ားသားများ အရူးတစ်ပိုင်း ဖြစ်သွားကုန်ကြလေသည်။ ရမ္မက်ရှာဂိုဏ်းမှ ပေးသည့်လက်ဆောင်များမှာ ရေခဲနှလုံးသားတောင်ကြား ပျက်စီးသွားပြီးသည့်နောက် သူတို့ရလာမည့် အမျိုးသမီးတပည့်များနှင့် ယှဉ်လိုက်သော် ဘာမှမပြောပလောက်တော့ပေ။
“ဒီတော့ မင်းတို့က ရေခဲနှလုံးသားတောင်ကြားရဲ့ တပည့်တွေအတွက် ဒီကိုရောက်နေတာပေါ့…” ရန်ကိုင်သည် ဖန်မင်ဟွေကိုကြည့်၍ မေးလိုက်လေသည်။ ဤမျှ အသက်ကြီးနေပြီဖြစ်သည့်တိုင် ဖန်မင်ဟွေသည် ကိလေသာမကုန်သေးဘဲ နေလိမ့်မည်ဟု ရန်ကိုင်မထင်ထားခဲ့ချေ။
ဖန်မင်ဟွေက မဲ့ပြုံးပြုံးလျက် “ဘယ်လိုလုပ်ပြီးဖြစ်ရမှာလဲ ဆရာရယ်… ကျုပ်က ရမ္မက်ရှာဂိုဏ်းကပေးတဲ့ ဆုလေးနည်းနည်းပါးပါး ရချင်ရုံပါပဲ… အဲ့ဆုလေးနဲ့ဆိုလို့ရှိရင် ကျုပ်တို့မိသားစု နှစ်တွေအများကြီး အေးအေးဆေးဆေး နေလို့ရသွားပြီ… ရမ္မက်ရှာဂိုဏ်းရဲ့ တရားဝင် လက်အောက်ငယ်သားတစ်ဦး ဖြစ်လာနိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့…”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ရမ္မက်ရှာဂိုဏ်းက အဲ့နည်းလမ်းသုံးပြီး လူတွေစုတာ ဘယ်လောက်ရသွားပြီလဲ…”
“အနည်းဆုံးတော့ အယောက်တစ်သိန်းလောက်ရှိနေပြီ… တော်တော်များများကတော့ ကျုပ်တို့ဖန်မိသားစုက တပည့်တွေလိုမျိုး လူတွေပဲ… ဒါပေမယ့် တတိယအဆင့် ဒုတိယအဆင့် အင်အားစုတွေက လူအချို့လည်း ပါပါသေးတယ်…”
“ဒီကိစ္စကြီးသာ တစ်နေ့နေ့ကျ ပြီးသွားခဲ့ရင် ရေခဲနှလုံးသားတောင်ကြားက မင်းတို့ကို လက်စားလာပြန်ချေမှာကို မကြောက်ဘူးလား…”
ဖန်မင်ဟွေက ခေါင်းခါလျက် “ဘာလို့ကြောက်ရမှာလဲ ဆရာရယ်... ရေခဲနှလုံးသားတောင်ကြားက အဲ့လို လုပ်နိုင်တော့မှာမှ မဟုတ်တာ”
“မင်း ဘာဖြစ်လို့ အဲ့လိုပြောတာလဲ…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။
“ကျုပ်လည်း သေသေချာချာတော့ မသိပေမယ့်…” ဖန်မင်ဟွေက ရှင်းပြလိုက်သည်။ “ကျုပ်သိထားတာတစ်ချက်ကတော့ ရမ္မက်ရှာဂိုဏ်းမှာ ဧကရာဇ်တတိယအဆင့် ပညာရှင်နှစ်ဦး ရှိတယ်ဆိုတာပဲ… ရေခဲနှလုံးသားတောင်ကြားရဲ့ ဘိုးဘေးတည်ထောင်သူပင်းယွင်က ဧကရာဇ်တတိယအဆင့်ဆိုပေမယ့် သူက တစ်ယောက်တည်းလေ… ရမ္မက်ရှာဂိုဏ်းက ဧကရာဇ်တတိယအဆင့်နှစ်ယောက်ကို ဘယ်လိုလုပ်ပြီး ယှဉ်ပြိုင်နိုင်မှာလဲ… ပြီးတော့ အခုတလော တိုက်ပွဲအတွင်းမှာ ရေခဲနှလုံးသားတောင်ကြားကချည်းပဲ အဆုံးရှုံးများနေရတာ… တိုက်ပွဲမှာသာ အသားစီးရနေမယ်ဆိုလို့ရှိရင် သူတို့ အခုလိုမျိုး ရေခဲနှလုံးသားတောင်ကြားထဲမှာ အမြီးကုပ်ပြီး ပုန်းနေလောက်မှာ မဟုတ်ဘူး… ပြီးတော့…”
“ပြီးတော့ ဘာလဲ…” ရန်ကိုင်က ထပ်မေးလိုက်သည်။
ဖန်မင်ဟွေက ယဲ့ယဲ့လေးပြုံးလျက် “ရေခဲနှလုံးသားတောင်ကြား အကြာကြီး ဆက်ပြီး တောင့်ခံထားနိုင်တော့မှာမဟုတ်ဘူး… လဝက် ဒါမှမဟုတ်ရင် အများဆုံးတစ်လပဲ… အဲ့အချိန်တွင်းမှာ သူတို့ ကျိန်းသေ ရှုံးသွားလိမ့်မယ်…”
ရန်ကိုင်က နှာခေါင်းရှုံ့လျက် “မင်းက တာအိုသခင်ဒုတိယအဆင့်ပဲ ရှိသေးတာ… ဘယ်လိုလုပ်ပြီး ဒီလောက် သေချာနေရတာလဲ…”
ဖန်မင်ဟွေသည် ဘေးပတ်ဝန်းကျင်အား တစ်ချက် ဝေ့ကြည့်လျက် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်ဖုန်းရွှမ်က ဆရာနန်မန်ကို ဖိတ်ခေါ်ထားတယ်… ဆရာနန်မန်က အခု ရေခဲနှလုံးသားတောင်ကြားရဲ့ အစီအရင်ကို ဘယ်လိုဖျက်ဆီးရမလဲ နည်းလမ်းရှာနေပြီ… ဒီတော့ သူသာ အစီအရင်ကို ဖျက်ဆီးနိုင်သွားမယ်ဆိုလို့ရှိရင် ရေခဲနှလုံးသားတောင်ကြား လုံးဝသွားပြီပဲ…”
ထိုစကားကိုကြားသော် ရန်ကိုင်၏နောက်တွင် ရပ်နေသော ကျိယောင်နှင့် ရှီထျန်းဟဲတို့ ပိုပို၍ စိတ်ပူလာကြလေသည်။ ယခုဆိုလျှင် နှစ်ဦးစလုံး၏ မျက်နှာလေးများ ဖြူလျော်နေကြသည်။
အချိန်အတော်ကြာအောင် ရှင်းပြနေပြီးသည့်နောက်တွင် ဖန်မင်ဟွေက မေးလိုက်လေသည်။ “ဆရာ… ဆရာလည်း ဘာဖြစ်လို့ ဝင်မပါတာလဲ… ရမ္မက်ရှာဂိုဏ်းက အခုလောလောဆယ် လူစုနေတုန်းပဲ… ဆရာ့လိုလူမျိုးကို သူတို့ ကျိန်းသေ ဝမ်းပန်းတသာနဲ့ ကြိုဆိုမှာ…”
ရန်ကိုင်က မျက်ခုံးပင့်လျက် “ငါလည်း ပါလို့ရတာလား…”
ဖန်မင်ဟွေက ခေါင်းညိတ်လိုက်သည်။ “ရတာပေါ့ ဆရာရယ်… ဆရာ့အနေနဲ့ ရေခဲလမြို့တော်ဆီသွားပြီး ဆရာ ဘယ်ကလာလဲ ဘယ်သူဖြစ်တယ်ဆိုတာကို စာရင်းသွင်းလိုက်ရုံပဲ… အဲ့လိုလုပ်ပြီးတာနဲ့ ဆရာလည်း ရမ္မက်ရှာဂိုဏ်းဘက်ကနေ တိုက်ပွဲထဲ ဝင်ပါလို့ရပြီ… သူတို့ပေးတဲ့ပုံစံကတော့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီးတော့ပေးတာ… အာ အခုမှသတိရတယ်ဆရာ… ကျုပ် အခုထိ ဆရာဘယ်ကလာတယ်ဆိုတာ မသိရသေးဘူးနော်… ဆရာသာ ရေခဲနှလုံးသားတောင်ကြားနဲ့ ပတ်သက်နေတယ်ဆိုရင်တော့ ရမ္မက်ရှာဂိုဏ်းက ဆရာ့ကိုခေါ်ဖို့ လုံးဝ စိတ်ဝင်စားမှာမဟုတ်ဘူး…”
ရန်ကိုင် ပြန်မဖြေနိုင်သေးခင်မှာပင် ကျိယောင်သည် ရှေ့သို့တစ်လှမ်းတိုးလျက် အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။ “ငါက ရေခဲနှလုံးသားတောင်ကြားက ကျိယောင်ပဲ…”
ထိုစကားထွက်လာသည်နှင့် တစ်ပြိုင်နက် ဖန်မင်ဟွေတို့ အဖွဲ့သားအားလုံး၏မျက်နှာများ ဖြူလျော်သွားကုန်ကြပြီး အထိတ်တလန့်ဖြင့် နောက်သို့ ဒယီးဒယိုင် ဆုတ်သွားကြလေသည်။
အချိန်အတော်ကြာအောင် သူတို့ စကားရပ်ပြောနေခဲ့သည့် လူသည် ရေခဲနှလုံးသားတောင်ကြား၏ အဖွဲ့သားတစ်ဦး ဖြစ်နေလိမ့်မည်ဟု ဖန်မင်ဟွေတို့ မထင်ထားခဲ့ကြချေ။
ရေခဲနှလုံးသားတောင်ကြားမှ လူအားလုံးသည် သေမှာကို ကြောက်သည့်အတွက်ကြောင့် တောင်ကြားထဲတွင်သာ ပုန်းနေကြသည် မဟုတ်ပေလော။ ထို့အပြင် ဂိုဏ်းအား ကာကွယ်ပေးထားသည့် အစီအရင်မှာလည်း အသက်ဝင်နေပေသေးသည်။ ထိုသို့ဖြစ်လေရာ ရေခဲနှလုံးသားတောင်ကြားမှ တပည့်များ အပြင်သို့ မည်ကဲ့သို့ထွက်လာနိုင်ရလေသနည်း။
“ပြေးပေတော့…” ဖန်မင်ဟွေမှာ ပြတ်သားသည့်လူတစ်ဦးဖြစ်သည်။ သူ့စကားလုံးများကို ကြားပြီးသည့်နောက် ဤသူစိမ်းများ ဒေါသထွက်သွားလိမ့်မည်မှန်း သိနေပြီးသားပင်။ ထို့အတွက်ကြောင့် ချက်ချင်း လှည့်ပြေးတော့လေသည်။
ဖန်မင်ဟွေနှင့် အတူပါလာသည့် ကျင့်ကြံသူများမှာလည်း နှေးမနေခဲ့ချေ။ ဖန်မင်ဟွေ၏အမိန့်ကို ရလိုက်သည်နှင့်တစ်ပြိုင်နက် အရင်းအမြစ်ချီများကို အရူးအမူး လှည့်ပတ်လျက် နောက်သို့ပင် လှည့်မကြည့်တော့ဘဲ တစ်ချိုးတည်း လစ်ပြေးတော့လေသည်။
သို့သော်ငြား ခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်အချိန်မှာပင် အရိုးကွဲမတတ် အအေးစက်ကွင်းတစ်ခု အဘက်ဘက်သို့ ပျံ့နှံ့လာခဲ့လေ၏။
“ခရက်… ခရက်…”
ပတ်ဝန်းကျင်တစ်ခုလုံးကို ရေခဲလွှာကြီးဖြင့် လွှမ်းခြုံလိုက်သည့်အလား မြေပြင်တစ်ခုလုံး အေးခဲလာခဲ့လေသည်။ ဖန်မိသားစုမှ လူငါးဦးမှာလည်း တစ်ချက်ကလေးပင် လှုပ်မရတော့ဘဲ တောင့်တောင့်ကြီး ဖြစ်ကုန်ကြလေ၏။
“သူ့ကို အသက်ရှင်လျက် ထားလိုက်…” ရန်ကိုင်က အလျင်စလို လှမ်းအော်ပြောလိုက်သည်။
ကျိယောင် မျက်မှောင်ကြုတ်သွားခဲ့ပါသော်ငြား သူမခွန်အားကိုတော့ အနည်းငယ် လျှော့ချလိုက်လေ၏။ ဖန်မိသားစုမှ လူလေးဦးကိုသာ ရေခဲရုပ်တုများအဖြစ် ပြောင်းလဲပစ်လိုက်ပြီး ဖန်မင်ဝေကိုမူ လှုပ်မရအောင်သာ ချုပ်ထားပစ်လိုက်လေသည်။ ပြင်းထန်လှသည့် အအေးဓာတ်ကြောင့် ဖန်မင်ဟွေ၏နှုတ်ခမ်းများ ပြာနှမ်းလာခဲ့ပြီး သွားများ အဆက်မပြတ် တုန်ရီလာခဲ့သည်။ ထို့နောက် သနားစဖွယ်အမူအယာဖြင့် တောင်းပန်လိုက်လေ၏။ “ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါဆရာရယ်… ဒီတိုက်ပွဲမှာ ကျုပ်တို့ ရမ္မက်ရှာဂိုဏ်းဘက်က ပါခဲ့တယ်ဆိုပေမယ့် ရေခဲနှလုံးသားတောင်ကြားက တပည့်တစ်ယောက်ကိုမှ ထိခိုက်အောင် မလုပ်ရသေးပါဘူး… ကျုပ်တို့အားလုံးက ဒီအနီးအနားတစ်ဝိုက်ကို ကင်းလှည့်နေရုံပါပဲ… ရေခဲနှလုံးသားတောင်ကြားက ဘယ်တပည့်ကိုမှ ထိခိုက်အောင် မလုပ်ခဲ့ရပါဘူး…”
ရန်ကိုင်သည် ဖန်မင်ဟွေ၏ နဖူးကိုပုတ်ကာ တစ်ဖက်လူကို သတိလစ်အောင် လုပ်ပစ်လိုက်လေသည်။ ထို့နောက် ဖန်မင်ဟွေကို သူ့ပုခုံးပေါ်သို့ ကောက်တင်လိုက်ပြီးသည့်နောက် ဖန်မိသားစုမှ လူလေးဦးကို တစ်စစီဖြစ်အောင် လုပ်ပစ်လိုက်လေသည်။
“ဆရာ… ဘာဖြစ်လို့ သူ့အသက်ကို ချမ်းသာပေးလိုက်တာလဲ…” ကျိယောင်သည် သတိလစ်နေသည့် ဖန်မင်ဟွေအား စိုက်ကြည့်ရင်း မေးလိုက်လေသည်။
“သူ အခုပြောသွားတာတွေကို အခြားတစ်ယောက်ဆီ ပြန်ပြောခိုင်းဖို့ လိုတယ်လေ… အဲ့လိုဆိုလို့ရှိရင် ငါတို့ အကြောင်းအရာအသစ်တွေကိုတောင် ပိုပြီး သိရကောင်း သိရနိုင်သေးတယ်…” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ရှင်းပြလိုက်သည်။ ထို့နောက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေ၏။ “ကဲ… တောင်ကြားဆီ သွားကြရအောင်…”
“ဟုတ်ကဲ့…” ကျိယောင်နှင့် ရှီထျန်းဟဲတို့နှစ်ဦးစလုံး ပြန်ဖြေလိုက်ကြသည်။
လေဟာနယ်နိယာမစွမ်းအားများကို အသက်သွင်းလိုက်ပြီးသည့်နောက် ရန်ကိုင်သည် အမျိုးသမီးနှစ်ဦးကို ခေါ်ကာ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေ၏။
ရန်ကိုင်ပြန်ပေါ်လာသည့်အချိန်တွင် ရေခဲနှလုံးသားတောင်ကြား၏ အစီအရင်အပြင်ဘက်သို့ ရောက်နေခဲ့လေပြီ။ အစီအရင်မှာ အလွန်တရာကိုမှ ကြီးမားလှကာ ကြံ့လည်း ကြံ့ခိုင်လှသည်။ လက်ရှိတွင် အစီအရင်သည် ထွင်းဖောက်မြင်နိုင်သည့် အမိုးခုံးကြီးတစ်ခုနှယ် ရေခဲနှလုံးသားတောင်ကြားတစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံထားခဲ့သည်။
အဝေးမှ လှမ်းမျှော်၍ ကြည့်လိုက်မည်ဆိုပါက ထွင်းဖောက်မြင်နိုင်သော သလင်းကျောက်အရောင် ပန်းကန်လုံးကြီးတစ်လုံးကို မှောက်ခုံလှန်ထားသည်နှင့်ပင် တူနေပေသေးသည်။ အမိုးခုံးထဲတွင် ရှိနေသည့် အရာများကိုတော့ ဝိုးတိုးဝါးတားသာ မြင်ရပြီး အသေးစိတ်မမြင်ရပေ။
ဤအရွယ်အစားအဆင့်ရှိ အစီအရင်တစ်ခုသည် အလွယ်တကူ ချိုးဖြတ်၍ရသည့် အရာမျိုး မဟုတ်ချေ။ ရမ္မက်ရှာဂိုဏ်း အားကောင်းသည်မှာ မှန်ပါသော်ငြား သူတို့အနေဖြင့် ဤအစီအရင်ကို အကြမ်းနည်းသုံး၍ မဖျက်ဆီးနိုင်ပေ။ ထို့အတွက်ကြောင့် အစီအရင်ပညာရှင်တစ်ဦးကို ငှားရမ်းခဲ့ခြင်း ဖြစ်လေသည်။
သို့သော်ငြား ဤမျှ ကြီးမားလှသော အစီအရင်ကြီးကို အသက်ဝင်အောင် ထိန်းထားဖို့ရာ အရင်းအမြစ်ကျောက် မြောက်မြားစွာကို လိုအပ်ပေသည်။ သာမန်အခြေအနေမျိုး၌ ဂိုဏ်းတစ်ဂိုဏ်းသည် ဤကဲ့သို့သော အစီအရင်မျိုးကို တစ်ဂိုဏ်းလုံး သုတ်သင်ခံရမည့် အရေးနှင့် ရင်ဆိုင်ရသည့် အခါမှသာလျှင် အသက်သွင်းတတ်ပေသည်။
တောင်ထိပ်မှနေ၍ အချိန်အတော်ကြာအောင် လေ့လာကြည့်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ဤနေရာတစ်ဝိုက်တွင် ရှိနေသော ကင်းစောင့်များ၏ သွားရာလမ်းကြောင်းကို အကြမ်းဖျင်း သိနေခဲ့လေပြီ။ ထို့အတွက်ကြောင့် ကျိယောင်နှင့် ရှီထျန်းဟဲတို့အား ခေါ်လာခဲ့ရာတွင် မည်သူ့ကိုမှ နိုးနိုးကြားကြား ဖြစ်မသွားစေခဲ့ပေ။
“ယောင်အာ… အစီအရင်ကိုဖွင့်လိုက်…” ရန်ကိုင်သည် ပတ်ဝန်းကျင်အား ကောင်းကင်စိတ်အာရုံဖြင့် အဆက်မပြတ် စစ်ဆေးကြည့်နေရင်းမှ ကျိယောင်ကို အမိန့်ပေးလိုက်လေသည်။
“ဟုတ်ကဲ့…” ကျိယောင်လည်း ခေါင်းညိတ်၍ သူမ၏သိုလှောင်လက်စွပ်ထဲမှ တံဆိပ်ပြားတစ်ခုကို အလျင်စလို ထုတ်ယူလိုက်လေသည်။ ထို့နောက် တံဆိပ်ပြားထဲသို့ ဧကရာဇ်ချီကို ထည့်သွင်းလျက် အစီအရင်ရှေ့တည့်တည့်၌ အသာအယာ ဝှေ့ယမ်းချလိုက်လေသည်။
ဆန်းကြယ်သည့် စွမ်းအားတစ်ရပ် ပေါက်ကွဲထွက်လာခဲ့ပြီး အစီအရင်၏ မျက်နှာထက်တွင် အပေါက်ကလေးတစ်ပေါက် ချက်ချင်း ပွင့်လာခဲ့သည်။ ထိုအပေါက် ပြန်ပိတ်မသွားခင် ရန်ကိုင်တို့အဖွဲ့သည် အထဲသို့ အမြန် ဝင်လာလိုက်လေ၏။
“ဘယ်သူလဲ…”
အထဲသို့ ဝင်လာလာချင်းမှာပင် အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရလေသည်။ ချက်ချင်းဆိုသလို အလင်းဓါးသွားတစ်ချောင်း ထွက်ပေါ်လာခဲ့လေသည်။ ထိုအလင်းဓါးသွားထဲတွင်တော့ သေးသွယ်သွယ်ပုံရိပ်လေးတစ်ခု ပုန်းအောင်းနေခဲ့လေသည်။
ဧကရာဇ်စိတ်ဆန္ဒတို့ တမုဟုတ်ချည်း ဖြာထွက်လာခဲ့ပြီး ပတ်ဝန်းကျင်အပူချိန်မှာလည်း ရုတ်ချည်း ထိုးကျသွားခဲ့ရာ ရှီထျန်းဟဲမှာ တုန်တုန်ရီရီ ဖြစ်သွားခဲ့ရလေသည်။
“ခုနှစ်ယောက်ဂျူနီယာညီမ… နင်လား…”
ကျိယောင်သည် ထိုတိုက်ကွက်အား ခုခံမည့် အရိပ်အယောင်မပြဘဲ ကတုန်ကယင်လေသံဖြင့်သာ အလင်းတန်းကိုကြည့်ရင်း ပြန်အော်ခေါ်လိုက်လေသည်။
“ဟမ်…” အံ့အားသင့်သံတစ်သံနှင့်အတူ အလင်းတန်း ပျောက်ကွယ်သွားခဲ့ပြီး သေးသွယ်သွယ် ပုံရိပ်လေးတစ်ခု ပေါ်လာခဲ့သည်။
ထိုလူသည် ဓါးတစ်ချောင်းကိုကိုင်စွဲလျက် မြေပြင်ပေါ်သို့ ဆင်းလိုက်ရင်းမှ ရောက်လာသည့်လူများအား သေသေချာချာ ကြည့်လိုက်သည်။
“သတ္တမမြောက်ဂျူနီယာညီမ…” ကျိယောင်၏ သွယ်လျသည့် ခန္ဓာကိုယ်မှာ တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။
“တ… တတိယမြောက်စီနီယာအစ်မလား…” ထိုကောင်မလေးမှာလည်း ထိတ်လန့်သွားခဲ့ပြီး သူမမျက်လုံးသူမ မယုံနိုင်သည့်အလား မျက်လုံးကို လက်ဖြင့် သေသေချာချာပွတ်၍ နောက်တစ်ကြိမ် ထပ်ကြည့်လိုက်လေသည်။ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သည့် သူမ၏ တတိယစီနီယာအစ်မ ကျိယောင်မှန်း အတည်ပြုလိုက်ပြီးသည့်နောက်တွင် စီနီယာနှင့် ဂျူနီယာ ညီအစ်မနှစ်ဦးသားသည် တစ်ဦးကိုတစ်ဦး အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် အချင်းချင်း ပြေးဖက်ကြတော့လေ၏။
“တတိယစီနီယာအစ်မ နောက်ဆုံးတော့ အိမ်ပြန်လာခဲ့ပြီပေါ့… စီနီယာအစ်မ ဒီအတောအတွင်း ဘယ်တွေရောက်နေတာလဲ…” ထိုကောင်မလေးသည် ကျိယောင်ရင်ခွင်ထဲသို့ ပြေးဝင်ရင်း တရှုံ့ရှုံ့ ငိုကြွေးတော့လေသည်။
ကျိယောင်၏ မျက်လုံးများမှာလည်း မို့အစ်လာခဲ့လေသည်။ သို့သော်ငြား သူမ၏စိတ်ခံစားချက်များကို အတတ်နိုင်ဆုံး ချုပ်တည်း၍ တစ်ဖက်ကောင်မလေး၏ ဆံပင်ကို ပုတ်ပေးရင်းမှ ပြောလိုက်သည်။ “တောင်းပန်ပါတယ်… ငါ နင်တို့အားလုံးကို စိတ်ပူအောင် လုပ်မိသွားပြီ…”
ထိုအချိန်တွင် အသံဗလံများ ကြားသည့်အတွက်ကြောင့် ရေခဲနှလုံးသားတောင်ကြားမှ တပည့်များမှာလည်း ထိုနေရာသို့ ပြေးလာကြလေသည်။ ရုတ်ချည်းဆိုသလို ကျင့်ကြံသူပေါင်း ရာပေါင်းများစွာသည် ထက်ရှသည့် ဓါးအသီးသီးကို ကိုင်စွဲလျက် တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ရောက်ရှိလာကြသည်။ သို့သော်ငြား သူတို့၏ သတ္တမမြောက်ဂိုဏ်းတူဒေါ်လေးသည် ဘယ်ကမှန်းမသိရသည့် အမျိုးသမီးတစ်ဦးနှင့် ပွေ့ဖက်၍ ငိုကြွေးနေသည်ကို မြင်သော် အကုန်လုံး အံ့အားသင့်သွားကုန်ကြရလေသည်။ သို့သော်ငြား သူတို့နှစ်ဦး ပြောနေသည်ကို ကြားပြီးသည့်နောက် လူအုပ်ကြီးမှာ အကြောင်းစုံကို ချက်ချင်း နားလည်သွားတော့လေ၏။
“သူက ငါတို့ရဲ့ တတိယဂိုဏ်းတူဒေါ်လေးပဲ…”
“ဘာ… တတိယဂိုဏ်းတူဒေါ်လေးကျိယောင်၊ဟုတ်လား… သူပျောက်နေတာ ကြာပြီမလား…”
“ဟုတ်တယ် သူပဲ… ဂိုဏ်းရဲ့ အဓိကခန်းမထဲမှာ သူ့ပုံကိုမြင်ဖူးတယ်.. လုံးဝ အထင်မှားစရာ အကြောင်းမရှိဘူး…”
“တတိယဂိုဏ်းတူဒေါ်လေးကျိယောင် ရုတ်တရက်ကြီး ပြန်လာတာလား…”
“ဂိုဏ်းတစ်ခုလုံး အခုလို အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ တတိယဂိုဏ်းတူဒေါ်လေး ပြန်လာတာ ငါတို့အတွက် သတင်းကောင်းပဲ… ဒီသတင်းကိုသာ ကြားရင် ဘိုးဘေးတည်ထောင်သူ ကျိန်းသေ ဝမ်းသာသွားမှာ…”
“နောက်ဆုံးတော့ ငါတို့ သတင်းကောင်းတစ်ခုကို ကြားရပြီပေါ့…”
လူအုပ်ကြီးတစ်ခုလုံး ကျွတ်ကျွတ်ညံသွားခဲ့လေသည်။
“ဂျူနီယာညီမလား…” နောက်ထပ်အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
လူအုပ်ကြီးထဲမှ အရပ်ရှည်ရှည်နှင့် အမျိုးသမီးတစ်ဦးသည် ရန်ကိုင်နောက်တွင်ရပ်နေသော ရှီထျန်းဟဲကိုကြည့်ရင်း အထိတ်တလန့်ဖြင့် ရေရွတ်လိုက်လေသည်။
“ဂျူနီယာညီမထျန်းဟဲလား…” ထို့နောက် အံ့အားသင့်တကြီးဖြင့် ဆိုလိုက်လေ၏။
ထိုအသံကိုကြားသည့်အခါ ရှီထျန်းဟဲလည်း လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမ၏ခန္ဓာကိုယ်လေး တုန်တုန်ရီရီ ဖြစ်သွားခဲ့ရလေသည်။ ထို့နောက် စိတ်ခံစားချက်များကို အတတ်နိုင်ဆုံး ချုပ်တည်းရင်းမှ ပြန်၍ အော်ခေါ်လိုက်လေ၏။ “စီနီယာအစ်မယုလား…”
ရှီထျန်းဟဲ၏ပုံစံမှာ အနည်းငယ် ကြောက်ကြောက်လန့်လန့် ဖြစ်နေခဲ့လေသည်။ ပြဿနာရှာထားသည့် ကလေးတစ်ဦးမှ မိဘနှင့်ပြန်တွေ့ရချိန် မျက်နှာချင်းမဆိုင်ရဲသလို သူမ၏စီနီယာအစ်မယုကိုလည်း မျက်နှာချင်းမဆိုင်ရဲခဲ့ပေ။
ထိုစကားကိုကြားလိုက်သည့်အခါ ရန်ကိုင်လည်း လှမ်း၍ ကြည့်လိုက်လေသည်။ မကြာမီမှာပင် ရန်တုန်ပြောသွားသည့် အကြောင်းအရာကို ပြန်သတိရလိုက်ပြီး ထိုအရပ်ရှည်ရှည်နှင့် အမျိုးသမီးမှာ ယုတန်မှန်း နားလည်သွားတော့သည်။
ယုတန်သည် ရှီထျန်းဟဲဆီသို့ ရောက်လာလျက် ပြုံးကာ ပြောလိုက်လေ၏။ “ငါတို့မတွေ့ရတာ နှစ်တွေ ဘယ်လောက်တောင်ကြာသွားပြီလဲ... ဂျူနီယာညီမယု နင်တော်တော် ပိန်ကျသွားတာပဲ… ဟိုကောင် နင့်ကို ကောင်းကောင်းမဆက်ဆံတာလား…”
ရှီထျန်းဟဲ၏မျက်လုံးများ ရဲတက်လာခဲ့သည်။ ခေါင်းကို ဖြည်းဖြည်းချင်း ခါပြနေရင်းမှ မျက်ရည်များသည် သူမ၏ပါးပြင်တစ်လျှောက် ပိုးပိုးပေါက်ပေါက် စီးကျလာတော့သည်။
“ကဲ ကဲ ကဲ… ဘာမှကြောက်မနေတော့နဲ့… အခု နင့်အိမ်ကို ပြန်ရောက်နေပြီ… နင် ကြောက်စရာ ဘာမှမရှိတော့ဘူး… ဒီတလောအတွင်း ဆရာလည်း နင့်ကို အရမ်းစိတ်ပူနေခဲ့တာ…” ယုတန်သည် ရှီထျန်းဟဲ၏ မျက်ရည်စများကို သုတ်ပေးရင်းမှ နှစ်သိမ့်ပေးလိုက်လေသည်။
သို့သော်ငြား မျက်ရည်များမှာမူ ရပ်တန့်သွားခြင်းမရှိဘဲ ပိုးပိုးပေါက်ပေါက် စီးကျလာနေဆဲ။