← Chapters

အခန်း (၂၆၃၀)

Vol. 112 Ch. 2630

အခန်း (၂၆၃၀)

Vol. 112 Ch. 2630

မျိုးဆက်မတူညီသည့် စီနီယာအစ်မနှစ်ဦးနှင့် သူတို့၏ ဂျူနီယာညီမများနှင့် ပြန်ဆုံသည့် မြင်ကွင်းမှာ အမှန်တကယ်ကိုမှ ရင်နင့်ဖွယ်ရာ ကောင်းလှသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရေခဲနှလုံးသားတောင်ကြားမှ တပည့်များမှာလည်း အလိုလို ဝမ်းနည်းမိကုန်ကြလေသည်။ အချို့ဆိုလျှင် စိတ်ခံစားချက်များကိုပင် မထိန်းနိုင်တော့ဘဲ မျက်ရည်များ ဝိုင်းလာကြလေ၏။ အကုန်လုံးမှာ ထုတ်ထားသည့် ဓါးများကို ပြန်သိမ်းလိုက်ကြပြီး နေရာတွင်သာ မလှုပ်မယှက် ငြိမ်သက်စွာ ရပ်နေကြတော့လေသည်။

“အဟွတ်… အဟွတ်…” ရန်ကိုင်သည် အသင့်ဆုပ်ထားသည့် လက်သီးကို ဖြေလျှော့လိုက်ရင်းမှ အသာအယာ ချောင်းဟန့်လိုက်ရာ လူအုပ်ကြီး၏အာရုံမှာ သူ့ဆီသို့ ရောက်လာခဲ့သည်။

“ဟုတ်သားပဲ… သတ္တမမြောက်ဂျူနီယာညီမ… ငါ ဆရာနဲ့အတူ ပြန်လာခဲ့တာ…” ကျိယောင်မှာ ဝမ်းသာအားရဖြင့် သေးသွယ်သွယ် ပုံရိပ်လေးဘက်သို့ လှည့်၍ ပြောလိုက်လေသည်။

“ညီမကျန်းစွန်း… ငါတို့ ထပ်တွေ့ပြန်ပြီနော်…” ရန်ကိုင်က ပြုံး၍ နှုတ်ဆက်လိုက်လေသည်။

ဤသေးသွယ်သွယ် ပုံရိပ်လေးမှာ ပင်းယွင်၏ ခုနှစ်ယောက်မြောက်တပည့်ဖြစ်သော ရန်ကိုင် ဟိုးယခင်နှစ်များက တွေ့ခဲ့ဖူးသည့် ကျန်းစွန်းယင်မှလွဲ၍ အခြားမဟုတ်ချေ။

ကျန်းစွန်းယင်သည် ရန်ကိုင်ကိုကြည့်၍ အံ့အားသင့်နေဟန်ဖြင့် အော်ပြောလိုက်လေ၏။ “စီနီယာအစ်ကိုရန်… ရှင် ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေရတာလဲ…”

သူမကိုယ်တိုင်မှာလည်း အလွန်ကိုမှ အံ့အားသင့်နေခဲ့သည်။ ကျိယောင်နှင့် နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်မှသာ ပြန်ဆုံတွေ့ခွင့် ရခဲ့သည့် အတွက်‌ကြောင့် အလွန်ကိုမှ ဝမ်းသာပီတိ ဖြစ်နေခဲ့လေရာ ပတ်ဝန်းကျင်ကိုပင်လျှင် အာရုံစိုက်ဖို့ မေ့လျော့သွားခဲ့ပြီး သူမ၏ တတိယစီနီယာအစ်မသည် ရန်ကိုင်နှင့်အတူ ပြန်လာခဲ့သည်ဟူသော အချက်ကိုပင် သတိမထားမိခဲ့ပေ။

သူမအနေဖြင့် ရန်ကိုင်အား စီနီယာအစ်ကိုဟု ခေါ်ဝေါ်လိုက်ရခြင်းမှာ ရန်ကိုင်၏ကျင့်ကြံခြင်းသည် သူမထက် ပိုမိုမြင့်မားသည့် အတွက်ကြောင့်မဟုတ်။ သူမ ဧကရာဇ်ပထမအဆင့်သို့ ရောက်နေချိန် ရန်ကိုင်သည် တာအိုသခင်တတိယအဆင့်သာ ရှိပေသေးသည်။

သူမသည် ရန်ကိုင်အား လေးစားမှုအရ စီနီယာဟု ခေါ်လိုက်ခြင်းသာ ဖြစ်ပေသည်။

တကယ်တော့ သူမ၏ဆရာဖြစ်သော ပင်းယွင်သည် ရန်ကိုင်၏ အကူအညီကြောင့်သာ ဟင်းလင်းပြင်ကမ္ဘာထဲမှ လွတ်မြောက်၍ ရေခဲနှလုံးသားတောင်ကြားဆီသို့ ပြန်လာနိုင်ခဲ့ခြင်း မဟုတ်ပေလော။ ထိုအကြောင်းကို ကြားသိပြီးသည့်နောက်တွင် ပင်းယွင်၏တပည့်များမှာ ရန်ကိုင်အပေါ် အလွန်ကိုမှ ကျေးဇူးတင်သွားကြကာ သူ့အား စီနီယာဟု တလေးတစားဖြင့် ခေါ်ဆိုကြတော့လေသည်။

“ညီမကျန်းစွန်း… ငါ့ကိုမကြိုဆိုဘူးလား…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် မေးလိုက်သည်။

ကျန်းစွန်းယင် ရှက်သွေးဖြာသွားခဲ့ပြီး ချက်ချင်း ပြန်၍‌ပြောလိုက်လေ၏။ “ကျွန်မ ဘယ်တုန်းက အဲ့လိုပြောလိုက်လို့လဲ… စီနီယာအစ်ကိုရန်က ရေခဲနှလုံးသားတောင်ကြားအတွက် ကြီးကြီးမားမား အကျိုးဆောင်ပေးခဲ့တာကို ကျွန်မတို့က စီနီယာအစ်ကိုရန်ကို ဘာဖြစ်လို့ မကြိုဆိုရမှာလဲ… စီနီယာအစ်ကိုရန်ကို မိသားစုတစ်ယောက်အဖြစ် ဆက်ဆံဖို့ ဆရာကတောင် ကျွန်မတို့ကို ပြောထားပြီးသွားပြီ…”

ကျိယောင်ကမူ ထိုမြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုတ်နေခဲ့လေသည်။ နားမလည်နိုင်မှု၊ ဇဝေဇဝါဖြစ်မှုတို့သည့် သူမ၏မျက်လုံးများထဲ တဖြည်းဖြည်း ရစ်သိုင်းလာခဲ့လေသည်။

သူမ သိထားသည်မှာ ရန်ကိုင်သည် သူမ၏ဆရာပင်။ သို့သော်ငြား ရန်ကိုင်ပြောနေသည့် စကားများကို ကြားပြီးသည့်နောက် သူမစိတ်ထဲ နားမလည်နိုင် ဖြစ်သွားခဲ့ကာ ဘာတွေဖြစ်လို့ဖြစ်နေမှန်း လုံးဝ မတွေးတတ်အောင်ကို ဖြစ်လာခဲ့ရလေသည်။

ကျိယောင်၏ပြောင်းလဲမှုကို သတိထားမိလိုက်သော ရန်ကိုင်က အလေးအနက်အမူအယာဖြင့် မေးလိုက်လေသည်။ “စီနီယာပင်းယွင် အားလား… သူ့ကိုပြောစရာကိစ္စတစ်ခု ရှိလို့…”

ကျန်းစွန်းယင်က အလျင်စလို ပြန်ပြောလိုက်လေ၏။ “အားတယ် အားတယ်… ဆရာသာ တတိယစီနီယာအစ်မနဲ့ စီနီယာအစ်ကိုရန်တို့ ရောက်နေတဲ့အကြောင်းကိုကြားရင် ကျိန်းသေဝမ်းသာသွားမှာ… ကျွန်မနောက်လိုက်ခဲ့လေ…”

ထိုသို့ပြောပြီးသည့်နောက်တွင် ကျိယောင်၏လက်ကိုဆွဲကာ ရှေ့မှ ဦးဆောင်သွားလေသည်။

ရန်ကိုင်သည် ဖန်မင်ဟွေကို ထမ်းထားရင်းမှ လိုက်သွားရန် ပြင်လိုက်သည်။ သို့သော်ငြား ရုတ်တရက်ရပ်လျက် ရှီထျန်းဟဲဘက်သို့လှည့်ကာ ပြောလိုက်လေ၏။ “ထျန်းဟဲ… နင်လည်း လိုက်လာခဲ့လေ… နင့်ဆရာကို သွားတွေ့ကြရအောင်…”

ရှီထျန်းဟဲ၏ခန္ဓာကိုယ်လေး တုန်ရီသွားခဲ့ပြီး သူမ၏မျက်နှာထက် ကြောက်ရွံ့သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။

“မကြောက်နဲ့ဂျူနီယာညီမ… ငါနင်နဲ့အတူ အဖော်လိုက်ပေးမယ်…” ယုတန်သည် ရှီထျန်းဟဲ၏လက်ကို အသာအယာပုတ်ပေးလျက် နှစ်သိမ့်ပေးလိုက်လေသည်။ ထိုအခါမှသာလျှင် ရှီထျန်းဟဲလည်း တည်ငြိမ်သွားခဲ့ပြီး ခေါင်းညိတ်လျက် ရန်ကိုင်နောက်သို့ လိုက်လာခဲ့လိုက်လေသည်။

လမ်းတစ်ဝက်သို့အရောက်တွင် ရှီထျန်းဟဲက စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ “စီနီယာအစ်မ… ဒီတလောအတွင်း ဆရာ ကျွန်မကို ဒေါသထွက်နေသေးလား…”

ယုတန်က ခေါင်းညိတ်လိုက်လေ၏။ “ထွက်တာပေါ့…”

ရှီထျန်းဟဲ၏မျက်နှာ ရုတ်ချည်းဖြူလျော်သွားခဲ့ပြီး ခြေထောက်များလည်း မခိုင်ချင်ဖြစ်ကာ ပျော့ခွေကုန်ကြလေသည်။ သူမခမျာ အရှေ့သို့ တစ်လှမ်းတိုးဖို့ရာပင် ခဲဆွဲထားသလို ဖြစ်သွားတော့လေ၏။

ယုတန်ကမူ ပြုံးလျက် ထပ်ပြောလိုက်လေ၏။ “အဲ့တုန်းက မျိုးရိုးနာမည်တုန်ဆိုတဲ့လူနဲ့ လိုက်သွားရဖို့အရေး နင်က ဆရာ့အမိန့်ကိုတောင် လုံးဝ လွန်ဆန်ခဲ့တာလေ… ဒီတော့ ဆရာကလည်း ဒေါသထွက်တာပေါ့… သူကိုယ်တိုင်ကိုယ်ကျ ပျိုးထောင်လာပေးခဲ့ရတဲ့လူက သူ့ကို ကလန်ကဆန်လုပ်မှတော့ ဒေါသမထွက်ဘဲ နေမလား…”

ရှီထျန်းဟဲက ခါးသက်စွာပြုံးလျက် ပြန်ပြောလိုက်သည်။ “ဟုတ်တယ်နော်… ဂျူနီယာညီမ ဆရာ့ကို တကယ်စိတ်ပျက်အောင် လုပ်မိလိုက်တာပဲ…”

ယုတန်က ထပ်ပြောလိုက်သည်။ “ဒါပေမယ့် စိတ်မပူနဲ့… အခုချိန်လောက်ဆို ဆရာလည်း ဒေါသပြေသွားလောက်ပြီ… ဒီတလောအတွင်း ဆရာက နင့်အကြောင်းကိုတောင် ထိုင်ပြီး စဉ်းစားနေခဲ့တာ…”

“တကယ်လား…” ထိုစကားကိုကြားသော် ရှီထျန်းဟဲ ဝမ်းသာသွားခဲ့လေသည်။

ယုတန်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “လွန်ခဲ့တဲ့နှစ်တွေတုန်းက ဆရာက ငါ့ကို စင်ကြယ်ခြင်းမြို့တော်ဆီ (၂)နှစ်တစ်ခါသွားခိုင်းပြီး နင့်အကြောင်းကို စုံစမ်းခိုင်းခဲ့တာ… နင့်အခြေအနေဘယ်လိုရှိလဲ ဆိုတာကိုပေါ့…”

ထိုစကားကိုကြားသော် ရှီထျန်းဟဲ၏ခန္ဓာကိုယ် တုန်တုန်ရီရီ ဖြစ်သွားခဲ့ပြီး စိတ်လှုပ်ရှားစွာ ပြန်၍မေးလိုက်လေသည်။ “ဆရာ တကယ်ကြီး အဲ့လိုမျိုး အမိန့်ပေးခဲ့တာလား…”

ယုတန်က မဲ့ပြုံးပြုံးလျက် “ဆရာ့အမိန့်မပါဘဲနဲ့ ငါဘယ်လိုလုပ်ပြီး အပြင်သွားရဲမှာလဲ… တုန်မိသားစုက နင့်အပေါ် ဖိနှိပ်ညှင်းပန်းတာမျိုး လုပ်နေမှန်းသိခဲ့ရင် သူ့ကို ချက်ချင်း ပြန်လာပြောဖို့ ဆရာက ငါ့ကို ပြောထားပြီးသား… တုန်မိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်ဆိုပြီးတော့တောင် ပြောလိုက်သေးတယ်… အပြင်ပန်းမှာသာ ဆရာက နင့်ကို ဂရုမစိုက်ချင်ယောင် ဆောင်နေတာ.. ဒါပေမယ့် သူ့စိတ်ထဲမှာတော့ နင်က အမြဲရှိပြီးသား”

ထိုစကားကိုကြားသော် ရှီထျန်းဟဲ၏မျက်လုံးများ ရဲတက်လာခဲ့ပြီး နောက်တစ်ကြိမ် ထပ်ငိုခါနီး ဖြစ်သွားခဲ့လေသည်။ ယုတန်မှ အဆက်မပြတ် နှစ်သိမ့်ပေးနေသည့် အတွက်ကြောင့်သာ အငိုတိတ်သွားခဲ့ခြင်း ဖြစ်သည်။

ရေခဲနှလုံးသားတောင်ကြား၏ အဓိကခန်းမထဲ၌ ရန်ကိုင်သည် ကသိကအောက်အမူအယာဖြင့် တောင့်တောင့်ကြီး ရပ်နေစဉ် ကျိယောင်နှင့် ရှီထျန်းဟဲတို့မှာတော့ သူ့နောက်၌ ရပ်နေကြလေသည်။ သတိလစ်နေသော ဖန်မင်ဟွေမှာတော့ ရန်ကိုင်၏ခြေထောက်နားတွင် ပုံလျက်သား လဲကျနေလေသည်။ ယုတန်မှာမူ ရှီထျန်းဟဲနောက်သို့ လိုက်လာရင်းမှ ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် ရှီထျန်းဟဲနှင့် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် တိုးတိုးတိတ်တိတ် ဆက်သွယ်နေခဲ့လေသည်။

ရေနွေးကြမ်းဖြင့် တည်ခင်းဧည့်ခံပေးပြီးသည့်နောက် ကျန်းစွန်းယင်က ပြောလိုက်လေ၏။ “စီနီယာအစ်ကိုရန်… ဒီမှာ ခဏစောင့်ဦးနော်… ဆရာ့ကို အကြောင်းကြားထားပြီးသွားပြီ… သူ မကြာခင်ရောက်လာလိမ့်မယ်….”

“ရောက်တောင်ရောက်နေပြီ…” ရန်ကိုင်က ခန်းမဝင်ပေါက်သို့ လှမ်းကြည့်ရင်းမှ ပြောလိုက်သည်။

ထို့နောက်တွင် အလင်းတစ်ချက် လက်သွားခဲ့ပြီး ပင်းယွင် ပေါ်လာခဲ့လေသည်။ သူမနှင့်အတူ ရေခဲနှလုံးသားတောင်ကြား၏ ဧကရာဇ်အဆင့် ပညာရှင် ဆယ်ဦးလည်း ပါလာခဲ့လေ၏။

ပထမတပည့် အန်းရို့ယွင်၊ ဒုတိယတပည့် စွန်းယင်ရှုနှင့် အခြားသော ဧကရာဇ်အဆင့် ပညာရှင်များမှာ တစီတတန်း မတ်တပ်ရပ်နေကြသည်။

ရန်ကိုင်သည် အလျင်စလို ထရပ်၍ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။ “ရန်ကိုင် စီနီယာပင်းယွင်ကို နှုတ်ဆက်ပါတယ်..”

ပင်းယွင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “နင်ရောက်နေတာလား…”

သူတို့နှစ်ဦး မတွေ့ရသည်မှာ အတော်ကြာသွားပြီ ဖြစ်ပါသော်ငြား ရန်ကိုင်နှင့် ပင်းယွင်တို့နှစ်ဦးစလုံးမှာ ဟုန်းလော့ကြယ်စီရင်စုကြီးမှ လာခဲ့ကြသူများ ဖြစ်သည့်အတွက်ကြောင့် သူတို့နှစ်ဦးသည် အခြားသူများထက် ပို၍ ရင်းနှီးကြသလို ဖြစ်နေခဲ့လေသည်။ ရန်ကိုင်အား ပြန်တွေ့ရသည့်အပေါ် ပင်းယွင်လည်း ဝမ်းသာမိပေသည်။

“နှုတ်ဆက်ပါတယ် စီနီယာအစ်ကိုရန်…” ပင်းယွင်နောက်တွင် ရှိနေသော တပည့်များက အလျင်စလို နှုတ်ဆက်လိုက်ကြသည်။

ရန်ကိုင်သည် အကုန်လုံးအား ဝေ့ကြည့်လိုက်ပြီးသည့်နောက် သူ့အကြည့်သည် လျိုရှန်းယွင်၊ ဖန်ရှင်းနှင့် ကျိယုတို့ဆီတွင် ခဏတာမျှ ရပ်တန့်သွားခဲ့သည်။ ယခုဆိုလျှင် ကျိယုကိုယ်တိုင်သည်လည်း ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့လေသည်။

အကြည့်ချင်းဆုံသွားသည့်အခိုက် ကျိယုသည် ရန်ကိုင်အား ကျေးဇူးတင်တကြီးဖြင့် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

ကြယ်ပျက်ပင်လယ်ထဲ၌ သူမအနေဖြင့် ဧကရာဇ်အဆင့်သို့ အောင်မြင်စွာ ချိုးဖြတ်သွားနိုင်ခဲ့ရခြင်းမှာ ရန်ကိုင်၏ကျေးဇူးလည်း မကင်းပေ။ ရန်ကိုင်သည် ရမ္မက်ရှာဂိုဏ်းမှ သခင်လေးဖုန်းရှီအား အခြားတစ်နေရာသို့ မျှားခေါ်သွားသည့် အတွက်ကြောင့်သာ ကျိယုအနေဖြင့် အေးအေးဆေးဆေး အဆင့်ချိုးဖြတ်ခွင့် ရခဲ့ခြင်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ကျိယုမှာ ရန်ကိုင်အား အလွန်ကိုမှ ကျေးဇူးတင်နေမိလေသည်။ ထို့အပြင် ရန်ကိုင်သည် သူမတို့၏ဘိုးဘေးတည်ထောင်သူဖြစ်သော ပင်းယွင်နှင့်လည်း ရင်းနှီးနေသည်မဟုတ်ပေလော။

ရန်ကိုင်အား ပြန်မြင်လိုက်ရသည့်အခါ လျို့ရှန်းယွင်မှာလည်း အလားတူ စိတ်လှုပ်ရှားသွားခဲ့ရသည်။ သူမအနေဖြင့် ရန်ကိုင်အား မတွေ့ခဲ့ရသည်မှာ နှစ်အတော်ကြာနေခဲ့လေပြီ။ ယခု ရန်ကိုင်နှင့် ပြန်တွေ့ရသည့်အခါ သူမတွင် ရန်ကိုင်အား ပြောစရာစကားများစွာ ရှိနေသည်။ သို့သော်ငြား ယခုအချိန်သည် ထိုစကားများကို ပြောရမည့်အချိန် မဟုတ်သေးချေ။

“ယောင်အာပြန်လာတယ်ဆို…” ပင်းယွင်လည်း လှည့်ပတ်ကြည့်လိုက်ရာ ငြိမ်သက်စွာ ရပ်နေသော ကျိယောင်ကို သတိထားမိသွားခဲ့သည်။

“တတိယဂျူနီယာညီမလား…”

“တတိယဂျူနီယာညီမလား…”

အန်းရို့ယွင်နှင့် အခြားသူများမှာလည်း စိတ်လှုပ်ရှားစွာဖြင့် လှမ်းခေါ်လိုက်ကြသည်။

ကျိယောင်မှာမူ နားမလည်နိုင်သည့် အမူအယာမျိုးဖြင့် ငေးကြောင်ကြောင် ရပ်နေခဲ့လေသည်။ သို့သော်ငြား ပင်းယွင်အား မြင်လိုက်သည့်အခိုက်တွင် သူမမျက်လုံးတစ်ခုလုံးကို အနက်ရောင်တိမ်စိုင်တိမ်တိုက်များမှ ဖုံးကွယ်သွားသည့်အလား သူမ၏မျက်လုံးထဲရှိ နားမလည်နိုင်သည့် အရိပ်အယောင်တို့မှာ ပိုပို၍ သိသာလာခဲ့လေသည်။

“တတိယဂျူနီယာညီမ… ဆရာ နင့်ရှေ့ရောက်နေပြီလေ… နင် ဆရာ့ကို နှုတ်မဆက်ပဲနဲ့ ဘာတွေ ကြောင်တောင်တောင် လုပ်နေတာလဲ…” ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိသည့် အန်းရို့ယွင်မှာတော့ ကျိယောင်မှာ သူမဆရာကို ပြန်မြင်လိုက်ရသည့်အတွက်ကြောင့် ခံစားချက်များကို မထိန်းချုပ်နိုင် ဖြစ်သွားသည်ဟု အထင်ရောက်လျက် အလျင်စလို သတိပေးလိုက်လေသည်။

ပင်းယွင်မှာမူ ကျိယောင်နှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေမှန်း သတိထားမိသွားသည့်နောက် ရန်ကိုင်ဘက်သို့လှည့်၍ မေးလိုက်လေသည်။ “ယောင်အာ ဘာဖြစ်နေတာလဲ…”

ရန်ကိုင်လည်း ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ကျိယောင်၏ လက်ရှိအခြေအနေကို အလျင်စလို ရှင်းပြလိုက်လေသည်။ သူကိုယ်တိုင်သည်မှလည်း ပင်းယွင်အယောင်ဆောင်နေခြင်းကိုပါ တစ်ပါတည်း ရှင်းပြလိုက်လေ၏။

ရန်ကိုင်၏စကားကိုကြားပြီးသည့်နောက် ပင်းယွင် အတော်လေး ဝမ်းနည်းသွားခဲ့ရလေသည်။ ပင်းယွင်သည် သူမကိုရှာရန်အတွက် ရှေးဟောင်းကုန်းမြေထဲ နှစ်ပေါင်းများစွာ လေလွင့်နေခဲ့ရကာ စိတ်ကယောင်ခြောက်ခြားပင် ဖြစ်ခဲ့ရသည်။ ရန်ကိုင်သာ သူမအား ကံကောင်းထောက်မစွာ ရှာတွေ့ခဲ့သည့် အတွက်ကြောင့်သာ မဟုတ်ပါက ကျိယောင်အနေဖြင့် စိတ်ကယောင်ခြောက်ခြားအခြေအနေဖြင့်သာ ရှေးဟောင်းကုန်းမြေထဲ ဦးတည်ရာမဲ့ လျှောက်သွားနေပေလိမ့်ဦးမည်။

ပင်းယွင်က အသာအယာ သက်ပြင်းချလျက် ကြင်နာသိမ်မွေ့စွာ ပြုံးရင်းမှ လှမ်းခေါ်လိုက်လေသည်။ “ယောင်အာ… ဆရာ ဒီရောက်နေပြီလေ… ဘာဖြစ်လို့ မလာသေးတာလဲ…”

“ဆရာ…” ထိုစကားကိုကြားသည့်အခါ ကျိယောင် အလိုလို ပြန်၍ အော်ခေါ်လိုက်လေသည်။ ထို့နောက်တွင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်တုန်ရီရီ ဖြစ်လာခဲ့ပြီး မျက်လုံးများမှာလည်း ပြင်းပြင်းထန်ထန်ကို တုန်ခါလာခဲ့လေသည်။ နောက်ဆုံးတွင် သူမမျက်လုံးထဲ ရစ်သိုင်းနေသည့် နားမလည်နိုင်မှုများမှာ ကွဲကြေသွားသည့် ဖန်တစ်ချပ်နှယ် အရှင်း ပျောက်ကွယ်သွားခဲ့ပြီး ကြည်လင်မှုတို့က အစားထိုး ပြန်လည်ဝင်ရောက်လာလေ၏။

“ဖူး…”

ရုတ်တရက် ကျိယောင် အနက်ရောင်သွေးတစ်ပွက် ထိုးအန်လိုက်လေသည်။ တစ်ချိန်တည်းတွင် သူမ၏အရှိန်အဝါမှာလည်း ရုတ်တရက် မတည်မငြိမ် ဖြစ်လာခဲ့လေသည်။ သူမ၏အရှိန်အဝါနှင့် မတူညီစွာပင် ကျိယောင်၏မျက်လုံးများမှာတော့ ကြည်လင်နေခဲ့လေ၏။

အန်းရို့ယွင်နှင့် အခြားသူများမှာတော့ ကျိယောင် ဘာဖြစ်လို့ ဖြစ်နေမှန်း မသိသည့်အတွက်ကြောင့် ထိုမြင်ကွင်းကို အထိတ်တလန့်ဖြင့်သာ ရပ်ကြည့်နေမိကြသည်။

“ဆရာ…” ကျိယောင်သည် ပင်းယွင်ရှေ့သို့ ရုတ်တရက် ပြေးထွက်သွားပြီး သူမရှေ့တွင် ဒူးထောက်ချလျက် တုန်တုန်ရီရီဖြင့် နှုတ်ဆက်လိုက်လေ၏။ “တပည့်မိုက်ကြောင့် ဆရာစိတ်ပူသွားခဲ့ရပြီ…”

ပင်းယွင်သည် ကျိယောင်၏ခေါင်းကို အသာအယာ ပုတ်ပေးလျက် ပြောလိုက်လေ၏။ “အိမ်ပြန်လာတာနဲ့တင် အဆင်ပြေနေပြီ… ဘာမှကိစ္စမရှိဘူး… ကဲ မြန်မြန်ထတော့…”

ကျိယောင်ကမူ ခေါင်းခါလျက် ပင်းယွင်၏ခြေထောက်ကို ဖက်တွယ်ရင်းဖြင့်သာ အဆက်မပြတ် ငိုကြွေးနေခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း အန်းရို့ယွင်နှင့် အခြားသူများ မျက်ရည်ဝိုင်းသွားကုန်ကြလေသည်။

ထိုအခါ ပင်းယွင်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ရလေ၏။ “ဆရာနဲ့တပည့် နှစ်တွေဒီလောက်ကြာပြီးမှ ပြန်တွေ့ရတာကို ပျော်နေသင့်တာလေ… ဘာလို့ ငိုနေတာလဲ… ကဲ မြန်မြန်ထပြီးတော့ ငိုမနေတော့နဲ့…”

ထို့နောက်တွင် ပင်းယွင်သည် ကျိယောင်ကို ကိုင်၍ ထူမပေးလိုက်လေသည်။ ထို့နောက်တွင် ကျိယောင်၏ပါးပြင်တစ်လျှောက် စီးကျလာနေသော မျက်ရည်များကိုလည်း သုတ်ပေးလိုက်ပြီး ကျိယောင်ကို အန်းရို့ယွင်လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ ပြီးမှသာလျှင် ရန်ကိုင်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “နင့်ကို မမြင်သင့်တာတွေ ပြမိသွားကုန်ပြီ… ယောင်အာက ငယ်ငယ်လေးတည်းက အခုလိုမျိုး ခေါင်းမာတာ… ဒီတော့ အရမ်းကြီး စိတ်ထဲထားမနေနဲ့”

ရန်ကိုင်က ခေါင်းခါ၍ ပြန်၍ငြင်းဆိုလိုက်လေသည်။ “ယောင်အာ… အဟွတ် အဟွတ်… ဂျူနီယာညီမကျိယောင်က ခံစားချက်တွေကို မထိန်းချုပ်နိုင်လို့ အခုလိုမျိုး ဖြစ်သွားတာပါ… ကျုပ် ဘာမှ စိတ်ထဲမထားပါဘူး…”

ရန်ကိုင်မှာ ကျိယောင်အား ယောင်အာဟု တစ်လမ်းလုံး ခေါ်လာခဲ့သည့်အတွက်ကြောင့် ဤနေရာသို့ ရောက်ပြီးသည့်တိုင် သူမအား ယောင်အာဟု မှားခေါ်မိခါနီး ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်ပြောသည့်စကားကို ကြားပြီးသည့်နောက် ကျိယောင်သည် ရန်ကိုင်အား ရှုပ်ထွေးသည့်အမူအယာဖြင့် လှည့်ကြည့်လာခဲ့လေသည်။ ပင်းယွင်အစစ်ကို မြင်ပြီးသည့်နောက်တွင် ကျိယောင် အသိပြန်ဝင်လာခဲ့လေသည်။ သူမအနေဖြင့် ယခုကဲ့သို့ပင် တစ်ချိန်လုံး ပြန်ဖြစ်သွားလေမလား ထိုသို့မဟုတ်ဘဲ စိတ်ထဖောက်လေဦးမလား ဆိုသည်ကိုတော့ မပြောတတ်သေးပါသော်ငြား လတ်တလောအခြေအနေအရတော့ ကျိယောင် အဆင်ပြေနေပေသည်။

ယခု အသိစိတ်ပြန်ဝင်သွားသည့်နောက်တွင် သူမ၏ ယခင်အခြေအနေ မည်မျှ ဆိုးရွားသွားခဲ့ကြောင်းကိုလည်း ကျိယောင် နားလည်သွားခဲ့သည်။

သူမသည် ယောကျ်ားသားတစ်ဦးကို သူမဆရာနှင့် အထင်မှားခဲ့သည်။ ဤအဖြစ်အပျက်ကို ကိုယ်တိုင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည့် အတွက်ကြောင့်သာ မဟုတ်ပါက ကျိယောင်အနေဖြင့် လုံးဝ ယုံကြည်နိုင်လိမ့်မည်မဟုတ်။

ရန်ကိုင်မှာလည်း ကိုယ့်လိပ်ပြာကိုယ်မလုံသည့်အတွက်ကြောင့် ကျိယောင်နှင့် အကြည့်ချင်း မရင်ဆိုင်ရဲခဲ့ပဲ အခြားတစ်ဖက်သို့သာ ကသိကအောက် အမူအယာဖြင့် ကြည့်နေခဲ့လေ၏။

“ထိုင်ပြီးစကားပြော… ရပ်မနေနဲ့…” ပင်းယွင်မှာ စိတ်ပျော်နေသည့်အတွက်ကြောင့် ပြောလိုက်လေသည်။ နှစ်ပေါင်းများစွာကြာအောင် ပျောက်ဆုံးနေခဲ့သော သူမ၏ တတိယတပည့်ကို ယနေ့ကြမှ ပြန်တွေ့လိုက်လေရာ ပင်းယွင်အနေဖြင့် မည်ကဲ့သို့များ မပျော်ပါမည်နည်း။ ထို့အပြင် သူမ၏တပည့်ကို ပြန်ခေါ်လာပေးသည့်လူမှာလည်း ရန်ကိုင်သာဖြစ်သည် မဟုတ်လေလော။

အခြားတပည့်များမှာလည်း ကျိယောင်ပြန်ရောက်လာသည့် ကိစ္စနှင့်ပတ်သက်၍ ဝမ်းသာနေကြလေသည်။

သူမတို့၏ဆရာ ပင်းယွင် ပြုံးသည်ကို သူတို့မမြင်ခဲ့ရသည်မှာလည်း နှစ်အတော်ကြာနေခဲ့ပြီ။ ယခုမူ သူမ၏ဆရာသည် ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည်ပြုံးခဲ့လေပြီ။

ပင်းယွင်မှာ ကျိယောင်အကြောင်းကို ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်းပြောထားသည့် အတွက်ကြောင့် အန်းရို့ယွင်မှာ ကျိယောင်အား ပင်းယွင်နှင့် ခပ်ဝေးဝေးတွင် မနေစေရဲခဲ့ဘဲ ပင်းယွင်အနားတွင်သာ ထိုင်ခိုင်းလိုက်ရသည်။

ထို့နောက် သူမကိုယ်တိုင်သည်လည်း အလျဉ်းသင့်သလို အနီးအနားတစ်နေရာ၌ ထိုင်လိုက်လေ၏။

“စီနီယာအစ်ကိုရန်… ကျွန်မတို့ ရေခဲနှလုံးသားတောင်ကြားရဲ့ အခြေအနေကို ကြားပြီးတော့ လာခဲ့တာလား…” ထိုင်ချပြီးသည့်နောက်တွင် စွန်းယင်ရှုသည် ရန်ကိုင်ကိုကြည့်၍ မေးလိုက်လေသည်။ ရန်ကိုင်သာ ရေခဲနှလုံးသားတောင်ကြား ဒုက္ခရောက်နေသည့်အတွက်ကြောင့် ရောက်လာခဲ့ခြင်း မဟုတ်ပါက သူရောက်လာသည်မှာ အလွန်ကိုမှ တိုက်ဆိုင်လွန်းနေခဲ့လေသည်။

ရန်ကိုင်ကမူ ခေါင်းခါ၍ ပြန်ပြောလိုက်လေသည်။ “တိုက်ဆိုင်သွားတယ်လို့ပဲ ပြောရမလား… ရှေးဟောင်းကုန်းမြေထဲရောက်တုန်းက ဂျူနီယာညီမကျိယောင်နဲ့ အမှတ်မထင် သွားတိုးပြီးတော့ သူ့ကို ပြန်ခေါ်လာပေးတာ… သူ့ကို ပြန်ခေါ်လာရင်းနဲ့မှပဲ စင်ကြယ်ခြင်းမြို့တော်ကို ဖြတ်သွားတုန်း ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိလိုက်ရတာ…”

All Chapters