အခန်း (၂၆၃၃)
Vol. 112 Ch. 2633
မကြာမီ ရန်ကိုင်ဆီသို့ လျို့ရှန်းယွင် ရောက်လာခဲ့လေသည်။
သူမနှင့် ရန်ကိုင်သည် ကြယ်တာရာအစုအဝေးသို့ အတူတကွ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ဦးလာသည့် ကြယ်စီရင်စုများမှာ မတူညီကြပါသော်ငြား ဤစီနီယာအစ်ကိုနှင့် ဂျူနီယာညီမစုံတွဲသည့် ငှက်မွေးပြာဂိုဏ်းထဲသို့ ရောက်သည့်အခါ တစ်ဦးကိုတစ်ဦး ထောက်ပံ့ကူညီပေးခဲ့ကြပေသည်။ ဟင်းလင်းပြင်ကမ္ဘာထဲတွင်လည်း အခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်လွှားခဲ့ကြရာ သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးမှာ အတော်လေးကိုမှ ခိုင်မြဲလာတော့သည်။
ဟင်းလင်းပြင်ကမ္ဘာထဲမှ ထွက်လာပြီးသည့်နောက်တွင် လျို့ရှန်းယွင်သည် သူမနှင့် ပို၍သင့်တော်မည့် ရွေးချယ်မှုတစ်ခုဖြစ်သော ရေခဲနှလုံးသားတောင်ကြား၌ နေခဲ့ပေသည်။
သူမအနေဖြင့် ရန်ကိုင်ဆီသို့ အကြောင်းအရင်းကိစ္စတစ်ခုခုကြောင့် လာခြင်းမဟုတ်။ မတွေ့ရသည်မှာ ကြာပြီဖြစ်သည့်အတွက်ကြောင့် လွမ်း၍သာ ရန်ကိုင်ကို လာတွေ့ခြင်း ဖြစ်လေသည်။
အလာပ သလာပများ ပြောပြီးသည့်နောက်တွင် လျို့ရှန်းယွင်၏ဘဝမှာ အတော်လေးကိုမှ အဆင်ပြေနေခဲ့ပြီး ပင်းယွင်၏ တရားဝင်တပည့်တစ်ဦးလည်း ဖြစ်လာခဲ့ကြောင်း ကြားသိလိုက်ရသည်။
လျို့ရှန်းယွင်အနေဖြင့် ဤကဲ့သို့ ပစားပေးခံရသည်မှာလည်း အထူးအဆန်းတော့မဟုတ်ပေ။ တကယ်တော့ သူမသည် ရန်ကိုင်ကဲ့သို့ပင် အဆင့်နိမ့်ကြယ်စီရင်စုမှ လာခဲ့သူတစ်ဦး မဟုတ်ပေလော။ သူမ၏အရည်အချင်းသည် ယင်လဲ့ရှန်းအောက် နိမ့်ကျခြင်းမရှိပေ။ သို့သော်ငြား သူမ၏ နိမ့်ကျသည့် နောက်ခံနှင့် အမွေအနှစ်ကြောင့် လက်အောက်ငယ်သားအခြေအနေသို့သာ ရောက်သွားခဲ့ရသည်။
ယင်လဲ့ရှန်းသည် မရဏဂိုဏ်းထဲသို့ဝင်၍ မရဏဂိုဏ်းချုပ်၏ အမွေခံတပည့်တစ်ဦး ဖြစ်လာနိုင်ခဲ့လျှင် လျို့ရှန်းယွင်ကရော ဘာကြောင့်များ ထိုကဲ့သို့ မဖြစ်နိုင်ရမည်နည်း။
လွန်ခဲ့သောနှစ်များအတွင်း လျို့ရှန်းယွင်၏ကျင့်ကြံခြင်း ရပ်တန့်နေခဲ့ရခြင်းမှာ မလုံလောက်သည့် အရင်းအမြစ်များနှင့်တကွ ခက်ခဲကြမ်းတမ်းသည့် ဘဝပေးအခြေအနေကြောင့်သာ ဖြစ်ပေသည်။ ယခု ပင်းယွင်၏တပည့် ဖြစ်လာပြီးသည့်နောက်တွင် သူမအတွက် အရင်းအမြစ်များ ရှားပါးမနေတော့ချေ။ တစ်ခုခုလိုအပ်လာလျှင် ထောက်ပြသင်ကြားပေးမည့် ဆရာများမှာလည်း ရှိနေခဲ့လေရာ လျို့ရှန်းယွင်၏ အလားအလာမှာ စတင်၍ ပွင့်လန်းလာရတော့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က လျို့ရှန်းယွင်သည် တာအိုသခင်ဒုတိယအဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့ပြီး ယခုဆိုလျှင်ပင် တာအိုသခင်တတိယအဆင့်သို့ပင် ရောက်ခါနီးနေခဲ့လေပြီ။ ဂိုဏ်းတူဒေါ်လေးဟူသော အဆင့်အတန်းကို ရယူထားသည့် လျို့ရှန်းယွင်၏ ကျင့်ကြံခြင်းမှာ သူမ၏ ဂိုဏ်းတူတူမများအောက် နိမ့်ကျနေခဲ့ပါသော်ငြား သူမ၏အနာဂတ်မှာတော့ တောက်ပနေပေသည်။
လျို့ရှန်းယွင်သည် ရေခဲနှလုံးသားတောင်ကြားထဲရှိ သူမ၏ ညီအစ်မများနှင့်လည်း အဆင်ပြေပြေ ရှိနေခဲ့လေရာ ရေခဲနှလုံးသားတောင်ကြားထဲရှိ သူမ၏ဘဝမှာ အတော်လေးကိုမှ အဆင်ပြေနေခဲ့သည်။
ထိုအကြောင်းကိုကြားသိရသည့်အခါ ရန်ကိုင်စိတ်သက်သာရာ ရသွားခဲ့လေသည်။
ထို့နောက်တွင် လျို့ရှန်းယွင်သည် ရန်ကိုင်၏အခြေအနေအကြောင်းကို မေးမြန်းတော့လေသည်။
ရန်ကိုင်တွင် ပြောစရာ ဘာမှ သိပ်ရှိမနေခဲ့ပေ။ ရန်ကိုင်သည် နှစ်များစွာကို ကြယ်ပျက်ပင်လယ်ထဲတွင် အချိန်ဖြုန်းခဲ့ပြီး ထိုနေရာမှ ထွက်လာပြီးသည့်နောက် အရှေ့ဘက်နယ်မြေရှိ ရှေးဟောင်းကုန်းမြေဆီသို့သွားကာ ရှောင်ရှောင်ကို ရှာဖွေခဲ့လေသည်။ ထိုနေရာတွင် နတ်အရှင်လေးပါးနှင့် တွေ့ခဲ့လေ၏။
ရန်ကိုင်သည် အချို့သော အကြောင်းအရာများကိုသာ ထုတ်ပြောခဲ့ပြီး အန္တရာယ်များသည့် အကြောင်းအရာများကိုတော့ ပြောမပြခဲ့ပေ။ သို့သော်ငြား လျို့ရှန်းယွင်ကမူ ရန်ကိုင်ပြောပြနေသည်ကို တစိုက်မတ်မတ်နှင့် သေချာနားထောင်နေခဲ့သည်။ ရန်ကိုင်၏ဘဝမှာ အလွန်ကိုမှ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းလှသလို အံ့အားသင့်ပျော်ရွှင်စရာလည်း ကောင်းလှသည်ဟု သူမထင်နေခဲ့သည်။
“ဟုတ်သားပဲ ဂျူနီယာညီမ… ငါနင့်ကို လက်ဆောင်ပေးစရာ တစ်ခုရှိတယ်…” ရန်ကိုင်သည် ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ပြောလိုက်လေသည်။
“ဘာလဲ…” လျို့ရှန်းယွင်က ပြန်မေးလိုက်လေသည်။
ရန်ကိုင်က ပြုံးလျက် ပြောလိုက်၏။ “စိတ်အေးအေးထားနော်…”
ထိုစကားကိုကြားပြီးသည့်နောက် လျို့ရှန်းယွင်သည် အသာအယာခေါင်းညိတ်လျက် အသက်ကိုပြင်းပြင်းရှူသွင်းကာ မျက်လုံးများကို ပိတ်ထားလိုက်လေသည်။
ကမ္ဘာငယ်လေးထဲတွင် ခဏမျှကြာအောင် ရှာဖွေနေပြီးသည့်နောက်တွင် ရန်ကိုင်၏လက်ထဲတွင် မှုန်ထိုင်းထိုင်း အလင်းအစုအဝေးတစ်ခု ပေါ်လာခဲ့လေသည်။ ထိုအလင်းအစုအဝေးဆီမှ အရင်းအမြစ်အရှိန်အဝါတို့ ဖြာထွက်နေခဲ့လေသည်။ သေချာအနီးကပ်ကြည့်မည်ဆိုပါက ထိုအလင်းအစုအဝေးထဲ တလက်လက်တောက်ပနေသော ကြယ်များ ရှိနေကြောင်း တွေ့နိုင်ပေသည်။ တစ်နည်းအားဖြင့် ထိုအလင်းအစုအဝေးသည် ကြယ်တာရာကောင်းကင်ကြီးတစ်ခုလုံးကို အဆပေါင်းမြောက်မြားစွာ သေးငယ်သွားအောင် အရွယ်အစားချုံ့ထားသည့် အရာကြီးတစ်ခုနှင့်ပင် တူနေပေသေးသည်။
ထိုအခိုက်အတန့်တွင် လျို့ရှန်းယွင်မှာ မယုံသင်္ကာဖြင့် မျက်လုံးဖွင့်ကြည့်လာခဲ့လေသည်။
ရန်ကိုင်လက်ထဲရှိ ပစ္စည်းကိုမြင်သော် ကြောင်သွားခဲ့ပြီး ပြန်၍မေးခွန်းထုတ်လိုက်လေ၏။ “စီနီယာအစ်ကို… အဲ့ဒါဘာကြီးလဲ…”
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်၏။ “ကြယ်အမြုတေပဲ…”
“ကြယ်အမြုတေ…” လျို့ရှန်းယွင်၏ ခန္ဓာကိုယ်လေး အံ့အားသင့်မှုကြောင့် တုန်တုန်ရီရီ ဖြစ်သွားခဲ့သည်။ တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးမှ လာသည့် လူတစ်ဦးပီပီ ကြယ်အမြုတေအကြောင်းကို သူမ ကောင်းကောင်းသိပေသည်။ ကြယ်အမြုတေများသည် ကျင့်ကြံရေးကြယ်တစ်လုံး၏ ပင်မအသက်စွမ်းအင် ဖြစ်ပေသည်။ ဤမျှ တောက်ပနေသည့် ကြယ်အမြုတေတစ်ခုကို အနည်းဆုံး နှစ်သန်းပေါင်းမြောက်မြားစွာ သက်တမ်းရှိသော ကျင့်ကြံရေးကြယ်တစ်လုံးမှသာ မွေးထုတ်ပေးနိုင်ပေသည်။ ကြယ်အမြုတေမရှိတော့သည့်နောက်တွင် ထိုကျင့်ကြံရေးကြယ်မှာ ကြယ်သေတစ်လုံးအဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားရပေလိမ့်မည်။
ကျင့်ကြံရေးကြယ်တစ်လုံး၏ ကြယ်အမြုတေကို သန့်စင်ပြီးသည့်အခါမှသာလျှင် ကျင့်ကြံသူတစ်ဦးသည် ကြယ်သခင် ဖြစ်လာနိုင်ပေသည်။
သို့သော်ငြား ကြယ်သခင်ဖြစ်လာရန် မလွယ်ကူလှပေ။ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးသည်ပင်လျှင် ကြယ်အမြုတေကို သန့်စင်နေစဉ် အတောအတွင်း အသက်အာမခံချက် မရှိချေ။ မရေမတွက်နိုင်သော ကြယ်စီရင်စုကြီးများကြား ကြယ်အမြုတေကို သန့်စင်ရင်းဖြင့် သေသွားခဲ့ရသည့် တန်ခိုးရှင်ဘုရင်အဆင့်ပေါင်း မြောက်မြားစွာ ရှိကြပေသည်။
သူမ လာခဲ့သည့် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲတွင်ပင် ကြယ်သခင်အချို့သာ ရှိကြပြီး ယင်လဲ့ရှန်းသည် ထိုသူများအနက် တစ်ဦးအပါအဝင် ဖြစ်ပေသည်။
လျို့ရှန်းယွင်သည်လည်း တစ်စပြင်ကန္တာရကြယ်စီရင်ကြီးထဲရှိ ကြယ်တစ်လုံး၏ အမြုတေကို သန့်စင်၍ ကြယ်သခင်ဖြစ်ရန် စဉ်းစားခဲ့ဖူးသည်။ သို့သော်ငြား ကံမကောင်းစွာဖြင့် မရဏဂိုဏ်းသည် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲရှိ အရာအားလုံးကို ထိန်းချုပ်နေသည့်အတွက်ကြောင့် သူမ၌ ထိုကဲ့သို့သော အခွင့်အရေးမျိုး မရှိခဲ့ပေ။
ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးသည့်နောက်မှသာ ကြယ်အမြုတေများ မည်မျှရှားပါးအဖိုးတန်ကြောင်း သိလာခဲ့ရသည်။ သာမန်လူများအနေဖြင့် ကြယ်အမြုတေကို သန့်စင်ရန် မဆိုထားနှင့် တစ်ခုလောက်ကို မြင်ဖူးရန်ပင် အလွန်ကိုမှ ခက်ခဲလှပေသည်။
ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် သူမအနေဖြင့် ကြယ်အမြုတေတစ်ခုကို မည်သည့်အခါမှ သန့်စင်နိုင်တော့လိမ့်မည်မဟုတ်ဟု ထင်ထားခဲ့ပါသော်ငြား ကံတရားမှာ ဆန့်ကျင်ဘက် ဖြစ်နေခဲ့လေသည်။
“ဒါ… ဒါက ကြယ်ပျက်ပင်လယ်ထဲက ရတာလား…” လျို့ရှန်းယွင်က ကတုန်ကယင်လေသံဖြင့် မေးလိုက်လေသည်။
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
ရန်ကိုင်သည် ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်သွားပြီးသည့်နောက်တွင် အကျိုးအမြတ်မြောက်မြားစွာကို ရခဲ့လေသည်။ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ကို နားလည်သွားခဲ့ရသလို ဖီးနစ်မီးတောက်နှင့် တောင်နှင့်မြစ်ခေါင်းလောင်းကိုလည်း ရရှိခဲ့ရသည်။ ထို့အပြင် မဟာဧကရာဇ်နှစ်ပါးဖြစ်သော လောကတစ်သောင်းမဟာဧကရာဇ်နှင့် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်တို့နှစ်ပါးကြားရှိ တိုက်ပွဲကိုလည်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ ရခဲ့သည့် အကျိုးအမြတ်များအနက် မြောက်မြားလှစွာသော ကြယ်အမြုတေများမှာလည်း အပါအဝင်ပင် ဖြစ်လေသည်။
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး… ဒါက အရမ်း အဖိုးတန်လွန်းတယ်.. ကျွန်မ လက်မခံနိုင်ဘူး…” လျို့ရှန်းယွင်က ခေါင်းရောလက်ရော ခါလျက် အလျင်စလို ငြင်းဆန်လိုက်လေသည်။
ရန်ကိုင်က တပြုံးပြုံးဖြင့် ပြန်၍ပြောလိုက်သည်။ “ဘာတွေအဖိုးတန်ရမှာလဲ.. ကြယ်အမြုတေတစ်ခုပဲကို… ငါတို့နှစ်ယောက်သိလာတာ ဒီလောက်တောင်ကြာနေပြီ.. ပြီးတော့ နင့်စီနီယာအစ်ကိုက တော်တော်လေးကို ချမ်းသာနေတာ… ဒီလောက်ကတော့ နင့်ကို မပေးနိုင်ဘဲမနေဘူး… ဘာလို့ငြင်းနေသေးတာလဲ…”
သူမအနေဖြင့် ကြယ်အမြုတေကို အမှန်တကယ် လိုချင်ပါသော်ငြား လျို့ရှန်းယွင်ကမူ ခေါင်းသာ ခါပြလိုက်လေသည်။ “စီနီယာအစ်ကိုရန်… စီနီယာအစ်ကိုသာ ကျွန်မကို အခြားလက်ဆောင်တွေ လာပေးမယ်ဆိုရင် ဂျူနီယာညီမ ငြင်းမှာမဟုတ်ဘူး… ဒါပေမယ့် ကြယ်အမြုတေကတော့ ကျွန်မလက်မခံနိုင်ဘူး… စီနီယာအစ်ကိုဘာသာပဲ သန့်စင်ပစ်လိုက်… စီနီယာအစ်ကိုသာ ဒီကြယ်အမြုတေကို အောင်အောင်မြင်မြင် သန့်စင်သွားနိုင်မယ်ဆိုရင် စီနီယာအစ်ကိုရဲ့ ကျင့်ကြံနှုန်းက အခုထက် အများကြီး ပိုမြန်လာမှာ… ပြောကြတာတော့ ကြယ်အမြုတေကို သန့်စင်ထားနိုင်တဲ့လူတွေက လောကနိယာမစွမ်းအားတွေကို ပိုပြီး လွယ်လွယ်ကူကူနဲ့ အာရုံခံနိုင်ကြတယ်ဆိုပဲ…”
“ထားလိုက်တော့… အဲ့ဒါကို ငါမသိဘဲ နေမလား… ဒါပေမယ့် ငါက ကြယ်သခင်တစ်ယောက်ဆိုတာကို နင်မမှတ်မိတော့တာလား…” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြောလိုက်လေသည်။
ကြယ်တာရာလမ်းကြောင်းထဲတွင် စတွေ့စဉ်ကတည်းက ရန်ကိုင် ကြယ်သခင်တစ်ဦးဖြစ်ကြောင်း လျို့ရှန်းယွင် သိခဲ့ရသည်။ ရန်ကိုင်မှ ကြယ်အမြုတေတစ်ခုအား သန့်စင်ထားပြီးခဲ့သည်မှာ အတော်လေးကိုမှ ကြာနေပြီဖြစ်ကာ ထိုအကြောင်းကြောင့်ပင် သူ၏ကျင့်ကြံနှုန်းသည် အခြားသူများထက် ပိုမိုမြန်ဆန်နေရခြင်းပင်။
“စီနီယာအစ်ကို ကြယ်အမြုတေတစ်ခုကို သန့်စင်ထားပြီးမှန်း ကျွန်မသိတယ်လေ… ဒါပေမယ့် ဒုတိယကြယ်အမြုတေတစ်ခုကို မသန့်စင်နိုင်ဘူးလို့ ဘယ်သူပြောလို့လဲ… ပထမတစ်ခုကို သန့်စင်တာလောက်တော့ မကောင်းတော့ဘူးဆိုပေမယ့် အနည်းနဲ့အများတော့ စီနီယာအစ်ကိုကို ကူညီပေးနိုင်သေးတယ်လေ…” လျို့ရှန်းယွင်က ပြန်ပြောလိုက်သည်။
ရန်ကိုင်က ခေါင်းခါလျက် “ငါနင့်ကို ပေးမယ်လို့ ဆုံးဖြတ်ပြီးမှတော့ ပြန်ယူတော့မှာမဟုတ်ဘူး… ပြီးတော့ ငါ့မှာ ကြယ်အမြုတေက တစ်ခုတည်းရှိတာမှမဟုတ်တာ… အများကြီးပဲ ရှိသေးတယ်…”
“အများကြီး…” လျို့ရှန်းယွင် ကြောင်သွားခဲ့လေသည်။ သူမနားပင်သူမ မယုံချင်တော့။
ရန်ကိုင် ကြယ်ပျက်ပင်လယ်ထဲသို့ သွားခဲ့မှန်း သူမသိပေသည်။ ကျိယုမှတစ်ဆင့် ကြယ်ပျက်ပင်လယ်ထဲ၌ ကြယ်အမြုတေပင်လယ်တစ်ခု ပေါ်လာပြီး ထိုနေရာတွင် ကြယ်အမြုတေမြောက်မြားစွာ ပေါ်လာခဲ့ကြောင်းကို ကြားသိခဲ့ရသည်။ ကျင့်ကြံသူများအနေဖြင့် ထိုနေရာမှ ကြယ်အမြုတေများကို ရခဲ့မည်ဆိုလျှင်ပင် အများဆုံးမှ သုံးခုလေးခုလောက်သာ ရနိုင်ပေလိမ့်မည်။
ထို့အတွက်ကြောင့် ရန်ကိုင်တွင် ကြယ်အမြုတေအများကြီး ရှိနေကြောင်း ကြားသိလိုက်ရသော် ရန်ကိုင်မှ သူမအား နှစ်သိမ့်ပေးရန်သက်သက်သာ လုပ်နေသည်ဟု အထင်ရောက်သွားခဲ့လေသည်။
ရန်ကိုင်တွင် ကြယ်အမြုတေ သုံးလေးခုလောက်သာမဟုတ်ဘဲ အခုသုံးဆယ်လေးဆယ်လောက် ရှိနေသည်ဟူသော အချက်ကိုတော့ လျို့ရှန်းယွင် မသိခဲ့ပေ။
ကျန်ကြယ်အမြုတေအားလုံးကို ကမ္ဘာငယ်လေးထဲတွင် သိမ်းထားခဲ့ခြင်း ဖြစ်ပေသည်။ ရန်ကိုင်တွင် ထိုကြယ်အမြုတေများကို မည်ကဲ့သို့ အသုံးပြုရမလဲ ဆိုသည်နှင့် ပတ်သက်၍ အစီအစဉ်ရှိထားပြီးသား ဖြစ်ပါသော်ငြား ကြယ်အမြုတေတစ်ခုလောက်ကို လျို့ရှန်းယွင်အား ပေးလိုက်ရ၍ သူ့အတွက် အဆုံးအရှုံးမရှိပေ။
“ဒီမှာ ရော့ ယူလိုက်ပေတော့…” ပြောနေရင်းမှ ရန်ကိုင်သည် သူ့လက်ထဲရှိ ကြယ်အမြုတေကို လျို့ရှန်းယွင်ဆီသို့ တွန်းပို့လိုက်ပြီး ကြယ်သန့်စင်ခြင်း ပညာရပ်ကိုသုံးကာ ကြယ်အမြုတေကို လျို့ရှန်းယွင် မတုံံ့ပြန်နိုင်သေးခင်မှာပင် သူမ၏ခန္ဓာကိုယ်နှင့်ပေါင်းစပ်ပေးလိုက်လေသည်။
ကြယ်အမြုတေ သူမ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်ဝင်ရောက်လာသည့်နောက် လျို့ရှန်းယွင်မှာ မသက်မသာ ခံစားလိုက်ရလေသည်။
ကြယ်အမြုတေတစ်ခုကို သန့်စင်ဖို့ရာ မလွယ်ကူလှပေ။ ကြယ်ပျက်ပင်လယ်ထဲတွင် ကြယ်အမြုတေကို ရယူနိုင်ခဲ့သည့် ကျင့်ကြံသူများသည်ပင်လျှင် ကြယ်အမြုတေကို သူတို့၏ခန္ဓာကိုယ်ထဲ၌ ယာယီချိတ်ပိတ်ထားခဲ့ကြပြီး ကျင့်ကြံခြင်းကိုသုံးကာ ဖိနှိပ်ထားခဲ့ကြသည်။ ဂိုဏ်းဆီသို့ပြန်ရောက်၍ အချိန်ရသည့်အခါမှသာ ထိုကြယ်အမြုတေများကို တဖြည်းဖြည်း ပြန်လည်သန့်စင်ရန် ရည်ရွယ်ထားကြခြင်း ဖြစ်သည်။ သူတို့အောင်မြင်မလား မအောင်မြင်ဘူးလားဆိုသည်မှာတော့ ကံတရားအပေါ် မူတည်ပေသည်။
ကြယ်အမြုတေများကို သန့်စင်နေစဉ်အတောအတွင်း သိပ်သည်းလှဿည့် အမြုတေစွမ်းအားကြောင့် ဘေးထွက်ဆိုးကျိုးနှင့် ကြုံရကာ အသက်သေဆုံးနိုင်ကြသည်။ အလွန်များပြားလှသော အမြုတေစွမ်းအားများ ခန္ဓာကိုယ်ထဲ စုဝေးလာသည့်အတွက်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားသည်မှာလည်း ဖြစ်နိုင်ပေသည်။
“ငါ နင့်ကို ပညာရပ်တစ်ခု သင်ပေးမယ်… သေသေချာချာ နားထောင်နော်… အဲ့ပညာရပ်ရဲ့ အကူအညီနဲ့ဆိုရင် နင် ဒီကြယ်အမြုတေကို အလွယ်လေး သန့်စင်နိုင်လိမ့်မယ်… ဘာအန္တရာယ်နဲ့မှ ကြုံရမှာမဟုတ်ဘူး…” ရန်ကိုင်က ပြောလိုက်သည်။
ယခုအခြေအနေရောက်မှဖြင့် သူမအနေဖြင့် ငြင်း၍ ရတော့မည်မဟုတ်မှန်း လျို့ရှန်းယွင် သိနေခဲ့လေသည်။ ထို့အတွက်ကြောင့် ချက်ချင်းပဲ ရန်ကိုင်ပြောသည်ကို သေချာအာရုံစိုက် နားထောင်နေလိုက်လေသည်။
ရန်ကိုင်သည် ကြယ်သန့်စင်ခြင်းပညာရပ်ကို လျို့ရှန်းယွင်အား သင်ပေးလိုက်ပြီးသည့်နောက် ထိုပညာရပ်ကို မည်သူ့ကိုမှ လျှောက်မပြောရန် သတိပေးလိုက်လေသည်။
လျို့ရှန်းယွင်အနေဖြင့် ထိုကြယ်သန့်စင်ခြင်းပညာရပ်ကို အလွတ်မှတ်မိရန်အတွက် နေ့ဝက်ကျော်မျှ အချိန်ယူလိုက်ရသည်။ နောက်ဆုံးတွင် ပြန်၍ပြောလိုက်လေ၏။ “စီနီယာအစ်ကိုရန်… ကျွန်မ အခု ဒီကြယ်အမြုတေကို သွားပြန်သန့်စင်တော့မယ်… စီနီယာအစ်ကိုရန် တစ်ခုခုလိုလို့ရှိရင် အပြင်မှာစောင့်နေတဲ့ တပည့်တွေကို ပြောလိုက်နော်…”
“ငါသိတယ်… ကံကောင်းပါစေ..” ရန်ကိုင်ကပြုံးကာ ပြန်ပြောလိုက်လေသည်။
လျို့ရှန်းယွင်အား အပြင်သို့ ပြန်ပို့ပေးလိုက်ပြီးသည့်နောက် ရန်ကိုင်သည် သူ့အခန်းထဲသို့ ပြန်လာကာ တင်ပလင်ခွေထိုင်လျက် အရင်းအမြစ်ကျောက်များကိုထုတ်ကာ ကျင့်ကြံတော့လေသည်။
တတိယနေ့သို့ အရောက်တွင် ရန်ကိုင် ရုတ်တရက် မျက်လုံးပွင့်လာခဲ့ပြီး လှမ်းပြောလိုက်လေ၏။ “ဝင်လာခဲ့…”
မကြာမီ အပြင်ဘက်ဆီမှ ခြေသံတို့ ထွက်ပေါ်လာခဲ့ပြီး အခန်းတံခါး ပွင့်လာခဲ့သည်။ ချောမောလှပသည့် မိန်းကလေးတပည့်တစ်ဦးသည် ရန်ကိုင်အား လာရောက်နှုတ်ဆက်လေ၏။ “စီနီယာဦးလေးရန်… ကျွန်မ ဘာလုပ်ပေးရမလဲ…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ငါ စီနီယာပင်းယွင်ကို တွေ့ချင်လို့…”
“ကျေးဇူးပြုပြီး ကျွန်မနောက်လိုက်ခဲ့ပေးပါ စီနီယာဦးလေးရန်…”
ထိုတပည့်သည် ချက်ချင်း ရှေ့မှ ဦးဆောင်ခေါ်သွားလေသည်။
ရန်ကိုင်သည် ရေခဲနှလုံးသားတောင်ကြား၏ ဧည့်သည်တော်တစ်ဦးသာလျှင် မဟုတ်ဘဲ ရင်းနှီးသည့် မိတ်ဆွေတစ်ဦးလည်း ဖြစ်ပေသည်။ ထို့အပြင် ရန်ကိုင်တစ်ခုခုလိုအပ်ပါက ဝင်ကူညီပေးရန်ကိုလည်း ပင်းယွင်မှ အမိန့်ပေးထားခဲ့သည်။
ရန်ကိုင်အနေဖြင့် ပင်းယွင်နှင့်တွေ့ရန်အတွက် သမားရိုးကျ တွေ့ချင်သည်ဆိုသည့်အကြောင်းကို တောင်းဆိုနေစရာပင် မလိုခဲ့ပေ။
မကြာမီ ထိုအမျိုးသမီးတပည့်၏ ဦးဆောင်မှုဖြင့် ရန်ကိုင်သည် ကြီးကျယ်ခမ်းနားလှသော နန်းတော်တစ်ခုရှေ့သို့ ရောက်လာခဲ့လေသည်။
ထိုနေရာသို့ရောက်သော် အခန်းထဲမှ ပင်းယွင်၏အသံ ထွက်လာခဲ့သည်။ “ရန်ကိုင်လား… ဝင်လာခဲ့လေ…”
အမျိုးသမီးတပည့်သည် ရန်ကိုင်အား အထဲသို့ဝင်သွားရန် အချက်ပြလိုက်လေသည်။
ရန်ကိုင်လည်း ခေါင်းညိတ်၍ နန်းတော်ထဲသို့ ဝင်လာလိုက်လေ၏။
ဤနန်းတော်သည် ပင်းယွင် တစ်ကိုယ်တည်း နေထိုင်သည့် နေရာဖြစ်လောက်သည်။ နန်းတော်အပိုင်းရှိ အဆင်တန်ဆာများမှာ ကြီးကျယ်ခမ်းနားခြင်းမရှိဘဲ ရိုးရိုးရှင်းရှင်းသာ ဖြစ်လေသည်။
အထဲသို့ ဝင်လာပြီးသည့်နောက် ပင်းယွင်လည်း သူမနားနေသည့် အခန်းထဲမှ ထွက်လာခဲ့လေသည်။ ကျိယောင်လည်း သူမနှင့်အတူ ပါလာခဲ့လေ၏။
ကျိယောင်နှင့် အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင်မှာ ကိုယ့်လိပ်ပြာကိုယ်မလုံ ဖြစ်ကာ အားတင်း၍ ပြုံးပြလိုက်လေသည်။ သို့သော်ငြား ကျိယောင်ကမူ မျက်နှာသေဖြင့်သာ ရှိနေခဲ့လေသည်။
“စီနီယာကိုနှုတ်ဆက်ပါတယ်…” ရန်ကိုင်က လက်သီးဆုပ်၍ ပင်းယွင်အား နှုတ်ဆက်လိုက်လေ၏။
ပင်းယွင်က ပြောလိုက်သည်။ “ထိုင်လေ…” ထို့နောက် ကျိယောင်ဘက်သို့လှည့်၍ “ယောင်အာ… ရေနွေးကြမ်း…”
“ဟုတ်ကဲ့…” ကျိယောင်လည်း ရေနွေးကြမ်း အလျင်စလို ပြင်ပေးလိုက်လေသည်။
ရန်ကိုင်မှာမူ မီးခဲပေါ် ဖင်ခုထိုင်နေရသည့်အလား ကသိကအောက်အမူအယာဖြင့် ဖြစ်နေခဲ့လေသည်။
ကျိယောင်သည်လည်း ဤနေရာတွင် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်ငြား သေချာပြန်စဉ်းစားလိုက်ကြည့်ပြီးသည့်နောက်တွင် ဤဆရာတပည့်နှစ်ဦးသည် နှစ်ထောင်ပေါင်းများစွာ ကြာပြီးသည့်နောက်မှသာ တစ်ဦးနှင့်တစ်ဦး ပြန်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် ကျိယောင်၏စိတ်အခြေအနေ တည်ငြိမ်နေစေရန်အတွက် ပင်းယွင်အနားတွင်နေရန် လိုအပ်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ပင်းယွင်သည် ကျိယောင်ကို သူမနားတွင် ခေါ်ထားခြင်း ဖြစ်လောက်သည်။
မကြာမီတွင် အငွေ့တထောင်းထောင်းထနေသည့် ရေနွေးကြမ်းနှစ်ခွက် အသင့်ဖြစ်သွားခဲ့သည်။ ကျိယောင်သည် ပထမတစ်ခွက်ကို ပင်းယွင်ရှေ့၌ အရင်ချပေးလိုက်ပြီးသည့်နောက်မှသာလျှင် နောက်တစ်ခွက်ကို ရန်ကိုင်ရှေ့၌ ချကာ ပြောလိုက်လေသည်။ “စီနီယာအစ်ကိုရန်… ရေနွေးကြမ်းသောက်ပါဦး…”
“ကျေးဇူးအများကြီးတင်ပါတယ်…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်လေသည်။
ကျိယောင်စိတ်ထဲ ဘာတွေးနေလဲဆိုသည်ကို သူလုံးဝ နားမလည်နိုင်ခဲ့။ နောက်ပိုင်းရောက်သည့်အခါမှသာ ကျိယောင် သူ့အပေါ် လက်တုံ့ပြန်လေမလားဟုလည်း တွေးမိသွားရသည်အထိပင်။ သို့သော်ငြား ကျိယောင်၏ မျက်နှာမှာ မျက်နှာသေဖြင့်သာ ရှိနေသဖြင့် သူမဘာတွေးနေသလဲ ဆိုသည်ကို ရန်ကိုင်လုံးဝမပြောတတ်ချေ။ ကျိယောင်သည် လက်ရှိအချိန်တွင် ရန်ကိုင်အား သူမ လုံးဝ သိထားခြင်းမရှိသည့် သူစိမ်းတစ်ဦးနှယ်သာ ဆက်ဆံနေခဲ့သည်။