အခန်း (၂၆၃၄)
Vol. 112 Ch. 2634
“ငါ နင့်အပေါ်တောင် အားနာသလို ဖြစ်သွားပြီ… အခုတလော အပြင်ကရန်သူတွေနဲ့ အလုပ်ရှုပ်နေလို့ နင့်ကို လာတွေ့ချိန်တောင် မရှိဘူးဖြစ်သွားတယ်… နင် ဒီတောင်ကြားထဲမှာ နေရတာ အဆင်ပြေလား…” ပင်းယွင်က မေးလိုက်သည်။
“ပြေပါတယ်…” ရန်ကိုင်က ခေါင်းညိတ်၍ “ရေခဲနှလုံးသားတောင်ကြားမှာ ရှိတဲ့ တပည့်တွေက ဖော်လည်းဖော်ရွေတယ် ရှုခင်းတွေကလည်း လှတယ်ဆိုတော့ ဘာမှ အဆင်မပြေစရာ အကြောင်းမရှိပါဘူး…”
“အဲ့ဒါဆိုရင် အဆင်ပြေတာပေါ့…” ပင်းယွင်က ပြုံးလျက် ပြောလိုက်သည်။ ထို့နောက် အလေးအနက်အမူအယာဖြင့် ဆက်၍ ပြောလိုက်သည်။ “ဒါပေမယ့် နင် အကြာကြီး နေလို့တော့ ရမှာမဟုတ်ဘူး.. နောက်နှစ်ရက်ကြာရင် ငါနင့်ကို ကိုယ်တိုင် လိုက်ပို့ပေးမယ်…”
ရန်ကိုင် ကြောင်သွားခဲ့ပြီး ပြန်၍မေးလိုက်လေသည်။ “စီနီယာ ရမ္မက်ရှာဂိုဏ်းနဲ့ နောက်ဆုံးတိုက်ပွဲ ဆင်နွှဲတော့မို့လား…”
ပင်းယွင်က ခေါင်းညိတ်လိုက်သည်။ “သူတို့က ငါတို့တံခါးရှေ့တောင် ရောက်နေပြီလေ… ငါတို့အနေနဲ့ မတိုက်လို့ ဘယ်ရတော့မလဲ…”
“နိုင်နိုင်ခြေရောရှိလား…” ရန်ကိုင်က ပြန်၍မေးလိုက်သည်။
ပင်းယွင်က ခေါင်းခါလျက် “မရှိဘူး… ဒါပေမယ့် သူတို့အတွက်လည်း ငါတို့ရေခဲနှလုံးသားတောင်ကြားကို ဖျက်ဆီးဖို့က ဒီလောက်လွယ်မှာမဟုတ်ဘူး… ရန်ကိုင်… ဒီအကြောင်းပြောရင်းနဲ့မှ ငါနင့်ကို တောင်းဆိုချင်တဲ့ ကိစ္စတစ်ခုရှိသေးတယ်…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ပြောလေ စီနီယာ…”
ပင်းယွင်က သက်ပြင်းချလိုက်လေ၏။ “ငါ ရေခဲနှလုံးသားတောင်ကြားကို တည်ထောင်ခဲ့တာ နှစ်ပေါင်း ထောင်နဲ့ချီနေပြီ… ဒါပေမယ့် အခုတော့ တောင်ကြားတစ်ခုလုံးက ပျက်စီးမယ့်အရေးနဲ့ ရင်ဆိုင်နေရတယ်.. ဒါပေမယ့် ဒီတောင်ကြားပျက်စီးသွားမှာကို ငါမမြင်ချင်ဘူး… ဒါကြောင့် ငါနင့်ကို လိုက်ပို့တဲ့အချိန်ကြရင် နင်နဲ့အတူ ဂိုဏ်းထဲက တပည့်အချို့ကို ခေါ်သွားပေးပါလား… မြောက်ဘက်နယ်မြေကနေ အဝေးဆုံးကိုသာ ခေါ်သွားပေးလိုက်… နင် သူတို့ကို ဘယ်နေရာပဲ သွားပို့ထားထား သူတို့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို ထုတ်မပြောဖို့ ပြီးရင် မဆင်မခြင် မနေဖို့ကိုလည်း သတိပေးလိုက်ဦး… သူတို့အနေနဲ့ မပြင်ဆင်ဘဲ မြောက်ဘက်နယ်မြေကို ပြန်လာလို့မရဘူးလို့… သူတို့ လက်စားပြန်ချေတယ်ဆိုရင်တောင် အရင်ဆုံး အားကောင်းနေမှရမယ်လို့… လက်စားမချေချင်ဘူးဆိုရင်လည်း သူတို့ဘာသာ အေးအေးဆေးဆေးပဲ နေပစေပေါ့…”
ပင်းယွင်ပြောသည်ကို ကြားသည့်အခါ ရန်ကိုင် မျက်နှာပျက်သွားခဲ့လေသည်။ လက်ရှိ ပင်းယွင်၏စကားသည် မသေခင် နောက်ဆုံးပြောခဲ့သည့် စကားနှင့်ပင် တူနေပေသေးသည်။ ကြည့်ရသလောက် ပင်းယွင်သည် ရေခဲနှလုံးသားတောင်ကြားနှင့်အတူ ပျောက်ကွယ်သွားရန် ဆုံးဖြတ်ထားပြီးသည့်ပုံပင်။
“အဲ့တပည့်တွေကို ကျိယုက ဦးဆောင်လိမ့်မယ်… ရန်ကိုင် နင်နဲ့ကျိယုက အသိအကျွမ်းတွေဆိုတော့ သူတို့ကို နင့်လက်ထဲအပ်လိုက်မယ်နော်…” ပင်းယွင်သည် ရန်ကိုင်အား အလေးအနက်အမူအယာဖြင့် ကြည့်ရင်းမှ ပြောလိုက်လေသည်။
ရန်ကိုင်က မျက်မှောင်ကျုံ့လျက် တွေးတွေးဆဆဖြင့် ပြန်မေးလိုက်လေသည်။ “စီနီယာ… အခြေအနေက အဲ့လောက်တောင်ဆိုးနေတာလား…”
ပင်းယွင်က ခေါင်းခါလျက် “သူတို့ဘက်ကလူတစ်သိန်း… ငါတို့ဘက်က လူခုနှစ်ထောင်… ငါတို့ရေခဲနှလုံးသားတောင်ကြား ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး…”
ထိုစဉ် ပင်းယွင်နောက်တွင်ရပ်နေသော ကျိယောင်က ရုတ်တရက် ဝင်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုရန်… အရှေ့ဘက်နယ်မြေဆီက ဟိုလူတွေဆီကနေ သွားအကူအညီတောင်းလို့မရဘူးလား… များများစားစားမလိုပါဘူး… နှစ်ယောက် သုံးယောက်လောက်ဆို အဆင်ပြေတယ်…”
ရန်ကိုင်က ခေါင်းခါလျက် “အကူအညီတောင်းလို့ကတော့ ရပါတယ်… ဒါပေမယ့် အချိန်မမီလောက်ဘူး…”
ကျိယောင် မည်သူ့ကိုရည်ညွှန်းနေမှန်း ရန်ကိုင်သိပေသည်။
အရှေ့ဘက်နယ်မြေမှ ရန်ကိုင် သွားအကူအညီတောင်းနိုင်သည့် လူဆို၍ ရှေးဟောင်းကုန်းမြေထဲတွင် ရှိနေသည့် နတ်အရှင်များသာ ရှိကြပေသည်။ လွမ်ဖုန်းနှင့် အခြားသောနတ်အရှင်များ ကိုယ်တိုင်ကိုယ်ကျ ရောက်လာစရာပင်မလို။ သူတို့၏လက်အောက်ငယ်သား မွန်းစတားဘုရင်အချို့ကို စေလွှတ်လိုက်ရုံဖြင့်ပင်လျှင် လက်ရှိအခြေအနေအား အထက်အောက်ပြောင်းပြန်လှန်ပစ်နိုင်ပေသည်။ သို့သော်ငြား ရှေးဟောင်းကုန်းမြေသည် လက်ရှိ မြောက်ဘက်နယ်မြေနှင့် အလွန်ကိုမှ ဝေးကွာပေသည်။
ရန်ကိုင်အနေဖြင့် ရှေးဟောင်းကုန်းမြေမှ အကူအညီများနှင့် ပြန်မလာနိုင်သေးခင်မှာပင် ရေခဲနှလုံးသားတောင်ကြားမှာ ပျက်စီးသွားနေလောက်ပေပြီ။
ထို့အပြင် ထိုလူများမှာ မွန်းစတားမျိုးနွယ်စုဝင်များ ဖြစ်ကြပေသည်။ ထို့အတွက်ကြောင့် မွန်းစတားမျိုးနွယ်စုဝင်များ အခြားနယ်မြေထဲတွင် ပေါ်လာပြီး လူသားဂိုဏ်းများကြားရှိ ပြဿနာများတွင် ဝင်ရောက်စွက်ဖက်နေကြောင်း ကြားသိလိုက်ရသည့်အခါ မဟာဧကရာဇ်များ ဒေါသထွက်သွားနိုင်သည်။ လွမ်ဖုန်းသည်ပင်လျှင် ထိုအချက်ကို ထောက်ထား၍ လူသားနယ်မြေထဲ မဆင်မခြင် မလှုပ်ရှားဝံ့ပေ။ မရဏဂိုဏ်းမှ ကျုန်းယုန်ဆိုလျှင် သူမအား တစ်ဖက်သက် အပြစ်တင်စွပ်စွဲခဲ့သည့်အပြင် သူမကိုပင်လျှင် တိုက်ခိုက်ရန် ကြိုးစားလာခဲ့သည့်အတွက်ကြောင့် ပြန်၍ သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။
ရှေးဟောင်းကုန်းမြေထဲမှ သက်ရှိများအား အလွန်ကိုမှ အားကောင်းကြပါသော်ငြား သူတို့အနေဖြင့် ထိုနေရာမှ ထွက်လာပြီးသည့်နောက်တွင် ယခင်ကကဲ့သို့ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်တော့ပေ။
ကျိယောင်မှာလည်း ထိုအချက်ကို သိထားသည်။ သို့သော်ငြား မျှော်လင့်ချက်မရှိသည့်အတွက်ကြောင့် အားကိုးတကြီးဖြင့် တောင်းဆိုလိုက်ခြင်းသာ ဖြစ်ပေသည်။ သို့ရာတွင် ရန်ကိုင်ပြောသည်ကို ကြားပြီးသည့်နောက် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်လေ၏။
ရန်ကိုင်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။ “စီနီယာ… ကျုပ် ဒီအကြောင်းကို သေသေချာချာ ထိုင်တွေးကြည့်ပြီးသွားပြီ… ရေခဲနှလုံးသားတောင်ကြား အခုလိုမျိုး အစောတလျင် ဖြစ်နေရတဲ့ အကြောင်းအရင်းက ရန်သူဘက်မှာ အစီအရင်ပညာရှင်တစ်ယောက် ရှိနေလို့မလား…”
ပင်းယွင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… အဲ့နန်မန်တကျွင်းက တော်တော်လေးကို အရည်အချင်းရှိတာ… အခုဆိုရင် ဂိုဏ်းကိုကာကွယ်ထားတဲ့အစီအရင်က အားနည်းတဲ့ အရိပ်အယောင်တွေတောင် ပြလာနေပြီ… နောက်ထပ် ဆယ်ရက် လဝက်လောက်သာ အချိန်ပေးကြည့်လိုက်… သူ့အနေနဲ့ ဒီအစီအရင်ကို ဖျက်ဆီးပစ်နိုင်သွားလိမ့်မယ်…”
ရန်ကိုင်က ပြုံးဖြီးလျက် “သူ့မှာ ဆယ်ရက် လဝက်လောက် အချိန်မရှိတော့ရင်ရော…”
ပင်းယွင်က ပြန်မေးလိုက်လေ၏။ “နင် ဘာပြောချင်တာလဲ…”
ရန်ကိုင်က ဆက်ပြောလိုက်သည်။ “ကျုပ်တွေးနေတာလေးပါ… ရမ္မက်ရှာဂိုဏ်းက စုဆောင်းရေးအမိန့် ထုတ်ထားတယ်မလား… ကျုပ်လည်း အခြားတစ်ယောက် ယောင်ဆောင်ပြီး သူတို့စုဆောင်းရေးအမိန့်အတိုင်း သူတို့ထဲ ဝင်သွားလိုက်မယ်လေ… ပြီးရင် အခွင့်အရေးရှာပြီးတော့ နန်မန်တကျွင်းကို လုပ်ကြံပစ်လိုက်မှာပေါ့…”
“အလုပ်ဖြစ်မှာမဟုတ်ဘူး…” ပင်းယွင်က ပြန်ပြောလိုက်သည်။ “နင် လေဟာနယ်တာအိုကို ကျွမ်းကျင်မှန်း ငါသိတယ်… ဒါပေမယ့် ရေခဲနှလုံးသားတောင်ကြားရဲ့ အပြင်ဘက်မှာ အားကောင်းတဲ့ရန်သူတွေ အများကြီးရှိနေတာ… ဧကရာဇ်အဆင့်ပညာရှင်တွေဆိုရင် တစ်ယောက်မကဘူး.. တစ်ခုခုသာ မှားယွင်းသွားတာနဲ့ နင့်အနေနဲ့ လုံးဝကို ထွက်ပြေးနိုင်မှာမဟုတ်ဘူး… ပြီးတော့ နင်ဘယ်လိုပုံစံရှိလဲဆိုတာကို ရမ္မက်ရှာဂိုဏ်းက ထိပ်တန်းခေါင်းဆောင်တွေ သိထားတယ်ဆိုတာကိုလည်း မေ့မထားနဲ့ဦး… ဒီတော့ အဲ့နည်းလမ်းက လုံးဝ လုပ်လို့မရဘူး… ဒီဟာက ရေခဲနှလုံးသားတောင်ကြားရဲ့ ကိစ္စလေ… ဘယ်လိုလုပ်ပြီး နင့်ကို စွန့်စားခိုင်းလို့ ဖြစ်ပါ့မလဲ…”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည်။ “စိတ်မပူပါနဲ့ စီနီယာရယ်… ကျုပ်သာ ဖုန်းရွှမ် ဒါမှမဟုတ် ရန်ကျိုးကို ကိုယ်တိုင်သွားမတွေ့လို့ရှိရင် အခြားသူတွေ ကျုပ်ကို မှတ်မိမှာမဟုတ်ဘူး…”
ပင်းယွင် မျက်မှောင်ကျုံ့သွားခဲ့သည်။ “နင့်မှာ ရုပ်ပြောင်းရုပ်လွှဲလုပ်လို့ရတဲ့ ကျင့်စဉ်တစ်မျိုးမျိုးရှိနေတာလား…”
ရန်ကိုင်က ခေါင်းခါပြလိုက်၏။ “မရှိပါဘူး…”
ထိုစဉ်က ကျိယောင်က ရုတ်တရက် ဝင်ဖြတ်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုပြောချင်တာက ဂိုဏ်းတူတူမလေး ထျန်းဟဲဆီက အကူအညီတောင်းမလို့လား…”
ရန်ကိုင်က ကျိယောင်အား ပြုံးကာ ကြည့်လျက် ပြန်ပြောလိုက်လေ၏။ “ဟုတ်တယ်…”
ကျိယောင်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ခေါင်းညိတ်လိုက်လေသည်။ “အဲ့ဒါဆိုရင်တော့ စီနီယာအစ်ကိုရဲ့ အကြံ အလုပ်ဖြစ်လောက်တယ်…”
ပင်းယွင် အံ့အားသင့်သွားခဲ့ပြီး ပြန်၍မေးလိုက်လေသည်။ “ထျန်းဟဲ… လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ပြန်ရောက်လာတဲ့ တပည့်ကိုပြောတာလား… သူက တာအိုသခင်တတိယအဆင့်ပဲ ရှိသေးတာလေ… နင်တို့ကို ဘယ်လိုကူညီပေးနိုင်မှာမို့လို့လဲ…”
ကျိယောင်က ပြုံးလျက် ပြန်ပြောလိုက်သည်။ “ဆရာ… ဂိုဏ်းတူတူမလေးထျန်းဟဲရဲ့ ကျင့်ကြံခြင်းက နိမ့်တယ်ဆိုပေမယ့် သူတတ်ကျွမ်းထားတဲ့ပညာက ပေါ့သေးသေးမဟုတ်ဘူးနော်…”
“ဘယ်လိုပညာရပ်မျိုးမို့လို့လဲ…”
ကျိယောင်က ပြန်ပြောလိုက်သည်။ “သူ့ရဲ့ ရုပ်ပြောင်းရုပ်လွှဲပညာရပ်က တကယ်ကိုထိပ်တန်းပဲ… စင်ကြယ်ခြင်းမြို့တော်မှာတုန်းက သူ ကျွန်မရှေ့ရောက်နေတာတောင် သူ့ရုပ်အစစ်အမှန်က ဘယ်လိုမျိုးလဲဆိုတာကို ကျွန်မ လုံးဝ သတိမထားမိဘူး.. စီနီယာအစ်ကိုရန် သတိထားမိသွားပြီး ကျွန်မကို သတိပေးလိုက်လို့… မဟုတ်ရင် သူလိမ်တာ တပည့်ခံရတော့မှာ…”
ပင်းယွင် စိတ်ဝင်စားသွားလေသည်။ “သူ့ရဲ့ ရုပ်ပြောင်းရုပ်လွှဲပညာရပ်က အဲ့လောက်တောင် အဆင့်မြင့်တာလား…”
ကျိယောင်သည်ပင်လျှင် ရှီထျန်းဟဲရုပ်ပြောင်းလဲထားသည်ကို မမြင်နိုင်သော အခြားသော ဧကရာဇ်ဒုတိယအဆင့် ပညာရှင်များသည်လည်း ထိုအချက်ကို မြင်နိုင်လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ဂျူနီယာတူမလေးထျန်းဟဲရဲ့ အကူအညီသာ ရမယ်ဆိုရင် ကျုပ်ဘာသာ ရမ္မက်ရှာဂိုဏ်းထဲ လမ်းလျှောက်ဝင်သွားမယ်ဆိုရင်တောင် အခြားလူတွေ ကျုပ်ကို မှတ်မိမှာမဟုတ်ဘူး… ပြီးတော့ အထဲကိုဝင်သွားပြီးတော့ အဲ့နန်မန်တကျွင်းကို လုပ်ကြံသတ်ဖြတ်နိုင်မယ်ဆိုရင်တော့ ဘယ်သူမှ တောင်ကြားရဲ့အစီအရင်ကို ဖျက်ဆီးပစ်နိုင်တော့မှာမဟုတ်ဘူး…”
ထိုစကားကိုကြားသည့်အခါ ပင်းယွင်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့သည်။ သို့သော်ငြား သူမ၏စိတ်လှုပ်ရှားမှုတို့မှာ အလျင်အမြန် ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။ ပင်းယင်က ခေါင်းတခါခါဖြင့် မဲ့ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်။ “အဲ့ဒါလည်း အလုပ်ဖြစ်ဦးမှာမဟုတ်ဘူး… နန်မန်တကျွင်းကို သတ်လိုက်မယ်ဆိုရင်တောင် တိုက်ပွဲရလဒ်က အတူတူပဲ…”
“ဘာဖြစ်လို့လဲ…” ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်နှင့် ကျိယောင်တို့ အံ့အားသင့်ရမည့်အလှည့်ပင်။
ပင်းယွင်က သက်ပြင်းချလျက် ရှင်းပြလိုက်လေ၏။ “ရေခဲနှလုံးသားတောင်ကြားရဲ့ ကာကွယ်ပေးနေတဲ့ အစီအရင်က အားကောင်းတယ်ဆိုပေမယ့် အဲ့အစီအရင်ကို အသက်သွင်းဖို့ အရင်းအမြစ်ကျောက်တွေ အများကြီးလိုတယ်… နန်မန်တကျွင်း မရှိဘူးဆိုရင်တောင် ငါတို့ အများဆုံး နှစ်လလောက်ပဲ ဆက်ပြီး ထိန်းထားနိုင်တော့မှာ… နှစ်လကြာပြီးသွားတာနဲ့ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အစီအရင်က အသက်ဝင်တော့မှာမဟုတ်ဘူး… ဒါ့ကြောင့် နောက်ဆုံးရလဒ်က အတူတူပဲလို့ ငါပြောတာ…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင်စိတ်သက်သာရာ ရသွားခဲ့လေ၏။ “အဲ့ဒါဆိုရင် စီနီယာ စိတ်ပူစရာမလိုပါဘူး… ကျုပ်မှာ အရင်းအမြစ်ကျောက်တွေ ရှိပြီးသား… အနည်းဆုံးတော့ ဒီရေခဲနှလုံးသားတောင်ကြားကို ကာကွယ်ပေးနေတဲ့ အစီအရင်ကို အချိန်အကြာကြီး အသက်သွင်းထားလို့ရတယ်… နှစ်လဆိုတာ အရှေ့ဘက်နယ်မြေနဲ့ မြောက်ဘက်နယ်မြေကို အသွားအပြန်လုပ်ဖို့ လုံလောက်တာထက်တောင် ပိုသေးတယ်…”
သူ့အနေဖြင့် အချိန်ဆွဲထားနိုင်သရွေ့ အရှေ့ဘက်နယ်မြေသို့သွားကာ မွန်းစတားဘုရင်အချို့ကို ခေါ်လာနိုင်ပေသည်။
မွန်းစတားဘုရင်များ ရောက်လာသည်နှင့်တစ်ပြိုင်နက် ရမ္မက်ရှာဂိုဏ်း၏လူအင်အား မည်မျှပင် များပြားနေစေကာမူ တိုက်ပွဲရလဒ်မှာ လုံးဝကို ပြောင်းပြန်လှန်ခံလိုက်ရပေလိမ့်မည်။
“အရှေ့ဘက်နယ်မြေက ဘယ်သူ့ကို သွားရှာဖို့လုပ်နေတာလဲ…” ပင်းယွင်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။
“ဂျူနီယာညီမယောင်သိတယ်…” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
ကျိယောင်သည် ပင်းယွင်ကိုကြည့်လျက် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြောလိုက်လေ၏။
ကျိယောင်ပြောပြသည်ကို ကြားပြီးသည့်နောက် ပင်းယွင်က ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြည့်ရင်းမှ မေးလိုက်လေသည်။ “ရန်ကိုင်… နင် တကယ်ကြီး သူတို့ကို ခေါ်လာနိုင်တာလား…”
“ဒီလိုကိစ္စလောက်ကိုတော့ သူတို့ ကူညီပေးလောက်မှာပါ…” ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ပင်းယွင် မကန့်ကွက်နိုင်သေးခင်မှာပင် ရန်ကိုင်က ထပ်၍ ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင် ဒီကိစ္စကို ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီနော်… ဒါဆိုရင် ကျုပ်အခုပဲ ဂျူနီယာတူမလေးထျန်းဟဲဆီ သွားလိုက်တော့မယ်…”
ရေခဲနှလုံးသားတောင်ကြားအား ယခုကဲ့သို့ ဒုက္ခရောက်အောင် လုပ်ခဲ့သည်မှာ သူဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဤကိစ္စမှ ခေါင်းရှောင်မနေသင့်ပေ။ လွန်ခဲ့သည့် ရက်များအတွင်း ရန်ကိုင်သည် ယခုကိစ္စကို မည်ကဲ့သို့ ဖြေရှင်းလျှင် ကောင်းမလဲဟု ခေါင်းခြောက်မတတ် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ ယခု နောက်ဆုံးတွင် အဖြေတစ်ခု ရလာခဲ့လေပြီ။
“နေပါဦး စီနီယာအစ်ကိုရန်… ကျွန်မလည်း လိုက်မယ်လေ…” ကျိယောင်က အော်ပြောလိုက်သည်။
“နင်…” ရန်ကိုင်သည် ကျိယောင်အား အထိတ်တလန့်ဖြင့်ကြည့်၍ သူ့လက်ကိုဝှေ့ယမ်းကာ ပြန်ပြောလိုက်သည်။ “မရဘူး မရဘူး… ငါ့ဘာသာငါ တစ်ယောက်တည်းလုပ်လိုက်မယ်… အခြားလူတစ်ယောက်ပါနေရင် ပြဿနာများတယ်…”
ကျိယောင်က ထပ်ပြောလိုက်သည်။ “ဒီကိစ္စက ရေခဲနှလုံးသားတောင်ကြားရဲ့ ကိစ္စပဲဟာကို… အပြင်လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး တစ်ယောက်တည်း စွန့်စားခိုင်းလို့ ဖြစ်ပါ့မလဲ… ကျွန်မလည်း လိုက်မယ်…”
ရန်ကိုင် ထပ်မငြင်းနိုင်သေးခင်မှာပင် ကျိယောင်သည် ကောင်းကင်စိတ်အာရုံကိုသုံး၍ ပြောလိုက်လေ၏။ “စီနီယာအစ်ကိုရန်.. ရှင်ထပ်ပြီး ငြင်းနေဦးမယ်ဆိုရင် ရှေးဟောင်းကုန်းမြေထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကျွန်မဆရာကို ပြောပြပစ်လိုက်မှာနော်…”
ပြောရန်ပြင်နေသည့်စကားလုံးများအား ရန်ကိုင်၏လည်ချောင်းဝတွင်ပင် တစ်သွားခဲ့ပြီး အေးစက်စက်ချွေးသီးချွေးပေါက်တို့ သူ့ကျောပြင်ထက် ဝေ့သီလာခဲ့လေသည်။ ထို့နောက် ချက်ချင်းပဲ လေသံကိုပြောင်းလျက် ပြောလိုက်လေသည်။ “ဂျူနီယာညီမယောင်ပါ လိုက်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ ဟဲ ဟဲ…”
ပင်းယွင်သည် ရန်ကိုင်၏ လေသံနှင့် အမူအယာပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။ ကျိယောင်မှ မည်သည့်စကားများ ပြောလိုက်၍များ ရန်ကိုင် ဤမျှ ပြောင်းလဲသွားရသလဲဆိုသည်ကို သူမ သိချင်မိသွားသည်။ သို့သော်ငြား ဤအခြေအနေထိ ရောက်လာပြီးမှဖြင့် သူမလည်း ဘာမှမငြင်းနိုင်တော့ချေ။ ရန်ကိုင်ပြောသည်မှာလည်း အမှန်ပင် မဟုတ်လေလော။ ဤအခြေအနေတိုင်းသာ ဆက်သွားမည်ဆိုလျှင် ရေခဲနှလုံးသားတောင်ကြား ကျိန်းသေ ဖျက်ဆီးခံရတော့ပေမည်။ ပင်းယွင်အနေဖြင့် အခြားသော ကိစ္စများကို ထည့်မစဉ်းစားလျှင်ပင် ခုနှစ်ထောင်ဝန်းကျင်ခန့်ရှိသော တပည့်များ၏ အသက်ကိုတော့ စဉ်းစားရပေဦးမည်။
“နင်တို့ဘက်က ဆုံးဖြတ်ထားပြီးသွားပြီဆိုမှတော့ ထျန်းဟဲကို ဒီကိုလာလို့ ပြောလိုက်ပေါ့… သူ့ရဲ့ ရုပ်ပြောင်းရုပ်လွှဲပညာရပ် ဘယ်လောက်ကောင်းလဲဆိုတာကို ငါကိုယ်တိုင်ကြည့်ချင်တယ်…”
ကျိယောင်က ခေါင်းညိတ်လိုက်လေသည်။ “ကျွန်မ အကြီးဆုံးစီနီယာအစ်မကို သူ့ကိုခေါ်လာခိုင်းလိုက်မယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ဆက်သွယ်ရေးမှော်ရတနာကိုထုတ်၍ ထိုထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းလိုက်လေသည်။
ရန်ကိုင်လည်း သူထိုင်နေသည့် ခုံတွင် ပြန်ထိုင်နေလိုက်လေသည်။ ရန်ကိုင်ပုံစံကို ကြည့်ရသည်မှာ လုံးဝပျော်နေသည့်ပုံမပေါ်။ သူသောက်နေသည့် ရေနွေးကြမ်းသည်ပင် ယခင်ကထက်ပို၍ ခါးသက်နေသလို ခံစားနေရသည်။ ထို့နောက် မသိမသာလေး ကျိယောင်ဆီသို့ လှမ်းကြည့်လိုက်ရာ ကျိယောင်မှာ သူ့အား လုံးဝ လျစ်လျူရှုထားကြောင်း တွေ့လိုက်ရလေသည်။ အစောပိုင်းက သူမပြောလိုက်သည့်စကားလုံးမှာ သူမဆီမှ ထွက်မလာသည့်အလား။
မကြာမီတွင် အန်းရို့ယွင်သည် ခန်းမအပြင်ဘက်သို့ ရောက်လာခဲ့လေသည်။ ပင်းယွင်၏ ခွင့်ပြုချက်ကို ရပြီးသည့်နောက် ရှီထျန်းဟဲနှင့်အတူ ခန်းမထဲသို့ ဝင်လာခဲ့လေသည်။
ပထမဦးစွာ နှုတ်ဆက်လိုက်ပြီးသည့်နောက် အန်းရို့ယွင်က မေးလိုက်လေသည်။ “ဆရာ… ကျွန်မကို ဘာလုပ်ဖို့ ခေါ်လိုက်တာလဲ…”
ပင်းယွင်က ပြောလိုက်သည်။ “ဒီကိစ္စက နင်နဲ့မဆိုင်ဘူး… ငါ ထျန်းဟဲကို ခိုင်းချင်တာလေးရှိလို့…”
သူမစကားကိုကြားသော် ရှီထျန်းဟဲက အလျင်စလို ပြောလိုက်လေသည်။ “ဘိုးဘေးတည်ထောင်သူ ဘာများပြောချင်လို့ပါလဲ…”
ပင်းယွင်က ပြုံးလျက် “စိတ်ပူမနေနဲ့… ငါကြားတာတော့ နင့်ရဲ့ ရုပ်ပြောင်းရုပ်လွှဲပညာရပ်က တော်တော်လေး အဆင့်မြင့်တယ်ဆို… တစ်ချက်လောက် စမ်းပြကြည့်ပါလား… ဘယ်လောက်အဆင့်မြင့်လဲ ငါကြည့်ကြည့်ရအောင်…”
ရှီထျန်းဟဲက တလေးတစားပုံစံဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီအတိုင်း ပညာရပ်လေးတစ်ခုပါပဲ… ဘိုးဘေးတည်ထောင်သူအတွက်ကတော့ ဘာမှဟုတ်မှာမဟုတ်ပါဘူး…”
အန်းရို့ယွင်က ရှီထျန်းဟဲကိုကြည့်၍ ပြောလိုက်လေ၏။ “ဘိုးဘေးတည်ထောင်သူက ကြည့်ချင်တယ်လို့ ပြောနေတယ်လေ… ဘာအပိုစကားတွေ ပြောနေသေးတာလဲ…”
ရှီထျန်းဟဲက ပြန်ပြောလိုက်လေသည်။ “ဒါဆိုရင် တပည့် အခုပဲပြပါ့မယ်…”
ရန်ကိုင်က ပြောလိုက်လေသည်။ “ထျန်းဟဲ… ငါ့ပုံစံကို ပြောင်းပေး…”
ရှီထျန်းဟဲသည် ပင်းယွင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ပင်းယွင်မှ ခေါင်းညိတ်ပြသည်ကိုမြင်သော် ရန်ကိုင်ရှေ့တွင်ရပ်လျက် ပြောလိုက်လေ၏။ “ရိုင်းသလိုဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပေးနော် စီနီယာဦးလေးရန်…”
ထိုသို့ပြောပြီးသည့်နောက်တွင် သူမ၏ သိုလှောင်လက်စွပ်ထဲမှ အမျိုးမျိုးသောပစ္စည်းများကို ထုတ်၍ ရန်ကိုင်ရှေ့ရှိ စားပွဲပေါ်တွင် ချလိုက်သည်။ အကုန်လုံးသည် မည်သည့်ထူးခြားသည့် ပစ္စည်းမှ မဟုတ်ဘဲ ပါးနီ၊ မိတ်ကပ်နှင့် အခြားမျက်နှာပြင်သည့် ပစ္စည်းများသာဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုပစ္စည်းများဆီမှ မည်သည့်ထူးခြားသည့် စွမ်းအင်လှိုင်းများမှာလည်း ဖြာထွက်နေခြင်းမရှိခဲ့ချေ။
ရှီထျန်းဟဲသည် ရန်ကိုင်၏မျက်နှာကို သေသေချာချာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း၍ စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးသည့်နောက်တွင် စားပွဲခုံပေါ်ရှိ ပစ္စည်းများကို တစ်ခုချင်းစီ ကောက်ယူလျက် ရန်ကိုင်၏မျက်နှာကို စတင်ပြောင်းလဲပစ်တော့လေသည်။ ပစ္စည်းများကို ရန်ကိုင်မျက်နှာထက်တွင် တင်ပြီး သေသေချာချာ သုတ်လိမ်းပြီးသည့်နောက်တွင် ပညာရပ်တစ်ခုကို ထုတ်သုံးကာ ထိုပစ္စည်းများကို ရန်ကိုင်၏အသားအရေနှင့်ပေါင်းစပ်သွားအောင် လုပ်လိုက်လေသည်။