စျေးပေါသော သစ္စာ
Vol. 3 Ch. 166
ရောမမြို့ကိုရောက်တော့ ကားဆရာက ကျွန်မတို့ကို ရှေးရောမမြို့ရဲ့ အပျက်အစီးဟောင်းတွေရှိတဲ့တစ်နေရာဆီကို ခေါ်သွားပေးတယ်။ ကားပေါ်က ဆင်းရတဲ့အခါကျတော့ ချစ်စရာကောင်းတဲ့ ကျောက်ခင်းလမ်းကလေးတစ်ခုကိုမြင်ရပြီး တစ်ဖက်မှာတော့ စကျင်ကျောက်တိုင်အပျက်အစီးတွေရှိနေကာ တခြားတစ်ဖက်မှာ ဥရောပရီနေးဆန့်စတိုင် အဆောက်အဦးတွေကိုမြင်ရပါတယ်။
“ဒီလိုကျတော့လည်း ဝမ်းနည်းစရာကောင်းလိုက်တာ။ အကြာကြီး တည်တံ့ခဲ့တဲ့ ဒီလိုနိုင်ငံမျိုးတောင် ကျရှုံးခဲ့ရတာပဲ။”
ကျွန်မက ပျက်စီးနေတဲ့ စကျင်ကျောက်တိုင်ကြီးတွေကိုကြည့်ရင်း ပြောလိုက်တဲ့အခါ နောက်ကနေ ကပ်ပြီးလိုက်လာတဲ့ မိုနီကာက ကျွန်မနားနားကပ်ပြီး လေမှုတ်လိုက်ပါလေရော။
“ဟေး၊ နင်ဒါဘာလုပ်တာလဲ။”
မိုနီကာက ကျွန်မကို လှောင်ပြုံးပြုံးကြည့်လိုက်ရင်းနဲ့ “နင်ကလေ၊ မသိရင် သမိုင်းပညာရှင်ကြီးလိုလိုဘာလိုလိုနဲ့ လူကြည့်တော့ဖြင့် အမှောင်ကျောင်းတော်အကြောင်းတောင် သေချာမသိဘဲနဲ့။”
“.....” ကျွန်မ ဘာပြောရမှန်းမသိတော့ဘူး။
“တော်ကြတော့၊ ငါတို့လာတဲ့နေရာကိုရောက်ပြီ။” ရှေ့ဆုံးကနေ လမ်းပြနေတဲ့ ဒရိုက်ဘာနဲ့အတူရှိနေတဲ့ နက်ဆန်က ကျွန်မတို့တွေ ရန်ဖြစ်ခါနီးအချိန်မှာ လှမ်းအော်ပြောလိုက်တယ်။ ဒီတော့မှ ကျွန်မပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အနီးအနားမှာ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ ရှိမနေတော့တာကို သတိထားမိလိုက်တယ်။
ကျွန်မတို့ရဲ့ရှေ့မှာတော့ တော်တော်ရှေးကျပုံပေါ်တဲ့ နှစ်ထပ်အဆောက်အအုံကြီးတစ်လုံးရှိနေပါတယ်။ မြေအုတ်သားနီနီတွေနဲ့ဆောက်ထားတာဖြစ်ပြီးတော့ ကြေးတံခါးချပ်ကြီးတွေကို တပ်ဆင်ထားတယ်။ ဒရိုက်ဘာက ကျွန်မတို့ထဲမှာ သမိုင်းကြောင်းနားမလည်တဲ့သူတွေရှိနေမှန်း သိတဲ့အတွက်ကြောင့် အခုလိုရှင်းပြပါတယ်။ ဒါပေမဲ့သူက လေးစားသမှုနဲ့ ကျွန်မကိုတိုက်ရိုက်လှမ်းပြောမယ့်အစား အကြီးအကဲနက်ဆန်ကိုပဲ လှမ်းပြောပါတယ်။
“ဒါက ကျူရီယာ ဂျူလီယာချက်ကျောင်းကြီးပါ သခင်လေး။ ဂျူးလီးယပ်ဆီဆာတည်ဆောက်ပြီး ဩဂတ်စတပ်ဆီဆာ လက်ထက်မှာြပီးစီးခဲ့တဲ့ ဆီးနိတ် လွှတ်တော်အဆောက်အဦးပါ။ ရောမကျဆုံးအပြီးနဲ့ ရောမဆီးနိတ် ဖျက်သိမ်းခံရပြီးတဲ့နောက်မှာတော့ ဘုရားကျောင်းကြီးအဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ ရောမအင်ပါယာဟောင်းရဲ့ ကျန်ရှိနေတဲ့ အကောင်းဆုံး အဆောက်အဦးတွေထဲကတစ်ခုပါ။”
နက်ဆန်က ချက်ကျောင်းကို မော့ကြည့်လိုက်တယ်။ သူ့ပုံစံက တည်ကြည်နေပေမဲ့ အတော်လေးသံသယများနေတဲ့ပုံပါပဲ။
“နှစ်ပေါင်းများစွာကြာခဲ့ပြီ... ကျောင်းခြောက်ကျောင်းက အယ်ဒါတွေ ရောမမြို့ကိုလာပြီး နန်းသိမ်းကြတယ်ဆိုပေမဲ့ ကျူရီယာဂျူလီယာမှာ နန်းသိမ်းခွင့်ကို ဘယ်တုန်းကမှ ပုပ်ရဟန်းမင်းက ပေးခဲ့တာမဟုတ်ဘူး။ မာစတာမက်ဆီမက်က ဘယ်လိုလုပ်ပြီး ပုပ်ရဟန်းမင်းကြီးဆီကနေ ဒီအခွင့်အရေးကို ရယူနိုင်ခဲ့တာလဲ။”
ဒရိုက်ဘာက ခေါင်းခါလိုက်ရင်း “ဒါတော့ ဒီငယ်သားမသိရပါ။ မာစတာမက်ဆီမက်အဆိုအရ ဒီချက်ကျောင်းနဲ့အနားဝင်းကျင်ကို ရဟန်းမင်းကြီးရဲ့လူတွေက ရှင်းထားပြီးပြီလို့ဆိုပါတယ်။”
ကျွန်မလည်း သူတို့ပြောတာနားထောင်နေရင်း ဘာကြောင့် အနီးအနားမှာလူတွေ ရှိမနေရတာလဲဆိုတာ နားလည်လာခဲ့တယ်။ ဒရိုက်ဘာက နက်ဆန့်လက်ထဲ ချက်ကျောင်းသော့ကိုထည့်ပေးပြီး ဦးညွှတ်ကာ ထွက်ခွာသွားဖို့ပြင်တယ်။
“ဒါဆိုရင် ဒီငယ်သားကို သွားခွင့်ပြုပါဦး။ အမှောင်ကျောင်းက ဆဲလ်ဆာအဖွဲ့ဝင်တွေကတော့ ညကိုးနာရီထိုးတာနဲ့ အရှင့်နန်းသိမ်းပွဲကို လာကြပါလိမ့်မယ်။”
ဒရိုက်ဘာထွက်သွားပြီးတဲ့နောက်တော့ နက်ဆန်က ကြေးဝါတံခါး ရှေ့မှာရပ်လိုက်ပြီးတော့ သော့ကိုလှည့်ဖွင့်လိုက်တယ်။ ပြီးနောက် လေးလံပုံရတဲ့ ကြေးတံခါးကြီးကိုတွန်းဖွင့်တယ်။ ကျွန်မတို့လည်းပဲ အတူဝင်လိုက်ကြတာပေါ့။
“ လူရှိတယ်....” ရုတ်တရက် အိုလီရာနာက ကျွန်မနောက်ကနေ ပြေးတက်သွားပြီး နက်ဆန့်ရှေ့မှာ ပိတ်ရပ်လိုက်တယ်။ သူက ချက်ချင်းပဲ သစ်နွယ်တွေကို အသက်သွင်းလိုက်ပြီး တိုက်ခိုက်ဖို့ အသင့်ပြင်ထားပါတယ်။
ကျွန်မလည်း ရှေ့ကိုကဲကြည့်တယ်။ အပြင်ဘက်က အလင်းက ခပ်မြင့်မြင့်မှာရှိတဲ့ ပြတင်းပေါက်ကနေ ကျဆင်းနေပြီးတော့ ရောင်စုံဆေးခြယ်ထားတဲ့ ကြမ်းခင်းပြားတွေကို တောက်ပ နေစေပါတယ်။ ဘေးတစ်ဖက်တစ်ချက်စီမှာ ထိုင်ခုံတွေရှိနေပြီး ခန်းမကျယ်ကြီးရဲ့ထိပ်ဆုံးမှာတော့ အနက်ရောင်ပလ္လင်တစ်လုံး ရှိလို့နေပါတယ်။ အဲဒီပလ္လင်ရဲ့အောက်ခြေမှာတော့ လူနှစ်ယောက် ရှိလို့နေတယ်။
တစ်ယောက်က ငွေရောင်ဆံပင်၊ ခွေးတစ်ကောင်လို မျက်လုံးတွေနဲ့ လူငယ်လေးဖြစ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းနေကာ ခန္ဓာကိုယ်ပေါ်မှာ အမာရွတ်တွေအပြည့်နဲ့ဖြစ်နေတာကို မြင်နိုင်တယ်။ တခြားတစ်ယောက်ကတော့ မိန်းကလေးလို့ ထင်ရသူဖြစ်ပြီး ကောင်လေးရဲ့ပေါင်ပေါ်မှာလဲလျောင်းနေကာ အသက်ကိုအမောတကောရှုရှိုက်နေရတယ်။ ကောင်လေးက အအေးဓာတ်တွေထုတ်လွှင့်နေတဲ့ သလင်းကျောက်တုံးကို မိန်းကလေးရင်ဘတ်မှာကပ်ပေးထားပြီး သူ့မျက်လုံးတွေက မျှော်လင့်ချက်ကင်းမဲ့နေတယ်။ ဒါပေမဲ့ သူက ကျွန်မတို့တွေ ဝင်လာတာကိုတွေ့တော့ သူ့မျက်လုံးထဲမှာ အရောင်တချို့ လဲ့သွားတာကို ကျွန်မသတိထားမိတယ်။
“ အမှောင်မင်းသား၊ ခင်ဗျားဒီကို မလာတော့ဘူးလို့တောင် ထင်ထားတာ။”
“ပူးတွဲပဒေသရာဇ်....” အိုလီရာနာနဲ့မိုနီကာက စကားတစ်ခွန်းကို ပြိုင်တူပြောလိုက်ကြပြီး ပြိုင်တူတိုက်စစ်ဆင်လိုက်ကြတယ်။ အိုလီရာနာရဲ့နွယ်ပင်တွေက လှံဖျားတွေလိုပြောင်းသွားပြီး သမန်းဝံပုလွေဘုရင်ရဲ့လည်ချောင်းဆီ ဦးတည်လာသလို မိုနီကာကလည်းချက်ချင်း ရှေ့ကိုရောက်သွားပြီး သွေးစုပ်ဖုတ်ကောင်မင်းသမီးရဲ့နှလုံးကို လက်သည်းနဲ့နှိုက်ထုတ်ဖို့ ပြင်လိုက်တယ်။ ဒါပေမဲ့ တစ်ဖက်သူက ခုခံဖို့အတွက်စိတ်ကူးရှိပုံမရဘဲ နက်ဆန်ကိုသာ ကြည့်နေခဲ့တာ။
“ရပ်လိုက်....”
အိုလီရာနာနဲ့မိုနီကာရဲ့တိုက်ကွက်တွေက သူတို့ကိုထိခါနီးမှာပဲ ရပ်တန့်သွားခဲ့တယ်။ သူတို့နှစ်ယောက်လုံးက နက်ဆန်ကို မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြပါတယ်။
“သခင်၊ သူတို့နှစ်ယောက်က ရိုမြူလက်ချက်ကျောင်း လက်အောက်ခံတွေနော်။”
“ဒါလင်၊ ဒီလူတွေက ကျွန်မတို့နဲ့ ရန်ငြိုးရှိတယ်မဟုတ်လား။”
ဟုတ်သားပဲ၊ အခုမှ ကျွန်မပြန်မှတ်မိတယ်။ သမန်းဝံပုလွေဘုရင် အဲဘတ်နဲ့ သွေးစုပ်ဖုတ်ကောင်မင်းသမီး ကလာဒီရာတို့တွေက နက်ဆန်ရဲ့အဖိုးကို စစ်ပွဲအတွင်းမှာသစ္စာဖောက်ခဲ့ပြီးတော့ ဘက်ပြောင်းသွားကြသူတွေပါ။ ဒါပေမဲ့နက်ဆန်က သူတို့ကို လစ်လျူရှုထားပြီး အဲဘတ်ကိုသာ မေးလိုက်တယ်။
“အဲဘတ်... မင်းဒီကို ဘာလာလုပ်တာလဲ။”
အဲဘတ်ရဲ့မျက်လုံးတွေက ကူရာမဲ့သူတစ်ယောက်လိုမျိုး ဖြစ်နေပြီး သူ့မျက်လုံးအိမ်တွေက တုန်ခါနေတယ်။ နက်ဆန်သူ့ရှေ့ကနေ အငွေ့ဖြစ်ပြီးပျောက်ကွယ်သွားမှာကို ကြောက်နေသလိုမျိုးပဲ။
“မင်းမြင်တဲ့အတိုင်းပဲ.... ကလာဒီရာက အပြင်းအထန်ဒဏ်ရာ ရထားတယ်။ သူ့ကိုကုပေးနိုင်တာဆိုလို့ မင်းတစ်ယောက်ပဲ ရှိတော့တာလေ။”
အဲဒီစကားကြောင့် နက်ဆန့်နှုတ်ခမ်းက အနည်းငယ် ကွေးညွှတ်သွားတာကို ကျွန်မသတိထားမိပါတယ်။ အဲဘတ်က ဒါကိုမြင်တော့ ပိုအားတက်လာပြီး ကလာဒီရာကို သူ့ပေါင်ပေါ်က ချလိုက်ပါတယ်။
“သခင်နက်ဆန်... ကျုပ်တို့မျိုးနွယ်နှစ်ခုက ခင်ဗျားမျိုးနွယ်အပေါ် သစ္စာဖောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကလာဒီရာရဲ့အသက်ကို ကယ်တင်ပေးမယ်ဆိုရင် ကျုပ်အဲဘတ်နဲ့မျိုးနွယ်နှစ်ခုက ခင်ဗျားဆီမှာ အကြွင်းမဲ့သစ္စာခံစာချုပ်ကို ချုပ်ဆိုပြီးတော့ သစ္စာခံပါ့မယ်။”
‘အကြွင်းမဲ့သစ္စာခံစာချုပ်' ဒီစကားက ကျွန်မအတွက်စိမ်းနေတယ်။ မှော်စာချုပ်တွေတည်ရှိတဲ့အကြောင်း ကျွန်မသိတယ်ဆိုပေမဲ့လို့ သခင်ကျွန်စာချုပ်နဲ့ တန်းတူမိတ်ဆွေစာချုပ်ကိုပဲ အသေးစိတ်သိတာပဲ။
“သခင်လေး... လုံးဝလက်မခံလိုက်နဲ့။” မော်လီရဲ့အသံရုတ်တရက် ထွက်ပေါ်လာပြီး ကျက်သီးထစရာကောင်းတဲ့ခံစားချက်တစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ ဖော်ပြရခက်ခဲတဲ့ ခံစားချက်ဆိုပေမဲ့ ကျွန်မအသည်းနှလုံးတွေ ကြောက်စိတ်ကြောင့် ရပ်တန့်သွားတော့မလိုပဲ။ အဲဒီခံစားချက်ကို ဘီယန်ကာဆီကနေပဲ ရဖူးခဲ့တာ။
ဟူး... ဂျိန်း... ချောက်... ချောက်...
အလားတူပဲ ကြေးတံခါးချပ်ကြီးနဲ့ပြတင်းပေါက်တံခါးချပ်တွေ ပြင်းထန်တဲ့လေပြင်းတွေကြောင့် အလိုလိုပိတ်သွားပြီး ခန်းမတစ်ခုလုံး အမှောင်အတိကျသွားတယ်။ ကျွန်မမျက်လုံးက အမှောင်ထုတဲ့အသားကျသွားတဲ့အချိန်မှာတော့ ဒေါသထွက်နေပုံရတဲ့ မော်လီနဲ့ နာတာရှာတို့ နက်ဆန့်ဘေး တစ်ဖက်တစ်ချက်စီမှာ ရပ်နေတာကို မြင်ရပါတယ်။
“အကြွင်းမဲ့သစ္စာခံ စာချုပ်ဆိုရင်တောင် ယုံလိုက်လို့မဖြစ်ပါဘူး။ သခင့်ဘိုးဘေးတွေကို သစ္စာဖောက်ခဲ့တဲ့သူတွေပါ။ ဆဲလ်ဆာ ကောင်စီက ကျွန်မတို့ကို ဘယ်လိုမြင်မလဲ။” မော်လီက အိမ်စေဝတ်စုံအောက်က သံကြိုးတပ်တံစဥ်ကိုထုတ်ရင်း ပြောလိုက်တယ်။
“ကျွန်မခန့်မှန်းသာတာမှန်မယ်ဆိုရင် ဒီနှစ်ယောက်က သူတို့ကို ထိခိုက်အောင်လုပ်လိုက်တဲ့သူဆီမှာလည်း အခုလိုအညံ့ခံဖို့အတွက် ကြိုးစားခဲ့ပြီးပြီထင်တယ်။” နာတာရှာကလည်း မှော်နှင်တံကို အသင့်ပြင်လိုက်ရင်းနဲ့ပြောတယ်။
ဒီတော့မှကျွန်မလည်း ရွံရှာစွာနဲ့ ပူးတွဲပဒေသရာဇ်နှစ်ယောက်ကို ကြည့်လိုက်တယ်။ အဲဘတ်ရဲ့မျက်နှာပေါ်ကအပြုံးက အေးခဲသွားတယ်။ သူတို့သယ်လာတဲ့ ရေခဲသလင်းကျောက်ရဲ့ အလင်းရောင်ဖျော့ဖျော့အောက်မှာ သွေးဆုတ်သွားတဲ့ သူ့မျက်နှာကို ကျွန်မသေချာမြင်နေရတယ်။
နောက်တော့သူက ကလာဒီရာရဲ့မျက်နှာကိုငုံကြည့်ရင်း “ခင်ဗျားတို့ ပြောတာအမှန်ပါပဲ။ ကလာဒီရာက ကျုပ်ကိုကယ်ဖို့အတွက်နဲ့ ဆားဗီးရပ်ရဲ့ခြေထောက်ကိုနမ်းဖို့အထိ စဥ်းစားခဲ့တယ်။”
နောက်တော့ သူ့မျက်လုံးထဲကနေ မျက်ရည်တွေစီးကျလာတယ်။ နောက်တော့ သူကဒေါသတကြီးနဲ့အော်ဟစ်ပြီး နက်ဆန်ကိုပြောတော့တာပဲ။
“ဒါကြောင့်မလို့ကျုပ်က ကျုပ်ရဲ့သစ္စာရှိမှုကို သေလောက်အောင် မုန်းရတဲ့ ခင်ဗျားတို့ဆီမှာလာပြီး ရောင်းချနေရတာပဲ။ သူတောင် ဒါကိုလုပ်နိုင်ရင် ကျုပ်လည်းလုပ်နိုင်ရမှာပေါ့။”
အဲလတ်က သူ့ဆံပင်တွေကိုဆောင့်ဆွဲရင်းငိုကြွေးနေတယ်။ “နှစ်ပေါင်းရာနဲ့ချီပြီးတော့ ကျုပ်တို့မျိုးနွယ်တွေက ကာကွယ်ခံစာချုပ်ချုပ်ဆိုထားတဲ့ အမှောင်ကျောင်းတော်အတွက် အကြိမ်ကြိမ် စစ်တိုက်ပေးခဲ့ရတယ်။ မျိုးနွယ်ဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ကိုယ်နဲ့မဆိုင်တဲ့ စစ်ပွဲထဲမှာသေကုန်တာ ကျုပ်နေရတာပဲ။ ဒါကို မမုန်းတီးဘဲနေမလား။”
“ဘိုးဘေးတွေကို မေးလိုက်တိုင်း ဒါကိုလိုအပ်လို့လုပ်တာလို့ပဲ သူတို့ပြောကြတယ်။ ကျုပ်တို့မျိုးနွယ်တွေကအားနည်းလို့၊ ကာကွယ်ပေးမယ့်သူရှိဖို့လိုအပ်လို့တဲ့။”
ရုတ်တရက် ကျွန်မနှလုံးသားထဲမှာ နာကျင်မှုတစ်ခုကို ခံစားလိုက်ရတယ်။ နောက်တော့ ကျွန်မမိုက်ခနဲဖြစ်သွားပြီး စစ်မြေပြင်မှာ ရီနေးဆန့်ခေတ်နှောင်းပိုင်း သံချပ်ကာအပြည့်နဲ့ ရပ်နေတဲ့ အဲလတ်ကို ကျွန်မမြင်နေရတယ်။ သူ့တစ်ကိုယ်လုံး သွေးတွေနဲ့စွန်းထင်းနေပြီး အနီးအနားမှာမျိုးနွယ်တူတွေရဲ့ အလောင်းတွေပုံထပ်လို့။ အဝါရောင်နောက်ခံပေါ်မှာ ခေါင်းနှစ်လုံးသိမ်းငှက်ကြီးပါတဲ့အလံတွေလွှင့်ထားတဲ့ ခံတပ်ပေါ်မှာသူရှိနေတာဖြစ်ပြီး လခြမ်းပုံအလံနီတွေကိုင်ထားတဲ့ သိန်းချီအင်အားရှိတဲ့စစ်တပ်ကြီးကို သူခုခံနေခဲ့ရတာ။
“ကျုပ်ဖောက်ထွက်ဖို့ ကြိုးစားခဲ့တယ်။”
ကျွန်မကိုယ်ကျွန်မ ငိုက်မျဥ်းနေတဲ့အနေအထားမှာမှန်း သတိထားမိပေမဲ့ သူ့အသံကိုလည်းကြားနေရပြီးတော့ မြင်ကွင်းတွေပြောင်းကုန်တယ်။ အခုအဲဘတ်ခြေရင်းမှာ ဝံပုလွေအိုကြီးတွေလဲနေပြီးသူက ဘုရင်အသစ်တစ်ပါး ဖြစ်လာတဲ့မြင်ကွင်းပါ။
“တစ်ယောက်တည်း ခင်ဗျားတို့ကိုပုန်ကန်ဖို့မဖြစ်နိုင်ခဲ့ပေမဲ့
တစ်နေ့မှာတော့ ကျုပ်နဲ့အမြင်တူတဲ့ ကလာဒီရာကိုကျုပ်တွေ့ခဲ့ရတာပဲ။”
ကျွန်မအမြင်တွေက လာဗင်ဒါပန်းခင်းတစ်ခုဆီကိုရောက်သွား ခဲ့ပါတယ်။ ပန်းခင်းတွေရဲ့အလယ်မှာ ဒဏ်ရာတွေအပြည့်နဲ့လဲနေတဲ့ ရွှေရောင်ဆံပင်တွေခါးအထိရှည်တဲ့ ပိန်ပိန်ပါးပါးနဲ့မိန်းကလေးဆန်တဲ့ ကလာဒီရာရှိနေပြီးတော့ လက်ထဲမှာဓားမြှောင်တစ်လက် ရှိနေပါတယ်။
“ သွေးစုပ်ဖုတ်ကောင်တွေကို ဒီထက်ကျွန်ခံခိုင်းဖို့ မဖြစ်တော့ဘူး။” သူက အားဖျော့ဖျော့နဲ့ပြောလိုက်ပြီးနောက် သတိမေ့သွားခဲ့တယ်။ မိနစ်ပိုင်းကြာပြီးနောက် နပိုလီယံခေတ်စစ်ဝတ်စုံဝတ်ထားတဲ့ အဲဘတ်က တိုက်ဆိုင်စွာ အနားကိုရောက်လာခဲ့ပြီး ကလာဒီယာကို မင်းသမီးလေးလိုချီပိုးပြီး ရဲတိုက်ကြီးတစ်ခုစီ ခေါ်သွားခဲ့တယ်။
ကလာဒီရာနိုးလာတော့ လိုလီတာဝတ်စုံတွေနဲ့ဖြစ်နေပြီဖြစ်ပြီး အဝတ်လဲပေးထားတဲ့ အိမ်စေတွေက တခိခိအူတက်လို့။ အဲဘတ် လူနာသတင်းမေးဖို့ အခန်းထဲကိုဝင်လာတော့ ကလာဒီရာကိုမြင်ပြီး မိနစ်အတော်ကြာ နှုတ်တောင်မဆက်နိုင်ဘဲ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့တာရယ်။
“......”
‘နေစမ်းပါဦး၊ ဒင်းတို့နှစ်ယောက်က အိမ်စေတွေလက်ချက်ကြောင့် ဖူးစာစုံပြီး အခုလိုဖြစ်ကုန်တာလား။' ရုတ်တရက် ကျွန်မခေါင်းထဲ ခပ်ကျယ်ကျယ်အတွေးတစ်ခုဝင်လာပြီးတဲ့နောက် အိပ်တစ်ဝက် နိုးတစ်ဝက်အခြေအနေကနေ အပြည့်အဝနိုးထလာခဲ့ပါတယ်။ အဲဘတ်ကတော့ ငိုနေဆဲပဲ။
“ဒါကြောင့် ကျုပ်တို့က လွတ်လပ်မှုကိုမြတ်နိုးတဲ့သူတွေအဖြစ် ပူးတွဲပဒေသရာဇ်ကို တည်ထောင်ခဲ့တယ်ဆိုပေမဲ့... ဒီမိန်းကလေးရဲ့အသက်ကို ကယ်ပေးမယ်ဆိုရင် ကျုပ်နဲ့ကျုပ်မျိုးနွယ်တွေရဲ့သစ္စာကို ပေးအပ်ဖို့အတွက် ဝန်မလေးပါဘူး။”
အဲဘတ်က နောက်တစ်ခါဦးညွှတ်လိုက်ပြန်တယ်။ နက်ဆန်က အဲဒီမြင်ကွင်းကို ကြည့်နေရင်းကနေ ရယ်မောလိုက်တယ်။ ရယ်လို့ဝသွားတဲ့နောက်မှ
“ စျေးပေါလိုက်တာ....”
နက်ဆန်က အခုလိုပြောလိုက်ရင်းနဲ့ သူ့အရိပ်ထဲကနေ ငွေရောင်ဆေဘာဓားကိုထုတ်လိုက်တယ်။ ဆေဘာဓားက အနက်ရောင်ချက်ချင်းပြောင်းသွားပြီး ဓားသွားကို အဲဘတ်ရဲ့လည်ပင်းပေါ်ကို တင်လိုက်တယ်။
“ငါ့အစေခံတွေပြောတာမှန်မယ်။ မင်းက မင်းချစ်သူဒုက္ခ ရောက်နေတဲ့အတွက် အခုငါ့ကိုသစ္စာခံတယ်။ နောက်တစ်ခါ သူထပ်ဒုက္ခရောက်ရင် တခြားတစ်ယောက်ကို သစ္စာပြောင်းမခံဘူးလို့ မပြောနိုင်ဘူး။ မင်းရဲ့သစ္စာအစစ်က မင်းချစ်သူဆီမှာလေ၊ ငါ့ဆီမှာမဟုတ်ဘူး။ မင်းမှာတခြား ပေးစရာမရှိဘူးဆိုရင်တော့ မင်းတို့နှစ်ယောက်လုံးရဲ့ဘဝကို ဒီနေရာမှာပဲ အဆုံးသတ်ပေးဖို့အတွက် ငါဆုံးဖြတ်လိုက်ပြီ။”