အပေါင်းအဖော်များ ( ၁ )
Vol. 6 Ch. 84
ထိုအချိန်၌ ဝင်လုဆဲနေမင်းကြီးက နေဝင်ချိန်ကို ချဉ်းကပ်လာနေပြီဖြစ်သည်။
ပုစွန်ဆီရောင်လဲ့နေသော ရောင်ခြည်တန်းများက တောင်ပေါ်လမ်းလေးပေါ် ဖြန့်ကျက်ထားပြီး တဖြည်းဖြည်း မှိန်ဖျော့လာ၏။
ရွှီချင်းသည် သေတ္တာလေးကို ကျောတွင်လွယ်ပိုး၍ ကောင်းကင်ကြီးကို ကြည့်လိုက်သည်။ မျက်နှာဝိုင်းဝိုင်းနှင့် ကျင့်ကြံသူ ပြောခဲ့သည့်စကားများကို သူ ပြန်လည်စဉ်းစားလိုက်ပြီး ချီရွှဲ့ထုံဂိုဏ်းအကြောင်းကို သူ ရှင်းရှင်းလင်းလင်း သိလာသည်။
ဤမြို့တော်ကြီးက စနစ်တကျရှိနေဟန်တူပါသော်လည်း အမှန်တကယ်တွင် ကြောက်မက်ဖွယ် အန္တရာယ်များ ပြည့်နှက်နေသည်ကို သူ သိလာရသည်။ အထူးသဖြင့် ညအခါတွင် အရပ်မျက်နှာအနှံ့ ရန်ပွဲများ ထူထပ်လာသည်။ ပို၍ကောင်းမွန်သော ဘဝကို ရရှိနိုင်ရန် တခြားလူများအား လိုက်လံတိုက်ခိုက်နေသည့်လူများ အမြဲတမ်းရှိနေသည်။
ထိုကိစ္စနှင့်ပတ်သက်၍ အမှန်၊အမှားဟူသည် မရှိချေ။
သို့သော်လည်း ရွှီချင်းအနေဖြင့် ပို၍ ကောင်းမွန်စွာ အသက်ရှင်သန်နိုင်ရေးအတွက် တခြားလူများကို ချနင်းရမည့်အပေါ် ဆန္ဒမရှိချေ။ ထို့ကြောင့်လည်း သူက သေတ္တာလေးကို ကျောတွင် လွယ်ပိုး၍ တစ်ယောက်မှမသိနိုင်သည့် သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းရန်အလို့ငှာ မှောင်မည်းသောနေရာတစ်နေရာရှာကို ရှာရန်ပြင်လိုက်သည်။
သို့ဖြစ်၍ သူ ခပ်သွက်သွက် သွားလိုက်သည်။
မကြာခင် သူ တောင်ပေါ်လမ်းလေးအတိုင်း ဆင်းလာခဲ့ပြီး တောင်ခြေ၌ မီးခိုးရောင်တာအိုဝတ်ရုံများကို ဝတ်ဆင်ထားကြသည့် လူနှစ်ယောက်ကို မြင်လိုက်ရသည်။
ထိုလူနှစ်ဦးမှာ ကျိုးချင်ဖုန်းနှင့် ရွှီရှောင်ဟွေ့တို့ ဖြစ်သည်။
ရွှီရှောင်ဟွေ့က လှပသောရုပ်ဆင်းသွင်ပြင်ရှိသည်။ မီးခိုးရောင်တာအိုဝတ်ရုံက လှပကြော့ရှင်းသော ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသယောင် ရှိပါသော်လည်း ဝမ်းဗိုက်သားကိုဖြစ်စေ၊ တင်းရင်းဖွင့်ကားသော တင်သားလေးအရဖြစ်စေ ထိုမီးခိုးရောင်ဝတ်ရုံက ရှိရင်းစွဲထက် စွဲဆောင်မှုရှိသွားစေသည်။
ကျိုးချင်ဖုန်းသည် နဂိုကတည်းက ယောက်ျားပီသကာ ချောမောခံ့ညားသူဖြစ်သည်။ ထိုအချိန်၌ မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်လိုက်သည့်အခါ သူသည် လွန်စွာ ချောမောသွားပြီး ရွှီရှောင်ဟွေ့ကို ငေးမောသွားမိစေသည်။
ရွှီရှောင်ဟွေ့ မှင်သက်နေရသည်မှာ ကျိုးချင်ဖုန်း၏ ရုပ်ရည်သွင်ပြင်ကြောင့်လား၊ သူ၏မှော်လှေကြောင့်လား ဆိုသည်ကို ရွှီရှောင်ဟွေ့ကိုယ်တိုင်မှတစ်ပါး မည်သူမျှ သိမည်မဟုတ်ပေ။
ရွှီချင်းကိုမြင်သောအခါ ကျိုးချင်ဖုန်းက ရယ်မော၍ သူ့ထံ လျှောက်သွားသည်။
“ ရွှီချင်း၊ မင်း ဆင်းလာပြီပဲ။ ငါ ဒီမှာ မင်းကို စောင့်နေတာ တော်တော်ကြာနေပြီ ”
ရွှီချင်း၏မျက်နှာအမူအရာက ပုံမှန်အတိုင်း ရှိနေဆဲဖြစ်ပါသော်လည်း ရင်ထဲတွင် သတိကပ်သွားသည်။ သူက အနီးကပ်မသွားဘဲ ပေခုနစ်ဆယ်၊ ရှစ်ဆယ်အကွာမှနေ၍ ကျိုးချင်ဖုန်း၏ လည်ပင်းနေရာကိုသာ မော့ကြည့်လိုက်သည်။ သူ၏ညာလက်က သံတုတ်ကလေး ကွယ်ဝှက်ထားသည့်နေရာရှိ အိတ်ဘေးကို ရောက်သွားသည်။
“ ငါတို့အားလုံးက သတ္တမမြောက်တောင်ထိပ်ရဲ့တပည့်တွေ၊ ပြီးတော့ ဂိုဏ်းကို ဝင်လာတာလည်း အတူတူပဲ။ ဂိုဏ်းထဲမှာ ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိပ်မရင်းနှီးသေးတော့ ခင်ခင်မင်မင်နေမလား ငါ တွေးမိလို့ ”
“ ဒါဆိုရင် နောက်ကျ တစ်ခုခုဖြစ်ရင် ငါလည်း သူငယ်ချင်းတစ်ယောက်တိုးလာပြီး အဆက်အသွယ်လည်း တစ်ယောက်တိုးလာမှာပဲလေ ”
ကျိုးချင်ဖုန်းက စိတ်ရင်းမှန်ဖြင့် ရွှီချင်းကို လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်သည်။
ထိုစကားကို ကြားသည့်တိုင်အောင် ရွှီချင်းက သတိလျော့မသွားပေ။ သို့သော်လည်း ကျိုးချင်ဖုန်း ပြောသည်မှာ ကျိုးကြောင်းဆီလျော်မှုရှိသလို သူ ခံစားရသဖြင့် ခေါင်းညိတ်လိုက်သည်။
ကျိုးချင်ဖုန်း၏မျက်နှာပေါ်တွင် အပြုံးစက ပုံမှန်အတိုင်းရှိနေဆဲဖြစ်ပြီး စကားအနည်းငယ် ပြောလိုက်သည်။ ရွှီချင်းက စကားပြောရန် ဆန္ဒမရှိသည်ကို မြင်ပြီး အဝေးမှနေ၍ ဆက်သွယ်ပြောဆိုကာ နှုတ်ဆက်လိုက်ပြီး ရွှီရှောင်ဟွေ့နှင့်အတူ ထွက်ခွာသွားသည်။
သူတို့ ထွက်ခွာသွားသည်ကိုကြည့်၍ ရွှီချင်းသည် သူ၏လက်ထဲရှိ ဂိုဏ်းတံဆိပ်ပြားကို ငုံ့ကြည့်လိုက်သည်။ အစောပိုင်းက ကျိုးချင်ဖုန်းက ဤဂိုဏ်းတံဆိပ်ပြားကို ကြားခံအဖြစ် အသုံးပြုကာ ဆက်သွယ်ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ ငါ ဒါနဲ့ စကားပြောလို့ရတာလား ”
ရွှီချင်းက သိချင်စိတ်ပြင်းပြစွာဖြင့် ဂိုဏ်းတံဆိပ်ပြားကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများက ဂိုဏ်းတံဆိပ်ပြားထဲ ဝင်သွားပြီး တံဆိပ်ပြားအတွင်းရှိ သတင်းအချက်အလက်များ သူ့စိတ်ထဲ ပေါ်လာသည်။
သူ အထူးအဆန်းဖြစ်သွားရပြီး လမ်းလျှောက်ရင်း ဆက်လေ့လာသွားသည်။
မြို့ထဲကို သူ ရောက်သွားသောအခါ ချောင်တစ်ချောင်ကို တွေ့သွားပြီး သူ၏ကျောပေါ်ရှိ သေတ္တာလေးကို သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ မီးခိုးရောင်ဝတ်ရုံကို သူ မလဲတော့ဘဲ ညစ်ပတ်နေသော သားရေအနွေးထည်ကိုသာ ဝတ်ထားလိုက်သည်။
နေ့အခါဆိုပါက သန့်ရှင်းသပ်ရပ်သော ဤမြို့ကြီးထဲတွင် သူ၏ရတနာမုဆိုးဝတ်စုံက ထင်းခနဲ ဖြစ်နေမည် ဖြစ်ပါသော်လည်း ယခုအချိန်က ညအခါဖြစ်နေ၍ ထိုဝတ်စုံက သူ့အတွက် ပုန်းကွယ်ရန် ပို၍ သင့်တော်သည်။ တချိန်တည်းမှာပင် သူ မဖြေရှင်းနိုင်သည့်် အခက်အခဲများကို ရှောင်ဖယ်သွားစေနိုင်မည်ဖြစ်ကြောင်း သူ ခံစားရသည်။
ရတနာမုဆိုးအများစုက ဆင်းရဲနွမ်းပါးကြသည် မဟုတ်ပါလား။ သူ့ကို ပစ်မှတ်ထားနိုင်သည့်လူများက ဝါရင့်ကျင့်ကြံသူများ မဟုတ်နိုင်တော့ရာ သူ ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။
တချိန်တည်းမှာပင် ဂိုဏ်းတံဆိပ်ပြား အသုံးချနည်းများကိုလည်း သူ လေ့လာခဲ့ပြီး သူ၏အသံ ပို့လွှတ်နည်းကို သိလာခဲ့သည်။ သူ သွားရမည့် ဌာနနှင့်ပတ်သက်သည့်သတင်းအချက်အလက်ကိုလည်း သူ မြင်လာရသည်။
“ လူဆိုးထိန်းဌာန ”
ရွှီချင်း တီးတိုးရေရွတ်လိုက်သည်။ ထိုဌာနအကြောင်း သူ ကောင်းကောင်း မသိပါသော်လည်း နာမည်ကို ကြည့်၍ သူ အနည်းငယ် ခန့်မှန်းကြည့်နိုင်သည်။ ထိုဌာနက လွန်စွာ ရက်စက်ကြမ်းကြုတ်ပြီး အန္တရာယ်ရှိပေလိမ့်မည်။
စာရင်းသွင်းရမည့်အချိန်နှင့်ပတ်သက်၍ မနက်ဖန်ဖြစ်ကြောင်း ဖော်ပြထားသည်။ တစ်ဆက်တည်း ထိုဝင်ခွင့်တံဆိပ်ပြားထဲတွင် သူ့လှေကလေး၏ တည်နေရာကိုလည်း ပြထားသည်။
မှော်လှေတစ်စီး ပိုင်ဆိုင်ခဲ့သည့် တပည့်များကို ဂိုဏ်းက လှေရပ်နားရန်နေရာတစ်ခုပေးထားပြီး တစ်လအခမဲ့ ရမည်ဖြစ်သည်။ တစ်လပြီးသည်နှင့် ထိုနေရာအတွက် အခွန်ပေးဆောင်ရမည်ဖြစ်သည်။ အခွန်က တစ်လကို ဝိညာဉ်ကျောက်တုံးသုံးဆယ်နှင့် ညီမျှသော စွမ်းဆောင်မှုရမှတ်သုံးသောင်းဖြစ်သည်။ မပေးဆောင်နိုင်ပါက ထိုရပ်နားရန်နေရာကို အလိုအလျောက် သိမ်းဆည်းသွားမည်ဖြစ်သည်။
“ ရွှမ်နံပါတ် ( 33 )၊ ခုနစ်ဆယ့်ကိုးခုမြောက်ဆိပ်ကမ်း ”
ရွှီချင်းက ခေါင်းမော့၍ ပင်လယ်ပြင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက အမှောင်ထုထဲ လှစ်ခနဲ ဝင်ရောက်သွားပြီး သူ၏ခြေလှမ်းများကို မရိပ်မိစေရန် အတတ်နိုင်ဆုံး ကြိုးစားကာ သတိကြီးကြီးထား၍ ခပ်သွက်သွက် ပြေးသွားသည်။
ထိုနည်းအားဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်လာခဲ့သည်။ မကြာခင် မှောင်ရိပ်ပျိုးလာပြီး ညအခါကို ကျရောက်လာသည်။
မြို့ထဲရှိ အိမ်ထောင်ချီက တစ်အိမ်ပြီးတစ်အိမ် အိမ်တံခါးများကို ပိတ်လိုက်ကြသည်။ နေ့အချိန်တွင် ကြက်ပျံမကျစည်ကားနေခဲ့သောမြို့ကြီးသည် ယခုအခါတွင် တိတ်ဆိတ်ငြိမ်သက်နေတော့သည်။
ညအမှောင်ထုကြီးက ရွှီချင်းကိုလည်း လုံးလုံးလျားလျား ဖုံးအုပ်သွားသည်။ သူ၏မျက်လုံးများ မှေးသွားပြီး အရှိန်တင်လိုက်သည်။ တဖြည်းဖြည်းနှင့် အမှောင်မြို့ကြီးထဲရှိ ညအချိန်က မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူ သတိထားမိလာသည်။
လူသတ်သမားများကို သူ မြင်ခဲ့ရပြီး အသက်ဘေးအတွက် ထွက်ပြေးနေကြသော လူများကိုလည်း မြင်ခဲ့ရသည်။ လိုက်လံသတ်ဖြတ်သူများကိုလည်း သူ မြင်ခဲ့ရပြီး ဓားပြတိုက်နေသည်ကိုလည်း သူ တွေ့ခဲ့ရသည်။
ထိုဖြစ်ရပ်များကို မြင်ပါသော်လည်း အမှောင်ရိပ်ထဲတွင်သာ ရှိနေသော ရွှီချင်းသည် ဖျတ်ခနဲကြည့်၍ အကြည့်လွှဲသွားလေ့ရှိသည်။ သူက ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ သူ့လမ်းသူ ဆက်သွားနေ၏။
အမှောင်ထဲ၌ သူက တစ္ဆေတစ်ကောင်အလားပင်။
ထို့အပြင် လောင်းကစားရုံများကိုလည်း သူ မြင်ခဲ့ရသေးသည်။ မီးရောင်များ ထိန်ထိန်လင်းနေပြီး ပျော်ရွှင်မြူးထူးနေကြသော မြို့တစ်ဖက်ခြမ်းကို လှစ်ဟပြနေသည်။
ဤတစ်ခေါက် ရွှီချင်းက ပို၍ သတိထားနေသည့်အတွက်ကြောင့်ပေလော၊ လမ်းခရီးတွင် သူ့ကို တိုက်ခိုက်သည့်လူတစ်ယောက်မှ မတွေ့ခဲ့ရပေ။
သို့သော် အေးတိအေးစက်အကြည့်များ သူ့အပေါ် ကျရောက်လာသည်ကို သူ ခံစားမိပါသော်လည်း သူ၏ရတနာမုဆိုးဝတ်စုံကို သတိထားမိသွားပြီးနောက် အများစုက သူ မရှိခဲ့သည့်အလား လျစ်လျူရှုသွားကြသည်။
ရွှီချင်းသည် ငြိမ်သက်စွာဖြင့်သာ ခပ်သွက်သွက် ခရီးဆက်နေ၏။ နောက်ထပ်နှစ်နာရီကြာပြီးနောက် ဆိပ်ကမ်းနှင့် သူ နီးသည်ထက်နီးလာသည်။
ထိုနေရာ၌ ဆိပ်ကမ်းပေါင်းတစ်ရာရှိပြီး ရွှီချင်း သွားချင်သည့်နေရာက ခရမ်းရောင်နယ်မြေရှိ ခုနစ်ဆယ့်ကိုးခုမြောက်ဆိပ်ကမ်းဖြစ်သည်။
သို့သော်လည်း သူ ရှာနေသည့်အခိုက် ကွက်ခနဲ မျက်နှာပျက်သွားပြီး လမ်းကြားတစ်ခုအဝင်ဝတွင် ပုန်းကာ ရှေ့တူရှုကို ကြည့်လိုက်သည်။
အဝေးမှနေ၍ ခြေသံများနှင့် တရွှီရွှီလေချွန်သံများ လွင့်ပျံလာသည်။ မကြာခင် မီးခိုးရောင်ဝတ်ရုံဝတ်ကျင့်ကြံသူအုပ်စုကို ရွှီချင်း မြင်လိုက်ရသည်။ ထိုကျင့်ကြံသူတစ်ယောက်ချင်းစီတွင် သွေးဆာသည့်အကြည့်များ ရှိနေပြီး သူတို့ခန္ဓာကိုယ်များမှလည်း အေးစက်စက်အငွေ့အသက်များ လွင့်ပျံနေသည်။