← Chapters

ဦးလေးတု

Vol. 4 Ch. 61

ဦးလေးတု

Vol. 4 Ch. 61

သစ်သီးဝါရေတံခွန်၏အောက်ဘက်တွင် ချောင်းငယ်များစွာက အဆုံးမဲ့မြစ်အတွင်းစီးဝင်လာကြပြီး ရေတံခွန်အားနှင့်‌ပေါင်းကာ မြစ်၏ရေစီးကိုပို၍ကြမ်းတမ်းစေသည်။

ထို့အတူ မြစ်ရေနှင့်ချောင်းရေစီးကြောင်းက ပြောင်းလဲတတ်၍ ကျယ်ပြန့်သည့်မြေနုကျွန်းများကိုလည်းတွေ့မြင်နိုင်ပြီး ထိုနေရာများတွင် ရွာငယ်သုံးလေးခုပင်တည်ရှိပေသည်။

ညပိုင်းက အ‌ဆိပ်သဲမှုန့်များနှင့်မိန်းမပျို၏လက်ဝါးရိုက်ချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိထားသည့် ထန်ချင်းရှန်ကိုခေါ်ဆောင်သွားသည်ကလည်းထိုရွာများအနက်တစ်ခုဖြစ်သည်။

ယခု ထန်ချင်းရှန်၏အခြေအနေကအသက်အန္တရာယ်စိုးရိမ်စရာမရှိတော့သော်လည်း ဒဏ်ရာပြင်းထန်သည်ဟုသိရပေသည်။

ဤသည်က ထန်ချင်းရှန်နှင့်အတူလိုက်သွားသည့် လူများ၏သတင်းပို့မှုကြောင့်ဖြစ်ပြီး အဖိုးအိုချန်စန်ကားသူ၏လူများနှင့်အတူ တစ်မနက်လုံးဤနေရာမှမခွာရသေးပေ။

" ခေါင်းဆောင်ချောင် ရွာထဲက တစ်ယောက်‌ယောက်ရခဲ့လား....."

ဥမင်တစ်ရာ၏ဝင်ပေါက်အနီးတွင် သူ၏လူများနှင့်အတူရပ်နေသည့် အဖိုးအိုချန်စန်က ခပ်လှမ်းလှမ်းမှလျှောက်လာသည့်ချောင်ဖေးဟုန်ကိုမေးလိုက်သည်။

သူ၏မျက်ဝန်းများတွင်အလိုမကျမှုများရှိနေသော်လည်း သိမ်းဆည်းထားလိုက်ရ၏။

ချောင်ဖေးဟုန်နှင့်သိုင်းမဟာမိတ်မှသိုင်းသမားငါးယောက်က ဥမင်တစ်ရာအတွင်းဝင်ရောက်စူးစမ်းရန် အနီးရှိရွာများကိုသွားကာ လှေသမားငှားရမ်းခြင်းဖြစ်ပြီး ယခုအခါ လက်ဗလာဖြင့်ပြန်လာခဲ့ကြသည်။

သူ၏မေးခွန်းကို ချောင်ဖေးဟုန်က ခေါင်းယမ်းပြရင်း သက်ပြင်းတစ်ချက်ချ၍ပြန်ဖြေလိုက်သည်။

" ဒီဥမင်တစ်ရာရဲ့ဂုဏ်သတင်းက ကျုပ်တို့ထင်ထားတာထက်အများကြီးပိုကြောက်ဖို့ကောင်းတယ်။။

ရွာထဲကတံငါသည်‌တွေတောင် အဆုံးမဲ့မြစ်တစ်လျှောက်ကိုသွားဝံ့ကြပေမယ့် ဒီအနားကိုတော့ ယောင်လို့တောင်မလာဝံ့ဘူး ။

ရေစီးအားသန်တဲ့အချိန်မျောပါသွားတဲ့လူပဲဖြစ်ဖြစ် တမင်ဝင်သွားတဲ့လူပဲဖြစ်ဖြစ်ဘယ်သူမှပြန်ထွက်မလာနိုင်တော့ သာမန်လူတွေအတွက် အကြောက်ကြီးကြောက်နေမှာပေါ့....."

ဥမင်တစ်ရာ၏ရှုပ်ထွေးလှသည့်လမ်းကြောင်းများက ဝင်ရောက်သူအများစုကိုပြန်လမ်းမရှိဖြစ်စေခဲ့၍ မည်မျှသတ္တိကောင်းပါသည်ဆိုသောလူများပင်အထဲသို့ဝင်ရောက်စူးစမ်းဝံ့ခြင်းမရှိပေ။

ချောင်ဖေးဟုန်၏အဖြေကိုကြိုတင်မျှော်လင့်ထားပြီးဖြစ်သော်လည်း အဖိုးအိုချန်စန်မှာ စိတ်ပျက်သွားမိသည်။

" ကျုပ်က သူတို့ကိုထိုက်ထိုက်တန်တန်ပေးမှာပါ...တကယ့်ကို တစ်ယောက်မှမဝင်ဝံ့တာလား...."

အဖိုးအိုချန်စန်က လက်မလျော့သေးလိုသည့်အတွက် ထက်မေးလိုက်သည်။

ပြန်လမ်းမဲ့ဟုကျော်ကြားသည့်ဤနေရာသို့ဝင်ရောက်သွားသည့် လူနှစ်ယောက်၏ကံကြမ္မာက သေဆုံးရန် ၉၀%အထိ သေချာလှသည်။

ပုံမှန်ဆိုလျှင် သေလုမျောပါးအခြေအ‌နေဖြင့်လူနှစ်ယောက်က ပေနှစ်ရာနီးပါးမြင့်သည့်ရေတံခွန်မှခုန်ချကာ ထွက်လမ်းမရှိသည့် ‌နေရရာသို့နေရာသို့ ရေစီးဖြင့်မျောပါသွားပါက တစ်ကြိမ်သာမက အကြိမ်ကြိမ်သေဆုံးနိုင်ချေရှိသည် ။

သို့သော် မည်သည့်အတွက်ကြောင့်မှန်းမသိဘဲ အဖိုးအိုချန်စန်၏စိတ်ထဲတွင်အနည်းငယ်လေးလံနေပြီး ထိုနှစ်ယောက်၏အလောင်းကိုမြင်ရလိုမြင်ရငြား အထဲသို့ဝင်ရောက်စူးစမ်းလိုခြင်းဖြစ်သည်။

ကံမကောင်းစွာဖြင့် ချောင်ဖေးဟုန်ကိုယ်တိုင်သွားရောက်စီစဉ်ခဲ့သည့်တိုင် လက်ဗလာဖြင့်ပြန်လာခဲ့ရသည်။

အဖိုးအိုချန်စန်၏မေးခွန်းကြောင့် ချောင်ဖေးဟုန်၏ အမူအယာကအနည်းငယ်ပြောင်းလဲသွားပြီး ဖြေးညင်းစွာခေါင်းညိမ်ပြလိုက်သည်။

" ရွာသုံးရွာလုံးကလူတွေကဒီထဲကိုဝင်ဖို့ သေမလောက်ကြောက်နေကညပေမယ်ါ တကယ်တော့ ဒီဥမင်တစ်ရာထဲကို ဝင်ထွက်နေတဲ့လူတစ်ယောက်ရှိတယ် ။ ဒါပေမယ့် သူက..."

ချောင်ဖေးဟုန်က သူ၏စကားကိုတစ်ပိုင်းတစ်စဖြင့်ရပ်လိုက်သလို သူ၏နောက်ရှိသိုင်းသမားသုံးယောက်ကလည်း ဒေါသထွက်ဟန်ဖြင့်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်ကိုမြင်တွေ့လိုက်ကြသည် ။

ထို့ကြောင့် အဖိုးအိုချန်စန်လည်း မျက်မှောင်ကြုတ်ကာ တည်ကြည်သည့်အမူအယာဖြင့်မေးလိုက်သည်။

" အဲဒီလူကိုငှားလိူ့မရဘူးလား.... သူက ဘယ်သူမလို့လဲ...."

အဖိုးအိုချန်စန်၏လေသံက အနည်းငယ်တင်းမာနေပြီး သူကိုယ်တိုင်လည်းစိတ်ရောကိုယ်ပါပင်ပန်းနေပြီဖြစ်ရာ ပြဿနာတစ်ခုပြီးတစ်ခုကြုံတွေ့နေရချိန်တွင် စိတ်ဆိုးဒေါသထွက်နေမိသည် ။

ထိုအခါ ချောင်ဖေးဟုန်က သက်ပြင်းတစ်ချက်ချ၍စတင်၍ ပြောပြလိုက်သည်။

" သူ့နာမည်အရင်းကို‌တော့ ကျုပ်တို့မသိခဲ့ရဘူး ။ ရွာထဲကလူတွေကတော့ ဦးလေးတုလို့ခေါ်ကြတယ်....."

&&&

အဖိုးအိုချန်စန်၏စေခိုင်းမှာကြောင့် ချောင်ဖေးဟုန်နှင့်သူ့လူသုံးယောက်မှာ သစ်သီးဝါရေတံခွန်အနီးရှိရွာငယ်လေးများဆီသို့ရောက်ရှိနေကြသည်။

သူ၏နောက်လိုက်များဖြစ်သည့် သိုင်းမဟာမိတ်မှအဆင့်လွန်ထိပ်သီးတစ်ယောက်နှင့်ထိပ်တန်းအဆင့်သိုင်းသမားနှစ်ယောက်မှာ ယခုအချိန်ထိအနားမယူရသေး၍ တစ်လမ်းလုံးဗျစ်တောက်ဗျစ်တောက်ပြောဆိုလာကြသည်။

ညပိုင်းက အနားယူချိန်ရခဲ့သော်လည်း ကျောင်းတော်သားဝတ်စုံဝတ် လူငယ်၏ထူးဆန်းသည့်ပုလွေသံအောက်တွင်လွှမ်းမိုးခံလိုက်ရသည့်လူများမှာ ပြန်လည်ကောင်းမွန်လာကြပြီဆိုသော်လည်း မူလစိတ်အခြေအ‌‌နေကိုမရကြသေးပေ။

မိမိတို့ဘဝတစ်လျှောက်လုပ်ဆောင်ခဲ့သည့်အပြစ်များကိုတရိပ်ရိပ်မြင်ယောင်က ဝမ်းနည်းစိတ် ၊ နာကျင်မှုနှင့် နောင်တတရားကို အဆများစွာအားကောင်းစေသည့်ပုလွေသံကအမှန်ပင် နတ်ဆိုးဆန်လှသည်။

ထိုစဉ်က အဖိုးအိုချန်စန်၏ဝင်ရောက်နှောက်ယှက်မှုကြောင့် ပုလွေသံအောက်တွင်အချိန်တိုသာကျရောက်ခဲ့သော်လည်းသူတို့အားလုံး၏စိတ်ခြေအ‌နေက အတော်ပင်ထိခိုက်ခဲ့ရသည်။

ပြီးခဲ့သည့်ရက်များကလည်း မိန်းမပျို၏နောက်သို့အဆက်မပြက်လိုက်ပါနေကြပြီး ညပိုင်းကလည်း ထူးခြားသည့်ပုလွေသံအောက်တွင်ရောက်ရှိသွားခဲ့ကြသည့်အတွက်သိုင်းပညာမြင့်မားသည့်အဖိုးအိုချန်စန်နှင့်လူအနည်းငယ်မှလွဲ၍ကျန်လူအားလုံးက ခြေကုန်လက်ပမ်းကျနေကြပြီဖြစ်၏။

ထိုအခြေအနေတွင် လူငယ်နှင့်မိန်းမပျိုလည်း သေဆုံးရန်သေချာသလောက်ရှိနေရာ အရစ်ရှည်ပြီး တစ်ခုပြီးတစ်ခုခိုင်းစေနေသည့်အဖိုးအိုချန်စန်ကို သူတို့မကျေမနပ်ဖြစ်သည်က များစွာထူးဆန်းသည်တော့မဟုတ်ပေ။

" ငါတော့ ဒီတစ်ခါလိုက်လာမိတာနောင်တရတယ်... ငါတို့အဖွဲ့သားတစ်ချို့သေတဲ့အပြင် ဒဏ်ရာအပြင်းအထန်ရတဲ့လူတွေလည်းမနည်းဘူး ။

ချန်ချင်းဂိုဏ်းက အကူအညီတောင်းတာလေးကိုလက်ခံခဲ့တာ ဒီလောက်အထိ ဒုက္ခရောက်မယ်လို့ထင်မထားဘူး...."

သိုင်းမဟာမိတ်မှအဆင့်လွန်ထိပ်သီးက ခပ်တိုးတိုးညဉ်းတွားလိုက်သလိုကျန်နှစ်ယောက်ကလည်း သူ၏စကားကိုထောက်ခံလိုက်ကြသည်။

သူတို့ပြောဆိုနေကြသည်များကို ရှေ့မှသွားနေသည့်ချောင်ဖေးဟုန်ကောင်းစွာကြားနေရသော်လည်း တစ်စုံတစ်ရာပြစ်တင်ပြောဆိုခြင်းမပြုပေ။

အမှန်အတိုင်းဝန်ခံရလျှင် သူကိုယ်တိုင်လည်း ယခုကိစ္စတွင်ပါဝင်ပတ်သတ်မိသည်ကိုနောင်တရနေပြီးအတော်လေးပင်ပန်းလျက်ရှိနေပေသည် ။

လူငယ်မျိုးဆက်မှဖြစ်ဟန်တူသည့်မိန်းမပျိုတစ်ယောက်ကို လူများစွာနှင့်လိုက်လံသတ်ဖြတ်ရခြင်းက အတော်လေးအရှက်ရဖွယ်ကောင်းလှပြီး သည့်မတိုင်မီက ထိုမိန်းကလေးကဒဏ်ရာအပြင်းအထန်ရရှိထားသေးသည်။

ချောင်ဖေးဟုန်လည်း အဖိုးအိုချန်စန်၏အကူအညီတောင်းမှုကြောင့်သာ လိုက်ပါလာခြင်းဖြစ်ပြီး အမှန်တကယ်ကြုံတွေ့ရချိန်တွင် ထိူမိန်းမပျိုက သူထင်ထားသည်ထက်များစွာပို၍အစွမ်းထက်နေကြောင်းသိလိုကိရသည်။

သူမ၏အသက်က နှစ်ဆယ်ကျော်ဟုသာခန့်မှန်းရရှိသော်လည်း သိုင်းပညာက အံ့မခန်းဖြစ်ပြီး သိုင်းဝိဇ္ဇာအဆင့်သို့ငယ်ငယ်ရွယ်ရွယ်ဖြင့်ရောက်ရှိနေသူတစ်ဦးလည်းဖြစ်သည် ။

အကယ်၍ သူတို့နှစ်ယောက်နှင့် ချန်ချင်းဂိုဏ်း ၊ သိုင်းမဟာမိတ်မှလူများစွာမပါဝင်ပါက အဖိုးအိုချန်စန်အနေဖြင့်ထိုမိန်းမပျိုကိုမျက်ချေပြတ်သွားနိုင်ချေရှိသည် ။

တစ်ဖန် သူမကိုအဆုံးသက်ခါနီးတွင်မည်သည့်နေရာမှရောက်လာသည်မသိရသော လူငယ်တစ်ယောက်ပေါ်လာပြီး ထူးခြားသည့်ပုလေသံဖြင့်သူတိူ့အားလုံးကိုတုန်လှုပ်ချောက်ခြားစေခဲ့သည်။

နောက်ဆုံးတွင် ထိုလူငယ်နှစ်ယောက်အသက်ရှင်နိုင်ရန်အခွင့်အရေးမရှိတော့သော်လည်း ချောင်ဖေးဟုန်၏စိတ်ထဲတွင် သူတို့လိုကျော်ကြားသည့်ပုဂ္ဂိုလ်များကို အဆုံးထိမကြောက်မရွံ့ရင်ဆိူင်တိုက်ခိုက်သွားသည့် ထိုနှစ်ယောက်၏သတ္တိကိုကိုလေးစားမိဆဲဖြစ်၏။

ချောင်ဖေးဟုန်ကိုနောက်ထပ်စိတ်မသက်မသာဖြစ်စေသည်က ထန်ချင်းရှန်၏ကိစ္စကြောင့်ဖြစ်သည်။

သိုင်းမဟာမိတ်၏သခင်ဆယ်ပါးတွင်ပါဝင်ပြီးတည်ငြိမ်အေးဆေးကာဉာဏ်ပညာကြီးမားသည့်လက်နက်ပုန်းသခင်၏စိတ်ရင်းက ထိုမျှသေးသိမ်ညံ့ဖျင်းလိမ့်မည်ဟုသူတစ်ကြိမ်မှတွေးမထားမိပေ။

မနေ့ညကတိုက်ပွဲတွင် ထန်ချင်းရှန်ထုတ်သုံးခဲ့သည့်အဆိပ်သဲမှုန့်ဆိုလျှင် လွန်စွာရက်စက်ကြမ်းကြုတ်လှ၍ အနက်ရောင်သိုင်းလောကသားများပင် ကြောက်လန့်ရသည့်ပစ္စည်းတစ်ခုဖြစ်၏ ။

မိန်းမပျို၏လက်ချက်ကြောင့် အဆိပ်သဲမှုန့်များပြန်ထိကာ ကိုယ်ဖော်သည့်ဆေးကိုယ်ပြန်စားရသည့်ထနိချင်းရှန်အတွက် အနည်းငယ်စိတ်မကောင်းဖြစ်မိသော်လည်း သူ့ကိုနောက်တစ်ကြိမ်မိတ်ဆွေရင်းချာတစ်ယောက်လိုဆက်ဆံလိမ့်မည်မဟုတ်ပေ။

ချောင်ဖေးဟုန်လည်း အတွေးများစွာဖြင့်လျှောက်လာရင်း ရွာအရှေ့ဖျားရှိခြံဝန်းငယ်တစ်ခု၏ရှေ့သို့ရောက်မှန်းမသိရောက်ရှိလာသည်။

သစ်သား ခြံစည်းရိုးကလေးကိုသပ်ရပ်စွာခတ်ထားပြီး ခြံဝန်းထဲတွင်မြင့်မားသည့်ဝါးရုံပင်ကြီးများရှိသည်။

ထိုအလယ်တွင် သေးငယ်သော်လည်းသပ်ရပ်သည့်အိမ်ငယ်‌ကလေးတစ်လုံးရှိပြီး အဆုံးမဲ့မြစ်အတွင်းစီးဝင်‌သည့်ချောင်းက ရွာနံဘေးမှပတ်၍ ထိုခြံဝန်း၏နောက်ဘက်မှစီးဆင်းသွားခြင်းဖြစ်သည်။

" ချောင်းဘေးကအိမ်ဆိုတော့ ဒီအိမ်ပဲဖြစ်မယ်....."

ချောင်ဖေးဟုန်ကရွာထဲမှလူများပြောလိုက်သည့်အချက်ကိုပြန်တွေးတောလိုက်မိကာ သူ၏လူများကို ပြောလိုက်သည် ။

" ‌ငါတို့ရောက်ပြီထင်တယ်...."

ချောင်ဖေးဟုန်၏စကားကိုကြားမှ ချန်ချင်းဂိုဏ်းချုပ်အကြောင်း အတင်းတုတ်နေသည့်သိုင်းသမားသုံးယောက်မှာလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ခြံဝန်းကိုအကဲခပ်ကာ ပြိုင်တူခေါင်းညိမ့်ပြလိုက်ကြသည်။

" ဒီခြံ ဖြစ်မယ်ခေါင်းဆောင်...."

ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်က ထောက်ခံလိုက်ပြီး ခြံဝန်းအနီးသို့တိုးသွားကာ အော်ဟစ်လိုက်သည်။

" ဦး‌လေးတုရှိလား....ဦးလေးတု..."

ရွာထဲမှကြားလာသည့်သတင်းအရ တံငါရွာသုံးရွာတွင် ဥမင်တစ်ရာအတွင်းဝင်ရောက်ဝံ့သူက ဦးလေးတုဆိုသည့်လူတစ်ယောက်သာရှိသည်ဟုသိရသည်။

သာမန်လူများအတွက် သေမလောက်ကြောက်လန့်ရသည့်ဥမင်တစ်ရာကို ဦးလေးတုဆိုသူက တစ်လတစ်ကြိမ် သို့မဟုတ် နှစ်လတစ်ကြိမ်ခန့်မှန်မှန်ဝင်ရောက်ကာ ငါးများစွာဖမ်းယူရရှိသည်ဟုလည်းသိရသည်။

ပြန်လမ်းမဲ့ဟုနာမည်ကျော်သည့် ဥမင်တစ်ရာအတွင်းသို့ဝင်ရောက်သူအားလုံးနည်းပါးပြန်လည်ရောက်ရှိမလာသော်လည်း ဦးလေးတုက ကျနိးမာချမ်းသာစွာရှိနေဆဲဖြစ်သည် ။

သို့သော် သူ၏ထူးဆန်းသည့်အကျင့်က ထိုဥမင်အတွင်းမှအကြောင်းအရာများကိုမေးမြန်း၍မရဘဲ လူအများနှင့်လည်းများစွာရောရောနှောနှောနေလေ့မရှိပေ။

ထို့အပြင် ဦးလေးတုက သူဖမ်းမိရရှိသည့်ငါးများကို အကုန်ရောက်ချခြင်းမပြုဘဲ စားဝတ်နေရေးအတွက်သာချန်ကာ ကျန်ငွေများနှင့်ငါးများကိုရွာထဲရှိနွမ်းပါးသူများကိုခွဲဝေပေးတတ်သေးသည်။

ထို့ကြောင့်ခြုံ၍ဆိုရလျှင် ဦးလေးတုဆိုသည့်တံငါသည်ကြီးက အနည်းငယ်ထူးဆန်းသည့်စိတ်ထားရှိသော်လည်း စိတ်ထားကောင်းမွန်ကာ လူချစ်လူခင်ပေါများသူတစ်ဦးဖြစ်သည်။

&&&

All Chapters