← Chapters

အသက်ရှင်လျက်ထွက်ခွာရန်

Vol. 4 Ch. 63

အသက်ရှင်လျက်ထွက်ခွာရန်

Vol. 4 Ch. 63

" ခေါင်းဆောင်....ဟိုလူပဲ...."

ချောင်ဖေးဟုန်နှင့်အတူလိုက်ပါသွားခဲ့သည့်သိုင်းသမားတစ်ယောက်က အံ့အားသင့်သည့်လေသံဖြင့်အော်ဟစ်လိုက်မိ၏။

သူ၏စကားကြောင့် ချောင်ဖေးဟုန်လည်းလှေပေါ်ရှိလူကို ကြည့်လိုက်မိရာ သူတို့ကိုဂရုမစိုက်စွာငြင်းပယ်ခဲ့သည့်ဦးလေးတုဆိုသည့်တံငါသည်ကြီးဖြစ်သည်ကိုတွေ့မြင်လိုက်ရပေသည်။

ခမောက်ကြီးတစ်လုံးကိုဆောင်းထားပြီး ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားသည့်ထိုလူ၏ရုပ်ရည်ကိုရှင်းလင်းစွာမမြင်ရသော်လည်းသူ၏ပုံစံက ဦးလေးတုမှ ဦးလေးတုအစစ်ဖြစ်သည် ။

ထိုအခါမှ ချောင်ဖေးဟုန်တို့လည်းရွာသားများပြောလိုက်သည့်အကြောင်းကိုပြန်တွေးလိုက်မိကာ ထိုလူက အမှန်ပင်ဥမင်တစ်ရာအတွင်းဝင်ရောက်ဝံ့သည်ကို သဘောပေါက်သွားကြသည်။

ကြမ်းတမ်းသည့်အဆုံးမဲ့မြစ်၏ရေစီးကြောင်းတွင် လှေငယ်ကလေးကတည်ငြိမ်စွာမျောပါလာပြီး လှေကိုမတိမ်းမစောင်းဘဲပဲ့ထိမ်းနိုင်သည့်သူ၏ခွန်အားက အံ့ဩဖွယ်ရာပင်။

အားကောင်းသည့်ရေစီးအားကြောင့် လှေငယ်ကလေးက တရိပ်ရိပ်ရွေ့လျားနေပြီး တခဏတွင်းသူတို့နှင့်မလှမ်းမကမ်းသို့ပင်ရောက်ရှိလာသည်။

" သူက မင်းတို့ပြောတဲ့လူလား....":

အဖိုးအိုချန်စန်က လှေပေါ်ရှိလူကို စူးရှသည့်မျက်ဝန်းများဖြင့်အကဲခပ်ရင်းမေးလိုက်သည်။

သူ၏မေးခွန်းကို ချောင်ဖေးဟုန်ကဟုတ်မှန်ကြောင်းခေါင်းညိမ့်ပြလိုက်ရာ အဖိုးအိုချန်စန်က ရှေ့သို့ဖြေးညင်းစွာတိုးသွားပြီး သူတို့ကိုပြန်လှည့်မကြည့်ဘဲပြောလိုက်လေသည်။

" ငါသူနဲ့သွားပြီး ညှိကြည့်မယ် မင်းတို့နေခဲ့ကြ ..."

ပြောပြောဆိုဆိုဖြင့် အဖိုးအိုချန်စန်၏ခန္တာကိုယ်က ရှေ့သို့ရိပ်ခနဲခုန်တက်သွားပြီး မြစ်အလယ်မှလှေငယ်လေး၏ ရှေ့ဘက်ဆီသို့ဦးတည်၍ရွေ့လျားသွားပေသည်။

သို့သော် လှေငယ်နှင့်ကမ်းစပ်ကအနည်းငယ်ဝေးကွာနေသေး၍ အဖိုးအိုချန်စန်၏ကိုယ်ဖော့ပညာနှင့်ပင်ရောက်ရှိနိုင်မည်မဟုတ်ပေ။

သူတို့တွေးထင်ထားသည့်အတိုင်းပင် ဝါးနှစ်ရိုက်သာသာအကွာသို့ရောက်ရှိပြီးနောက် အဖိုးအိုချန်စန်၏ခန္တာကိုယ်က အရှိန်လျော့ကာ ရေပြင်ပေါ်သို့ပြုတ်ကျတော့မည်ကဲ့သို့ဖြစ်လာသညမ ။

ထိုမြင်ကွင်းကြောင့် ချောင်ဖေးဟုန်နှင့်အခြားလူများပါးစပ်အဟောင်းသားဖြင့်အံ့ဩတုန်လှူပ်သွားစဉ် အဖိုးအိုချန်စန်က ရေမျက်နှာပြင်ကို အားကောင်းသည့်လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။

" ဝုန်း....."

များပြားသည့်ရေမှုန်ရေမွှားများလွင်စက်လာပြီး ကြီးမားသည့်ရေလုံးကြီးတစ်ခုလွင့်ထွက်သွားသည် ။

သိူင်းဝိဇ္ဇာတစ်ယောက်၏လက်ဝါးရိုက်ချက်က လွန်စွာအားကောင်းလှပြီး ထိုအားအရှိန်ဖြင့်အဖိုးအိုချန်စန်၏ခန္တာကိုယ်ကလေပေါ်သို့မြောက်တက်သွားပြန်ကာ တန်ပြန်အားကိုယူ၍ ရှေ့သို့ပြေးထွက်ရင်း သူ၏အနီးသို့ရောက်ရှိလာသည့်လှေပေါ်သို့ချောမောစွာရောက်ရှိသွားပေသည်။

အဖိုးအိုချန်စန်၏အံ့မခန်းလုပ်ရပ်ကြောင်း သိုင်းမဟာမိတ်နှင့်ချန်ချင်းဂိုဏ်းသားများမှာ နှစ်ထောင်းအားရဖြင့်အော်ဟစ်အားပေးလိုက်မိကြ၏ ။

" ကောင်းလိုက်တဲ့ချိန်သားကိုက်မှု...."

ကမ်းစပ်မှရပ်ကြည့် နေသည့် ချောင်ဖေးဟုန်ကိုယ်တိုင်ပင် မနေနိုင်ဘဲ နှုတ်မှထုတ်ဖော်ချီးကျူးလိုက်ရသည်။

အဖိုးကိုချန်စန်ကဲ့သို့ပြုလုပ်ရပ်ကကိုယ်ဖော့ပညာကောင်းမွန်ရန်တစ်ခုထဲဖြင့်မရဘဲ လှေငယ်ရောက်ရှိလာမည့်အချိန်ကိုလည်းမှန်ကန်စွာတွက်ဆနိုင်ရန်လိုအပ်ပေသည်။။

ထို့အပြင် ရေမျက်နှာပြင်ကိုရိုက်ထုတ်ကာ တန်ပြန်အားဖြင့်ဆက်သွားသည့် သူ၏အကြံအစည်ကချီးကျူးဖွယ်ကောင်းလှပြီးအဖိုးအိုချန်စန်၏နေရာတွင် သူဆိုလျှင်လုံးဝလုပ်ဆောင်နိုင်မည်မဟုတ်ပေ။

" အင်း....အစစ်အမှန်သိုင်းဝိဇ္ဇာအဆင့်နဲ့ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်က နှိုင်းဆမရအောင်ကွာခြားပါလား....."

ချောင်ဖေးဟုန်လည်း အဖိုးအိုချန်စန့်ကိုချီးကျူးနေမိစဉ်နောက်ဘက်မှ သူ၏လူတစ်ယောက်ကပြောလိုက်သည်။

" ခေါင်းဆောင်ချောင် ခေါင်းဆောင်ကို တွေ့ချင်တဲ့လူတွေရောက်နေပါတယ်...."

ထိုစကားကြောင့် ချောင်ဖေးဟုန်လည်း နောက်လှည့်ကြည့်လိုက်မိရာ မလှမ်းမကမ်းတွင်ရပ်နေသည့်လူများကိုမြင်တွေ့ပြီးနောက် သူ၏မျက်နှာက အံ့ဩသည့်ပုံစံသို့ပြောင်းလဲသွားလေသည်။

&&&

အဖိုးအိုချန်စန် လှေပေါ်သို့ရောက်ရှိပြီးသည့်‌နောက်တွင်ပင်လှေကဆက်လက်ရွေ့လျား‌နေဆဲဖြစ်၏ ။

ခမောက်ဆောင်းထားသည့်လူက အဖိုးအိုချန်စန့်ကိုတစ်ချက်သာကြည့်ရှုပြီးနောက် လှော်တတ်နှစ်ခုကိုဆုပ်ကိုက်ကာ ဆက်လက်ထိမ်းကျောင်းလျက်ရှိသည်။

သူ၏ပုံစံက လှေပေါ်သို့ရောက်ရှိလာသည့်အဖိုးအိုချန်စန်ကိုမမြင်တွေ့သည့်အလား စကားတစ်ခွန်းမှပင်ပြောဆိုခြင်းမပြုပေ။

သူ၏အပြုအမူကြောင့် ထိုတံငါသည်က ချောင်ဖေးဟုန်တိူ့ပြောသလိုအမှန်ပင်ထူးခြားသည့်ဟုတွေးမိကာ အဖိုးအိုချန်စန်က ချောင်းတစ်ချက်ဟန့်၍ပြောလိုက်သည် ။

" လှေကို ဟိုဂူနံရံနဲ့နီးအောင်ကပ်ပေးနိုင်မလား....."

သူတို့၏လှေငယ်လေးက လိုဏ်ဂူတစ်ရာ၏ဝင်ပေါက်သို့ပင်ရောက်ရှိနေပြီး ဆက်လက်တိုးဝင်သွားလျှင် ဂူအတွင်းဘက်သို့ရောက်ရှိသွားပေမည်။

အဖိုးအိုချန်စန်၏စကားကိုမငြင်းဆန်ဘဲ ဖျင်ကြမ်းဝတ်စုံဝတ်လူက လှေတတ်နှစ်ခုကိုအနည်းငယ်ပြောင်းလဲလိုက်ရာ သူတို့၏လှေငယ်လေးက လိုဏ်ဂူနံရံရှိရာသို့ ဖြေးညင်းစွာမျောပါသွားတော့သည်။

ကြမ်းတမ်းခတ်ထန်လှသည့်ရေစီးကြောင်းကို အန်တုကာ လှေငယ်လေးကိုကောင်းစွာထိမ်းကျောင်းနေသည့်ထိုလူ၏လက်အစုံက တောင့်တင်းကြံ့ခိုင်လှပြီး တံငါသည်တစ်‌ယောက်၏လက်နှင့်ပင်မတူပေ။

ထို့အပြင် သူ၏ထိမ်းကျောင်းပုံက အားအင်စိုက်ထုတ်မှုမရှိသည့်အလားလွန်စွာသက်သောင့်သက်သာရှိလှပြီး အသက်ရှူသံပင်မြန်ဆန်ခြင်းမရှိပေ။

လိုဏ်ဂူ၏အဝင်ဝရ ပေတစ်ရာ့ငါးဆယ်နီးပါးပင်ကျယ်ဝန်းကာသူတို့၏လှေငယ်လေးက လိုဏ်ဂူနံရံအနီးသို့ရောက်ရှိနေပြီဖြစ်သည်။

ထိုအခါ အဖိုးအိုချန်စန်ကရုတ်တရက်လှုပ်ရှားလိုက်ပြီး လှေပေါ်သို့ချွန်ထက်သည့်မှိန်ကိုကောက်ကိုင်ကာ လိုဏ်ဂူနံရံကိုထိုးစိုက်လိုက်၏။

ဂူနံရံက မာကျောသည့်ကျောက်သားမြေဖြစ်သော်လည်း မှိန်းက တစ်ဝက်ကျော်တိုးဝင်သွားကာ ကျန်ရှိနေသည့်အစွန်းတစ်ဖက်ကိုအဖိုးအိုချန်စန်က ဆုပ်ကိုင်ထားလိုက်သည် ။

ဤသို့ဖြင့် အရှိန်ပြင်းပြင်းရွေ့လျားလာသည့်သူတို့၏လှေငယ်ဘေးက လိုဏ်ဂူနံရံအနီးတွင် ကျောက်ချထားသလိုရပ်သွားကာ အဖိုးအိုချန်စန်က မှိန်းအစွန်းကိုအသာအယာဆုပ်ကိုင်ထားပြီး လှေတစ်ဖက်စွန်းရှိဖျင်ကြမ်းဝတ်စုံဝတ်လူကိုပြောလိုက်သည်။

" ဒါဆိုရင် ကျုပ်တို့အေးအေးဆေးဆေး ဆွေးနွေးလို့ရလောက်ပါပြီ...."

ချန်စန်၏စကားကြောင့် ဖျင်ကြမ်းဝတ်စုံဝတ်လူ၏ဦးခေါင်းက အနည်းငယ်မော့လာပြီး သက်ပြင်းတစ်ချက်ချ၍ပြောလိုက်သည်။

" ဂိုဏ်းချုပ်ချန် ခင်ဗျားက အခုချိန်ထိ သိုင်းလောကအရှုပ်အထွေးတွေကြားမှာ ဝင်ပါနေတုန်းပဲကိုး....."

ရင်းနှီးနေသည့်အသံနှင့်ဖျင်ကြမ်းဝတ်စုံဝတ်လူ၏ခမောက်အောက်မှမျက်နှာကိုမြင်တွေ့လိုက်ရချိန်တွင် အဖိုးအိုချန်စန်၏မျက်နှာပင်ပြောင်းလဲသွားပြီး အကြီးအကျယ်အံ့အားသင့်သွားဟန်တူသည်။

" မင်း... မင်း ..."

အဖိုးအိုချန်စန်က ဖျင်ကြမ်းဝတ်စုံဝတ်လူ၏မျက်နှာကိုလက်ညိုးဖြင့်ထိုး၍ ရေရွတ်လိုက်သည်။

ထိုအခါ သတိလက်လွတ်ဖြစ်သွား၍မှိန်းအရိုးကိုဆုပ်ကိူင်ထားသည့်သူ၏လက်ကလွတ်ထွက်သွားပြီး ပြင်းထန်သည့်ရေစီးကြောင်းကို အန်တုကာရပ်တန့်နေသည့်လှေငယ်လေးက ဝုန်းခနဲရွေ့လျားသွားဝောာ့သည်။

သိူ့သော် လှေအဖျားတွင်ထိုင်နေသည့်လူက သူ၏လက်တစ်ဖက်ကိုဆန့်ထုတ်ကာ မှိန်းအရိုးကိုဖမ်းဆုပ်ထားလိုက်ပြီး လှေငယ်ကလေးကိုရပ်တန့်သွားစေသည်။

သူ၏ပုံစံကလည်း မည်သည့်အားအင်စိုက်ထုတ်မှုမှမလုပ်ရသလို သက်သောင့်သက်သာရှိလှပြီး အဖိုးအိုချန်စန်နှင့်တူညီလျက်ရှိသည်။

" ဟုတ်ပါတယ် ကျုပ်ပါ အခုတော့ သိုင်း‌‌လောကထဲကနုတ်ထွက်ပြီး သာမန်တံငါသည်တစ်ယောက်ဖြစ်နေပြီပေါ့။

ကျုပ်ကိုရွာထဲကလူတွေက ဦးလေးတုလို့ခေါ်ကြတယ်..."

ဖျင်ကြမ်းဝတ်စုံဝတ်လူ သို့မဟုတ် ဦးလေးတု၏စကားကိုကြားမှ အဖိုးအိုချန်စန်ကသတိဝင်လာပြီး ဖြေးညင်းစွာခေါင်းညိမ့်ကာပြောလိုက်သည်။

" ငါတို့မတွေ့ရတာတောင် အနှစ်နှစ်ဆယ်ကျော်ပြီ။ မင်းရဲ့သိုင်းပညာလည်း အများကြီးတိုးတက်လာတာပဲ.. ။

မင်းကဇာတ်မြုပ်နေတာကြောင့် မင်းသတင်းကိုသိုင်းလောကထဲမှာမကြားရတော့တာကိုး....."

အဖိုးအိုချန်စန်၏လေသံကိုနားထောင်ခြင်းဖြင့် ဦးလေးတုကိုကောင်းစွာကျွမ်းနေဟန်တူပြီးအတော်လေးရင်းနှီးဟန်လည်းရသည်။

ထို့နောက် အဖိုးအိုချန်စန်ကဆက်ပြောလိုက်သည်။

" ဘာပဲဖြစ်ဖြစ်ပါ ငါတို့အတွက် လိုဏ်ဂူထဲကိုဝင်ဖို့က အရေးကြီးနေတယ်။ ဒီထဲကို မင်းက ဝင်ထွက်နိုင်တာဆိုတော့ မင်းငါတို့ကိုလိုက်မပို့နိုင်ဘူးလား ... ။

စိတ်ချပါ ငါတို့နည်းနည်းပါးပါးရှာဖွေပြီး ပြန်ထွက်မှာပါ...."

အဖိုးအိုချန်စန်၏လေသံက တောင်းဆို‌နေခြင်းနှင့်ဆင်တူပြီး သိုင်းလောကတွင် ကျော်ကြားလှသည့်သိုင်းဝိဇ္ဇာတစ်ယောက်က တစ်စုံတစ်ယောက်ကိုယခုလိုတောင်းဆိုသမှုပြုရသည်က အနည်းငယ်ထူးဆန်းနေသည် ။

သို့သော် ဦးလေးတုက သူ၏တောင်းဆိုမှုကို တုံ့ဆိုင်းခြင်းမရှိငြင်းပယ်လိုက်သည်။

" စိတ်မကောင်းစွာနဲ့ ကျုပ်တူညီတဲ့အဖြေကိုပေးရမှာပဲ။

ကျုပ်က သိုင်းလောကထဲကထွက်ခွာခဲ့ပြီးပါပြီ။ အရှုပ်အထွေးတွေကိုလုံးဝ ဝင်မပါတော့ဘူးလို့လည်းစိတ်ပိုင်းဖြတ်ထားပြီ...."

သူ၏လေသံထဲတွင် ခိုင်မာသည့်ဆုံးဖြတ်ချက်ကိုမြင်တွေ့နိုင်ရာ အဖိုးအိုချန်စန်ပင်ဆက်လက်တိုက်တွန်းခြင်းမရှိတော့ဘဲ ခေါင်းညိမ့်၍ပြောလိုက်သည်။

" ကောင်းပြီလေ မင်းက ဒီလိုဆိုတော့လည်း မင်းကိုဒုက္ခပေးမနေတော့ပါဘူး ..."

သူ၏လေသံက အနည်းငယ်စိတ်ပျက်သွားဟန်တူသော်လည်း ဦးလေးတုကတစ်စုံတစ်ရာပြောဆိုခြင်းမပြုပေ။

ထို့နောက်မှ များပြားလှသည့်လိုဏ်ဂူပေါက်များခွဲဖြာနေသည့် လိုဏ်ဂူတစ်ရာအတွင်း ငေးကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။

" ခင်ဗျားတို့လူနှစ်ယောက်ကိုလိုက်ရှာနေတာကျုပ်သိပြီးပါပြီ ။

ဒါပေမယ့် ဒီထဲကိုဝင်ပြီးအသက်ရှင်လျက်ပြန်ထွက်နိုင်ဖို့က အတော်လေးကံကောင်းမှပဲဖြစ်မယ်။

အင်း ဒါတောင် စားနပ်ရိက္ခာအပြည့်အစုံနဲ့ဝင်တဲ့လူတွေကိုပြောတာ။ ရေစီးနဲ့မျောပါပြီး ဘယ်အထိ ရောက်သွားမယ်လို့ခန့်မှန်းမရတဲ့လူတွေကတော့ အသက်ရှင်ဖို့မဖြစ်နိုင်သလောက်ပဲ ...."'

&&&

All Chapters