နှစ်ယောက်ထဲ
Vol. 4 Ch. 64
" အဟမ်း နတ်မိမယ်လေး မင်းသတိရလာတာ အတော်ကြာပြီလား...."
အချိန်အနည်းငယ်ကြာသည်အထိ သူတို့၏ကြားတွင်တိတ်ဆိတ်နေပြီး အခြေအနေကအနည်းငယ်ထူးဆန်းနေရာ ရှောင်ယောင်က စကားမရှိစကားရှာ၍မေးလိုက်သည်။
သူ၏မေးခွန်းကို မိန်းမပျိုလေးက ခေါင်းညိမ့်ကာပြန်ဖြေလိုက်သည်။
" အင်း ...."
သူမ၏တိုတောင်းသည့်အဖြေကြောင့် ရှောင်ယောင်၏မျက်နှာပင်အနည်းငယ်ပြောင်းလဲသွားပြီးမည်သို့စကားဆက်ရမှန်းမသိပင်ဖြစ်သွားသည်။
ပုံမှန်ဆိုလျှင် တည်ငြိမ်အေးဆေးလှသည့်ရှောင်ယောင်တစ်ယောက် မိန်းမပျိုလေးနှင့်နှစ်ဦးထဲရှိနေရာ ခေါင်းကုတ်ဖင်ကုတ်ဖြစ်နေပြီး မနေတတ်ပဲဖြစ်နေသည်။
" တုန်းဖန်းရှောင်ယောင်..."
မိန်းမပျိုလေးက သူ၏နာမည်ကိုအပြည့်အစုံခေါ်ဝေါ်နေကာ ထိုအချင်းအရာကြောင့် ရှောင်ယောင်လည်း မနေတတ်ဘဲဖြစ်နေသည်။
" အာ...ကျုပ်ကို ရှောင်ယောင်လို့ပဲခေါ်လို့ရပါတယ်....."
ရှောင်ယောင်က ထိုသို့ပြောလိုက်သော်လည်းမိန်းမပျိုလေး၏ကြည်လင်သည့်အကြည့်က သူ့ဆီသို့ရောက်ရှိလာပြီး အနိမ့်အမြင့်မရှိသည့်အသံကလေးဖြင့်ပြောလိုက်သည်။
" ဒါဆို ငါ့ကိုလည်း နတ်မိမယ်လေးလို့မခေါ်နဲ့ ငါ့နာမည်က လုံမိန်ချင်း ...."
သူမ၏အဖြေကြောင့် ရှောင်ယောင်လည်း နှုတ်ထဲတွင်စွဲနေသည့်အခေါ်အဝေါ်ကိုပြန်သတိထားမိကာ သူမအနေရခက်ကြောင်းသိလိုက်၍ ချက်ခြင်းခေါင်းညိမ့်ပြလိုက်သည်။
" ကောင်းပြီ မိန်ချင်း.. ကျုပ် မင်းကိုမိန်ချင်းလို့ခေါ်မယ်..."
ရှောင်ယောင်၏စကားကြောင့် မိန်းမပျိုလေး၏မျက်ဝန်းများကတောက်ပသွားပြီး သူမ၏နှုတ်မှခပ်တိုးတိုးစကားသံထွက်ပေါ်လာသည် ။
" မိန်ချင်း.....ကောင်းတယ်... "
မိန်းမပျိုလေး၏ပြိုင်ဘက်ကင်းသည့်မျက်နှာထက်၌ တုနှိုင်းမဲ့အပြုံးလေးထွက်ပေါ်လာရချိန်တွင် ရှောင်ယောင်တစ်ယောက် ငေးမောသွားရပြန်သည်။
သူမ၏အပြုံးကိုအစောပိုင်းကလည်းတွေ့မြင်ခဲ့ပြီးဖြစ်သည့်တိုင် မစားမသောက်ထိုင်ကြည့်လိုစိတ်ဖြစ်ပေါ်လာမိအောင် ထိုအပြုံးက လှပလွန်းသည်။
မိန်းမပျိုလေး၏သွင်ပြင်က လူ့လောကနှင့်ကင်းကွာသည့်နတ်ဘုရားမတစ်ပါးကဲ့သို့ဖြစ်သော်လည်း သူမ၏စိတ်ရင်းက နွေးထွေးဖြူစင်လှသည်ကို သူကောင်းစွာအကဲခပ်မိသည်။
ဤသည်က အပြင်ပန်းအေးစက်ပြီးစိတ်ထားကြင်နာနူးညံ့သည့်စီးတုယွမ်ချင်းနှင့်ပင်ဆင်တူလှသည်။
ရှောင်ယောင်လည်း ထိုအကြောင်းကိုတွေးမိချိန်တွင်မှ ကြွယ်ယန်တို့ကိုပြန်သတိရသွားကာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မိန်းမပျိုလေး၏ကိစ္စကြောင့် စိုးရိမ်ပူပန်စိတ်လွန်ကဲကာ မည်သူကိုမှအသိမပေးဘဲ တိတ်ဆိတ်စွာထွက်လာခဲ့သည်။
သူ့ကိုစိတ်မပူစေရန်စာတစ်စောင်ချန်ထားခဲ့သေးသော်လည်း သူတို့၏စရိုက်အရ သူ့ကိုလိုက်လံရှာဖွေမည်က သေချာသလောက်ရှိသည် ။
အထူးသဖြင့် သူ့ကိုလွန်စွာဂရုစိုက်ပြီး အစိုးရိမ်ကြီးသည့်စန်းဟုန်းလျန်နှင့် မတည့်အတူနေဟောင်ရန်တို့နှစ်ယောက်ဖြစ်သည်။
ရှောင်ယောင်၏မျက်နှာပြောင်းလဲသွားသည်ကိုမြင်တွေ့လိုက်၍ မိန်းမပျိုလေးကအနည်းငယ်ဝေခွဲမရဟန်ဖြင့်မေးလိုက်သည်။
" ပြဿနာတစ်ခုခုရှိလို့လား...."
သူမ၏မေးခွန်းကြောင့် ရှောင်ယောင်က ဖျော့တော့စွာပြုံးပြရင်း ပြန်ဖြေလိုက်သည်။
" ကျုပ်ရဲ့သူငယ်ချင်းတွေကို သတိရသွားလို့ပါ။ ကျုပ်ကိုလိုက်ရှာနေမလားလို့လေ .."
မည်သည့်အတွက် ထိုမိန်းမပျိုမေးသမျှကိုအမှန်အတိုင်းပြန်လည်ဖြေကြားနေမိသည်ကို သူကိုယ်တိုင်လည်း မသိတော့ပေ။
ရှောင်ယောင်၏အဖြေကြောင့် မိန်းမပျိုလေး၏မျက်နှာက မသိမသာညိုးကျသွားပြီး ညင်သာစွာစီးဆင်းနေသည့်မြစ်ရေကိုကြည့်လိုက်သည် ။
သူမ၏အမူအယာကိုအကဲခပ်ရခြင်းဖြင့်စိတ်မကောင်းစရာတစ်စုံတစ်ရာပြန်တွေးမိသည်ကိုရိပ်စားမိလိုက်သော်လည်း အတင်းအကြပ်မေးမြန်းခြင်းမပြုဘဲ တိတ်တိတ်နေလိုက်သည်။
သူတို့၏လက်ရှိဆက်ဆံရေးက အတော်လေးထူးဆန်းပြီး ရင်းနှီးသည့် အသိမိတ်ဆွေများဟုပြောဆို၍မရသလို သူစိမ်းများဟုလည်းမဆိုနိုင်ပေ။
သို့သော် ရှောင်ယောင်က မိန်းမပျိုလေးကိုချစ်မြတ်နိုးနေပြီး သူမအတွက် အန္တရာယ်ကြားကိုတုန့်ဆိုင်းခြင်းမရှိဝင်ရောက်ခဲ့သလို ခံစားချက်ကင်းမဲ့ဟန်တူသည့်မိန်းမပျိုလေးကလည်း ရှောင်ယောင့်ကို ထူးခြားသည့်ခံစားချက်တစ်ချို့ရှိဟန်တူသည်။
ဤသို့ဖြင့်အချိန်အနည်းငယ်ကြာအောင်တိတ်ဆိတ်နေကြပြီးမှ မိန်းမပျိုလေးက ကြည်လင်တောက်ပသည့်မျက်ဝန်းလေးများဖြင့်ကြည့်ရင်း ရှောင်ယောင့်ကိုပြောလိုက်သည်။
" ရှောင်ယောင် နင်က အတွင်းဒဏ်ရာပြန်မကုသဘူးလား...နင်လည်းဒဏ်ရာရထားသေးတယ်မလား ....."
သူမ၏စကားကြောင့် ရှောင်ယောင်လည်း အတွင်းဒဏ်ရာအနည်းငယ်ရရှိထားသည်ကိုပြန်သတိရသွားသည် ။
သို့သော် သူ၏ဒဏ်ရာများနှင့်နှိုင်းယှဉ်လျှင် ယမန်နေ့ညက သေလုမျောပါးဖြစ်ခဲ့သည့်မိန်းမပျိုလေးက ပို၍အခြေအနေဆိုးပြီး ရှောင်ယောင်လည်း သူမကိုစိုးရိမ်ပူပန်သည့်မျက်ဝန်းများဖြင့်ကြည့်ကာမေးလိုက်သည် ။
" ကျုပ်က အဆင်ပြေပါတယ်။ မင်းရော....အဆင်ပြေရဲ့လား ဒဏ်ရာတွေက နည်းတာမဟုတ်ဘူး....နေဦး ကျုပ်မှာ အနာကျက်ဆေးပါတယ်...."
ရှောင်ယောင်က ပြောပြောဆိုဆိုဖြင့် သူ၏အင်္ကျီအတွင်းရှိအနာကျက်ဆေးပုလင်းကိုရှာဖွေလိုက်သည့်တိုင်မတွေ့ရတော့ပေ။
သစ်သီးဝါရေတံခွန်အတွင်းခုန်ချပြီးနောက် ပြင်းထန်သည့်ရေစီးဖြင့်မျောပါကာ မိန်းမပျိုလေး၏သတိလစ်မေ့မျောနေသည့်ခန္တာကိုယ်ကိုလည်းသတိထားသယ်ဆောင်ရသေးသည်။
ထို့ကြောင့် သူ၏အဝတ်ထုပ်အပါအဝင်ကိုယ်ပေါ်ရှိပစ္စည်းများလည်းမကျန်ရှိတော့ဘဲ မည်သည့်နေရာသို့ရောက်ရှိနေမည်ကိုမှန်းဆမရတော့ပေ။
ရှောင်ယောင်၏အခက်ကြုံနေသည့်ပုံစံကြောင့် မိန်းမပျိုလေး၏မျက်ဝန်းထဲတွင်ပြုံးရိပ်သမ်းသွားပြီး ခေါင်းယမ်း၍ပြောလိုက်သည်။
" ငါက အဆင်ပြေပါတယ် ... ငါလေ့ကျင့်ထားတဲ့အတွင်းဒဏ်ရာက ဘယ်လောက်ပြင်းထန်တဲ့ဒဏ်ရာပဲဖြစ်ဖြစ် နေ့တစ်ဝက်အတွင်းမှာပြန်ကောင်းနိုင်တယ်။ အပြင်ပိုင်းဒဏ်ရာတွေလည်းအတူတူပဲ....."
မိန်းမပျိုလေးကပြောပြောဆိုဆိုဖြင့် သူမ၏ပခုံးမှအင်္ကျီစကိုလျောချလိုက်သည်။
နှင်းလိုဖြူဖွေးပြီးကျောက်စိမ်းလိုသန့်စင်သည့်အသားအရေက သူ၏ရှေ့တွင်ပေါ်ထွက်လာပြီးရှောင်ယောင်၏မျက်ဝန်းများပြူးကျယ်သွားလေသည် ။
နူးညံ့သည့်ပခုံးသားလေးများက လုံးဝန်းလျက်ရှိပြီး ဆွဲဆောင်မှုအားကောင်းလှသည့်ညှပ်ရိုးကလေးကလည်း ရှောင်ယောင်၏အာခေါင်ကိုခြောက်ကပ်သွားစေသည် ။
ထို့နောက်မှ သတိဝင်လာပြီး အလျှင်အမြန်မျက်လုံးမှိတ်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလိုက်သည် ။
" နတ်မိ.. မိန်ချင်း မင်းဘာလုပ်နေတာလဲ....."
ရှောင်ယောင်က ပြောင်းတိပြောင်းပြန်ရှက်ရွံ့နေ၍ မိန်းမပျိုလေးကခေါင်းယမ်းလိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
" မနေ့ညက ရခဲ့တဲ့ဒဏ်ရာတွေကိုပြနေတာ...."
ထိုအခါမှ ရှောင်ယောင်လည်း မျက်လုံးကိုဖြေးညင်းစွာဖွင့်ကြည့်လိုက်သည့်အခါ သူမ၏ရင်အစုံကိုတင်းကြပ်စွာစည်းနှောင်ထားသည့်အဖြူရောင်ပိတ်စများကိုတွေ့မြင်လိုက်ရပြီး ခါးနားအထိရောက်ရှိနေသည်ကိုတွေ့ရပေသည်။
သို့သော် ဖြူဝင်းချောမွှတ်ပြီးသန့်စင်သည့်အသားအရေက အခွံခွာစဘဲဥလေးလိုလွန်စွာနူးညံဟန်တူပြီး သေးကျဉ်းသည့်ခါးလေးက ထွာဆိုင်မျှသာရှိပေမည် ။
သို့သော် သူမ၏ပခုံးနှင့်နံဘေးနေရာများတွင် သွေးစွန်းနေသညိ့ ဓားဒဏ်ရာများရှိနေပြီး ရေဖြင့်ဆေးကြောထားသည်ကိုလည်းတွေ့ရသည်။
ထိုဒဏ်ရာများကိုမြင်မှ ရှောင်ယောင်၏စိတ်ထဲတွင် သူမကိုသတ်ဖြတ်ရန်ကြိုးစားခဲ့သည့်အဖိုးအိုချန်စန်တို့ကို ဒေါသပြင်းစွာထွက်သွားမိသည်။
သူ၏တင်းမာသည့်အမူအာာကိုအကဲခပ်မိ၍ မိန်းမပျိုလေးက ညင်သာစွာပြောလိုက်သည်။
" ငါလေ့ကျင့်ထားတဲ့ အတွင်းအားကျင့်စဉ်က သန့်စင်ယင် ကျောက်စိမ်းအတွင်းအားလို့ခေါ်တယ်။
သူက အတွင်းအပြင်ဒဏ်ရာမှန်သမျှကို လျှင်လျှင်မြန်မြန်ပျောက်ကင်းစေနိုင်တဲ့အပြင် ရုပ်ရည်အိုမင်းရင့်ရော်တာကိုပါနှေးကွေးစေတယ်....."
သူမ၏စကားကိုကြားမှ ရှောင်ယောင်လည်း မိန်းမပျို၏ကိုယ်ပေါ်ရှိဒဏ်ရာများကိုအသေအချာပြန်ကြည့်လိုက်မိကာလွန်စွာအံ့အားသင့်သွား၏။
ယခုနှစ်ရက်သုံးရက်အတွင်း အဖိုးအိုချန်စန်၊ ချောင်ဖေးဟုန်နှင့်ထန်ချင်းရှန်တို့၏အဆက်မပြက်လိုက်လံတိုက်ခိုက်မှုများကြောင့် မိန်းမပျိုလေးမှာ ဒဏ်ရာသုံးလေးခုထက်မနည်းရရှိခဲ့သည့်အပြင် ညက ဓားဒဏ်ရာကြီးနှစ်ခုရခဲ့သည် ။
ထို့အပြင် အတွင်းအားအသုံးပြတိုင်း မကြာခဏသွေးများအန်ထုတ်ရေပြီး အတွင်းဒဏ်ရာပြင်းစွာရရှိထားဟန်တူသည့်သူမ၏အခြေအနေက သေဆုံးတော့မည့်လူတစ်ယောက်ဟုပင်ထင်ရသည်။
ယခု မည်သည့်ဆေးဝါးမှ မှီဝဲရခြင်းမရှိဘဲ သူမ၏ကိုယ်ပေါ်ရှိဒဏ်ရာများက ကျက်စပြုနေပြီး နောက်သုံးလေးရက်ဆိုလျှင်လုံးဝပျောက်ကင်းမည်ဖြစ်ရာ ရှောင်ယောင်၏စိတ်ထဲတွင် ထိုမျှထူးခြားလှသည့်အတွင်းအားကျင့်စဉ်ကိုမယုံကြည်နိုင်လောက်အောင်ဖြစ်နေမိ၏။
" ဒါဆိုရင် မင်းရဲ့အတွင်းဒဏ်ရာကရော....."
ရှောင်ယောင်၏နောက်ထပ်မေးခွန်းက မိန်းမပျိုလေး၏အမူအယာကိုအနည်းငယ်ပြောင်းလဲသွားစေသော်လည်း သူမ၏ပင်ကိုယ်မျက်နှာကပင် ခပ်တည်တည်ကလေးဖြစ်ရာ ထိုပြောင်းလဲမှူကို ရှောင်ယောင်တစ်ယောက် သတိမထားလိုက်မိပေ။
" အတွင်းဒဏ်ရာကလည်း ဒီနေ့ညနေလောက်ဆိုပျောက်ပြီ။ ဒါကြောင့် နင့်ကိုပြန်ပြီးကုသခိုင်းနေတာ။ ပြီးရင် ငါတို့ထွက်ပေါက်ကိုပြန်ရှာရအောင်....."
မိန်းမပျိုလေးက သူမ၏ဝတ်စုံကိုပြန်လည်ဝတ်ဆင်ရင်း တည်ငြိမ်စွာပြောလိုက်သည်။
သူတို့နှစ်ယောက်ကထူးခြားသည့်ဆက်ဆံရေးရှိသော်လည်းမည်သို့အမည်တပ်ရမည်မသိဘဲရှောင်ယောင်လည်း မိန်းမပျိုလေး၏မျက်နှာကိုအကဲခပ်ပြီးမှ ဖြေးညင်းစွာမေးလိုက်သည်။
" မိန်ချင်း....မင်းက သိုင်းမဟာမိတ်နဲ့ချန်ချင်းဂိုဏ်းကို ပြန်ပြီးလက်စားချေမှဖြစ်မှာလား ....."
ရှောင်ယောင်၏မေးခွန်းကြောင့် မိန်းမပျိုလေး၏ပုံစံအနည်းငယ်တွေဝေသွားဟန်တူသော်လည်း သူ၏အကြည့်ကိုထိတ်တိုက်ရင်မဆိုင်ဘဲဘေးသို့ရှောင်လွှဲကာ အေးစက်စွာပြောလိုက်သည်။
" လွန်ခဲ့တဲ့ဆယ်နှစ်ကလည်း သူတို့ငါ့ကိုသေလုနီးပါးဖြစ်အောင်လုပ်ခဲ့ကြတယ် ။
အခုလည်း ငါ့ကိုမသေမချင်းလိုက်သတ်ခဲ့ကြသေးတယ်။ ပြောစမ်းပါဦး ဒီလိုအခြေအနေမှာ ငါဘယ်လိုနေရမှာလဲ....."
သူမ၏လေသံက ပုံမှန်ထက်များစွာအေးစက်နေသလို ကြည်လင်တောက်ပသည့်မျက်ဝန်းလေးများထဲတွင် သတ်ဖြတ်လိုစိတ်များရှိနေသည်။
မိန်းမပျိုလေး၏အေးစက်တင်းမာသည့်အမူအယာကြောင့် ရှောင်ယောင်လည်း တစ်စူံတစ်ရာထပ်မံပြောဆိုခြင်းမပြုတော့ဘဲ သက်ပြင်းတစ်ချက်သာချလိုက်မိသညိ။
:&&&