← Chapters

ခေါင်းကိုက်စေသည့်ပြဿနာ

Vol. 4 Ch. 65

ခေါင်းကိုက်စေသည့်ပြဿနာ

Vol. 4 Ch. 65

ညနေစောင်း....

သားရဲတစ်ရာတောအုပ်ထဲတွင် များစွာသောသစ်ပင်ကြီးများကြောင့် နေရောင်ကောင်းစွာမရတော့ဘဲ အုံ့မှိုင်းလျက်ရှိသည်။

လူကြီးတစ်ယောက်၏နှစ်ဖက်ခန့်ရှိမည့်ညောင်ပင်ကြီးတစ်ပင်အောက်တွင် များစွာသောသိုင်းသမားများစုရုံးနေကြကာ သူတို့၏မျက်နှာများကား မသာမယာဖြစ်နေသည် ။

ထိုသိုင်းသမားများကား မိစ္ဆာနှိမ်နင်းရေးမဟာမိတ်နှင့်သိုင်းမဟာမိတ်မှလူများသာဖြစ်ပြီး မူလက ခုနစ်ရာကျော်ရှစ်ရာခန့်ရှိမည့်လူအုပ်ကြီးမှာ ယခုအခါ ငါးရာပင်မပြည့်တော့ပေ။

ဤသည်က ရက်စက်ကြမ်းကြုတ်ပြီးအစွမ်းထက်လှသည့်မိစ္ဆာဓားသမား၏လက်ချက်ကြောင့်ဖြစ်ကာ ယခု သုံးလေးရက်အတွင်း မိစ္ဆာဓားသမားကိုအမဲလိုက်ရင်းသူတို့ထဲမှသုံးပုံတစ်ပုံခန်သေဆုံးခဲ့ရသည်။

မူလက ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများ၊ သိုင်းမဟာမိတ်မှခေါင်းဆောင်များနှင့် ကျော်ကြားသည့်သိုင်းဝိဇ္ဇာများ၏အကူအညီဖြင့် မိစ္ဆာဓားသမားကိုလွယ်ကူစွာနှိမ်နင်းနိုင်မည်ဟုထင်မှတ်ခဲ့ကြသည်။

အမှန်တရားကိုသိလိုက်ရချိန်တွင်ကား သူတို့အားလုံး သေလုမတတ်ကြောက်လန့်သွားကြကာ သူတို့အမဲလိုက်နေသည့်လူက အားနည်းသည့်ယုန်တစ်ကောင်မဟုတ်ဘဲ အသားစားကြူးသည့်ကျားရဲတစ်ကောင်ဖြစ်သည်ကိုသိလိုက်ကြရသည် ။

မိစ္ဆာဓားသမားက သားရဲတစ်ရာတောအုပ်အတွင်းဝင်ရောက်ရှောင်တိမ်းခြင်းမှာ သူ့အကြံအစည်နှင့်သူဖြစ်ပေသည် ။

လွန်စွာကြီးမားလှသည့်ဤတောအုပ်ကြီးထဲတွင်လူတစ်ယောက်ကိုရှာဖွေရန်က ကောက်ရိုးပုံထဲတွင်အပ်ပျောက်ရှာရသည်ထက်ပို၍ခက်ခဲ့သေး၏။

ထို့ကြောင့်မိစ္ဆာနှိမ်နင်းရေးမဟာမိတ်မှသိုင်းဝိဇ္ဇာများက အုပ်စုများစွာခွဲကာ မိစ္ဆာဓားသမားကိုလူဖြန့်ရှာဖွေခဲ့ကြပြီး မိစ္ဆာဓားသမားကိုတွေ့ရှိလျှင်လည်း လွယ်ကူစွာအချက်ပေးနိုင်ရန် မီးကျည်များကိုပင်ပြင်ဆင်ခဲ့ကြသည် ။

သို့သော် မိစ္ဆာဓားသမား၏သိုင်းပညာက သူတို့မျှော်လင့်ထားသည်ထက်ပို၍ကြောက်မက်ဖွယ်ကောင်းနေကာ တစ္ဆေသရဲတစ်ကောင်လိုလှုပ်ရှားနိုင်သည့် အံ့မခန်းကိုယ်ဖော့ပညာက ရေထဲမှငါးတစ်ကောင်လို တောအုပ်ထဲတွင်ပေါ်လိုက်ပျောက်လိုက်လှုပ်ရှားနိုင်သည်။

အကျိုးဆက်အနေဖြင့် သိုင်းဝိဇ္ဇာများဦးဆောင်သည့်အဖွဲ့လေးခုမှလွဲ၍ ကျန်အဖွဲ့များခြုံခိုတိုက်ခိုက်ခြင်းခံခဲ့ရကာ အများစုမှာ အချက်ပေးမီးကျည်ကိုပင်ပစ်လွှတ်ချိန်မရမီ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်၏။

သုံးလေးရက်အတွင်း မိစ္ဆာဓားသမား၏လက်ချက်ကြောင့်သတ်ဖြတ်ခံရသူအရေအတွက်က သုံးရာကျော်ခန့်ရှိပြီး အများစုက ဓားတစ်ချက်စီဖြင့်ရက်စက်စွာသတ်ဖြတ်ခံရခြင်းဖြစ်သည် ။

သိုင်းမဟာမိတ်မှခေါင်းဆောင်ခုနစ်ယောက်ပါဝင်သည့်အဖွဲ့ပင်မိစ္ဆာဓားသမားကိုမဟန့်တားနိုင်ဘဲ အချက်ပေးမီးကျည်ပစ်လွှတ်ကာ အနီးအနားရှိ ဆရာတော်ခုံးယင်တို့အဖွဲ့ရောက်ရှိလာခြင်းကြောင်းသာမဟုတ်ပါက ဟဲလောင်ချန်းဦးဆောင်သည့်အဖွဲ့တစ်ခုလုံးသုတ်သင်ခံရချေရှိသည်။

ထိုဖြစ်ရပ်ပြီးနောက်တွင် ယခုပုံစံအတိုင်းဆက်သွား၍ဖြစ်တော့သည်ကိုသိရှိလိုက်သည့်အတွက် မိစ္ဆာဓားသမားကိုနည်းဗျူဟာတစ်မျိုးပြောင်း၍ရင်ဆိုင်ရန် ဆွေးနွေးနေကြခြင်းဖြစ်၏။

" ဒီတိုင်းဆိုရင် ဘာအကြံမှရေရေရာရာမထွက်ဘဲ ကျုပ်တို့လူတွေပဲတဖြုတ်ဖြုတ်အသတ်ခံရလိမ့်မယ်။ ခင်ဗျားတို့ဘာမှမကြံစည်တတ်တော့ဘူးလား....."

ဝူတန်းဂိုဏ်းမှအကြီးအကဲချန်းရှောက် အနည်းငယ်တင်းမာသည့်ပုံစံဖြင့်မေးလိုက်သည်။

မိစ္ဆာဓားသမား၏လက်ချက်ကြောင့် သတ်ဖြတ်ခံရသူများထဲတွင် သိုင်းမဟာမိတ်မှလူများ၊ အခြားသိုင်း‌လောပသားများသာမက မိစ္ဆာနှိမ်နင်းရေးအဖွဲ့သို့ဝင်ရောက်ထားသည့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှလူများလည်းပါဝင်ကြသည် ။

သုံးလေးရက်အတွင်လူသုံးရာကျော်သတ်ဖြတ်ခံရခြင်းက လွန်စွာတုန်လှုပ်ဖွယ်ကောင်းသည့်ကိစ္စရပ်ကြီးဖြစ်ကာ ထိုသတင်းကိုသိုင်းလောကတွင်းမပြန့်စေရန်အတတ်နိုင်ဆုံးထိမ်းချုပ်ထားရသည်။

အကြီးအကဲချန်းရှောက်နှင့်အတူ ဆရာတော်ခုံးယင်တို့လို ဂိုဏ်းကြီး‌ခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများသာမက စန်းဟုန်းလျန်နှင့်စီးတုမင်လိုကျော်ကြားသည့်သိုင်းဝိဇ္ဇာများအပြင် သိုင်းမဟာမိတ်မှခေါင်းဆောင်ခုနစ်ယောက်လည်းရှိနေသည်။

ထိုအင်အားဖြင့်ဆိုလျှင် သိုင်းလောကကိုအုပ်စိုးနိုင်ရန်လုံလောက်သည်ဟုဆိုနိုင်သော်လည်း လက်တွေ့တွင်မိစ္ဆာဓားသမားတစ်ဦးထဲကိုဖမ်းဆီးသတ်ဖြတ်နိုင်ခြင်းမရှိသေးပေ။

မိစ္ဆာဓားသမားကလည်း ဦးနှောက်ကင်းမဲ့သည့်လူသတ်သမားတစ်ဦးမဟုတ်ဘဲ အစီအစဉ်ချကာလှုပ်ရှားသည့်သွေးအေးလူသတ်သမားတစ်ဦးဖြစ်သည်။

ထို့ကြောင့်ပင် သိုင်းဝိဇ္ဇာများဦးဆောင်သည့်အဖွဲ့များမှလွဲ၍ ကျန်အဖွဲ့အားလုံးသုတ်သင်ခံရခြင်းဖြစ်သည်။

" ကျုပ်တို့ မိသားစုကခေါင်းဆောင်တွေကို အကူအညီတောင်းကြည့်ရမလား....."

ဖြူဖျော့နေသည့်မျက်နှာဖြင့် မိုးကြိုးနတ်ဓားဂိုဏ်းမှဝေ့မင်းကပြောလိုက်သည်။

သိုင်းမဟာမိတ်၏သခင်ဆယ်ပါးတွင်ပါဝင်သည့်အပြင် သိုင်း‌လောကထဲတွင်ကျော်ကြားသည့်သိုင်းထိပ်သီးတစ်ယောက်ဖြစ်သည့် ဝေ့မင်းကားဘယ်ဘက်လက်ကောက်ဝတ်နေရာမှတုံးတိဖြစ်နေသည်။

သူ၏လက်ကောက်ဝတ်က လောလောလက်လက်ဖြတ်ချခံရထားခြင်းဖြစ်ပြီး တင်းကြပ်စွာစည်းနှောင်ထားသည့်ပတ်တီးများကြားမှ သွေးစများစိမ့်ထွက်နေသေးသည်။

ဝေ့မင်း၏လက်တစ်ဖက်ကိုဖြတ်တောက်ခဲ့သူက မိစ္ဆာဓားသမားမှလွဲ၍အခြားမဟုတ်ဘဲ ကျန်ခေါင်းဆောင်ခြောက်ယောက်လည်း ပြင်းထန်သည့်ဒဏ်ရာကိုယ်စီရရှိထားကြသည်။

သူတို့ထဲတွင်အစွမ်းအထက်ဆုံးဖြစ်သည့်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိသူ ဟဲ‌လောင်ချန်ပင် မိစ္ဆာဓားသမားကိုမဟန့်တားနိုင်ဘဲ ဆရာတော်ခုံးယင်တို့သာအနည်းငယ်နောက်ကျသွားပါကသူတို့အားလုံးသတ်ဖြတ်ခံရနိုင်ချေရှိသည် ။

ထို့ကြောင့် ဝေ့မင်းတို့မှာ မိစ္ဆာဓားသမားကိုမုန်းတီးဒေါသထွက်နေကြသလို ကြောက်လန့်တုန်လှုပ်သည့်စိတ်များလည်းရှိနေကြပေသည်။

" မလိုသေးပါဘူး မိစ္ဆာဓားသမားကိုသတ်ဖြတ်နိုင်ဖို့ ရှိရှိသမျှသိုင်းဝိဇ္ဇာတွေပေါင်းစည်းရတယ်ဆိုရင် လူကြားလို့မှမကောင်း....."

ဝါဆန်းဂိုဏ်းမှအကြီးအကဲက ဝေမင်း၏စကားကိုငြင်းပယ်လိုက်သည် ။

ထိုအခါ ဝေ့မင်း၏ဘေးရှိနန်ကုန်းမိသားစုမှ နန်ကုန်းယန်ကဒေါသထွက်သည့်လေသံဖြင့် ထပြောလိုက်သည် ။

" ဒါဆိုရင် တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရတဲ့အထိစောင့်နေရမှာလား ခင်ဗျားတို့ကရော သူ့ကိုအနိုင်ယူသတ်ဖြတ်နိုင်လို့လား....."

နန်ကုန်းယန်သည်လည်း ဝေ့မင်းနှင့်ထူးမခြားနားဖြစ်ပြီး ညာဘက်ပခုံးကိုထုတ်ချင်းပေါက်အောင်တိုက်ခိုက်ခံထားရသည့်ဒဏ်ရာကြောင့် အခြေအနေများစွာကောင်းမွန်ခြင်းမရှိပေဘ။

သိုင်းမဟာမိတ်အဖွဲ့သားများကိုခေါင်းဆောင်ရန်တာဝန်သာရှိ‌မနေပါက သူတို့အားလုံးစိတ်ပျက်စရာကောင်းလှသည့်ဤနေရာကြီးမှအမြန်ဆုံးထွက်သွားပြီးဖြစ်ပေမည်။

ထိုစဉ်ကမဖြစ်အပျက်ကို သူတို့၏စိတ်ထဲတွင်စွဲမြဲနေကြဆဲဖြစ်သည် ။

အသက်သုံးဆယ်ပင်မပြည့်သေးဘဲ လူငယ်မျိုးဆက်တစ်ဦးသာဖြစ်သည့် မိစ္ဆာဓားသမားက လူနှစ်ရာနီးပါးရှိမည့်သူတို့လူစုထဲသို့မကြောက်မရွံ့ဝင်လာကာ သူတို့ခေါင်းဆောင်ခုနစ်ယောက်ကိုအဓိကထားတိုက်ခိုက်ခဲ့သည် ။

ထိုတိုက်ပွဲတွင် သူတို့ခုနစ်ယောက်လုံးအစွမ်းရှိသမျှတိုက်ခိုက်ခဲ့ကြသည့်တိုင် မိစ္ဆာဓားသမားကိုဟန့်တားနိုင်ခြင်းမရှိဘဲ အားလုံးသေလုမျောပါးအခြေအနေသို့ပင်ဆိုက်ရောက်ခဲ့ကြ၏ ။

တစ်ဖန် ဆရာတော်ခုံးယင်နှင့်အကြီးအကဲချန်းရှောက်တို့အကူအညီရောက်ရှိလာသည့်အခါတွင်လည်း သူတို့နှစ်ယောက်၏ပူးပေါင်းတိုက်ခိုက်မှုအောက်မှမိစ္ဆာဓားသမားက ဒဏ်ရာပင်မရဘဲဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ထို့ကြောင့် တိုက်ပွဲပြီးနောက်တွင်သိုင်းမဟာမိတ်မှအဖွဲ့သားများမဆိုထားနှင့်သူတို့လိုခေါငိးဆောင်များ၏စိတ်ထဲတွင်ပင် ကြောက်လန့်စိတ်ကရှိနေကြသည်။

ယခုကိစ္စများကို သူတို့၏နောက်ခံအင်အားစုများထံသို့အကူအညီ‌တောင်ရန် ကြံစည်နေသည်က ဝေ့မင်းတစ်ဦးထဲမဟုတ်ပေ။

သို့သော် သူတို့၏ဂုဏ်သိက္ခာကျဆင်းမည်ကိုစိုးရိမ်နေကြသည့် ထိုသိုင်းဝိဇ္ဇာများကြောင့် နန်ကုန်းယန်တို့လူစုမှာ ယဉ်ယဉ်ကျေးကျေးပင်မပြောနိုင်တော့ဘဲ ဒေါသထွက်လာကြသည်။

" ခေါင်းဆောင်နန်ကုန်း မင်းက ဘာကိုပြောချင်တာလဲ....."

ဝါဆန်းဂိုဏ်းမှအကြီးအကဲ၏လေသံကအနည်းငယ်မာကျောလာပြီး သူ၏မျက်နှာကလည်းအေးစက်သွားသည်။

မကောင်းသည့်ဖြစ်ရပ်များဆက်တိုက်ဖြစ်ပျက်ပြီးနောက်တွင် နန်ကုန်းယန်တို့က သူတို့ကိုများစွာလေးစားမှုမရှိတော့ခြင်းက အကြီးအကဲကို‌လည်းဒေါသထွက်စေသည်။

နှစ်ဘက်အခြေအနေများတင်းမာလာသည်ကိုမြင်တွေ့ရသည့်အတွက် တေလေဂိုဏ်းမှ အဖိုးအိုကျန်းက ဝင်ဖျန်ဖြေပေးလိုက်သည်။

" အကြီးအကဲလည်း စိတ်လျော့ပါ... ခေါင်းဆောင်နန်ကုန်း မင်းရဲ့စကားကိုဆင်ခြင်ပါ ..."

အဖိုးအိုကျန်း၏စကားကြောင့် ဝါဆန်းဂိုဏ်းမှအကြီးအကဲက နှာခေါင်းတစ်ချက်ရှုံ့လိုက်သလို နန်ကုန်းယန်ကလည်း မျက်နှာလွဲသွားသည်။

ဒေါသထွက်နေသည့် နန်းကုန်းယန်ကိုတစ်ချက်ကြည့်လိုက်ပြီး ဟဲလောင်ချန်းက ဝင်ပြောလိုက်သည်။

" ဆရာကြီးကျန်း ခင်ဗျားတို့ဘယ်လိုဆက်လုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြောပါဦး....ဒီအတိုင်းသာဆက်သွားနေရင် ကျုပ်တို့ဆက်နေနိုင်မှာမဟုတ်ဘူး...."

ဟဲလောင်ချန်၏‌စကားက ယဉ်ကျေးဟန်တူသော်လည်း အဖိုးအိုကျန်းတို့ကိုဖိအားပေးနေခြင်းဖြစ်သည် ။

ထိုသိုင်းဝိဇ္ဇာများ၏ဦးဆောင်မှုကြောင့် သူတို့‌ခုနစ်ယောက်နှင့် သိုင်းမဟာမိတ်မှလက်ရွေးစင်သုံးရာကျော်လိုက်ပါလာခြင်းဖြစ်သည်။

ယခု သူတို့ခေါင်းဆောင်ခုနစ်ယောက်လုံး ဒဏ်ရာအပြင်းအထန်ရရှိထားကြသည့်အပြင် လက်ရွေးစင်အဖွဲ့သားများလည်းတစ်ဝက်နီးပါးသတ်ဖြတ်ခံထားရသည့်အတွက် ဆုံးရှုံးမှုက အတော်လေးကြီးမားသည်ဟုဆိုရပေမည်။

လက်ရှိအငြင်းပွားမှုက သူတို့၏နောက်ခံအင်အားစုများဆီသို့သတင်းပို့၍အကူအညီတောင်းလိုသည့် သိုင်းမဟာမိတ်ခေါင်းဆောင်များနှင့် သူတို့၏ဂုဏ်သိက္ခာကျဆင်းမည်စိုး၍ အကူအညီတောင်းမည်ကိုကန့်ကွက်နေသည့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများကြားတွင်ဖြစ်သည်။

သူတို့နှစ်ဖွဲ့ငြင်းခုန်နေကြသည်ကိုစကားတစ်ခွန်းမှမဆိုဘဲခပ်လှမ်းလှမ်းမှရပ်ကြည့်နေသည်က စီးတုမင်၊ စန်းဟုန်းလျန်နှင့် လက်ကိုးချောင်းရသေ့၊ လေဘုရင်တို့ဖြစ်ကြသည် ။

မူလက မိစ္ဆာနှိမ်နင်းရေးအဖွဲ့ကိုကူညီသည့်ပြင်ပသိုင်းဝိဇ္ဇာများက စီးတုမင်နှင့်စန်းဟုန်းလျန်တို့နှစ်သာဖြစ်သော်လည်း ထိုသတင်းကိုကြားပြီး‌နောက် လက်ကိုးချောင်းရသေ့နှင့် လေဘုရင်တို့ပါရှေ့ဆင့်နောက်ဆင့်ရောက်ရှိလာကြသည်။

ထို့ကြောင့် နာမည်ကြီးနဂါးခုနစ်ကောင်မှလေးယောက်အထိရောက်ရှိနေကြပြီဖြစ်ကာ ဂိုဏ်းကြီး‌ခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများကိုပေါင်းလျှင် ဤအင်အားစုရှိသိုင်းဝိဇ္ဇာအရေအတွက်ကပင်ဆယ်ယောက်အထိရှိနေပြီဖြစ်သည်။။

သို့သော် မိစ္ဆာဓားသမား၏ကိုယ်ဖော့ပညာကလွန်စွာကောင်းမွန်လှပြီး သားရဲတစ်ရာတောအုပ်ကြီးကလည်းကြီးမားကျယ်ပြန့်လှရာ လေဘုရင်လို သိုင်းလောကထိပ်တန်းကိုယ်ဖော့ပညာရှင်တစ်ဦးပင် မိစ္ဆာဓားသမားကိုဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပေ။

" အင်း....ငါတို့ဒီကိုလာတာ သူတို့ငြင်းခုန်တာကြည့်ဖိူ့ဖြစ်နေပြီ....."

လေဘုရင်ကဟာသနှော၍ပြောလိုက်သော်လည်းကျန်လူများမှာရယ်မောလိုစိတ်မရှိကြဘဲ စီးတုမင်ကပြောလိုက်သည်။

" ခင်ဗျားရဲ့ကိုယ်ဖော့ပညာနဲ့တောင် မိစ္ဆာဓားသမားကိုလိုက်မမှီနိုင်ဘူးလား....ဒီရက်တွေထဲမှာ သူ့လက်ထဲသေသွားကြတဲ့လူတွေအများကြီးရှိနေပြီ ...."

စူးစမ်းလိုစိတ်ဖြင့်ရောက်ရှိလာသည့်လေဘုရင်တို့နှင့်ခြားနားစွာစန်းဟုန်းလျန်နှင့်စီးတုမင်တိူ့က မိစ္ဆာနှိမ်နင်းရေးမဟာမိတ်ကိုကူညီရန်ဆုံးဖြတ်ထားကြပြီးဖြစ်၍ ယခုလိုလူများစွာသေဆုံးနေရသည်ကို သည်အတိုင်းကြည့်မနေနိုင်ပေ။

သို့သော် မိစ္ဆာဓားသမားက ပါးနပ်ဉာဏ်များပြီး သိုင်းဝိဇ္ဇာများကိူတွေ့လျှင်ချက်ခြင်းတိမ်းရှောင်သွားတတ်ရာမည်သို့မှဖမ်းဆီးနိုင်ခြင်းမရှိဘဲဖြစ်နေသည်။

" ကျုပ်လည်းမတတ်နိုင်ဘူး.... ကျုပ်ပြောရင် မင်းတို့ယုံချင်မှယုံမှာ အဲဒီလူငယ်ရဲ့ကိုယ်ဖော့ပညာကကျုပ်နဲ့မတိမ်းမယိမ်းအဆင့်ရှိတယ်။ သူကတောင်သာရင်သာနိုင်တယ်....."

လေဘုရင်က မိစ္ဆာဓားသမားကိုတစ်ကြိမ်ရင်ဆိုင်ဖူးပြီး တိုက်ခိုက်ရခြင်းမရှိသေးမီ ထိုလူငယ်က ထွက်ပြေးပျောက်ကွယ်သွားခြင်းဖြစ်၏။

လေဘုရင်လိုကိုယ်ဖော့ပညာကောင်းမွန်လှသူတစ်ဦးပင် ယခုလိုပြောဆိုနေသည့်အတွက်စီးတုမင်တို့လည်းနည်းလမ်းမရှိဘဲဖြစ်နေကြသည်။

&&&&

All Chapters