← Chapters

အတင်းအကြပ်

Vol. 4 Ch. 68

အတင်းအကြပ်

Vol. 4 Ch. 68

လူငယ်၏ရှုပ်ထွေးသည့်ပုံစံကြောင့် မိန်းမလှလေးက နာကျဉ်းစွာပြုံးလိုက်ပြီး အေးစက်စက်အသံဖြင့်တုန့်ပြန်လိုက်သည်။

" နင်ဖြစ်နေလို့ကို ငါကသ‌ဘောမကျတာ သိပြီလား...။ အခုလို ငါ့ကိုအတင်းအကြပ်ဖမ်းခေါ်လာတော့ နင့်ကိုပိုပြီးတော့တောင် ရွံရှာသေးတယ် ။

သတ္တိရှိရင် ငါ့ကိုဖြေဆေးပေးပြီး ငါနဲ့သူသေကိုယ်သေတိုက်စမ်း ။ မိန်းမလိုမိန်းမရ ကောင်ရဲ့ ...."

မိန်းမလှလေး၏စကားများကလွန်စွာပြင်းထန်လှပြီး အခန်းထောင့်ရှိအစေခံမလေး၏မျကိနှာကိုပင်ပျက်ယွင်းသွားစေသည်။

သို့သော် လူငယ်၏အပြုံးကတစ်ချက်ကလေးမှပြောင်းလဲခြင်းမရှိဘဲ ခေါင်းယမ်း၍ထရပ်ကာပြောလိုက်သည်။

" ကောင်းပါပြီ နင့်မှာငါ့ကိုမုန်းပိုင်ခွင့်ရှိပါတယ် ။ ဒါပေမယ့် အခု အစားအသောက်လေးဘာလေးဦး ။ နင်ဘာကြိုက်လဲငါပြင်ဆင်ခိုင်းလိုက်မယ်...."

လူငယ်၏လေသံက နူးညံ့ညင်သာသော်လည်းမိန်းမလှလေးက သူနှင့်ဆက်ပြောလိူစိတ်မရှိတော့ဘဲ တစ်ဖက်သို့လှည့်ကာ ပါးစပ်ပိတ်နေတော့သည်။

သူမ၏လုပ်ရပ်ကြောင့် လူငယ်၏အပြုံးကပျောက်ကွယ်သွားပြီး သူ၏မျက်နှာထက်၌ အေးစက်စက်အမူအယာတစ်ခုဖြစ်ပေါ်လာသည်။

" ရှန်းရှန်း နင် တကယ်အစားမစားဘူးလား ..."

လူငယ်၏လေသံကသိသိသာသာမာကျောလာသော်လည်းမိန်းမပျိုလေးက ဂရုမစိုက်ဘဲတစ်ဖက်သို့စောင်းငဲ့ကြည့်ခြင်းပင်မရှိပေ။

သူမ၏ပုံစံက လူငယ်ပြောဆိုသမျှကိုမျက်စေ့စုံမှိတ်ငြင်းပယ်မည့်ဟန်တူပြီး ထိုအဖြစ်ကြောင့်လူငယ်က ခေါင်းတညိမ့်ညိမ့်ဖြင့် ရေရွတ်လိုက်သည်။

" ကောင်းတယ် နင်မစားရင်လည်းရတယ်။ နင့်ကိုအရမ်းကြီးတွန်းအားမပေးပါဘူး။ ဒါပေမယ့်....."

လူငယ်၏အေးစက်သည့်အကြည့်က အခန်းထောင့်တွင်ငြိမ်ကုတ်နေသည့်အစေခံမလေးဆီသို့ရောက်ရှိလာပြီး တစ်လုံးချင်းပြောလိုက်သည်။

" မင်းအစားမစားတဲ့တစ်ရက်ကို အစေခံတစ်‌ယောက်သတ်ပစ်မယ်....."

လူငယ်၏အေးစက်မာကျောသည့်စကားအဆုံးတွင် အစေခံမလေးက ခွေခနဲလဲကျသွားပြီး ဖြူဖျော့နေသည့်မျက်နှာဖြင့် မိန်းမလှလေးကိုကြည့်ကာပြောလိုက်သည်။

" သခင်မလေး ...ကျေးဇူးပြုပြီး ကျမအသက်ကိုကယ်ပါ....."

သူတို့၏သခင်လေးက အမြဲလိုလိုပြုံးနေသည့်မျက်နှာဖြင့်နွေးထွေးကြင်နာဟန်တူသော်လည်း အပြုံးမျက်နှာအောက်တွင် အေးစက်ပြီးအကြင်နာမဲ့သည့်နှလုံးသာတစ်ခုရှိနေသည်ကို အစေခံမလေးကောင်းစွာသိရှိပေသည်။

ထို့ကြောင့်လည်း သူမကိုကယ်တင်နိုင်မည့်မိန်းမလှလေးကိုအထပ်ထပ်တောင်းပန်စကားဆို‌‌နေခြင်းဖြစ်၏။

လူငယ်၏ထင်မှတ်မထားသည့်စကားနှင့် အစေခံမလေးတို့၏အသနားခံမှုကြောင့်အနည်းငယ်အံ့အားသင့်သွားသည့်တိုင် မိန်းမလှလေးက စိတ်ထဲမှကြိတ်၍ နှာခေါင်းရှုံ့လိုက်သည်။

" ဟမ့် ငါ့ကိုလွယ်လွယ်နဲ့ဖြောင့်ဖျလို့ရမလား ..."

မိန်းမလှ‌လေး၏အမူအယာကို ဂရုတစိုက်အကဲခပ်နေသည့် လူငယ်ကား သူမ၏ဆုံးဖြတ်ချက်ပြောင်းလဲမည့်ဟန်မမြင်၍ ခေါင်းညိမ့်ကာပြောလိုက်သည်။

" လာကြစမ်း...ဒီအစေခံကို အပြင်ဆွဲထုတ်ပြီးခေါင်းဖြတ်ပစ်လိုက်....."

လူငယ်၏အေးစက်စက်စကားအဆုံးတွင် အခန်းအပြင်မှအဖြူရောင်ဝတ်စုံဝတ်သိုင်းသမားနှစ်ယောက် ချက်ခြင်းဝင်ရောက်လာသည်။

ထိုအချိန်မှာပင် အစေခံမလေးက မိန်းမလှလေး၏ကုတင်ဘေးသို့ရောက်ရှိနေပြီဖြစ်ကာ သူမကို ငိုယိုတောင်းပန်လျက်ရှိသည်။

" သခင်မလေး ကျမကိုကူညီပါ ....တောင်းပန်ပါတယ်...."

သို့သော် အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်က သူမကို နောက်ထပ်အခွင့်အရေးမပေးတော့ဘဲ ပါးစပ်ပိတ်၍ ချုပ်နှောင်လိုက်ကြပြီး ဒရွတ်တိုက်ဆွဲခေါ်လိုက်ကြ၏။

ထိုအခါမှ နံရံဘက်သို့မျက်နှာလှည့်ကာ အံ့ဩတုန်လှူပ်နေသည့်မိန်းမလှဘေးကသတိဝင်လာပြီးချက်ခြင်းအော်ဟစ်လိုက်သည်။

" ရပ်လိုက်ကြစမ်း...."

လူငယ်ပ သူမအစားမစားသည့်ကိစ္စတစ်ခုလေးဖြင့် ကိုယ့်အစေခံကိုပြန်သတ်လိမ့်မည်ဟု သူမတစ်ကြိမ်မှမတွေးခဲ့မိပေ။

ထို့အပြင် ထိုအစေခံမလေးနှင့်ကျန်မိန်းကလေးအနည်းငယ်က သူမကိုဤရက်ပိုင်းတွင်ဂရုတစိုက်ပြုစုခဲ့ကြ၍ သူမအလဟာသသေဆုံးရမည်ကိုလက်ပိုက်ကြည့်မနေနိုင်ပေ။

ကံမကောင်းစွာဖြင့်အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်က မိန်းမလှလေး၏စကားကိုမကြားသည့်အလား လုံးဝဂရုစိုက်ခြင်းမရှိဘဲ အစေခံမလေးကိုသာဆွဲခေါ်သွားကြသည်။

ထိုအဖြစ်ကြောင့် မိန်းမလှလေးက ကုတင်ပေါ်မှခုန်ဆင်းလိုက်ပြီး လူငယ်၏ရှေ့သို့သွားကာ တင်းမာသည့်အမူအယာဖြင့်ပြောလိုက်သည်။

" ရပ်လိုက်တော့ ကျမအစားစားမယ် ဟုတ်ပြီလား သူ့ကိုလွှတ်ပေးလိုက်...."

မိန်းမလှလေး၏စကားအ‌ဆုံး၌ လူငယ်ကသူ၏လက်တစ်ဖက်ကိုမြောက်ပြလိုက်ရာ အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်၏လှုပ်ရှားမှုများက တိခနဲရပ်သွားပြီး အစေခံမလေးသည်လည်း မျက်ရည်လည်ရွှဲဖြင့်ကုန်းရုံးထကာ မိန်းမလှလေးနှင့်လူငယ်ကိုအထပ်ထပ်ကျေးဇူးတင်စကားဆိုလိုက်သည် ။

လူငယ်ကသူမကိုအစောပိုင်းကသတ်ဖြတ်ရန်အမိန့်ပေးခဲ့သော်လည်းအစေခံမလေးမှာ စိတ်မဆိုးဝံ့ဘဲ သူမအသက်ရှင်ခွင့်ရခြင်းကိုပင်လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်နေဟန်တူသည်။

ထိုမြင်ကွင်းကြောင့်မိန်းမလှလေး၏မျက်နှာက ကွက်ခနဲပျက်ယွင်းသွားသော်လည်း လူငယ်က ဂရုမစိုက်ဘဲအောင်နိုင်သူတစ်ယောက်၏အမူအယာဖြင့် ပြုံး၍ပြောလိုက်သည်။

" ကိုင်း...စောစာထဲက အခုလိုလိမ္မာရင်ဘယ်လောက်ကောင်းမလဲ။

‌မင်းက သူ့အတွက် နောက်ထပ်ထမင်းပွဲအသစ်ပြင်ပေးလိုက်။ ....ဒါဆိုရင် ကောင်းကောင်းစားထားဟုတ်ပြီလား...."

လူငယ်က အစေခံမလေးကိုအမိန့်ပေးလိုက်ရင်းမိန်းမလှလေး၏ပခုံးကိုအသာပုတ်လိုက်သည်။

ထိုအခါမိန်းမလှလေး၏ခန္တာကိုယ်ကဆက်ခနဲဖြစ်သွားပြီးနောက်သို့ခုန်ဆုတ်ကာ အဆက်မပြက်ကျိန်ဆဲလိုက်သည်။

" လီမန်ဟိုင် ခွေးကောင် တစ်နေ့ကျနင်အသေဆုံးနဲ့သေလိမ့်မယ် နှလုံးသားမရှိတဲ့ကောင်ရဲ့....."

မိန်းမလှလေး၏ရုပ်ရည်ကလွန်စွာလှပသည့်တိုင် သူမ၏စကားများက အဆိပ်ပြင်းလှ၏။

ထိုစကားလုံးများကြောင့် သေတွင်းထဲမှလက်မတင်လေးလွတ်မြောက်လာသည့်အစေခံမလေးပင်တုန်လှုပ်သွားသော်လည်းလူငယ်က အပြုံးမပျက်ဘဲ တဟားဟားအော်ဟစ်ရယ်မောရင်း အခန်းပြင်သို့ထွက်သွားတော့သည်။

အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်က လူင်ူဟနောက်မှထပ်ကြပ်မကွာလိုက်ပါသွားကြပြီး လူငယ်က အပြင်မထွက်မီ အခန်းတံခါးကိုညင်သာစွာပြန်ပိတ်ပေးခဲ့သေးသည်။

အခန်းထဲတွင်တော့ အစောပိုင်းကမိန်းမလှလေး၏လက်ချက်ကြောင့်ပြန့်ကျဲနေသည့်အစားအသောက်များကိုရှင်းလင်းနေသည့်အစေခံမလေးနှင့် ဒေါသပုန်ထနေသည့်မိန်းမလှလေးတို့နှစ်ဦးသာကျန်ရှိတော့သည်။

" သခင်လေး ဘာလို့ချောင်ရှန်းရှန်းကိုအားသုံးမယူဘဲအခုလိုအမြဲတမ်းအလျော့ပေးနေရတာလဲ...."

အဖြူရောင်ဝတ်စုံဝတ်တစ်ယောက်က အားမလိုအားမရဖြစ်သည့်ပုံစံဖြင့်မေးလိုက်သည်။

သူ၏မေးခွန်းကြောင့် လူငယ်၏ပြုံးရွှင်နေသည့်အမူအယာကရုတ်တရက်တင်းမာသွားပြီး ထိုလူဟပါးကိုဖြောင်းခနဲမည်အောင်ရိုက်ချလိုက်သည်။

" မင်းပါးစပ်ကိုပိတ်ထားစမ်း....ငါက ရှန်းရှန်းကို မေတ္တာစစ်နဲ့ချစ်လို့ မရမကခိုးယူခဲ့တာကွ။

မင်းအပေါစားဆန်ဆန်မပြောစမ်းပါနဲ့။ သူ့ခန္တာကိုယ်ကိုလိုချင်ရုံလောက်နဲ့ဆိုအခုလောက်ကြိုးစားနေပါ့မလား....."

အဖြူရောင်ဝတ်စုံဝတ်လူက အစွမ်းထက်သည့်အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်သော်လည်း လူငယ်၏လုပ်ရပ်ကိုစိတ်မကွက်ဝံ့ဘဲ အလျှင်အမြန်အရိုအသေပေးကာပြောလိုက်သည်။

" ကျုပ်မှားသွားပါတယ်သခင်လေး...ကျုပ်ကိုအပြစ်ပေးပါ...."

သူတို့၏သခင်လေးက ဒေါသထွက်ခဲသော်လည်း သူ၏ဒေါသကိုဂိုဏ်းချူပ်ပင်တားဆီးနိုင်ခြင်းမရှိသည်ကိုသိရှိထား၍ အဖြူရောင်ဝတ်စုံဝတ်လူမှာ ကိုယ့်အမှားကိုဝန်ချတောင်းပန်လိုက်ခြင်းဖြစ်သည်။

ကျန်လူကလည်း သူ့အဖော်အတွက်တောင်းပန်ပေးရန်ပြင်ဆင်လိုက်သော်လည်း လူငယ်က လက်ကာပြ၍ပြောလိုက်သည်။

" ထားလိုက်တော့ ငါနည်းနည်းစိတ်တိုနေလို့ ..."

လူငယ်၏စကားကြောင့် ဦးညွှတ်အရိုအသေပေးနေသည့်အဖြူရောင်ဝတ်စုံဝတ်လူလည်း ခေါင်းပြန်မော့လာပြီးကျန်တစ်ယောက်က လူငယ့်ကိုမေးလိုက်သည်။

" သခင်လေး ဘာစိတ်အနှောင့်အယှက်ဖြစ်စရာရှိလို့လဲ...."

သူတို့နှစ်ယောက်လုံးက အစွမ်းထက်သည့်အဆင့်လွန်ထိပ်သီးများဖြစ်ကြပြီးသိုင်းလောကထဲတွင်ပင်လူလေးစားခံရသူများဖြစ်ကြသည့်တိုင် လူငယ်၏ရှေ့တွင် အစေအပါးများသဖွယ်ဖြစ်သည်။

သို့သော် ထိုအချက်ကိုမည်သူမှ‌အောက်ကျသည်ဟုမခံစားကြရဘဲ ‌ နောင်တစ်ချိန်တွင်လူငယ်၏အောင်မြင်မှုက ကြီးကျယ်ခမ်းနားလာမည်ဖြစ်၍ ရွှေရောင်နေ့ရက်များကိုမျှော်လင့်ရင်းသစ္စာရှိစွာအမှုထမ်းနေကြခြင်းဖြစ်၏။

လူငယ်ကလည်း သွေးအေးရက်စက်ပြီးအညှာအတာကင်းမဲ့သည့်တိုင် သူတို့အပေါ်တွင်အတော်လေးညှာတာထောက်ထားမှုရှိပေသည်။

လူငယ်က သူ၏ခေါင်းကိုခါယမ်းလိုက်ပြီး အခန်းရှေ့မှဖြေးညင်းစွာလျှောက်သွားလိုက်သည်။

ထိုအခါအဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်ကလည်း လူငယ်၏နောက်မှကပ်ပါလာပြီး သူတို့သခင်လေးစိတ်မကြည်စေရန် မည်သည့်ကိစ္စရှိသည်ကို သိလိုစိတ်ဖြစ်နေကြသည် ။

ထိုသို့လျှောက်သွားရင်းမှ လူငယ်က ဖြေးညင်းစွာ ပြောလိုက်သည်။

" အခု ရှန်းရှန်းကိုအကဲခပ်ကြည့်ရရင် ငါ့ကိုခါးခါးသည်းသည်းဖြစ်နေပုံရတယ်...."

" ဖြစ်မှာပေါ့ သခင်လေးကသူ့ကိုအတင်းအကြပ်ခေါ်လာတာလေ..."

ထိုစကားကိုသူတို့၏စိတ်ထဲမှပြောလိုက်မိခြင်းဖြစ်ပြီး အပြင်ပန်းတွင်ကား တိတ်ဆိတ်စွာလိုက်ပါလာကြသည်။

" ငါရှန်းရှန်းနဲ့ပတ်သတ်တဲ့လူတွေအကြောင်းကိုစုံစမ်းကြည့်တော့ လူတစ်ယောက်ကိုသွားတွေ့တယ်....။

သူက ဝတ်စုံပြာဓားသမားလို့ခေါ်တဲ့လူငယ်တစ်ယောက်ပဲ။ စွန်းအိမ်တော်သိုင်းပြိုင်ပွဲမှာ ထန်စံအိမ်ကထန်ရှန်းနဲ့တိုက်ခိုက်ပြီးအနိုင်ရခဲ့တဲ့လူငယ်ပဲ...."

&&&

All Chapters