← Chapters

တမင်တကာ

Vol. 4 Ch. 70

တမင်တကာ

Vol. 4 Ch. 70

ရွာငယ်လေးမှစားသောက်ဆိုင်ဖြစ်သည့်အားလျော်စွာ မြေစိုက် တစ်ထပ်အဆောက်အဦးကလေးဖြစ်ပြီး ခမ်းနားခြင်းမရှိသော်လည်း ရိုးရှင်းကာသပ်သပ်ရပ်ရပ်ရှိပေသည်။

လမ်းမဘေးတွင်တည်ရှိခြင်းဖြစ်၍ ခရီးသွားလာသူတို့နားနေကြ၍ ဆိုင်၏ရောင်းအားမှာ မဆိုးဟုပြောဆိုနိုင်သည်။

အနက်ရောင်ဝတ်စုံဝတ်လူကြီးနှင့်သူ၏တပည့်များလည်း မြင်းများကို ဆိုင်ဘေးရှိမြင်းဇောင်းတွင်ထားလိုက်ကာ ဆိုင်ထဲသို့ဝင်ရန်ပြင်လိုက်ကြသည်။

ထိုစဉ်မှာပင် ဆိုင်တွင်းမှထွက်လာသည့်လူတစ်ယောက်နှင့်တိုက်မိမလိုဖြစ်သွား၍ အနက်ရောင်ဝတ်စုံဝတ်လူကြီးက ဘေးသို့အသာတိမ်းစောင်း၍ ရှောင်လိုက်သည်။

သို့သော် အဖိုးအိုက သူရှောင်သည့်ဘက်သို့ အရှောင်ချင်းတူနေပြီး ဟန်ချက်ပျက်၍လဲကျတော့မည်ကဲ့သို့ဖြစ်သွားရာ အနက်ရောင်ဝတ်စုံဝတ်လူကြီးက သူ၏လက်တစ်ဖက်ကိုဆန့်ထုတ်ကာ ‌ထိမ်းပေးလိုက်ရသည်။

" သတိထားမှပေါ့ ဦးလေး..."

အနက်ရောင်ဝတ်စုံဝတ်လူကြီးက သူနှင့်တိုက်မိမလိုဖြစ်သည့်အဖိုးအိုကို အချိန်အနည်းငယ်ကြာအောင် စူးစိုက်ကြည့်လိုက်ပြီးမှပြောလိုက်သည်။

အဖိုးအိုက အရောင်လွင့်နေသည့်မီးခိုးရောင်ဝတ်စုံတစ်ထည်ကိုဝတ်ဆင်ထားပြီး အသက်ခုနစ်ဆယ်ကျော်ရှစ်ဆယ်ခန့်ရှိပေမည်။

သူ၏လက်တစ်ဖက်က သေးသွယ်သည့်ဝါးတောင်ဝှေးတစ်ချောင်းကိုထောက်ထားပြီး အနက်ရောင်ဝတ်စုံဝတ်လူကြီးကို မော့ကြည့်ကာ အပြုံးမျက်နှာဖြင့်ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ်ကွယ်...."

နောက်ဘက်ရှိလူရွယ်များကား အဖိုးအိုသူတို့ခေါင်းဆောင်အပေါ်သို့လဲကျမည်ပြုစဉ်က ချက်ခြင်းလှုပ်ရှားရန်ပြင်ဆင်လိုက်သည့်တိုင် အမူအယာဖြင့်အချက်ပြသည့်အနက်ရောင်ဝတ်စုံဝတ်လူကြီးကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ငြိမ်သက်စွာရှိနေကြသည်။

အဖိုးအိုကား လူကြီးကိုကျေးဇူးတင်စကားပြောပြီးနောက် နောက်မှလူရွယ်များကိုအကဲခပ်ကာမေးလိုက်သည်။

" မင်းတို့က သိုင်းသမားတွေထင်ပါ့။ သူတို့က မင်းရဲ့တပည့်တွေလား...."

အများသူငါသွားလာ‌နေသည့် ဆိုင်ပေါက်ဝတွင်လမ်းပိတ်ကာ အရစ်ရှည်နေသည့်အဖိုးအိုကို သာမန်လူများပင်စိတ်တိုနိုင်သော်လည်း အနက်ရောင်ဝတ်စုံဝတ်လူကြီးက ဒေါသထွက်ဟန်မပြဘဲ ကောင်းမွန်စွာပြန်ဖြေလိုက်သည်။

" ဟုတ်ပါတယ်ဦး‌လေး သူတို့ကကျုပ်ရဲ့တပည့်လေးတွေပါ ။ အခုမှအတွေ့အကြုံရအောင် သိုင်းလောကထဲခေါ်လာတာ...."

သူတို့ခေါင်းဆောင်၏စိတ်ရှည်သည်းခံမှုကို အံ့ဩနေကြစဉ် အဖိုးအိုက လူရွယ်များကိုကြည့်၍ ခေါင်းတညိမ့်ညိမ့်ဖြင့်ရေရွတ်လိုက်သည်။

" ကောင်းတယ်ကွယ် လူငယ်တွေဆိုတော့ အားမာန်အပြည့်နဲ့ပဲ ကောင်းတယ် ကောင်းတယ်...."

အဖိုးအိုက ထိုသို့ရေရွတ်လိုက်ရင်းမှ သူ၏လက်ထဲမှတောင်ဝှေးကိုအားပြုကာ ဆိုင်အပြင်သို့တရွေ့ရွေ့ထွက်ခွာသွားတော့သည်။

ထိုအခါမှ အဖိုးအို၏ခြေထောက်တစ်ဖက်က မသန်စွမ်းဘဲ လမ်းလျှောက်လျှင် တောင်ဝှေးကိုအထောက်အကူလုပ်နေရကြောင်းကို သူတို့တွေ့လိုက်ကြရသည်။

" သွားမယ်...."

အနက်ရောင်ဝတ်စုံဝတ်လူကြီးက လမ်းမထက်သို့ရောက်ရှိသွားသည့်အဖိုးအို၏နောက်ကျောကိုအချိန်အတော်ကြာစိုက်ကြည့်နေပြီးမှပြောလိုက်သည်။

သူ၏အမူအယာက လေးနက်တည်ကြည်နေသလို စိတ်သက်သာရာရသွားဟန်လည်းတူသည်။

လူကြီး၏ထူးခြားသည့်အမူအယာကြောင့် လူရွယ်များက တစ်စုံတစ်ခုမေးမြန်းလိုသော်လည်း တိတ်ဆိတ်စွာနေလိုက်ကြပြီး ဆိုင်တွင်းသို့ဝင်ကာ စားပွဲလွတ်တစ်လုံးတွင်ထိုင်၍ စားသောက်ဖွယ်ရာများမှာကြားလိုက်သည်။

ထိုအခါမှ အနက်ရောင်ဝတ်စုံဝတ်လူကြီးက လူရွယ်များ၏မျက်နှာကိုအကဲခပ်၍ပြောလိုက်သည်။

" မင်းတို့တစ်ခုခုမေးချင်တာရှိလား ..."

လူကြီး၏ခွင့်ပြုချက်ကိုရသည်နှင့် အသွက်လက်ဆုံးလူရွယ်က ခေါင်းညိမ့်ကာပြောလိုက်သည်။

" ရှိပါတယ်ဆရာ....စောစောကအဖိုးကြီးက ဆရာ့ကိုတမင်ဝင်တိုက်မှန်းသိသာနေတာတောင် ဘာလို့ ဒီလောက်အထိအလျော့ပေးနေရတာလဲ...."

ထိုလူရွယ်၏လေသံကအနည်းငယ်စဉ်းစားမရဖြစ်နေဟန်တူသလို ကျန်လူများလည်းထိုနည်းတူပင်ဖြစ်သည်။

အစောပိုင်းက အနက်ရောင်ဝတ်စုံဝတ်လူကြီးနှင့်ဝင်တိုက်မိမလိုဖြစ်သည့်အဖိုးအိုက ထိုသို့ဖြစ်စေရန်တမင်ဖန်တီးခြင်းဖြစ်သည်ကိုသူတို့ကောင်းစွာရိပ်မိကြသည်။

သို့သော် မည်သည့်အတွက်အေးစက်ပြီးပြက်သားသည့်သူတို့ဆရာက အဖိုးအိုကိုအတော်လေးအခလျော့ပေးဆက်ဆံသည်ကိုစဉ်းစားမရပေ။

လူရွယ်များကိုမကြည့်ဘဲ အနက်ရောင်ဝတ်စုံဝတ်လူကြီးက ဆိုင်အပြင်သို့ငေးကြည့်ကာ ဖြေးညင်းစွာပြောလိုက်သည်။

" ဘာလိုလဲဆိုတော့ သူက အစွမ်းထက်ပညာရှင်တစ်ယောက်ဖြစ်တာကြောင့်မလို့ပေါ့....."

ထိုအချိန်တွင် ရွာငယ်လေးနှင့်အနည်းငယ်ဝေးကွာသည့်နေရာသို့ရောက်ရှိနေပြီဖြစ်သည့်အဖိုးအိုက တောင်ဝှေးကိုအားပြုကာ တရွေ့သွားလာလျက်ရှိဆဲပင်။

သူ၏ပုံစံက ဒုက္ခိတအဖိုးကြီးတစ်ယောက်၏ပုံစံနှင့်ဆင်တူသော်လည်း တည်ငြိမ်အေးဆေးကာ ထူးခြားသည့်အရှိန်အဝါတစ်ခုရှိနေသည် ။

သူ၏သွားလာပုံက နှေးကွေးသည်ဟုထင်ရသော်လည်း အတော်လေးမြန်ဆန်လှပြီးလူကောင်းများပင်လိုက်မီနိုင်မည်မဟုတ်ပေ။

ရုတ်တရက် အဖိုးအိုက အဝေးတွင်ကျန်ခဲ့သည့်ရွာငယ်လေးဆီသို့လှမ်းမျှော်ကြည့်ရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။

" တော်တော်လေး ထူးချွန်တဲ့လူပဲ။ အသက်ငါးဆယ်ကျော်နဲ့ သိုင်းဝိဇ္ဇာအဆင့်ကိုရောက်နေတာ တော်တော်ပါရမီကောင်းတယ်လို့ဆိုရမယ် ။ သူ့နောက်ကလူငယ်တွေကလည်းမ‌ဆိုးဘူး ။

ပြီးတော့ လေရူးခြေလှမ်းသိုင်းကျွမ်းကျွမ်းကျင်ကျင်သုံးသွားတာကြည့်ရင် ဝါဆန်းဂိုဏ်းချုပ်နဲ့ဘယ်လိုပတ်သတ်နေလဲမသိဘူး ။

ဟူး....ဝါဆန်းဂိုဏ်းကအဲဒီအဖိုးကြီးကိုလည်းငါအနိူင်မယူနိုင်သေးပါလား...."

အဖိုးအိုက တစ်ကိုယ်တည်းရေရွတ်နေရင်းမှတစ်စုံတစ်ခုကိုတွေးလိုက်မိကာ သူ၏အမူအယာကလွန်စွာတည်ငြိမ်သွားသည်။

" ချောင်မျိုးနွယ်ကအရူးကောင်တွေက အခုထိသိုင်း‌လောက အင်အားကြီးဖြစ်ဖို့ဆိုတဲ့အိပ်မက်ကိုလက်မလျော့ကြသေးဘူး။

အခုလည်း သိုင်းလောကထဲကို ဟိုစပ်စပ်သည်စပ်စပ်ဝင်ပါနေတယ်။

အားနည်းတဲ့အခြေခံအုတ်မြစ်နဲ့ အရှုပ်အထွေးတွေကြားမှာညပ်မိရင် မျိုးနွယ်စုတောင်အန္တရာယ်ကျလာနိုင်တယ်ဆိုတာ သူတို့မတွေးမိဘူးလားမသိဘူး...."

အဖိုးအိုက ထိုသို့ပြောရင်းမှ ခေါင်းတယမ်းယမ်းဖြစ်လာသည်။

" မဖြစ်ဘူး ငါ့တပည့်လေးကို ဒီကောင်တွေမစည်းရုံးနိုင်ခင်ငါရှာတွေ့မှ။ အိုး...ဟောင်ရန် မင်းဘယ်ရောက်နေလဲ...."

အဖိုးအိုက ညဥ်းတွားရင်း သူ၏လက်ထဲရှိဝါးတောင်ဝှေးကိုအသာမြောက်ကာ မြေပြင်တွင် ဆောင့်ချလိုက်သည်။

ထို့နောက် သူ၏ခန္တာကိုယ်က ရိပ်ခနဲရွေ့လျားသွားပြီး မီးခိုးတန်းတစ်ခုလိုလျှင်မြန်စွာပျောက်ကွယ်သွားတော့သည်။

" ဘယ်လို...ဆရာက သူ့ကိုအနိုင်မယူနိုင်ဘူးဟုတ်လား...."

ဆိုင်လေးထဲတွင် အနက်ရောင်ဝတ်စုံဝတ်လူကြီး၏အဖြေကြောင့် လူရွယ်များကအံ့ဩတကြီးဖြစ်နေကြသည်။

သူတို့ခေါင်းဆောင်၏သိုင်းပညာက ခေါင်းဆောင်ကြီးကိုယှဉ်နိုင်ရန်ဝေးကွာလှသည့်တိုင် အစစ်အမှန်သိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်နေဆဲဖြစ်သည်။

သိုင်း‌လောက၏ထိပ်တန်းနေရာ၌ထိုသို့သောသိုင်းဝိဇ္ဇာတစ်ယောက်က သာမန်ရွာငယ်လေးမှအဖိုးအိုတစ်ယောက်ကို ထိတ်လန့်နေရသည်ကို မယုံကြည်နိုင်ဘဲဖြစ်နေကြသည်။

သူတို့၏အမူအယာကြောင့် အနက်ရောင်ဝတ်စုံဝတ်လူကြီးက တည်ကြည်သည့်အမူအယာဖြင့်ပြောလိုက်သည်။

" မင်းတို့က ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအဆင့်ထိရောက်လာ‌တယ်ဆိုတော့ သိုင်း‌လောကထဲကလူတွေကိုအထင်သေးတာငါသိတယ်။

ဒါပေမယ့် သိုင်း‌လောကဆိုတာ ပုန်း‌နေတဲ့နဂါးတွေနဲ့ ဝပ်နေတဲ့ကျားတွေပြည့်နေတဲ့နေရာပဲ။

စောစောအဖိုးကြီးကို ငါတစ်ယောက်ထဲမဟုတ်ဘဲ စုန်းယိနဲ့ကျိုးတိတို့နဲ့ပါပေါင်းတိုက်ရင်တောင်အနိုင်ယူနိုင်မှာမဟုတ်ဘူး...."

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် လူရွယ်များက ချက်ခြင်းတိတ်ဆိတ်သွားကြသည် ။

သူတို့၏ခေါင်းဆောင်သာမက ခေါင်းဆောင်စုန်းယိနဲ့ခေါင်းဆောင်ကျိုးတိတို့၏သိုင်းပညာကိုကောင်းစွာသိထားကြသူများပီပီ သူတို့သုံးယောက်ပေါင်းတိုက်လျှင်ပင်အနိုင်မယူနိုင်သည့်အဖိုးအို၏ပညာကိုခန့်မှန်းရုံဖြင့်တုန်လှုပ်မိသည်။

လူရွယ်များ၏စိတ်ကိုအကဲခပ်မိ၍ အနက်ရောင်ဝတ်စုံဝတ်လူကြီးက ခေါင်းယမ်း၍ပြောလိုက်သည်။

" ထွေထွေထူးထူးစဉ်းစားမနေနဲ့ မင်းတို့လည်း ကြိူးစားမှုရှိပြီးလိမ္မာပါးနပ်ရင်ဒီအဆင့်ကိုရောက်ဖို့ဆိုတာ အိပ်မက်မဟုတ်ဘူး ။

ခေါင်းဆောင်ကြီးစေခိူင်းသမျှကိုအောင်မြင်အောင်စိတ်တိုင်းကျလုပ်ပေးနိုင်ရင် မင်းတို့ရဲ့ဘဝက ဖြောင့်ဖြူးနေမှာပဲ။

ဘာပဲဖြစ်ဖြစ် မင်းတို့က သာမန်အဖွဲ့သားတွေနဲ့ အဆင့်မြင့်အဖွဲ့သားတွေထက်အများကြီးသာလွန်ပါသေးတယ်...."

အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စကားကိုကြားမှ လူရွယ်များလည်း ကိုယ့်ဘဝကိုပြန်သတိရသွားကာ သူတို့၏ပုံစံများကပြန်၍တည်ငြိမ်အေးစက်သွားကြပြီး ပြိုင်တူခေါင်းညိမ့်ပြလိုက်ကြသည်။

" သိပါပြီဆရာ...."

တလက်လက်တောက်ပနေသည့်မျက်ဝန်းများဖြင့် ထက်သန်သည့်စိတ်ဆန္ဒတို့က လူရွယ်များ၏စိတ်တွင်သံမှိုစွဲနေကြသည် ။

သူတို့၏ရင်ထဲတွင်တော့ အပြောကျယ်သည့်သိုင်း‌လောကတွင် လွတ်လပ်စွာလှုပ်ရှားသွားလာနိုင်မည့်နေ့တစ်ခုကိုမျှော်လင့်လျက်ရှိသည်။

ထိုအချိန်တွင် အနက်ရောင်ဝတ်စုံဝတ်လူကြီး၏စိတ်ထဲတွင်လည်း အဖိုးအိုနှင့်ပတ်သတ်သည့်ကိစ္စကိုအလေးအနက်တွေးတောလျက်ရှိသည်။

" ဒီကိစ္စကို ခေါင်းဆောင်ဆီသတင်းပို့ရင်ကောင်းမလား ။

မဟုတ်သေးဘူး ဒီတစ်ခေါက်က အရေးကြီးတဲ့တာဝန်နဲ့လာတာဆိုတော့ တာဝန်အောင်မြင်ဖို့ကိုပဲအလေးပေးသင့်တယ်။

မဆိုင်တာတွေစိတ်မဝင်စားသင့်ဘူး။ ပြီးတော့ ခေါင်းဆောင်ကလည်း ဒီရက်ထဲမှာ ကိစ္စအတော်များများကိုင်တွယ်နေရတာ...."

အနက်ရောင်ဝတ်စုံဝတ်လူကြီးလည်း တစ်ကိုယ်တည်းတွေးတောရင်း သက်ပြင်းတစ်ချက်ချလိုက်သည် ။

များမကြာမီရောက်ရှိလာတော့မည့် ရွှေရောင်နေ့ရက်များကိုမျှော်လင့်ရင်းသူ၏မျက်လုံးများအလည်း တဖျက်ဖျက်တောက်ပနေသည် ။

&&&

All Chapters