ဖျက်မြင်းများ
Vol. 4 Ch. 71
ရေကန်အလယ်ရှိကျောက်ဖြူဇရပ်လေးထဲတွင်အဖြူရောင်ဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားသည့်သက်လက်ပိုင်းလူကြီးတစ်ဦးရှိနေသည်။
အမြဲလိုလိုအနားယူကာ လက်ဖက်ရည်ကြမ်းသောက်လေ့ရှိသည့်သူ၏ပုံစံက ဇိမ်ခံတတ်သည့်သူဌေးသူကြွယ်တစ်ယောက်ဟုထင်မှတ်လျှင်အမှားကြီးမှားသွားပေမည်။
လက်ရှိသိုင်းလောကထဲတွင်ဖြစ်ပျက်နေသည့်ကိစ္စအများစုတွင် ထိုလူကြီးက နောက်ကွယ်မှ မသိမသာဝင်ရောက်ပတ်သတ်လျက်ရှိပြီး မြောက်များလှစွာသောအစွမ်းထက်သိုင်းသမားများကို သေဆိုသေရှင်ဆိုရှင်စေသည့် အုပ်ချုပ်သူတစ်ယောက်လည်းဖြစ်သည်။
သူ၏နူးညံ့အေးဆေးသည့်အမူအယာနှင့်မလိုက်အောင် ထက်မြတ်ပြီးရက်စက်ပြက်သားသည့်စိတ်ဓာတ်ရှိကာ သိုင်းပညာတွင်လည်း ခန့်မှန်းမရသည်အထိမြင့်မားသူတစ်ယောက်ဖြစ်၏။
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏နောက်တွင် ပိန်ပိန်ပါးပါးခန္တာကိုယ်နှင့်အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်ရပ်နေပြီး သူ၏အမူအယာကလွန်စွာတည်ကြည်လေးနက်လျက်ရှိသည်။
" အရေးကြီးတဲ့သတင်းတွေပါလာပါတယ်ခေါင်းဆောင် ...."
အနက်ရောင်ဝတ်စုံဝတ်လူက အဖြူရောင်ဝတ်စုံဝတ်လူကြီးကိုအရိုအသေပေး၍ပြောလိုက်သည် ။
သူ၏စကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီးက လက်ထဲမှကျောက်စိမ်းခွက်ကိုအသာချကာ ဖြေးညင်းစွာပြောလိုက်သည်။
" မင်းရဲ့အရေးတကြီးပုံစံကိုထောက်ရင် သတင်းဆိုးကများမယ်နဲ့တူတယ်။ ပြောစမ်းပါဦး...."
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မေးခွန်းကိုကြားမှ အနက်ရောင်ဝတ်စုံဝတ်လူက စပြောလိုက်သည်။
" သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးသုံးခုပါခေါင်းဆောင်။
သတင်းကောင်းက ကျိုးတိ မိစ္ဆာဝိညာဉ်အဖွဲ့ထဲကိုအောင်မြင်စွာဝင်ရောက်နိုင်ပြီးတော့ ခေါင်းဆောင်အများစုရဲ့ယုံကြည်မှုကိုရထားပြီးပါပြီ။
ပြီးတော့ စုန်းယောင်ကလည်း ဝါဆန်းဂိုဏ်းကိုရောက်ရှိပြီး သူ့ဆရာ လျှပ်စီးဓားရှင်ကသံသယလုံးဝမဝင်ခဲ့ပါဘူး....."
ထိုစကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီးက အသာခေါင်းညိမ့်ပြလိုက်သည်။ အနက်ရောင်ဝတ်စုံဝတ်လူက မျက်နှာမသာမယာဖြင့်ဆက်ပြောလိုက်သည်။
" သတင်းဆိုးတွေကတော့ ပန်းတစ်ရာတောင်ကုန်းကိုစေလွှတ်ထားတဲ့ အရိပ်ငါးယောက်ထဲက သုံးယောက်ကျရှုံးသွားပြီး နှစ်ယောက်ကိုအရှင်ဖမ်းမိသွားပါတယ်။
သူတို့ဆီက နောက်ဆုံးသတင်းပို့ချက်အရဆိုရင် ထူးဆန်းတဲ့အုပ်စုရဲ့ဇာတ်မြစ်ကိုမစုံစမ်းနိုင်သေးပေမယ့် သူတို့ရဲ့အင်အားကတော့လန့်လောက်စရာပါ။
ဝေါယာဉ်ထဲကမိန်းကလေးက သူတို့ရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့ ခါးကုန်းကုန်းအဖိုးအိုက အလွန်ကြောက်စရာကောင်းတဲ့သိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်နိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သူက ရှောင်လင်ကျောင်းကတိုက်ပွဲမှာ ဂိုဏ်းကြီးခြောက်ဂိုဏ်းကသိုင်းဝိဇ္ဇာတွေကိုတစ်ဦးထဲရင်ဆိုင်ဝံ့လို့ပါ ။
အဲဒီတုန်းကရောက်လာတဲ့ ရုပ်ဆိုးဆိူးအဖိုးအိုကိုတော့လုံးမမတွေ့ရတော့ပါဘူး။
ဒါပေမယ့် သူတို့ရဲ့အင်အားက မသေးဘဲ ခါးကုန်းအဖိုးအိုအပါအဝင်ဆိုရင်သိုင်းဝိဇ္ဇာသုံးယောက်နဲ့ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်လူလေးယောက်ရှိပါတယ် ။
ဒါက အင်အားစုသုံးခုကခေါင်းဆောင်တွေကိုထည့်မတွက်ရသေးပါဘူး။ အဆိုးဆုံးအချက်က ကျုပ်တို့လူတွေဆုံးရှုံးခဲ့ပြီးတာတောင် သူတို့ရဲ့ဇာတ်မြစ်ကိုမသိခဲ့ရတာပါ ..."
အနက်ရောင်ဝတ်စုံဝတ်လူ၏စကားအဆုံးတွင် အဖြူရောင်ဝတ်စုံဝတ်လူကြီး၏အမူအယာကလွန်စွာတည်ကြည်လေးနက်သွားပြီး မျက်မှောင်ကြုတ်၍ တစ်စုံတစ်ခုကိုစဉ်းစားနေဟန်တူသည်။
" ထူးဆန်းတဲ့လူတစ်စု ။ အစွမ်းထက်တဲ့သိုင်းဝိဇ္ဇာတွေ။ ပြီးတော့ ပန်းတစ်ရာတောင်ကုန်းနဲ့ ကျန်တဲ့အင်အားစုနှစ်ခုကသူတြိူအမိန့်ကိုနာခံနေသေးတယ်..မဟုတ်မှလွဲရော...."
အဖြူရောင်ဝတ်စုံဝတ်လူကြီးက ခပ်တိုးတိုးရေရွတ်လိုက်ပြီးတစ်စုံတစ်ခုကိုသဘောပေါက်သွားဟန်ဖြင့် သူ၏မျက်ဝန်းများကဖျက်ခနဲတောက်ပသွားသည်။
" စုန်းယိ ပန်းတစ်ရာတောင်ကုန်းကို နောက်ထပ်လူတွေမစေလွှတ်နဲ့တော့ လူဘယ်လောက်လွှတ်လွှတ် ဖြုန်းတီးသလိုပဲဖြစ်နေမှာ ။
ငါထင်တာမှန်ရင် ပန်းတစ်ရာတောင်ကုန်းမှာရှိတဲ့သူတို့ရဲ့အင်အားက အဖျားအနားပဲရှိသေးတယ် ...."
အနက်ရောင်ဝတ်စုံဝတ်လူကား သူ့ခေါင်းဆောင်၏စကားသံထဲမှရှားရှားပါးပါးလေးနက်မှုတို့ကိုခံစားမိ၍ အံ့အားသင့်စွာဖြင့်ပြန်မေးလိုက်သည်။
" ခေါင်းဆောင် သူတို့က ဘယ်အင်အားစုကလဲ မဟုတ်မှလွဲရော ပုန်းကွယ်နေတဲ့ဒဏ္ဍာရီလာအင်အားစုကြီးတွေလား..."
အနက်ရောင်ဝတ်စုံဝတ်လူ၏မေးခွန်းကို အဖြူရောင်ဝတ်စုံဝတ်လူကြီးကခေါင်းယမ်းပြ၍ဆက်ပြောလိုက်သည်။
" မဟုတ်ဘူး ဒါပေမယ့် သူတို့နဲ့သိပ်မကွာတဲ့အင်အားစုတစ်ခုပေါ့ ။ အတိအကျသိရဖို့အတွက် ငါ့ကို ပန်းတစ်ရာတောင်ကုန်း၊မိုးကြိူးနက်ရဲတိုက်နဲ့ ပညာရှိစံအိမ်ရဲ့သမိုင်းမှတ်တမ်းတွေစုံစမ်းပေး .."
သူ၏ပုံစံက ဆက်ပြောလိုသည့်ဟန်မရတော့၍ အနက်ရောင်ဝတ်စုံဝတ်လူလည်း ခေါင်းညိမ့်ကာ ဆက်ပြောလိုက်သည်။
" ကောင်းပါပြီခေါင်းဆောင်။ ဒုတိယသတင်းဆိုးက သားရဲတစ်ရာတောအုပ်ထဲကိုလွှတ်ထားတဲ့အရိပ်တွေထဲကနောက်ထပ်နှစ်ယောက်ရှင်းလင်းခံလိုက်ရပါပြီ။
ဒါနဲ့ဆိုရင် စုစုပေါင်းအရိပ်ကိုးယောက်အထိသေဆုံးပြီး တာဝန်အတွက်စေလွှတ်ထားတာ သုံးယောက်ပဲကျန်ပါတော့တယ် ...."
ထိုစကားကိုပြောရာတွင် အနက်ရောင်ဝတ်စုံဝတ်လူ၏အမူအယာက အနည်းငယ်အေးစက်နေပြီး သူ၏လေသံကဒေါသသံစွက်သည်ကိုတွေ့ရပေမည်။
အရိပ်ဆိုသည့်လူများက သူ၏လက်အောက်တွင် အပင်ပန်းခံလေ့ကျင့်ထားသည့်လူနည်းစုဖြစ်ကာ တပ်ဖွဲ့တစ်ခုလုံးပေါင်းလျှင်ပင် လူငါးဆယ်မပြည့်ပေ။
ယခင်အနှစ်နှစ်ဆယ်အတွင်း အရိပ်များကိုဆုံးရှုံးရသည်ကအတော်လေးနည်းပါးပြီး ယခုရက်အနည်းငယ်အတွင်း လူဆယ်ယောက်ကျော်ဆုံးရှုံးရခြင်းကြောင့် သူ၏ရင်ထဲတွင်အတော်လေးဒေါသထွက်နေမိသည်။
သိူ့သော် အဖြူရောင်ဝတ်စုံဝတ်လူကြီးက ထိုအကြောင်းကို ကြိုတင်တွက်ဆထားဟန်ဖြင့် အမူအယာပြောင်းလဲခြင်းမရှိဘဲ ခေါင်းညိမ့်ကာပြောလိုက်သည်။
" ဒါဆိုရင် အဲဒီလူငယ်က ငါထင်ထားတာထက်ပိုပြီးထူးချွန်နေတာပဲ ။
အသက်သုံးဆယ်တောင်မပြည့်သေးဘဲသိုင်းဝိဇ္ဇာတွေကိုသတ်ဖြတ်နိုင်ပြီး အရိပ်တွေကိုဖော်ထုတ်နိုင်တယ်ဆိုတော့ သူ့ရဲ့အရည်အချင်းက ပထမဓားသခင်နဲ့နှင်းငွေ့မိစ္ဆာသခင်နီးပါးလို့တောင်ပြောလို့ရမယ်။။
သူနဲ့ ဟိုမိန်းကလေးနဲ့ ဘယ်သူပိုပြီးသာလွန်မလဲဆိုတာ စိတ်ဝင်စားစရာပဲ ...."
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မျက်နှာထက်၌ စိတ်အားတက်ကြွသည့်အရိပ်အယောင်တစ်ခုရှိနေပြီး သူ၏လူများဆုံးရှုံးရခြင်းကိုလုံးဝနှမျောတသဖြစ်ဟန်မတူပေ။
ထို့နောက် သူ၏မျက်ဝန်းထဲတွင်ထူးခြားသည့်အရိပ်အယောင်များဖြတ်ပြေးသွားပြီး တည်ငြိမ်စွာပြောလိုက်သည်။
" ကျန်တဲ့လူသုံးယောက်ကိုပြန်မခေါ်ဘဲဆက်စောင့်ကြည့်ထားဖို့ပြောလိုက် ။။နောက်ထပ်လည်းလူတွေစေလွှတ်စရာမလိုတော့ဘူး ။
ငါထင်တာမမှားရင် သိပ်မကြာခင်မှာ ကစားပွဲရဲ့အဓိကလူတွေရောက်ဘာလိမ့်မယ်။ အဲဒီအခါကျရင် ဂိုဏ်းကြီးခြောက်ဂိုဏ်းကသိုင်းဝိဇ္ဇာတွေတောင် လွတ်မြောက်နိူင်ပါ့မလားမသိဘူး ။
အင်း .... အင်အားစုနှစ်ခုအမြစ်ပြတ်သုတ်သင်ခံရတာလောက်ကို အထိတ်တလန့်နဲ့စကားထဲထည့်ပြောနေကြတယ် ။ သိုင်းဝိဇ္ဇာဆယ်ယောက်လောက်ပြိုင်တူအသတ်ခံရရင် သိုင်းလောကတစ်ခုလုံးဘယ်လိုဖြစ်သွားမယ့်မသိဘူး .."
အဖြူရောင်ဝတ်စုံဝတ်လူကြီးက ပေါ့ပေါ့ပါးပါးလေသံဖြင့်ပြောလိုက်သော်လည်း သူ၏စကားလုံးများက လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။
အနက်ရောင်ဝတ်စုံဝတ်လူသည်လည်း သူ့ခေါင်းဆောင်က ထိုကိစ္စကိုတစ်စုံတစ်ရာမပြောတော့ဘဲ နောက်ထပ်ကျန်ရှိနေသေးသည့်သတင်းကိုပြောလိုက်သည် ။
" နောက်ဆုံးသတင်းက ခေါင်းဆောင်စောင့်ကြည့်ခိုင်းထားတဲ့မိန်းကလေး အရှေ့ပိုင်းဒေသက ဥမင်တစ်ရာထဲဝင်ရောက်ပျောက်ကွယ်သွားတဲ့သတင်းပါ ...."
ထိုအကြောင်းကိုကြားချိန်၌ အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မျက်ခုံးများမြင့်တက်သွားပြီး အံ့ဩဟန်ဖြင့်ပြန်မေးလိုက်သည်။
" ချန်စန်နဲ့ သိုင်းမဟာမိတ်ကနှစ်ယောက်က သူ့ကိုအနိုင်ယူသတ်ဖြတ်နိူင်ဖိူ့မလုံလောက်ဘူးလား....."
ယခင်ရက်များကရရှိခဲ့သည့်သတင်းများအရ မိန်းမပျိုလေးက တိုက်ခိုက်နိုင်စွမ်းအနည်းငယ်သာကျန်တော့ပြီး အချိန်မရွးသေဆုံးသွားနိုင်သည်ဟုသိခဲ့ရသည်။
ယခု ထိုအခြေအနေဖြင့်ပင်သိုင်းဝိဇ္ဇာတစ်ယောက်နှင့်အစွမ်းထက်သိုင်းသမားများစွာ၏လက်မှလွတ်မြောက်သွားသည်ဟုသိရခြင်းက လူကြီးကိုအတော်လေးအံ့ဩစေခဲ့သည်။
ထို့အပြင် မိန်းမပျိုလေး၌ ကုသရန်ခက်ခဲလှသည့်အတွင်းဒဏ်ရာရှိနေကြောင်းသိရှိထားပြီးနောက်တွင်ဖြစ်သည် ။
" အဲဒီညက မိန်းကလေးတစ်ယောက်ထဲဆိုရင် သေချာပေါက်သေဆုံးရမှာဆိုပေမယ့် သူ့ကိုကူညီမယ့်လူပေါ်လာပါတယ် ။
အဲဒီလူက အသက်မကြီးသေးတဲ့လူငယ်လူရွယ်တစ်ယောက်လို့သိရပြီးတော့မျက်နှာကိုလည်း ဖူံးကွယ်ထားသေးပါတယ် ...."
" အသက်ငယ်ငယ်နဲ့ သိုင်းဝိဇ္ဇာတစ်ယောက်ကိုတောင်းယှဉ်တိုက်နိုင်တာ ဘယ်သူများလဲ ...."
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏စကားကိုခေါင်းယမ်းပြကာ အနက်ရောင်ဝတ်စုံဝတ်လူက ဆက်ပြောလိုက်သည်။
" မဟုတ်ပါဘူး သူတို့ကိုစောင့်ကြည့်နေတဲ့အရိပ်ရဲ့စကားအရဆိုရင် လူငယ်ကသိုင်းထိပ်သီးအဆင့်ပဲရှိသေးပါတယ် ။
ဒါပေမယ့် သူက ပုလွေကိုအသုံးပြုပြီး ထူးဆန်းလှတဲ့သံစဉ်တွေနဲ့တိုက်ခိုက်ခဲ့တာပါ ..."
" ပုလွေသံဟုတ်လား ..."
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မျက်နှာထက်ရှိစိတ်ပါဝင်စားသည့်အမူအယာက ပို၍ပင်အားကောင်းလယသည်။
" ဟုတ်ပါတယ် အဲဒီပုလွေသံက အတော်လေးလွှမ်းမိုးနိုင်စွမ်းရှိပြီး သိုင်းထိပ်သီးအဆင့်အောက်ကလူတွေကို တိုက်ခိုက်နိုင်စွမ်းဆုံးရှုံးစေပါတယ် ။
သိုင်းထိပ်သီးအဆင့်တွေလည်း အတွင်းအားကိုအသုံးပြုပြီးခုခံမှ သက်သာရာရတာလို့သိရပါတယ်။
ကျုပ်စေလွှတ်ထားတဲ့အရိပ်တောင်မှ ပုလွေသံရဲ့လွှမ်းမိုးမှုအောက်ကိုရောက်ခဲ့သေးတယ်။
သူ့စကားအရဆိုရင် ပုလွေသံကိုကြားကြားချင်း သူ့စိတ်ကလေးလံထိုင်းမှိုင်းသွားပြီး ဘဝတစ်လျှောက်လုပ်ခဲ့တဲ့ မကောင်းမှုတွေကိုပြန်မြင်ယောက်လာစေတယ် ။
ပြီးတော့ နောင်တရတဲ့စိတ် ၊ ကိုယ့်ကိုယ်ကိုအပြစ်တင်ဝမ်းနည်းတဲ့စိတ်တွေပေါ်ထွက်လာပြီ ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်နိုင်လောက်အောင်ဖြစ်သွားတယ်လို့ပြောပါတယ်...."
အနက်ရောင်ဝတ်စုံဝတ်လူ၏စကားမဆုံးမီ လူကြီးက ဖြတ်ပြောလိုက်သည်။
" အဲဒီပုလွေသံက မဟူရာညရဲ့နတ်ဆိုးသံစဉ်ဖြစ်မယ်။ ဒါဆိုရင် သူပဲပေါ့....."
အဖြူရောင်ဝတ်စုံဝတ်လူကြီးက တစ်စုံတစ်ခုကိုဖမ်းဆုပ်မိဟန်ဖြင့် ထူးဆန်းစွာပြုံးလိုက်ပြီး ပြန်မေးလိုက်သည်။
&&&