← Chapters

အသက်ရှင်ရန်

Vol. 4 Ch. 72

အသက်ရှင်ရန်

Vol. 4 Ch. 72

" ဒါဆိုရင် မိန်းကလေးလွတ်မြောက်သွားတာ အဲဒီလူငယ်လေးကြောင့်ပေါ့...."

သူ့ခေါင်းဆောင်၏ထူးခြားသည့်အမူအယာကိုတွေ့မြင်သော်လည်းအနက်ရောင်ဝတ်စုံဝတ်လူကတစ်စုံတစ်ရာ မေးမြန်းခြင်းမပြုဘဲခေါင်းညိမ့်ပြလိုက်သည်။

" ဟုတ်ပါတယ်ခေါင်းဆောင် လွတ်လမ်းမရှိတဲ့အခြေအနေမှာ ပုလွေနဲ့လူငယ်ကဝင်လာပြီး မိန်းကလေးနဲ့အတူ ရေတံခွန်‌အောက်ကိုခုန်ချသွားတာပါ။

ပြီးတော့ ရေစီးနဲ့မျောပါပြီးဥမင်တစ်ရာထဲဝင်ရောက်မျောပါသွားပါတယ်။

အခုလက်ရှိမှာ ချန်ချင်းဂိုဏ်းချုပ်နဲ့သူ့လူတွေက ဥမင်တစ်ရာရဲ့အပြင်ပိုင်းကိုရှာဖွေနေပါတယ် ။

ဒါပေမယ့် သူတို့စကားအရဆိုရင် လူငယ်နှစ်ယောက်အသက်ရှင်ဖိူ့မဖြစ်နိုင်ပါဘူး...."

အနက်ရောင်ဝတ်စုံဝတ်လူက သူ၏အမြင်ကိုသုံးသပ်ပြလိုက်သော်လည်းအဖြူရောင်ဝတ်စုံဝတ်လူကြီးက ခေါင်းယမ်းကာပြုံး၍ပြောလိုက်သည် ။

" မဟုတ်သေးဘူး ။ ဒီလောက်နဲ့ သူတို့မသေနိုင်ဘူး။ ငါ့မသိစိတ်ကပြောနေတဲ့အချက်အရဆိုရင် နောင်တစ်ချိန်မှာ သူတို့က ကစားပွဲထဲကတောင်ခုန်ထွက်သွားနိုင်တယ်....."

အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မြင့်မားသည့်အကဲဖြတ်မှုကြောင့် အနက်ရောင်ဝတ်စုံဝတ်လူက များစွာအံ့အားသင့်သွားမိ၏ ။

သူ၏အမူအယာကိုဂရုမစိုက်ဘဲလူကြီးက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

" စိတ်ဝင်စားစရာပဲ ငါ့ကစားကွက်ထဲမှာမပါတဲ့ ဖျက်မြင်းတွေပေါ်လာသလို ထင်မှတ်မထားတဲ့အင်အားစုတွေကလည်းလှုပ်ရှားလာကြပြီ။

နဂိုထဲက လှုပ်ခတ်နေတဲ့သိုင်းလောကက သူတို့ကြောင့် အများကြီးပိုပြီးကသောင်းကနင်းဖြစ်တော့မှာပဲ....."

သူ၏လေသံက တည်ငြိမ်နေ‌ဆဲဖြစ်သော်လည်း မျက်နှာထက်ရှိကျေနပ်အားရသည့်အမူအယာက ထိမ်းချုပ်မရအောင်ပေါ်ထွက်နေလျက်ရှိသည်။

&&&

" ဝှီး...."

" ဝုန်း...ဝုန်း...."

တိတ်ဆိတ်ပြီး ညင်သာစွာစီးဆင်းနေသည့်အေးစက်စက်မြစ်ရေပြင်၏အနီးရှိ ကုန်းမြေကလေးထက်တွင် အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်သိုင်းပညာလေ့ကျင့်လျက်ရှိသည်။

ခန္တာကိုယ်တစ်ခုလုံးကိုရွေ့လျားကာ လေ့ကျင့်နေသည့်သူ၏လှုပ်ရှားမှုများက နဂါးပျို‌တစ်ကောင်လို အားမာန်ပြည့်ဝနေသလို ခြေလက်လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကမုန်တိုင်းကျသလိုပြင်းထန်လျက်ရှိသည်။

လက်သီး၊ လက်ဝါး၊ ခြေကန်ချက်နှင့် တစ်ခါတစ်ရံ တံတောင်များကိုပင်အသုံးပြုလေ့ကျင့်နေသည့်သူ၏ပုံစံကမည်သည့်သိုင်းပညာလေ့ကျင့်နေသည်ကိုပင်ခန့်မှန်း၍မရနိုင်လောက်အောင်ရှိနေသည် ။

အချိန်အတော်ကြာလေ့ကျင့်နေသည့်တိူင် လူငယ်၏ခန္တာကိုယ်တွင် ချွေးတစ်စက်မှမထွက်သေးဘဲ ကြံ့ခိုင်တောင့်တင်းသည့်ခန္တာကိုယ်က အချိူးကျသည့်လှုပ်ရှားမှုများအဖြစ်အလိုက်သင့်ပြောင်းလဲနေသည် ။

ချောမောခန့်ညားပြီးတည်ငြိမ်အေးဆေးသည့်မျက်နှာထက်တွင်မူ လေးနက်တည်ကြည်သည့်အမူအယာတစ်ခုရှိနေပြီး ကြည်လင်စူးရှသည့်မျက်ဝန်းများက တလက်လက်တောက်ပလျက်ရှိသည်။

လူငယ်လေးကျင့်နေသည့်နေရာနှင့်ခပ်လှမ်းလှမ်းတွင် အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်နတ်မိမယ်လေးတစ်ယောက်က တိတ်ဆိတ်စွာထိူင်လျက်ရှိသည်။

ကြည်လင်ပြီးခံစားချက်မရှိသည့်မျက်ဝန်းများက လူငယ်လေ့ကျင့်နေသည်ကိုစူးစိုက်ကြည့်နေပြီး လွန်စွာလှပသည့်မျက်နှာလေးထက်တွင် တစ်ခါတစ်ရံနူးညံ့သည့်အရိပ်ကလေးတစ်ခုဖြတ်ပြေးသွားတတ်သည်။

သို့သော် လက်ရှိအခြေအနေကိုစဥ်းစားမိချိန်တွင် မိန်းမပျို၏ရင်ထဲ၌ သက်ပြင်းဖွဖွချမိပြီးခေါင်းယမ်းလိုက်သည် ။

ထိုစဥ်မှာပင်လူငယ်၏လှုပ်ရှားမှုများက တဖြေးဖြေးနှေးကွေးသွားပြီး သူ၏တိုက်ကွက်များက ပို၍ပြင်းထန်လာသည်ကိုတွေ့ရပေသည်။

ပုံမှန်ဆိုလျှင် ပို၍လျှင်မြန်လေလေတိုက်ကွက်၏အရှိန်အဟုန်ကပြင်းထန်လေလေဖြစ်သော်လည်း လူငယ်၏တိုက်ကွက်များက နှေးကွေးလာသော်လည်း ပို၍အားမာန်ပြည့်ဝလာသည်။

လူငယ်က အချိန်အနည်းငယ်ကြာ‌အောင်ဆက်‌၍ လှုပ်ရှားနေပြီးမှ သိုင်းပညာလေ့ကျင့်နေခြင်းကိုအဆုံးသက်လိုက်သည် ။

ထို့နောက် သူ၏အကြည့်များကခပ်လှမ်းလှမ်းတွင်ထိုင်နေသည့်မိန်းမပျိုလေးရှိရာသို့ရောက်ရှိသွားပြီး ပျော်ရွှင်ဝမ်းမြောက်သည့်အရိပ်အယောင်များထွက်ပေါ်လာသည် ။

" မိန်ချင်း ကျုပ်ရဲ့အပြင်အားက ကြွက်သားထိမ်းချုပ်ခြင်းအဆင့်ကိုအောင်မြင်ပြီးသွားပြီ ။ နောက်တစ်ဆင့်ကိုသာအောင်မြင်သွားရင် အပြင်အားလမ်းစဉ်မှာ အဆုံးထိရောက်ပြီးပြီလို့ပြောလို့ရတယ်...."

လူငယ်က မိန်းမပျို၏အနီးသို့လျှောက်လာရင်းမှ ရွှင်မြူးစွာပြောလိုက်သည်။

သူ၏စကားကြောင့် မိန်းမပျိုက ညင်သာစွာခေါင်းညိမ့်ပြလိုက်ပြီး အနိမ့်အမြင့်မရှိသည့်လေသံဖြင့်တုန့်ပြန်လိုက်သည်။

" ဂုဏ်ယူပါတယ်...."

သူမက လူငယ်၏အောင်မြင်မှူကိုချီးကျူးလိုက်ခြင်းဖြစ်သော်လည်း အေးစက်စက်ပင်ကိုအသံကြောင့် ချီးကျူးနေခြင်းနှင့်မတူပေ။

သို့သော်မိန်းမပျိုလေး၏အကြောင်းကိုကောင်းစွာသိနားသည်လူငယ်က သူမ၏ဘေးတွင်ဝင်ထိုင်လိုက်ရင်းမှ ပြုံး၍ပြောလိုက်သည်။

" ကျုပ်ရဲ့အပြင်အားလမ်းစဉ်က အတော်လေးခက်ခဲခဲ့တာ။

ရှောင်လင်ကျောင်းမှာနေတုန်းက ပထမသုံးဆင့်ကိုလွယ်လွယ်ကူကူအောင်မြင်ခဲ့ပေမယ့် ဒီအဆင့်မှာတစ်နေတာအတော်ကြာပြီ။

အခု မင်းကိုကယ်တင်ရင်း အားကုန်သုံးလိုက်မိလို့်လားမသိဘူး သူ့အလိုလိုအောင်မြင်သွားတာပဲ...."

သူတို့နှစ်ယောက်ကား ‌ဥမင်တစ်ရာထဲတွင် ကျန်းမာချမ်းသာစွာရှိနေသည့်ရှောင်ယောင်တို့မှလွဲ၍အခြားမဟုတ်ပေ။

မူလက အနားယူပြီးအားပြန်ပြည့်ပြီးနောက်တွင် ထွက်လမ်းကိုရှာဖွေရန်လွယ်ကူမည်ဟုတွေးထားခဲ့မိသော်လည်း နာမည်ကျော်ဥမင်တစ်ရာက ထိုမျှမရိုးရှင်းခဲ့ပေ။

မြစ်ရေကိုဆန်တက်လျှင် သူတို့မျောပါလာသည့်နေရာသို့ရောက်မည်ဟုထင်ခဲ့မိသည့်တိူင် အဆုံးမဲ့မြစ်က ဥမင်တစ်ရာထဲတွင် ဝင်္ကပါတစ်ခုလိုကွေ့ပတ်ကာရှုပ်ထွေးပွေလီစွာစီးဆင်းနေခြင်းဖြစ်ပြီး အချို့နေရာများတွင် လမ်းပိတ်များပင်ရှိသည် ။

ထို့အပြင် သူတို့ရောက်နေသည့်နေရာက ပြင်ပအလင်းရောင်တိုးဝင်သည့်နေရာဖြစ်၍ နေ့ဘက်တွင် အလင်းရောင်အနည်းငယ်ရရှိထားသော်လည်း သန့်စင်တောင်တန်း၏အတွင်းဘက်မှမြေအောက်ဂူတစ်ခုဖြစ်သည့်အားလျော်စွာကျန်နေရာအများစုကမည်းမှောင်နေသည်။

ထို့ကြောင့် ရှောင်ယောင်တို့လည်း အကြိမ်အနည်းငယ်ကြိုးစားပြီးနောက်၌ ထွက်ပေါက်ရှာဖွေရန်ကို ခေတ္တလက်လျော့ကာ ကိုယ့်ကိုယ်ကိုအပြည့်ဝပြန်၍ကုစားနေကြသည်။

အဆိုးထဲမှအကောင်းဟုဆိုရမည်က မျှော်လင့်မထားဘဲ ရှောင်ယောင်၏အပြင်အားလမ်းစဉ်က စတုတ္ထမြောက်အဆင့်ဖြစ်သည့် ကြွက်သားထိမ်းချုပ်ခြင်းအဆင့်ကိုအောင်မြင်သွားခြင်းပင်။

နှစ်အတော်ကြာတစ်ဆို့နေသည့်ထိုအဆင့်က ထိုးဖောက်ရန်လွန်စွာခက်ခဲလှပြီး နေ့စဉ်ကြိုးစားခဲ့သည့်တိုင်တိုးတက်မှုအနည်းငယ်သာပြသပေသည် ။

ထို့ကြောင့် ရှောင်ယောင်လည်း အပြင်အားက်ို ခေတ္တရပ်နားကာ အတွင်းအားလမ်းစဉ်ကိုသာအာရုံစိုက်နေခြင်းဖြစ်ပြီး မျှော်လင့်မထားစွာဖြင့် မိန်းမပျိုလေးကိုကယ်တင်ခဲ့သည့်ညက အလိုလိုအဆင့်တက်သွားခဲ့သည်။

ထိုစဉ်က အတွင်းအားအပြင်အားအကုန်သုံးစွဲခဲ့သည့်အပြင် ခန္တာကိုယ်၏အကန့်အသက်ကိုချိုးဖျက်နိုင်ခဲ့ပြီး သူ၏ ပြင်းပြသည့်စိတ်ဆန္ဒကြောင့်သာမဟုတ်ပါက ရေစီးနှင့်မျောပါရင်းကုန်းမြေကိုရှာတွေ့သည်အထိတောင့်ခံထားနိုင်မည်မဟုတ်ပေ။

ဤနေရာသို့ရောက်ရှိပြီးနောက်တွင်လည်း လွန်စွာပင်ပန်းနွမ်းနယ်မှုကြောင့်ချက်ခြင်းပင်အိပ်မောကျသွားခဲ့ရသည်။

အကျိုးဆက်အနေဖြင့် ခန္တာကိုယ်၏အကန့်အသက်ကိုကျော်လွန်ကြိုးစားခဲ့မိသည့်အတွက် အပြင်အားလမ်းစဉ်က အလိုလိုအဆင့်ထိုးဖောက်သွားခြင်းဖြစ်သည်။

လက်ရှိရှောင်ယောင်၏အပြင်အားသီးသန့်ဖြင့်ပင် အစွမ်းထက်သည့်အဆင့်လွန်ထိပ်သီးများကိုရင်ဆိူင်နိူင်ပြီးဖြစ်ကာ အဆင့်တူချင်းတိုက်ခိုက်ရာတွင်အတွင်းဒဏ်ရာရမည်ကိုဂရုစိုက်စရာမလိုတော့ပေ။

ကြွက်သားထိမ်းချုပ်ခြင်းအဆင့်ကိုအောင်မြင်ပြီးနောက် ခန္တာကိုယ်တွင်းရှိကြွက်သားများကိုလိုသလိုထိမ်းချုပ်နိုင်ကာ အဆိပ်မိမည်ကိုလုံးဝကြောက်စရာမလိုရုံသာမက ဓားလှံလက်နက်များပင်များစွာထိခိုက်စေမည်မဟုတ်ပေ။

ထို့ကြောင့် ရှောင်ယောင်၏အတွင်းအားအပြင်အားနှစ်ခုပေါင်း၍အစွမ်းကုန်တိုက်ခိုက်ပါက ယခင်က သူသေလုမျောပါးရင်ဆိူင်ခဲ့ရသည့်ချူးကုနန်လိုလူမျိုးကိုအသာအယာအနိုင်ယူနိုင်စွမ်းရှိပေမည်။

ချောင်ဖေးဟုန်တို့၊ ထန်ချင်းရှန်တို့လို သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များကိုတော့ယှဉ်တိုက်နိုင်မည်လားဟု မသေချာသေးပေ။

မည်သို့ပင်ဖြစ်စေ လူသူကင်းဝေးကာ တိတ်ဆိတ်လှသည့်နေရာတွင် သူနှစ်သက်သည့်မိန်းကလေးနှင့်နှစ်ဦးထဲနေခွင့်ရခြင်းကို အဆင့်ထိုးဖောက်ခြင်းထက်ပင်ပို၍ပျော်ရွှင်မိသေးသည်။

ဖြစ်နိုင်လျှင် သူတို့၏လက်ကျန်ဘဝတစ်လျှောက် ယခုလိုနေနိုင်လျှင်မည်မျှကောင်းမွန်ပါမည်လာဟု တစ်ခါတစ်ရံတွေးတောမိသည်။

ရှောင်‌ယောင့်အတွက် ကျော်ကြားမှု ၊ သိုင်းပညာစသည်တို့က များစွာအရေးမပါလှဘဲ သည့်မတိုင်မီကပင် သိုင်းလောကတွင်းရှိကိစ္စများပြီးပြတ်သွားပါက မိန်းမပျိုလေးရှိရာလျှို့ဝှက်နေရာတွင်ဇာတ်မြုပ်နေမည်ဟုတွေးတောခဲ့ဖူးသည်။

သို့သော် မိန်းမပျိုလေးက အသက်ရှင်နေသည့်လူသားတစ်ဦးဖြစ်ကာ သူမထံတွင်လည်း ကိုယ်ပိုင်ဘဝနှင့်ရည်မှန်းချက်များရှိနေရာ အရာအားလုံးက သူမျှော်လင့်မထားသလိုဖြစ်မလာခဲ့ပေ။

ရှောင်ယောင့်အတွက် စိတ်ဖြေစရာတစ်ခုက ယခု ကိစ္စများစွာဖြတ်ကျော်ပြီးနောက်တွင် သူတို့၏ဆက်ဆံရေးက ထူးဆန်းစွာရင်းနှီးကျွမ်းဝင်လာခြင်းဖြစ်ပေသည် ။

ဤသည်က သူ၏စိတ်ထဲမှ တောင့်တမျှော်မှန်းသည့်ဆက်ဆံရေးနှင့်ကွဲပြားနေသည့်တိုင် ရသမျှကိုကျေနပ်ရပေမည်။

တစ်ကိုယ်တည်းတွေးတောရင်း ရှောင်ယောင်၏အမူအယာကအမျိုးမျိုးပြောင်းလဲနေသည်။

သူ၏စိတ်ကူးယဥ်အိပ်မက်ကိုလှုပ်နှိုးလိုက်သည်က မိန်းမပျိုလေး၏အေးစက်ကြည်လင်သည့်စကားသံလေးဖြစ်သည်။

" ဒီနေ့ရော ထွက်ပေါက်ရှာဦးမှာလား....."

မိန်းမပျို‌လေး၏မေးခွန်းကြောင့် ရှောင်ယောင်လည်းလက်ရှိအနေအထားကိုပြန်တွေးလိုက်မိကာ ခေါင်းညိမ့်ဥပြောလိုက်သည်။

" ခဏလောက်နေရင်သွားတာပေါ့ ဘာပဲဖြစ်ဖြစ် ရေညှိတွေကလည်း ဘယ်လောက်ကြာကြာခံမယ်ဆိုတာပြောလို့မရဘူး...."

သူတို့နှစ်ယောက် ဥမင်အတွင်းရောက်ရှိနေသည်က သုံးရက်မြောက်နေ့ဖြစ်ပြီး ထိုအတောအတွင်း မစားမသောက်ဘဲအသက်ရှငိနေခြင်းမဟုတ်ပေ။

လိုဏ်ဂူနံရံရှိကျောက်သားမြေပေါ်တွင် တွယ်ညိနေသည့်များပြားသည့်အနီရောင်ရေညှိများကိူစားကာ အသက်ရှင်နေရခြင်းဖြစ်ပြီး သောက်စရာအတွက်မူ အောက်ဘက်မှ မြစ်ရေကိုသာအားကိုးခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် အနီရောင်ရေညှိက သွေးမှိုဟုခေါ်သည့်ဆေးဖက်ဝင်ရေညှိတစ်မျိုးဖြစ်ပြီးလူခန္တာကိုယ်ကိုမထိခိုက်စေဘဲအားအင်ဖြစ်စေ၍ သူတို့နှစ်ယောက်အစာရေစာမပြက်လက်ခြင်းဖြစ်သည်။

သို့သော် သည်အတိုင်းထိုင်စားနေပါက ကျောက်နံရံရှိရေညှိများလည်းတစ်ရက်တွင်ကုန်ခမ်းသွားမည်ဖြစ်ကာ ထိုအခြေအနေသို့ရောက်ရှိပါက ဤနေရာကိုစွန့်ခွာ၍ စမ်းတဝါးဝါးရှာဖွေရန်သာရှိတော့သည်။

အနီးအနားကိုနှံ့စပ်အောင်ရှာဖွေပြီးသည့်တိုင် သူတို့ရောက်နေသည့်နေရာလောက်သင့်လျော်သည့်နေရာကိုမတွေ့ရသလို များပြားလှသည့်လိုဏ်ဂူခွဲများကြားတွင်လမ်းမပျောက်စေရန်အတော်လေးအားထုတ်ခဲ့ရသည်။

&&&-

All Chapters