အကြောင်းအရာ
Vol. 4 Ch. 73
အပေါ်ဘက်မှအလင်းရောင်မှိန်ဖျော့ဖျော့၏အောက်တွင် မိန်းမပျိုလေး၏ဖြူဖွေးနူးညံ့သည့်မျက်နှာက အေးချမ်းသည့်နတ်ဘုရားမတစ်ဦးကဲ့သို့ပင်။
ထိုမျက်နှာလေးကိုငေးစိုက်ကြည့်နေရင်း ရှောင်ယောင်လည်း သူမကို အကဲခပ်သည့်အနေဖြင့်ညင်သာစွာပြောလိုက်သည် ။
" မိန်ချင်း...."
အိပ်မက်ချစ်သူဆိုသည့် နာမည်အဓိပ္ပာယ်နှင့်လိုက်ဖက်အောင်သူမ၏သွင်ပြင်က အိပ်မက်ဆန်လှသည်။
ရှောင်ယောင်၏ခေါ်သံကြောင့်မိန်းမပျိုလေး၏ကြည်လင်သည့်မျက်ဝန်းအကြည့်က သူ့ဆီသို့ကျရောက်လာပြီး ရှောင်ယောင်လည်း အနည်းငယ်တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။
" ကျုပ်တို့ ထွက်ပေါက်ရှာမတွေ့ဘဲ ဒီထဲမှာတစ်သက်လုံးနေသွားရရင် မင်းဘယ်လိုခံစားမရလဲ...."
ရှောင်ယောင်၏မေးခွန်းကြောင့် မိန်းမပျိုလေး၏အမူအယာကအနည်းငယ်ရှုပ်ထွေးသွားသော်လည်း ချက်ခြင်းပြန်ဖြေလိုက်သည်။
" ငါတို့နှစ်ယောက်လုံး အစာငတ်ပြီးသေမှာပေါ့။ နံရံပေါ်က ရေညှိတွေက အတော်လေးများပြားတယ်ဆိုပေမယ့် ငါတို့အတွက်နှစ်နည်းနည်းပဲစားလို့လောက်မယ်။
ပြီးတော့ ရေညှိအသစ်ဖြစ်တဲ့နှုန်းကအတော်လေးနှေးတယ်။ ဒါကြောင့် အလွန်ဆုံး ငါတို့သုံးနှစ်ပဲအသက်ရှင်နိုင်မယ်.."
သူမ၏ပွင့်လင်းသည့်အဖြေကြောင့်ရှောင်ယောင်မှာမည်သို့ဆက်ပြောရမှန်းမသိတော့ဘဲ တိတ်ဆိတ်သွားတော့သည်။
ထို့နောက်မှ ဖြစ်ချင်ရာဖြစ်ဟု စိတ်ပိုင်းဖြတ်၍ မိန်းမပျိုလေးကိုမကြည့်ဘဲ ဖြေးညင်းစွာပြောလိုက်သည်။
" ကျုပ် ကျုပ်ဆိုလိုချင်တာက မင်းက ကျုပ်နဲ့အခုလိုနေရတာကို ဘယ်လိုသဘောရသလဲလို့မေးတာ...."
ရှောင်ယောင်မှာ ထိုစကားများကိုပြောဆိုပြီးနောက် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုဆင်နွဲပြီးသည်ထက်ပင်ပို၍ ပင်ပန်းနွမ်းနယ်သွားပြီး မိန်းမပျိုလေး၏မျက်နှာကိုလည်း ရဲရဲမကြည့်ဝံ့တော့ပေ။
ရှက်သွေးဖြန်းနေသည့်မိန်းမငယ်လေးတစ်ယောက်လို သူမကိုမေးခွန်းထုတ်ပြီးရှက်ရွံ့ကြောက်လန့်နေသည့်ရှောင်ယောင်၏အမူအယာကြောင့် မိန်းမပျိုလေး၏ပုံစံကအနည်းငယ်ထူးဆန်းသွားပြီး သူမ၏နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးသွားသည်။
အေးစက်စက်ရေခဲလွှာများကိုထိုးဖောက်၍ထွက်ပေါ်လာသည့်နှင်းပန်းလေးလို ဖြူစင်ပြီးသန့်စင်သည့်အပြုံးတစ်ခုက မိန်းမပျိုလေး၏မျက်နှာထက်တွင်ပွင့်လန်းလာသော်လည်းခေါင်းကြီးအောက်ငုံ့ကာတစ်ကိုယ်တည်းဆောက်တည်ရာမရဖြစ်နေသည့်ရှောင်ယောင်ကား သတိမထားလိုက်မိရှာပေ။
" အင်း....အဆင်ပြေပါတယ်...."
မိန်းမပျိုလေး၏အပြုံးက လျှင်မြန်စွာပျောက်ကွယ်သွားသော်လည်း ခံစားချက်မရှိသည့်မျက်ဝန်းလှလှလေးများထက်တွင် နူးညံ့သည့်အရိပ်အယောင်များရှိနေသည်။
မိန်းမပျိုလေး၏အဖြေကြောင့် ရှောင်ယောင်၏နှလုံးသားက ခုန်ပေါက်သွားရပြီး စိတ်ကိုတည်ငြိမ်အောင်အလျှင်အမြန်ပင်ဘုရားကျမ်းစာများရွတ်ဖတ်လိုက်ရသည်။
ရှောင်လင်ကျောင်းတွင်ဆယ်နှစ်ကျော်နေခဲ့ခြင်းက အမျိုးမျိုးစာကျမ်းစာများကိုရင်းနှီးကျွမ်းဝင်ကာ အာဂုံဆောင်နိုင်ခဲ့ပေသည်။
သူသာ ကတုံးတုံး၍ဘုန်းကြီးဝတ်ပါက အတော်လေးကြည်ညိုသူပေါများပေလိမ့်မည်။
တစ်ကိုယ်တည်းတောင်တွေးမြောက်တွေး တွေးနေမိ၍ ရှောင်ယောင်လည်း ခေါင်းကိုခပ်သွက်သွက်ကလေးခါယမ်းလိုက်သည်။
မည်သည့်အတွက် ဘုန်းကြီးဝတ်မည်ဆိုသည့်စိတ်ကူးကြီးကပေါ်ထွက်လာရသနည်း ။
ဝတ်ချင်းဝတ် ဘုန်းတော်ကြီးတစ်ပါးနှင့်ပိုတူသည့်ကြွယ်ယန်က ဝတ်သင့်ပေသည်။
အပြင်ပန်းတွင်တည်ငြိမ်သော်လည်းစိတ်ထဲတွင် အတွေးများနှင့်ရောက်ယက်ခတ်နေသည့်ရှောင်ယောင်စိတ်ကိုရိပ်စားမိ၍ မိန်းမပျိုလေးက လှပစွာပြုံးလိုက်မိပြန်သည်။
အမှန်အတိုင်းဝန်ခံရလျှင် သူမကိုယ်တိုင်လည်း....
သို့သော် သူမ၏မျက်နှာထားကိုပြန်၍ထိမ်းချုပ်လိုက်ရင်း ပင်ကိုအေးစက်စက်အသံကလေးဖြင့်မေးလိုက်သည်။
" ဒါနဲ့ နင်ကဘယ်လိုဖြစ်ပြီး ချင်းယန်ဂိုဏ်းနဲ့ချင်းခွန်ဂိုဏ်းရဲ့တံဆိပ်ပြားကိုရလာတာလဲ ဒါတွေက ချင်းယန်ဂိုဏ်းနဲ့ချင်းခွန်ဂိုဏ်းရဲ့ပိုင်ဆိုင်မှုလေ ...."
မိန်းမပျိုလေး၏မေးခွန်းကြောင့် အတွေးထဲတွင်နစ်မျောနေသည့်ရှောင်ယောင်လည်း ဆက်ခနဲဖြစ်သွားပြီး သူမကိုကြည့်လိုက်သည်။
ထိုအခါ မိန်းမပျိုလေးကသူ့၏အဖြေကိုစိတ်ပါဝင်စားစွာစောင့်မျှော်နေသည်ကိုသိလိုက်၍ ချောင်းတစ်ချက်ဟန့်ကာ စ၍ရှင်းပြလိုက်သည်။
" ဒါက ကျုပ်ရဲ့အဖိုးလေးနဲ့သက်ဆိုင်တယ် ။ အဲ မင်းလည်းသိမှာပါ ရှောင်လင်ကျောင်းက ဆရာတော်ရွှမ်းနန်လေ သူက....."
အစချီ၍ ရှောင်ယောင်လည်း သူ့အဖိုးလေးတာဝန်ပေးခဲ့သည့်အကြောင်းမှစ၍ အမည်မသိလူတစ်ယောက်၏လက်မှထွက်ပြေးရင်း လျှို့ဝှက်နေရာကိုရောက်ရှိခဲ့သည်အထိပါရှင်းပြလိုက်သည်။
ထိုသို့ပြောဆိုနေရင်းမှ မိန်းမပျိုလေး၏မျက်နှာကိုလည်းအကဲခပ်နေပြီးသူမကထိုလျှို့ဝှက်နေရာကိုတည်ဆောက်ခဲ့သူများနှင့်တစ်စုံတစ်ရာပတ်သတ်နေနိုင်သည်ဟုတွေးနေမိသည်။
သို့သော် သူမအားထို့ကြောင်းအရာများကိုမေးမြန်းမည်မဟုတ်ပေ။
ရှောင်ယောင်၏စကားဆုံးသည်နှင့်မိန်းမပျိုလေး၏မျက်ခုံးနှစ်ဖက်ကအနည်းငယ်တွန့်ကွေးသွားပြီး သူမ၏အေးစက်လှပသည့်မျက်နှာလေးထက်တွင် လေးနက်တည်ကြည်သည့်အရိပ်အယောင်များထွက်ပေါ်လာသည်။
" ဒါဆိုရင် နင်ပြောတဲ့ ဖျင်ကြမ်းဝတ်စုံနဲ့လူက တံဆိပ်ပြားနှစ်ခုရဲ့အသုံးဝင်ပုံကိုသိနေရမယ်။ ဒါကြောင့်လည်းနင့်ကိုအကြောင်းပြချက်မရှိဘဲတိုက်ခိုက်ပြီး တံဆိပ်ပြားတွေကိူလုယက်ချင်ခဲ့တာ။
တကယ်တော့ အဲဒီလျှို့ဝှက်နေရာကို နဂါးတွင်းနက်လို့ခေါ်တယ်။ တစ်ချိန်က ငါရဲ့ဘိုးဘေးတွေထည်ဆောက်ခဲ့တာပေါ့....."
ထိုစကားကြောင့် ရှောင်ယောင်၏မျက်နှာထက်၌ အံ့အားသင့်သည့်အရိပ်အယောင်များပေါ်ထွက်လာပြီး မနေနိုင်ဘဲမေးလိုက်မိသည်။
" ဒါဆိုရင် မင်းက အဲဒီနေရာကို ကျုပ်ဝင်လာသလိုဝင်လာတာမဟုတ်ဘူးပေါ့...."
ရှောင်ယောင်လည်း ထိုသို့မေးမြန်းပြီးမှ သူ၏မေးခွန်းမည်မျှတုံးအသည်ကိုပြန်တွေးလိုက်မိ၏။
လျှို့ဝှက်နေရာတစ်ခုလုံးက မိန်းမပျိုလေး၏ဘိုးဘေးများတည်ဆောက်ခဲ့သည်ဖြစ်ရာ အထဲမှလျှို့ဝှက်ချက်များကို သူမကျိန်းသေပေါက်သိရှိရပေမည်။
ရှောင်ယောင်၏မျက်နှာကိုတစ်ချက်ကြည့်၍ မိန်းမပျိုလေးက ခေါင်းညိမ့်ပြလိုက်သည်။
" ဟုတ်တယ်။ ချင်းယန်ဂိုဏ်းနဲ့ချင်းခွန်ဂိုဏ်းဆိုတာ ကျမဘိုးဘေးရဲ့နောက်လိုက်တွေတည်ထောင်ခဲ့တဲ့အင်အားစုတွေပဲ။
ဒါပေမယ့် နှစ်တွေကြာလာတော့ သူတို့တောင် သူတို့လက်ဆင့်ကမ်းလာတဲ့တံဆိပ်ပြားတွေရဲ့လျှို့ဝှက်ချက်ကိုမသိနိုင်လောက်တော့ဘူး။။
နင်က အတော်လေးကံကောင်းလို့ အထဲကိုဝင်နိုင်ခဲ့တာလို့ပြောရမယ်။ ပြီးတော့ လျှို့ဝှက်အခန်းတွေကိုတောင်ဖွင့်နိုင်ခဲ့သေးတယ်...."
မိန်းမပျိုလေး၏စကားကြောင့် ရှောင်ယောင်လည်း ရှက်ရွံ့စွာပြုံးလိုက်မိ၏။
ရေတံခွန်အနီးရှိ တံဆိပ်ပြားထည့်ရန်နေရာကိုတိုက်ဆိုင်စွာရှာတွေ့သလို နေရောင်ခြည်၏အကူအညီဖြင့် လျှို့ဝှက်နေရာ၏ဝင်ပေါက်ကိုလည်းရှာတွေ့ခဲ့လေသည်။
ထို့အပြင် လျှို့ဝှက်နေရာထဲ၌ ထွက်ပေါက်ရှာရှာဖွေရင်း မိန်းမပျိုလေးရှိခဲ့သည့်အခန်းကိုသာမက ကျန်လျှို့ဝှက်အခန်းတစ်ခုကိုပင်ဖွင့်နိုင်ခဲ့သည်။
ထိုအခန်းထဲတွင်မြင်ခဲ့ရသည့်မြင်ကွင်းကိုပြန်တွေးလိုက်မိချိန်၌ ရှောင်ယောင်လည်း မနေနိုင်ဘဲ ပင့်သက်ရှိုက်မိသည်။
ကြီးမားသည့်သေတ္တာများနှင့်အစီအရီထည့်ထားသည့်ရွှေတုံးများ ၊ အပြင်ဘက်တွက်သည်အတိုင်းပုံထားသည့် ငွေတုံးများနှင့် လွန်စွာများပြားသည့်ကျောက်မျက်ရတနာများကိုအခန်းထဲတွင်တွေ့ခဲ့ရသည်။
ရှောင်ယောင်၏ဘဝတွင်မြင်ခဲ့ရသည့်ရွှေငွေရတနာစုစုပေါင်းရ ထိုလျှိူ့ဝှက်ခန်းထဲရှိပမာဏ၏ဆယ်ပုံတစ်ပုံကိုပင်မှီမည်မဟုတ်ပေ ။
အကယ်၍ ထိုရွှေငွေရတနာများကိုသာပြင်ပတွင်ထုတ်ဖော်လိုက်ပါက ရှောင်ယောင်တစ်ယောက် နေ့ချင်းညချင်းနိုင်ငံ၏ ပြိုင်ဘက်မရှိအကြွယ်ဝဆုံးလူတစ်ယောက်ဖြစ်လာပေမည်။
သို့သော် ရှောင်ယောင်က အပျင်းပြေတီးမှုတ်ရန် ကျောက်စိမ်းပုလွေတစ်ချောင်းကိုသာယူဆောင်လာခဲ့ပြီး ထိုပုလွေကလည်း မိန်းမပျိုလေးကိုတီးမှုတ်ဖျော်ဖြေရန်ရည်ရွယ်၍ဖြစ်သည်။
ရှောင်ယောင်၏အမူအယာကိုကြည့်၍ မိန်းမပျိုလေးက ခေါင်းညိမ့်ကာဆက်ပြောလိုက်သည်။
" ဟုတ်တယ် နင်တွေ့ခဲ့တာတွေက ငါတို့ဘိုးဘေးစုဆောင်းထားတာတွေပဲ။ သူက ကြီးမားတဲ့အန္တရာယ်ကြီးတစ်ခုကျရောက်လာရင် သူ့ရဲ့မျိုးဆက်တွေနဲ့နောက်လိုက်နောက်ပါတွေပုန်းခိုနိုင်ဖို့ရည်ရွယ်ချက်နဲ့ အဲဒီနေရာကိုတည်ဆောက်ခဲ့တာပဲ။
နောက်က်ပိုင်းမှာ သူစိုးရိမ်နေတဲ့ကိစ္စမဖြစ်ခဲ့လို့လျှိူ့ဝှက်နေရာက ဒီအတိုင်းကျန်ခဲ့တာ ။
အထဲမှာရှိတဲ့ကံခါးပတ်ပိုးစာပင်က ဒဏ္ဍာရီထဲက သစ်ပင်တစ်ခုဖြစ်သလို ပုံမှန်အတိုင်းမှီဝဲပြီးအတွင်းအားလေ့ကျင့်ရင် သာမန်လူတစ်ယောက်ကိုတောင် ပါရမီရှင်တွေနဲ့ယှဉ်နိုင်တဲ့အမြန်နှုန်းပေးစွမ်းနိုင်တယ်။
ပြီးတော့ ကျောက်စိမ်းခေါင်းတလားက ဘယ်လိုဒဏ်ရာမျိုးကိုမဆိုပျောက်ကင်းစေရုံတင်မဟုတ်ဘဲ ငါလေ့ကျင့်တဲ့ သန့်စင်ယင်ကျောက်စိမ်းအတွင်းအားနဲ့လုံးဝလိုက်ဖက်ညီနေတယ်။
ဒါကြောင့်လည်း အထဲမှာနှစ်နည်းနည်းလေ့ကျင့်လိုက်ရုံနဲ့သိုင်းဝိဇ္ဇာအဆင့်ကိုရောက်ရှိခဲ့တာ ..."
မိန်းမပျိုလေး၏စကားကြောင့် ရှောင်ယောင်လည်းမည်သည့်အတွက်လျှို့ဝှက်နေရာတွင်လေ့ကျင့်နေရင်းအတွင်းအားများလျှင်မြန်စွာတိုးတက်လာရသည်ကိုသိရှိလိုက်သည် ။
ကောက်ယူသူမရှိ၍ ကြွေကျပျက်စီးနေသည့်ကံခါးပတ်ပိုးစာသီးများနှင့် အပင်ထက်ရှိမရေမတွက်နိုင်သည့်သစ်သီးများကိုပြန်တွေးလိုက်မိချိန်တွင် ရှောင်ယောင်ပင် နှမျောတသဖြစ်သွားမိ၏ ။
အကယ်၍ ထိုအကြောင်းအရာသာသိုင်းလောကထဲတွင်ပျံ့နှံ့သွားပါက ထိပ်တန်းအင်အားစုများပင် အစွမ်းကုန်တိုက်ခိုက်လုယက်ကြပေမည်။
ထိုနည်းတူ မိန်းမပျိုလေး၏သိုင်းအဆင့်ကိုအတိအကျသိလိုက်ရ၍ ပင့်သက်ရှိုက်လိုက်မိသည်။
အဖိုးအိုချန်စန်တို့နှင့်တိုက်ခိုက်စဉ်က သူမ၏အခြေအနေကများစွာမကောင်းလှ၍ အသေအချာမသိခဲ့သော်လည်းသူမကိုယ်တိုင်ထုတ်ဖော်ပြောဆိုမှ မိန်းမပျိုလေးကသိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်ကြောင်းအသေအချာသိရှိသွားသည်။
သူမ၏အသက်အရွယ်ကမည်သည့်အရွယ်သာရှိသေးသနည်း။
သူမ၏ပါရမီနှင့်နှိုင်းယှဉ်ပါက လူငယ်ထိပ်သီးဆယ်ယောက်၏ပါရမီက အတော်လေးနိမ့်ကျသွားသည်ဟုဆိုရပေမည်။
" ငါအိပ်စက်ခဲ့တဲ့ကျောက်စိမ်းခေါင်းတလားကလည်းအဖိုးမဖြတ်နိုင်အောင်တန်ဖိုးရှိသလို နင်မြင်ခဲ့ရတဲ့ရတနာတွေက မှန်းဆမရတဲ့အထိများပြားတဲ့ကြွယ်ဝမှုတွေပဲ ..."
ထိုအကြောင်းအရာများကိုနားထောင်နေရင်းရှောင်ယောင်၏မျက်ဝန်းထဲတွင် အံ့အားသင့်မှုများရှိနေသည့်တိုင် လိုချင်လောဘဟူ၍စိုးစဉ်မှရှိမနေပေ။
ထို့နောက် အချိန်မရ၍ သူမဖွင့်လှစ်ခဲ့သည့်အခန်းက မည်သည့်အရာများသိမ်းဆည်းထားမည်ကို တွေးပင်မတွေးဝံ့တော့ပေ။
မိန်းမပျိုလေး၏အမူအယာက ပို၍တည်ငြိမ်သွားပြီး အေးစက်စက်လေသံဖြင့်ဆက်ပြောလိုက်သည်။
" အဲဒီအကြောင်းကို တစ်နည်းနည်းနဲ့သိနေတဲ့လူက နင့်ဆီကတံဆိပ်ပြားတွေကိုလုယက်ဖို့ကြိုးစားခဲ့တာပဲ..."
&&&