ပန်းတစ်ရာတောင်ကုန်း
Vol. 4 Ch. 74
" အဲဒီအကြောင်းကို တစ်နည်းနည်းနဲ့သိနေတဲ့လူက နင့်ဆီကတံဆိပ်ပြားတွေကိုလုယက်ဖို့ကြိုးစားခဲ့တာပဲ..."
သူ၏သုံးသပ်မှုကိုကြားမှရှောင်ယောင်လည်း ဖျင်ကြမ်းဝတ်စုံဝတ်လူ၏ထူးဆန်းသည့်လုပ်ရပ်ကိုပြန်တွေးလိုက်မိပြီး ကျောထဲတွင်အေးစိမ့်သွားသည်။
လျှို့ဝှက်နေရာကြီးကခမ်းနားကြီးကျယ်လှသည့်အပြင် အထဲတွင် မျှော်မှန်းထားသည်ထက်ပိုသည့်အံ့ဩဖွယ်ရာများရှိနေသည်။
မိန်းမပျိုလေးအိပ်စက်ခဲ့သည့်ကျောက်စိမ်းခေါင်းတလား ၊ ကံခါးပတ်ပိုးစာပင်နှင့် တောင်လိုပုံနေသည့်ရွှေငွေရတနာများ၊ မဖွင့်ရသေးသည့်လျှိူ့ဝှက်အခန်း စသည်တို့တည်ရှိသည့်လျှို့ဝှက်နေရာကြီးက ဖော်ပြမရနိုင်သည်အထိ တန်ဖိုးရှိလှသည်။
ထိုစဥ်က မည်သည့်အတွက်ဖျင်ကြမ်းဝတ်စုံဝတ်လူက သူ့ကိုသတ်ဖြတ်ရန်ကြိုးစားခြင်းမပြုသည်ကိုမသိသော်လည်း သူအတော်လေးကံကောင်းခဲ့ခြင်းဖြစ်ကြောင်းနားလည်သွားမိသည်။
ဖျင်ကြမ်းဝတ်စုံဝတ်လူသာ သူ့ကိုသတ်ဖြတ်ရန်ကြိုးစားခဲ့ပါက သူ့အနေဖြင့်ထွက်ပြေးလွတ်မြောက်နိုင်ရန်ပင်အခွင့်အရေးရှိမည်မဟုတ်ပေ။
ရှောင်ယောင်နှင့်မိန်းမပျိုလေးတို့ အတွေးကိုယ်စီဖြင့်တိတ်ဆိတ်သွားကြပြီးအချိန်အနည်းငယ်ကြာမှ ရှောင်ယောင်က ထရပ်လိုက်ရင်း သက်ပြင်းတစ်ချက်ချ၍ပြောလိုက်သည်။
" ဒီကနေလွတ်မြောက်နိုင်ဖို့ ထွက်ပေါက်သွားရှာရအောင် ....."
&&&
ပန်းတစ်ရာတောင်ကုန်း
ယခုရက်ပိုင်းတွင် ပန်းတစ်ရာတောင်ကုန်းမှလူအားလုံးအလုပ်ရှုပ်လျက်ရှိသည် ။
ပုံမှန်ဆိုလျှင် အေးချမ်းတိတ်ဆိတ်ပြီးလူအနည်းငယ်သာရှိသည့်ပန်းတစ်ရာတောင်ကုန်းမှာ ယခုအခါ သိုင်းသမားများစွာရှိနေပြီး ပန်းတစ်ရာတောင်ကုန်းမှလူများသာမက နဂါးနက်ရဲတိုက်နှင့်ပညာရှိစံအိမ်မှလူများကိုပါတွေ့ရပေမည်။
ထိုလူများက တောင်ကုန်းသခင်လီချန်းစိန်၏စံအိမ်ထဲတွင် အခမ်းအနားတစ်ခုခုအတွက်ပြင်ဆင်နေခြင်းဖြစ်ကာ လူတိုင်းအလုပ်ကိုယ်စီဖြင့်ရှုပ်လျက်ရှိ၏။
သိူ့သော် စံအိမ်ကြီး၏နောက်ဘက်ရှိဥယျာဉ်လေးထဲတွင် ရှေ့ဘက်မှလှုပ်ရှားသက်ဝင်နေသည့်အခြေအနေနှင့်ခြားနားစွာ တိတ်ဆိတ်ငြိမ်သက်လှ၏။
မိုးမခပင်ကြီး၏အောက်မှ သစ်သားစားပွဲဝိုင်းလေးတွင် ဝတ်စုံဖြူဝတ်မိန်းမပျိုတစ်ဦးနွဲ့နှောင်းသည့်ကိုယ်ဟန်ဖြင့် သက်သောင့်သက်သာရှိစွာအနားယူနေသည်။
ထိုင်လျက်အနေအထားဖြစ်သည့်တိုင် မို့မောက်သောရင်အစုံ ၊ ထွာဆိုင်မျှသာရှိမည့်ခါးသွယ်သွယ်လေးနှင့် ဖွံ့ထွားသည့်တင်ပါးတို့ကိုတွေ့နိုင်ပြီး ပုရိဿတို့မျက်စေ့မလွှဲနိုင်စရာအချိုးအစားမျိုးဖြစ်သည်။
ရေတံခွန်လိုနက်မှောင်ရှည်လျားသည့်ဆံနွယ်များပက စည်းနှောင်ထားခြင်းကင်းမဲ့နေပြီးလွတ်လပ်စွာကျဆင်းလျက်ရှိသည်။
ဖြူဖွေးနူးညံ့သည့်အသားအရေက မထိရက်မကိုင်ရက်ဖြင့် ကြွေရုပ်ကလေးနှင့်ပင်ဆင်တူကာ မွဲခြောက်ခြောက်သစ်သားမျက်နှာဖုံးတစ်ခုကိုတပ်ဆင်ထားသည့်တိုင် သူမ၏အလှကနည်းနည်းကလေးမှယုတ်လျော့မသွားပေ။
မျက်လုံးပေါက်မှမြင်နေရသည့် မျက်ဝန်းအစုံက ညကောင်းကင်မှကြယ်ပွင့်များလိုတောက်ပနေပြီး စူးရှသည့်အကြည့်တစ်ခုရှိနေသည်။
နှင်းများထက်ပင်သန့်စင်သည့်အရှိန်အဝါနှင့် မြင့်မြတ်လှပသည့်ထိုမိန်းမပျိုကား လက်ရှိအင်အားစုသုံးခုလုံးကို အလုပ်ရှုပ်စေခဲ့သည့်တရားခံလည်းဖြစ်၏ ။
သူမနှင့်မလှမ်းမကမ်းရှိမိုးမခပင်ခြေတွင် ဖျင်ကြမ်းဝတ်စုံဝတ်ခါးကုန်းကုန်းအဖိုးအိုတစ်ဦးက သစ်ပင်ကိုမှီကာ ငိုက်မျဉ်းနေသည်။
ခပ်လှမ်းလှမ်းတွင်မူ အဖြူရောင်ဝတ်စုံဝတ်လူအချို့ရှိပြီး အေးစက်စက်အမူအယာများဖြင့်မိန်းမပျိုလေးကိုစောင့်ကြပ်ပေးနေဟန်တူသည်။
ထိုအချိန်မှာပင် စံအိမ်ကြီးဆီမှ လူရိပ်သုံးခုထွက်ပေါ်လာပြီး မိန်းမပျိုလေး၏အနီးကိုဦးတည်၍လာနေကြသည်။
ထိုလူသုံးယောက်ကား အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုတစ်ယောက် ၊ သံမဏိမျက်နှာဖုံးကိုဝတ်ဆင်ထားပြီး ဓားတစ်ချောင်းသိုင်းလွယ်ထားသည့်လူတစ်ဦးနှင့် အစိမ်းရောင်ဝတ်စုံဝတ်မိန်းငယ်လေးတို့ဖြစ်ကြသည်။
" ဘယ်လိုလဲ တစ်ခုခုသိခဲ့ရလား... "
မိန်းမပျိုလေးက နောက်လှည့်မကြည့်ဘဲမေးလိုက်သည်။
ချိုမြိန်ပြီးကြည်လင်သည့်အသံက ကြားရသူတိုင်း၏ရင်ကိုအေးချမ်းသွားစေနိုင်ကာ တစ်ခါကြားရပြီးလျှင်အထပ်ထပ်နားထောင်ချင်လောက်အောင်သာယာလှသည်။
အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုနှင့် သံမဏိမျက်နှာဖုံးစွပ်တို့က မိန်းမပျိုလေးကိုအရိုအသေပေးလိုက်ကြသော်လည်း အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက သူမ၏အနီးသို့ချဉ်းကပ်ကာ စူပုတ်ပုတ်မျက်နှာလေးဖြင့်ပြောလိုက်သည်။
" မအောင်မြင်ခဲ့ဘူး သခင်မလေး အဲဒီလူတွေက တော်တော်ခေါင်းမာတယ် ဘယ်လိုနှိပ်စက်မှုမျိုးကိုမဆိုအံကြိတ်ပြီးခံနေတာ ။
ပြီးတော့ သူတို့ကိုအကြောပြန်ဖွင့်ပေးတုန်းကတစ်ယောက်ဆိူရင်လျှာကိုက်ပြီးသတ်သေလို့ အတော်လေးဒုက္ခများသွားသေးတယ်...."
အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးက အသက်ဆယ့်လေးဆယ့်ငါးဝန်းကျင်သာရှိမည်ဖြစ်ကာ ကျစ်ဆံမြီးနှစ်ဖက်ကလေးကိုစည်းထားပြီးအတော်လေးချစ်စရာကောင်းလှသည်။
နုပျိုပြီးတက်ကြွသည့်သွင်ပြင်က အရွယ်မရောက်သေးသည့်ပန်းသီးလေးတစ်လုံးလိုချစ်စဖွယ်ဖြစ်သော်လည်း သူမ၏အကြောင်းကိုကောင်းစွာသိသူများအတွက် ထိုမိန်းကလေးကငရုပ်သီးတောင့်ကလေးလို အတော်လေးပူစပ်ပူလောင်ဖြစ်မည်ကိုကျိန်းသေပေါက်အာမခံနိုင်သည်။
ဝတ်စုံဖြူဝတ်မိန်းမပျိုလေးက အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေး၏စကားကိုဂရုမစိုက်ဘဲ အဖိုးအိုနှင့်သံမဏိမျက်နှာဖုံးစွပ်တို့ကိုကြည့်ကာမေးလိုက်သည်။
" အကြီးအကဲတို့ တစ်ခုခုများသိခဲ့သေးလား ..."
မိန်းမပျိုလေး၏မေးခွန်းကြောင့် အဖိုးအိုတို့နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြီးပြိုင်တူခေါင်းယမ်းပြလိုက်ကြသည်။
ဝန်ခံရမည်ကအနည်းငယ်ရှက်စရာကောင်းသော်လည်း သူတိူ့ဖမ်းမိထားသည့်လူနှစ်ယောက်က အလွန်အမင်းနှုတ်လုံသူများဖြစ်ကြသည်။
ယခင်ရက်ပိုင်းက သူတို့ဆီသို့တိတ်တဆိတ်လာရောက်ထောက်လှမ်းသူများကို ခါးကုန်းအဖိုးအိုကဖမ်းဆီးပေးခဲ့ပြီးထိုအထဲမှ သုံးယောက်က နေရာတင်သတ်သေသွားခဲ့သည်။
ထို့ကြောင့် ကျန်နှစ်ယောက်ကိုအချိန်မီအကြောပိတ်ဖမ်းဆီးကာ ပန်းတစ်ရာတောင်ကုန်း၏အကျဉ်းခန်းတွင်ဖမ်းဆီးလျက်စစ်ဆေးမေးမြန်းနေခြင်းဖြစ်၏။
သို့သော် သူတို့နှစ်ယောက်လုံးက ချော့တစ်လှည့်ခြောက်တစ်လှည့်ဖြင့်နည်းမျိုးစုံနှိပ်စက်သည်ကို လုံးဝဂရုမစိုက်ဘဲ တင်းခံနေကြသည်။
ထို့အပြင် အခွင့်အရေးရပါက သတ်သေရန်ကြိုးပမ်းကြသေး၍ ထိုလူများထံမှတစ်စုံတစ်ခုသိရဖို့က မဖြစ်နိုင်သလောက်ပင်ရှိသည်။
အဖိုးအိုတို့နှစ်ယောက်၏အမူအယာကိုမြင်သည်နှင့် မိန်းမပျိုလေးက ဖြေးညင်းစွာခေါင်းညိမ့်ပြကာပြောလိုက်သည်။
" ရပါပြီ သူတို့ကိုဒီတိုင်းဖမ်းချုပ်ထားလိုက်ပါ ။ အကြီးအကဲတို့ပင်ပန်းသွားပြီး...."
သူမ၏စေခိုင်းမှုကိုအောင်မြင်အောင်မလုပ်ဆောင်နိုင်သည့်တိုင်မိန်းမပျိုလေးက နှစ်သိမ့်ပေးနေ၍ အဖိုးအိုတို့နှစ်ယောက်လည်း အတော်လေးခံစားသွားရသည်။
ထို့နောက် မိန်းမပျိုလေးကိုအရိုအသေပေးကာထွက်သွားမည်ပြုစဉ်မိန်းမပျိုလေးက သံမဏိမျက်နှာဖူံးစွပ်လူကိုပြောလိုက်သည်။
" အကြီးအကဲသံမဏိ ခဏလေးနေခဲ့ပါဦး...."
သူမ၏အမိန့်ကြောင့်အနည်းငယ်စိတ်ရှုပ်ထွေးသွားသည့်တိုင် သံမဏိမျက်နှာဖုံးစွပ်လူကနေရာတွင်ကျန်ရစ်ခဲ့သည်။
ထို့နောက် မိန်းမပျိုလေးက သံမဏိမျက်နှာဖုံးစွပ်လူကို စူးရှသည့်အကြည့်များဖြင့်ကြည့်ရင်း လေးနက်စွာမေးလိုက်သည်။
" အကြီးအကဲသံမဏိ ရှင့်ရဲ့အတိတ်အကြောင်းနဲ့ပတ်သတ်ပြီးတစ်ခုခုစဉ်းစားလို့ရပြီလား....."
မိန်းမပျိုလေး၏မေးခွန်းကို သံမဏိမျက်နှာဖုံးစွပ်လူကခေါင်းယမ်းပြရင်း တည်ငြိမ်သည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
" ကျုပ် ဘယ်လိုမှစဉ်းစားလို့မရဘူး သခင်မလေး အဲဒီအကြောင်းအရာတွေက လုံးဝဗလာဖြစ်နေသလိုပဲ။
ကျုပ်ဘယ်သူလဲ ။ ဘယ်ကလဲ ။ အထွတ်အမြတ်နတ်နန်းတော်ကိုမရောက်ခင်ကဘယ်မှာနေခဲ့တာလဲ ဒါတွေကိုလုံးဝစဉ်းစားလို့မရဘူး...."
သံမဏိမျက်နှာဖုံးစွပ်လူ၏အသံကိုနားထောင်ခြင်းဖြင့် အသက်အရွယ်အတော်လေးကြီးရင့်နေပြီဖြစ်ကြောင်းသိနိုင်ကာ သူ၏ဦးခေါင်းတွင်လည်းဆံပင်များဖြူဖွေးနေပေသည်။
သူ၏အဖြေကြောင့် မိန်းမပျိုလေးကခေါင်းတစ်ချက်ညိမ့်လိုက်ပြီးလေးနက်သည့်လေသံဖြင့်မေးလိုက်သည်။
" တကယ်တော့ ရှင့်ရဲ့အတိတ်အကြောင်းကို ကျမတို့ စုံစမ်းပြီးသိရှိခဲ့တယ်။ ရှင်နားထောင်ချင်လား....."
မိန်းမပျိုလေး၏မေးခွန်းကြောင့် သံမဏိမျက်နှာဖုံးစွပ်အဖိုးအို၏ခန္တာကိုယ်ကတစ်ချက်တုန်ယင်သွားပြီး ဖြေးညင်းစွာခေါင်းညိမ့်ပြလိုက်သည်။
သူ၏တုန့်ပြန်မှုကြောင့် မိန်းမပျိုလေးက သံမဏိမျက်နှာဖုံးစွပ်အဖိုးအိုကိုစူးစိုက်ကြည့်ရင်း စတင်၍ပြောလိုက်သည်။
" ရှင့်ရဲ့နာမည်အရင်းက တုန်းဖန်းလီပဲ တစ်ချိန်က ကျော်ကြားခဲ့တဲ့နဂါးစိမ်းဂိုဏ်းရဲ့ ဂိုဏ်းထိမ်းကိုးယောက်ထဲကတစ်ယောက်ပေါ့....."
သံမဏိမျက်နှာဖုံးစွပ်အဖိုးအိုက မိန်းမပျိုလေး၏စကားကိုအသေအချာနားထောင်နေရင်းခပ်တိုးတိုးရေရွတ်လိုက်သည်။
" တုန်းဖန်းလီ...."
" ဟုတ်တယ် အဲဒါကရှင့်ရဲ့နာမည်အရင်းပဲ ။အကြီးအကဲသံမဏိဆိုတာ ရှင်နန်းတော်ကိုရောက်လာမှ ဖေဖေပေးခဲ့တဲ့နာမည်..."
သံမဏိမျက်နှာဖုံးစွပ်အဖိုးအို၏အမူအယာကအနည်းငယ်ရှုပ်ထွေးနေဟန်တူသော်လည်း တစ်စုံတစ်ခုကိုပြန်မှတ်မိဟန်မတူပေ။
ထို့ကြောင့် မိန်းမပျိုက ဆက်ပြောလိုက်သည် ။
" လွန်ခဲ့တဲ့အနှစ်နှစ််ဆယ်ကျော်လောက်က ရှင်က ရုတ်တရက်သိုင်းလောကထဲကပျောက်သွားခံ့ပြီး သတင်းအစအနမရှာမရဘဲတိမြုပ်သွားခဲ့တာ။
အဲဒီတုန်းက ရှင်ကျမတို့အထွတ်အမြတ်နတ်နန်းတော်ကိုရောက်လာတာပေါ့။
ဒါပေမယ့် ဘယ်သူ့လက်ချက်ကြောင့်ဆိုတာမသိပေမယ့် ဒဏ်ရာတွေအများကြီးရပြီးမေ့လဲသွားလို့ နန်းတော်ကအစောင့်တွေက ကယ်တင်ထားခဲ့တာ
ရှင်ပြန်သတိရလာတော့ အတိတ်ကိုပြန်မမှတ်မိဘူးဆိုလို့ ဖေဖေက အကြီးအကဲသံမဏိလိုနာမည်သစ်ပေးပြီး နန်းတော်ရဲ့မြေနတ်တစ်ပါးအဖြစ်သက်မှတ်ပေးခဲ့တာ ။
ပြီးမှရှင့်ရဲ့သိုင်းပညာတွေတိုးတက်လာပြီး မိုးနတ်ရှစ်ပါးထဲပါဝင်လာခဲ့တာပေါ့...."
မိန်းမပျို၏စကားများကိုနားထောင်နေရင်း အဖိုးအိုက သက်ပြင်းတစ်ချက်ချ၍ သံမဏိမျက်နှာဖုံးကို ဖြေးညင်းစွာချွတ်လိုက်သည်။
ထိုအခါ ဥပတိရုပ်ကောင်းမွန်သည့်အသက်ရှစ်ဆယ်ကျော်ခန့်ရှိမည့်အဖိုးအိုတစ်ဦး၏ရုပ်သွင်ပေါ်ထွက်လာပြီး သူ၏ဖြူဖွေးနေသည့်မျက်ခုံးများက ထိစပ်လုမတတ်ကြုံ့နေသည်။
သူ၏ရှေ့ရှိမိန်းမပျိုက သူ့ဘဝအကြောငိးအရာများကိုပြောပြနေခြင်းဖြစ်သည့်တိုင်၏စိတ်ထဲတွင် မည်သည့်အကြောင်းအရာကိုမှစဉ်းစားမရဘဲဖြစ်နေသည်။
ထို့ကြောင့် အဖိုးအိုလည်း စိတ်ရှုပ်ထွေးစွာဖြင့်မိန်းမပျိုကိုကြည့်လိုက်မိသည်။
&&&