← Chapters

အတိတ်မေ့နေသောအဖိုးအို

Vol. 4 Ch. 75

အတိတ်မေ့နေသောအဖိုးအို

Vol. 4 Ch. 75

အဖိုးအို၏ပဟေဠိဖြစ်သည့်ပုံစံကြောင့် မျက်နှာဖုံးအောက်မှမိန်းမပျို၏နှုတ်ခမ်းထောင့်စွန်းကအနည်းငယ်တွန့်ကွေးသွားပြီး ဆက်ပြောလိုက်သည်။

" ဘာပဲဖြစ်ဖြစ်ပါ ဒါက ဖေဖေပြောဖူးတဲ့ရှင့်ဘဝအကြောင်းပဲ။ အခုရော တစ်ခုခုမှတ်မိပြီလား...."

သူမ၏မေးခွန်းကြောင့်အဖိုးအို၏မျက်နှာက တည်ကြည်သွားပြီး အချိန်အနည်းငယ်ကြာအောင်စဉ်းစားလိုက်သည်။

သို့‌သော် ထိုအကြောင်းအရာများက သူနှင့်အစိမ်းသက်သက်ဖြစ်နေသလိုခံစားနေရကာ မည်မျှစဉ်းစားပါစေ ပြန်သတိရမလာပေ

ထို့ကြောင့် လေးနက်သည့်အမူအယာဖြင့်ပြန်မေးလိုက်သည်။

" ကွေ့ဝိုက်မနေပါနဲ့တော့သခင်မလေး ။ ကျုပ်ရဲ့အတိတ်အကြောင်းကိုလုံးဝသတိမရသေးပါဘူး ။

ဒါပေမယ့် သခင်မလေးက အကြောင်းတစ်ခုခုရှိလို့ အဲဒီကြောင်းတွေကိုပြောပြနေတာမလား ။။ပွင့်ပွင့်လင်းလင်းသာပြောလိုက်ပါ သခင်မလေးဘာကိုအလိုရှိပါသလဲ ..."

သူ၏ရှေ့ရှိမိန်းမပျိုက အကြောင်းမရှိဘဲ သူ၏အတိတ်အကြောင်းကိုအချိန်ကုန်ခံရှင်းပြနေမည်မဟု‌တ်ပေ။

အဖိုးအို၏တိုက်ရိုက်ဆန်သည့်မေးခွန်းကြောင့် မိန်းမပျိုလေး၏မျက်ဝန်းများက ပို၍တောက်ပလာပြီး သဘေ ကျဟန်ဖြင့်ပြောလိုက်သည်။

" ကျမအလိုရှိတာ ရှင်တို့တုန်းဖန်းအိမ်တော်ရဲ့ ရတနာသုံးသွယ်ပုလွေပဲ မရဏပုလွေလို့လည်းခေါ်သေးတယ်။

နှစ်တွေအများကြီးတိမ်မြုပ်သွားတော့ သူ့အကြောင်းကိုသိတဲ့လူတောင်မရှိနိုင်လောက်တော့ဘူး ။

ဒါပေမယ့် ကျမကနန်းတော်ကမှတ်တမ်းမှတ်ရာတွေကြောင်းသိထားခဲ့တယ်။

ဒါ့အပြင် အဲဒီပုလွေက ရှင်တို့တုန်းဖန်းမိသားစုမျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းခဲ့တယ်ဆိုတာလည်းသိရသေးတယ် ..."

မိန်းမပျို၏စကားများကိုနားထောင်နေသော်လည်း အဖိုးအို၏အမူအယာက ပြောင်းလဲခြင်းမရှိဘဲ အခြားလူတစ်ယောက်၏ဖြစ်ရပ်များကိုနားထောင်ပေးနေရသည်ဟုပင်ခံစားနေရသည်။

သို့သော် မိန်းမပျိုက တစ်စုံတစ်ခုကိုအလိုရှိလျှင် လွယ်လွယ်ကူကူလက်မလျော့လိုသည်ကိုကောင်းစွာသိရှိထား၍ အနည်းငယ်စဉ်းစားပြီးနောက် ပြန်မေးလိုက်သည်။

" တုန်းဖန်းမိသားစုမှာ ကျုပ်တစ်ယောက်ပဲကျန်ရှိတော့တာလား ။ ရတနာသုံးသွယ်ပုလွေဆိုတာ ကျန်တဲ့လူတွေဆီမှာရောဖြစ်နေနိုင်မလား....."

အဖိုးအို၏မေးခွန်းကြောင့်မိန်းမပျိုကခေါင်းယမ်း၍ပြန်ပြောလိုက်သည်။

" တုန်းဖန်းမိသားစုကဆင်းသက်လာတာက ရှင့်ရဲ့မျိုးဆက်မှာရှင်တစ်ယောက်ပဲရှိတော့တယ်။

ရှင်မှာ သားနှစ်ယောက်ရှိပေမယ့် တစ်ယောက်က ငယ်ငယ်ထဲက အဝေးကိုထွက်သွားသလို ကျန်တဲ့တစ်ယောက်ကလည်း လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ထဲကသေဆုံးသွားခဲ့ပြီ...."

မိန်းမပျို၏စကားကြောင့် အဖိုးအို၏စိတ်ထဲတွင် တစ်မျိုးတစ်ဖုံဝမ်းနည်းမှုကိုခံစားလိုက်မိသော်လည်း များစွာတွေးတောမနေဘဲ ပြန်ပြောလိုက်သည်။

" ဒါဆိုရင် လမ်းစပြတ်သွားပြီလို့ဆိုနိုင်တယ်။ ကျုပ်ကလည်း အတိတ်အကြောင်းကို လုံးဝသတိမရတာ...."

အဖိုးအို၏စကားကိုတော့ မိန်းမပျိုသံသယရှိမနေပါချေ ။။

အကြောင်းကား ထိုအဖိုးအိုနန်းတော်သို့ရောက်စအချိန်ကပင် နန်းတော်မှဆေးပညာရှင်များကစစ်ဆေးပြီးဖြစ်ပြီး ထူးခြားလှသည့်ဆေးဝါးတစ်မျိုးကြောင့် မှတ်ဉာဏ်များပျောက်ကွယ်သွားခြင်းဖြစ်သည်ကိုအတည်ပြုခဲ့သည် ။

ယခုလည်း သိုင်းလောကထဲရောက်တုန်းရောက်ခိုက်သူမစိတ်ဝင်စားသည့်ပစ္စည်းနှစ်ခုကိုအလိုရှိ၍ ထိုအထဲမှတစ်ခုနှင့်ပတ်သတ်နေသည့် အကြီးအကဲသံမဏိ သို့မဟုတ်အဖိုးအိုတုန်းဖန်းလီကို နန်းတော်မှဆင့်ခေါ်ကာ မေးမြန်းခဲ့ခြင်းဖြစ်၏။

သို့သော် ရတနာသုံးသွယ်ပုလွေအကြောင်းကိုသိရရန်မဆိုထားနှင့်အဖိုးအိုက သူ့အတိတ်ကိုပင်ပြန်သတိမရလေရာ သူမလည်းအနည်းငယ်စိတ်ပျက်သွားမိသည် ။

" ကောင်းပါပြီ ရှင်လည်းသွားလို့ရပြီ ။ တစ်ခုခုပြန်သတိရလာရင် ကျမကိုပြန်ပြောပါဦး...."

မိန်းမပျိုလေး၏စကားကြောင့် အဖိုးအိုက ခေါင်းညိမ့်ပြ၍ အရိုအသေပေးလိုက်သည်။

ထို့နောက် အဖိုးအိုသူမ၏အနီးမှထွက်ခွာသွားစဉ် မိန်းမပျိုကတစ်စုံတစ်ခုကိုသတိရဟန်ဖြင့် လှအါးပြောလိုက်သည်။

" ဒါနဲ့ ရှင့်ရဲ့သားကြီးတုန်းဖန်းရှန်ဆီမှာ သမီးတစ်ယောက်ရှိသေးတယ်။ သူကတုန်းဖန်းလျှံတဲ့ ဒါပေမယ့်သူ့ဖခင်သေဆုံးပြီးသူလည်း အစရှာမရအောင်ပျောက်သွားခဲ့တာ...."

မိန်းမပျိုလေး၏နောက်ဆက်တွဲစကားကြောင့် အဖိုးအို၏စိတ်ထဲတွင် မိုက်ခနဲဖြစ်သွားပြီး ရှုပ်ထွေးသည့်အစအနများကိုပြန်၍သတိရလာသည် ။

သို့သော် စဉ်းစားလေပို၍ရှုပ်ထွေးလာလေလေဖြစ်ပြီး အဆုံး၌မည်သည့်အကြောင်းအရာကိုမှသတိမရတော့ဘဲ အဖိုးအိုလည်း ဆက်၍လျှောက်သွားလိုက်တော့သည်။

" ဟူး....ဒီလိုဆိုရင် သစ်နက်ဗျပ်စောင်းရဲ့သတင်းကိုပဲအာရုံစိုက်ရတော့မှာ ...."

မိန်းမပျိုလေးက သူမ၏ နားထင်နှစ်ဖက်ကိုအသာဖိရင်း အနီးတွင်ကျန်ခဲ့သည့်အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးကိုမေးလိုက်သည်။

" ရှန်းရှန်း နင်ကရော ငါစုံစမ်းခိုင်းထားတဲ့ကိစ္စတွေဘာတိုးတက်မှုရှိလဲ...."

မိန်းမပျိုလေး၏မေးခွန်းကြောင့် မူလကပင်သူမ၏အောင်မြင်မှူကိုထုတ်ကြွားချင်နေသည့်မိန်းမငယ်လေးက အနည်းငယ်သာဖွံ့ဖြိုးသေးသည့်ရင်ဘက်ကိုကော့ကာပြောလိုက်သည် ။

" သခင်မလေးကလည်း ကျမကိုစိတ်ချထားလိုက်စမ်းပါ အသုံးမကျတဲ့ဟိုလူကြီးတွေလိုမဟုတ်ပါဘူး ။ ပွဲလေးတစ်ခုစီစဉ်တာကို အချိန်အကြာကြီးလုပ်နေရတယ်......"

အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးက အတုမဲ့နတ်ဂိုဏ်း၏ဖွင့်လှစ်ပွဲကိုစီစဉ်နေသည့်ခေါင်း‌ဆောင်သုံးယောက်ကိုပင်ပုတ်ခတ်လိုက်သေးသည်။

သူမ၏စကားကြောင့် မိန်းမပျိုက အသာပြုံး၍ပြောလိုက်သည် ။

" ဟုတ်ပါပြီ နင်ကဘာအချက်အလက်တွေများရထားလို့လဲ။ နင်လည်း အသုံးဝင်လောက်တဲ့အချက်အလက်တွေမရဘူးဆိုရင် အပြစ်ပေးခံရမယ်‌နော်...."

မိန်းမပျိုလေး၏တည်ငြိမ်သည့်လေသံကြောင့် မိန်းမငယ်လေးက ဆက်လက်စ‌နောက်ဝံ့ခြင်းမရှိတော့ဘဲ ရိုကျိုးသည့်အမူအယာဖြင့်စ၍ပြောလိုက်တော့သည်။

သူမကိုစုံစမ်းခိုင်းထားသည့်အကြောင်းအရာများက လက်တလောသိုင်းလောကထဲတွင်ဖြစ်ပျက်ခဲ့သည်များနှင့် သစ်နက်ဗျပ်စောင်းကိုအစရှာနိုင်မည့် ဂီတနတ်မိမယ်နှင့်ပတ်သတ်သည့်သတင်းများပင်ဖြစ်သည်။

မိန်းမငယ်လေးက ဘဝင်မြင့်မောက်မာပြီးပေါ့ပျက်ပျက်နိုင်သော်လည်း မိန်းမပျိုခိုင်းစေသမျှကိုတသဝေမတိမ်းဆောင်ရွက်တတ်ကာ သူမ၏ထူးခြားသည့်ဉာဏ်ရည်က မိန်းမပျိုလေးပင်ချီးကျူးရသည်။

ယခုလည်း ရက်အနည်းငယ်အတွင်း သိုင်းလောက၏သတင်းပုလင်းပေါင်းစုံကိုတစ်ထိုင်ထံပြောပြလာရုံသာမက ဂီတနတ်မိမယ်၏သတင်းကိုလည်းသိခဲ့ရပေသည်။

ဤသည်က သူမကိုအလိုရှိသမျှဖြည့်ဆည်းပေးနေသည့်အင်အားစုသုံးခု၏အကူအညီကြောင့်လည်း အချက်အလက်များကိုလျှင်မြန်စွာရှာတွေ့ခဲ့ခြင်းဖြစ်၏။

မိန်းမငယ်လေး၏စကားအဆုံးတွင် ဝတ်စုံဖြူဝတ်မိန်းမပျိုက အချိန်အနည်းငယ်ကြာအောင်ငြိမ်သက်သွားပြီး ဖြေးညင်းစွာ‌ပြောလိုက်သည်။

" ငါသိပြီး ဒီရက်တွေထဲမှာအတော်လေးဖြစ်ပျက်သွားတာပဲ။

သွေးအေးသခင်မ၊ ချန်ချင်းဂိုဏ်းနဲ့သိုင်းမဟာမိတ်။ ပြီးတော့ မိစ္ဆာဓားသမားနဲ့ မိစ္ဆာနှိမ်နင်းရေးအဖွဲ့....."

သူမ၏မျက်ဝန်းများကတဖျက်ဖျက်တောက်ပနေကာ မည်သည့်အကြောင်းအရာကိုတွေးတောနေသည်ကို အခြားလူများမှခန့်မှန်းနိုင်မည်မဟုတ်ပေ။

" ပြီးတော့ ဂီတနတ်မိမယ်ကိုဒီနေရာကိုခေါ်ဖို့ တစ်ယောက်ယောက်‌စေလွှတ်လိုက်မှနဲ့တူတယ်...."

မိန်းမပျိုလေး၏ နောက်ဆက်တွဲစကားကြောင့် အစိမ်းရောင်ဝတ်မိန်းမငယ်လေး၏မျက်လုံးများက တလက်လက်တောက်ပသွားပြီး အလျှက်အမြန်ပြောလိုက်သည်။

" ဒီတာဝန်ကို ကျမယူပါရစေ သခင်မလေး။ ကောင်းကောင်းလိုက်မလာရင်မှတ်လောက်သားလောက်အောင်ဆုံးမပြီးခေါ်ခဲ့ပါ့မယ် ။ အရိုးကြေကြေ အရေခမ်းခမ်း သခင်မလေးအတွက် တာဝန်ထမ်းဆောင်ပေးပါရစေ...."

စိတ်အားထက်သန်စွာပြောဆိုနေသည့်မိန်းမငယ်လေး၏ပုံစံကြောင့် ဝတ်စုံဖြူဝတ်မိန်းမပျိုက ခေါင်းယမ်းကာ ရယ်သံစွက်သည့်လေသံဖြင့်ပြောလိုက်သည်။

" ရှန်းရှန်း နင်သိုင်းလောကထဲဆင်းချင်နေတာ ငါမသိဘူးမှတ်လို့လား ။ ဉာဏ်များပြန်ပြီ ။ လာစမ်း...."

မိန်းမပျိုလေးက အရိုးမရှိဟုထင်ရလောက်အောင်သွယ်လျနူးညံ့သည့်ကျောက်စိမ်းရောင်လက်ကလေးကိုအသာမြောက်၍ပြောလိုက်ရာ အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးလည်း သူမ၏ဦးခေါင်းကိုရှေ့သို့အသာတိုးကာ မျက်လုံးကိုတင်းကြပ်စွာပိတ်ထားလိုက်၏။

သို့သော် သူမ၏နဖူးပေါ်သို့ကျရောက်လာမည့် ပြင်းထန်သည့်ရိုက်ချက်အစား ဝတ်စုံဖြူဝတ်မိန်းမပျိုလေးက နဖူးကို တစ်ချက်သာတောက်ကာ အသာပြန်တွန်းလိုက်သည်။

" နောက်တစ်ခါ ငါ့ကိုကလိမ်ကျချင်ရင် မလွယ်ဘူးနော်....":

" ကျမသိပါပြီ...."

အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးကအနည်းငယ်ပူသွားသည့်နဖူးကိုအသာပွတ်ရင်းပြောလိုက်သည်။

ထို့နောက် သူမ၏မျက်ဝန်းထဲတွင်မျှော်လင့်ချက်အရိပ်အယောင်များဖြင့်ထပ်မေးလိုက်ပြန်သည်။

" သခင်မလေး သိုင်းလောကထဲကိုမဆင်းတော့ဘူးလား ဂိုဏ်းဖွင့်ပွဲက နည်းနည်းလိုသေးတာကို....."

ကလေးတစ်ယောက်မုန့်တောင်းသလို တဂျီဂျီပူဆာနေသည့် သူမ၏အမူအယာကြောင့်မိန်းမပျိုလေးက ခေါင်းညိမ့်၍ပြောလိုက််သည်။

" ငါလည်းဒီလိုပဲစဉ်းစားထားတယ် ။ အခုတစ်ကြိမ်မှာ မိစ္ဆာဓားသမားနဲ့ပတ်သတ်ပြီး အတော်လေးကြီးမားတဲ့ကိစ္စတွေဖြစ်လိမ့်မယ်လို့ငါ့စိတ်ထဲကထင်နေတယ်။

ဒီလိုပွဲကြီးပွဲကောင်းမျိုးကို ဘယ်လိုလုပ်လက်လွတ်ခံလို့ရမှာလဲ...."

မိန်းမပျိုလေး၏တည်ကြည်သည့်ပုံစံကြောင့် အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးမှာ လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်သွားတော့သည်။

ဝတ်စုံဖြူဝတ်မိန်းမပျိုလေး၏ကြည်လင်စူးရှသည့်မျက်လုံးများက ငြိမ်သက်နေပြီး တစ်စုံတစ်ခုကိုအလေးအနက်တွေးတောနေဟန်တူသည် ။

&&&

All Chapters