သတင်းအချက်အလက်
Vol. 4 Ch. 76
အဖြူရောင်ဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားသည့်လီမန်ဟိုင်တစ်ယောက် ဂိုဏ်း၏ပင်မအဆောက်အဦးထဲသို့ ဖြေးညင်းစွာဝင်ရောက်လာသည်။
သူ၏ကိုယ်ရံတော်နှစ်ယောက်ကခန်းအပြင်ဘက်တွင်ကျန်ခဲ့ပြီးသူတစ်ယောက်သာဝင်လာခဲ့ခြင်းဖြစ်၏ ။
အရိုးဖြူဂိုဏ်း၏ပင်မအဆောက်အဦးက များစွာခမ်းနားခြင်းမရှိသော်လည်း လျှို့ဝှက်ခန်းများစွာနှင့်ဖွဲ့စည်းထားပြီး အန္တရာယ်များလှသည့်နေရာတစ်ခုဖြစ်သည်။
ထိုအထဲသို့အတင်းအကြပ်ထိုးဖောက်ဝင်ရောက်ပါက သိုင်းဝိဇ္ဇာတစ်ယောက်ပင် အန္တရာယ်ရှိနိုင်ပြီး ဤသည်က အခြေခံအုတ်မြစ်ခိုင်မာသည့်ဂိုဏ်းတစ်ခု၏စွမ်းအားဖြစ်သည် ။
အနက်ရောင်ဂိုဏ်းကြီးငါးဂိုဏ်းထဲတွင် ကြီးမြတ်သည့်ဝူအင်ပါယာခေတ်မှတည်ရှိခဲ့သည့်အရိုးဖြူဂိုဏ်းကသက်တမ်းအရှည်ဆုံးဖြစ်သည်။
သူ၏အခြေခံအုတ်မြစ်က သိုင်းလောကထဲရှိထိပ်တန်းအင်အားစုအများစုထက်ပင်သာလွန်ပြီးလက်ရှိဂိုဏ်းချုပ်လီဟူရှိုးက ရှစ်ဆက်မြောက်ဂိုဏ်းချုပ်ပင်ဖြစ်သည်။
အရိုးဖြူဂိုဏ်းချုပ်အဆက်ဆက်က လျှို့ဝှက်ပြီးခန့်မှန်းရခက်ကာ သိုင်းလောကအရေးများတွင်ပါဝင်သည်ဆိုသော်လည်း မည်သည့်အခါကမှ ရှေ့မှဦးဆောင်ခြင်းမရှိပေ။
ဤသည်ကိုကြည့်ခြင်းဖြင့် သူတို့၏ပါးနပ်မှုနှင့် သတိကြီးမှူကိုတွေ့နိုင်ကာ ဂိုဏ်းကြီးခြောက်ဂိုဏ်းပင် အလေးထားရသည့်ခန့်မှန်းရအခက်ဆုံးအင်အားစုတစ်ခုလည်းဖြစ်သည်။
လီမန်ဟိုင်ခန်းမအတွင်းဝင်ရောက်လာသည်နှင့်အထဲတွင်ရှိနေသည့် လီဟူရှိုးက သူ့ကိူသတိပေးသည့်ပုံစံဖြင့်ကြည့်လိုက်သည်။
အကြောင်းကား နေ့လည်ပိုင်းကပင်လီမန်ဟိုင်ကိုခေါ်ဆောင်ထားခြင်းဖြစ်သော်လည်း ထိုသကောင့်သားက ညနေစောင်းမှရောက်လာ၍ဖြစ်သည် ။
သူနှင့်အတူရှိနေသူများက လက်ရှိသိုင်းလောက၏ထိပ်တန်းပုဂ္ဂိုလ်များထက်ပင်ပို၍သာလွန်သူများဖြစ်ရာ ထိုလူများ၏အထင်အမြင်ကောင်းရစေရန် သူ၏သားကိုပွဲထုတ်ရန်ကြံစည်ခြင်းလည်းဖြစ်သည်။
လက်ရှိအချိန်၌ ခန်းမထဲတွင် လူငါးဦးသာရှိနေပြီး သူ၏ဖခင်အရိုးဖြူဂိုဏိးချုပ်လီဟူရှိုးမှလွဲ၍ကျန်လေးဦးက လီမန်ဟိုင်မမြင်ဖူးသည့်လူများဖြစ်သည်။
ထိုလူများကအသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့်အဖိုးအိုများဖြစ်ကာ ခုနစ်ဆယ်ကျော်ရှစ်ဆယ်ဝန်းကျင်ရှိကြပေမည်။
သူတို့၏ဝတ်ပုံစားပုံကလည်းထူးဆန်းပြီး မုတ်ဆိတ်ရှည်ကြီးနှင့်အဖိုးအိုတစ်ယောက် ၊ စုတ်စုတ်ပြတ်ပြတ်ပုံစံဝတ်ဆင်ထားသော်လည်း ဥပတိရုပ်ကောင်းမွန်ပြီးခန့်ညားသည့်အဖိုးအို ၊ အကောင်းစားပိုးဖဲဝတ်စုံကိုတောက်ပြောင်စွာဝတ်သော်ထားသော်လည်း ကလိန်အကျစ်ပုံစံရှိသည့်အဖိုးအိုနှင့် မည်သည့်အရာကိုမှအလေးမထားဟန်တူသည့်အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုတို့ဖြစ်သည်။
အဖိုးအိုများက လျှောက်လမ်း၏ညာဘက်တွင်ထိုင်နေကြခြင်းဖြစ်ကာ သူ၏ဖခင်ကဘယ်ဘက်တွင်နေရာယူထားသည်။
ပုံမှန်ဆိုလျှင် ခန်းမထိပ်ရှိထိုင်ခုံတွင်သာအမြဲလိုလိုနေရာတတ်သည့်သူ၏ဖခင်က တစ်ဖက်တွင်ရောက်နေပြီး ထိုနေရာက အလွန်ဖြစ်နေသည်။
အံ့သြဖွယ်ကောင်းစွာဖြင့် သူဖခင်၏ထိုင်ခုံက အဖိုးအိုများထက် တစ်ဆင့်နိမ့်သည့်နေရာတွင်ထိုင်နေပြီး အပြုံးများရွှန်းရွှန်းဝေစွာဖြင့်စကားပြောနေသည်ကိုတွေ့ရပေသည်။
" ဖေဖေ ကျနော်ရောက်ပါပြီ...."
လီမန်ဟိုင်ကပါးနပ်သူပီပီ အဖိုးအိုလေးယောက်ကို အကဲခပ်ပြီးနောက် သူ၏ဖခင်ကိုအရိုအသေပေးလိုက်သည်။
ထိုအခါ အဖိုးအိုလေးယောက်၏အကြည့်ကသူ့ဆီသို့ရောက်ရှိလာပြီး လီဟူရှိုးကလည်း ယခုမှလီမန်ဟိုင်ရောက်လာသည်ကိုသတိပြုမိဟန်ဖြင့် ပြုံး၍ပြောလိုက်သည်။
" ဟိုင်အာ မင်းရောက်လာပြီလား....ဒီကိုလာဦး ဆရာဘိုးဘိုးတွေကိုနှုတ်ဆက်လိုက်စမ်း...."
သူ့ဖခင်၏စကားကြောင့်လီမန်ဟိုင်ကများစွာအံ့အားသင့်သွားသော်လည်း မျက်နှာထက်တွင်မဖော်ပြဘဲ အဖိုးအိုလေးယောက်၏ရှေ့သို့သွားကာရိုကျိုးသည့်အမူအယာဖြင့်အရိုအသေပေးလိုက်သည်။
" ဆရာဖိုးဖိုးတို့ကို ကျုပ် ဂါရဝပြုပါတယ်...."
ထိုအဖိုးအိုများက မည်သည့်နေရာမှရောက်လာသည်မသိရသော်လည်းသူ့ဖခင်၏အရေးတယူပုံစံကိုကြည့်၍ သူတို့၏အဆင့်အတန်းကမြင့်မားမည်ကိုသူကောင်းစွာရိပ်စားမိပေသည်။
အရေးအကြီးဆုံးအချက်က ထိုအဖိုးအိုများ၏သိုင်းအဆင့်ကိုသူလုံးဝအကဲမ်ပ်နိုင််ခြင်းဖြစ်ပြီး ထိုလေးယောက်လုံးက အစွမ်းထက်သိုင်းပညာရှင်များဖြစ်နိုင်ရာ သူ၏အပြုအမူက ပို၍ပင်ရိုကျိုးနေသည်။
" သူတို့က မင်းအဖိုးနဲ့ဝါစဉ်အတူတူပဲ။ သိုင်းပညာအရဆိုရင် ပိုပြီးတောင်သာလွန်ကြဦးမယ်...."
လီဟူရှိုးက အဖိုးအိုများနှင့်မိတ်ဆက်ပေးသယောင်ဖြင့် သူတို့၏အကြောင်းကိုလီမန်ဟိုင့်ကိုသတိပေးလိုက်သည်။
သူ၏သားဖြစ်သူက လိမ္မာပါးနပ်ပြီး အရိပ်အကဲကောင်းစွာသိသည့်တိုင်ထိုလူများရှေ့တွင်အမှားတစ်ခုခုလုပ်မိမည်ကိုစိုးရိမ်နေဟန်တူသည်။
" အိုး...ပါရမီမဆိုးတဲ့ကောင်လေးပဲ ။ လီဟူရှိုးမင်းက သားကောင်းလေးရထားတာပဲ...."
မုတ်ဆိတ်ဖြူနှင့်အဖိုးအိုက လီမန်ဟိုင်ကိုဝတ်ကျေတန်းကျေသာချီးကျူးလိုက်ပြီး ကျန်နှစ်ယောက်က တစ်ချက်သာကြည့်ကာခေါင်းညိမ့်ပြလိုက်ကြသည် ။
လီဟူရှိုးက အသက်နှစ်ဆယ့်ငါးနှစ်သာရှိသေးသော်လည်း ကြောက်စရာကောင်းသည့်ထိပ်သီးတစ်ယောက်ဟုဆိုနိုင်ပြီး သူ၏ပါရမီက လူငယ်မျိုးဆက်တွင်ထိပ်တန်း၌ရှိသည်။
အကယ်၍ လူအာရုံစိုက်ခံရမည်ကိုအလိုမရှိသည့်အတွက်ကြောင့်သာမဟုတ်ပါက လူငယ်ထိပ်သီးဆယ်ယောက်၏ထိပ်ဆုံးသုံးနေရာကိုပင်စိန်ခေါ်နိုင်သည့်သိုင်းပညာရှိသည်။
သို့သော် ထိုပါရမီက အဖိုးအိုများ၏မျက်စေ့ထဲတွင် သာမန်သို့မဟုတ် သာမန်ထက်ပို၍ထူးချွန်ရုံသာရှိနိုင်သည်။
အဆိုးဆုံးက အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုသာဖြစ်ပြီး လီမန်ဟိုင့်ကိုလုံးဝဂရုစိုက်ဟန်မတူဘဲ လီဟူရှိုးကိုကြည့်၍ အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။
" အချိန်ဖြုန်းတာတော်လောက်ပြီ ။ လီဟူရှိုးငါတို့ကိုလက်ရှိသိုင်းလောကထဲက သတင်းအချက်အလက်တွေအကုန်ပေးစမ်း ။
ဒီမုတ်ဆိတ်ဖြူက အကုန်သိတယ်သာပြောတာ ဘာမှအားမကိုးရဘူး...."
အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏ပုံစံက မောက်မာလှပြီး လီဟူရှိုးဆီမှအကူအညီလိုအပ်နေသည့်တိုင်အပေါ်စီးမှပြောဆိုနေသေးသည်။
" အစ်ကိုကြီးဖန်းကလည်း ဒီလပိုင်းမှ သိုင်းလောကထဲမှာအရှုပ်အထွေးတွေအများကြီးဖြစ်သွားတာကို။ ။
ဒီကောင်ပြောတဲ့အတိုင်းဆိုရင် အမည်မသိတဲ့အင်အားကြီးအဖွဲ့တစ်ခုကလည်းသိုင်းလောကထဲဝင်လာပြီဆိုပဲ။ ကျုပ်ကို အချိန်သုံးရက်ပဲပေးပါ....."
မုတ်ဆိတ်ဖြူအဖိုးအိုက ရှုံ့မဲ့နေသည့်မျက်နှာဖြင့် စောဒကတတ်လိုက်သော်လည်း အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုက ဂရုမစိုက်ပေ။
ကျန်အဖိုးအိုနှစ်ယောက်ကား မုတ်ဆိတ်ဖြူအဖိုးအိုဆူပူခံနေရသည်ကို ကြိတ်၍ ရယ်မောနေကြသည်။
ဤသည်ကိုအကဲခပ်ရခြင်းဖြင့် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုက သူတိူ့ထဲတွင်ခေါင်းဆောငိဖြစ်သည်ကိုသိရှိနိုင်ပေသည်။
အဖိုးအို၏မောက်မာသည့်စကားကိုလီဟူရှိုးကလည်း လုံးဝမကျေမနပ်ပုံစံမပြဘဲ အလျှင်အမြန်ခေါင်းညိမ့်ကာပြောလိုက်သည်။
" စိတ်ချပါဆရာကြီးဖန်း ကျုပ်အခုချက်ခြင်း ကျုပ်လူတွေကိုခိုင်းလိုက်ပါ့မယ်။ မနက်ဖြန် ဆရာကြီးသိချင်တာတွေအကုန်သိရစေမယ်...."
လီဟူရှိုး၏အာမခံစကားကြောင့် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုက ခေါင်းတစ်ချက်ညိမ့်လိုက်သည်။
" ဒီတစ်ကြိမ်အဖွဲ့ကိုဦးဆောင်တာက ငါပါကွ...."
မုတ်ဆိတ်ဖြူအဖိုးအိုက တစ်ကိုယ်တည်းမကျေမနပ်ညဉ်းတွားလျက်ရှိသည် ။
စကားတစ်ခွန်းမှမဆိုဘဲထိုအခြေအနေများကိုတိတ်ဆိတ်စွာအကဲခပ်နေသည်က ယခုမှရောက်လာသည့်လီမန်ဟိုင်သာဖြစ်ပေသည်။
လက်ရှိသူမြင်ရသလောက် ထိုအဖိုးအိုလေးယောက်က သိပ်အစေးမကပ်သော်လည်းတစ်ဖွဲ့ထဲဖြစ်ကြသည် ။
သူတို့၏ပုံစံက အနည်းငယ်ထူးဆန်းနေကြသော်လည်း သိုင်းပညာလွန်စွာမြင့်မားသူများဖြစ်ကြသည်။
အရိုးဖြူဂိုဏ်း၏အရှင်သခင်ဖြစ်သည့်အပြင်သိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်သည့်သူ၏ဖခင်ကိုယ်တိုင်ပင် ထိုအဖိုးအိုများကိုစိတ်ကျေနပ်စေရန်အစွမ်းကုန်လုပ်ဆောင်ပေးနေသည်။
အခြေအနေအရပ်ရပ်ကို ကောင်းကောင်းကြီးနားလည်သဘောပေါက်သွားပြီးနောက် လီမန်ဟိုင်က တည်ကြည်သည့်အမူအယာဖြင့်ဝင်ပြောလိုက်သည်။
" ဆရာဖိုးဖိုးတို့ တကယ်တော့ ကျုပ် လက်အောက်ငယ်သားတွေကို လက်ရှိသိုင်းလောကထဲကအခြေအနေအရပ်ရပ်ကိုစုံစမ်းခိုင်းထားပြီးပါပြီ။
အထူးသဖြင့် လက်တလောနာမည်ကြီးနေတဲ့သတင်းအချက်အလက်တွေနဲ့ပတ်သတ်ပြီးတော့ပေါ့....."
လီမန်ဟိုင်၏စကားကြောင့် သူ၏ဖခင်လီဟူရှိုးပင်အနည်းငယ်အံ့အားသင့်သွားပြီးပြန်မေးလိုက်သည်။
" ဟိုင်အာ မင်းသေချာလို့လား...."
သားဖြစ်သူ၏စေ့စပ်သေချာမှုကိုယုံကြည်သည့်တိုင် တစ်စုံတစ်ခုလွဲချော်၍အဖိုးအိုများစိတ်ကွက်သွားပါက အတော်လေးဖြေရှင်းရခက်ပေမည်။
လီဟူရှိုး၏စိုးရိမ်မှုကိုသိရှိဟန်ဖြင့် လီမန်ဟိုင်က ပြုံး၍ခေါင်းညိမ့်ပြလိုက်သည်။
သူ၏ယုံကြည်မှုပြည့်ဝသည့်ပုံစံကြောင့် အဖိုးအိုများပင်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကာ မုတ်ဆိတ်ဖြူအဖိုးအိုက ဦးစွာပြောလိုက်သည်။
" ဟားဟား.....ကောင်းတယ်ကွ မင်းအခုလိုအလိုက်သိတော့ ငါအလုပ်ရှုပ်သက်သာတာပေါ့ ။ ငါအားရင် မင်းကိုတစ်ကွက်နှစ်ကွက်လောက်သင်ပေးဦးမယ်....."
သူ၏ပုံစံကအတော်လေးသဘောကျနေဟန်တူပြီး လီမန်ဟိုင်ကလည်း အခွင့်အရေးကိုလက်လွတ်မခံဘဲ ချက်ခြင်းအရိုအသေပေးကာပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်ဆရာဖိုးဖိုး...."
သူ၏စိတ်ထဲတွင်တော့ တစ်နေ့လည်လုံးအလုပ်ရှုပ်ခဲ့ရသည်များက ထိုက်တန်သည်ဟုတွေးမိပေသည်
ထိုအဖိုးအိုများ၏သိုင်းအဆင့်ကိုအတိအကျမသိသည့်တိုင် ပညာအနည်းငယ်ရရှိခြင်းက သူ၏လက်ရှိသိုင်းပညာကိုများစွာတိုးတက်စေပေမည်။
ခန့်ညားသည့်အဖိုးအိုနှင့် ကလိန်ကကျစ်ပုံစံရှိသည့်အဖိုးအိုတို့ပင် လီမန်ဟိုင်၏သွက်လက်ချက်ခြာမှုနှင့် ပါးနပ်လိမ္မာမှုတို့ကိုသဘောကျနေဟန်တူပြီး အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုတစ်ဦးသာ မပြောင်းမလဲဘဲ စိတ်မပါလက်မပါပုံစံဖြင့်ခေါင်းညိမ့်ပြလိုက်သည် ။
" ကောင်းတယ် ဒါဆိုရင် ငါတို့အချိန်ကုန်သက်သာတာပေါ့ ။ ဒီကောင့်ရဲ့အချက်အလက်တွေကိုသာစောင့်နေရင် ဘယ်ချိန်မှလှုပ်ရှားရမယ့်မသိဘူး ...."
မုတ်ဆိတ်ဖြူအဖိုးအိုက အဆက်မပြက်အပြစ်တင်ခံနေရ၍ မျက်နှာမသိမသာတင်းမာလာသည် ။
သို့သော် တစ်ဖက်လူထံတွင်သူအလိုရှိနေသည့်ပစ္စည်းရှိနေသေးသည့်အပြင်သိုင်းပညာချင်းလည်းမယှဉ်နိုင်၍ မကျေမနပ်နှာမှုတ်ကာ တစ်ဖက်သို့လှည့်သွားသည်။
သူတို့၏ရုတ်တရက်တင်းမာလာသည့်အခြေအနေကြောင့် လီဟူရှိုးတို့သားအဖမှာမည်သို့ပြုလုပ်ရမည်မသိဘဲဖြစ်နေစဉ် ခန့်ညားသည့်အဖိုးအိုက အခြေအနေကိုဝင်ရောက်ထိမ်းသိမ်းလိုက်သည် ။
" ကိုင်းပါ တစ်ယောက်ကိုတစ်ယောက်အပြစ်တင်မနေကြနဲ့။ ဒီအစား ဟိုကောင်စုတ်လေးဘယ်လိုနေမယ်ဆိုတာ တွေးမိရဲ့လား....။
ဟီးဟီး ဒီအချိန်လောက်ဆို ဂိုဏ်းကြီးခြောက်ဂိုဏ်းကသိုင်းဝိဇ္ဇာတွေကြောင့် သူပဲဒုက္ခရောက်နေမလား။ သူကပဲပြန်ဒုက္ခပေးနေမလားမသိဘူး...."
ခန့်ညားသည့်အဖိုးအို၏စကားကြောင့် ကျန်လူများ၏မျက်လုံးများက တောက်ပသွားကြသည်။
&&&
**ဒီနေရာမှာလီမန်ဟိုင်က အဖိုးကြီးတွေကိုဆရာအဖိုးလို့ခေါ်တာ သူနဲ့မပတ်သတ်ပေမယ့် သူ့အဖိုးနဲ့ဝါစဉ်တူလို့ပါ။ ပြီးတော့ သူတိူ့ရဲ့ဘိုးဘေးတွေက အချင်းချင်းပတ်သတ်မှုရှိခဲ့လို့ပေါ့**