← Chapters

သတ်ဖြတ်ခြင်းလမ်းစဉ်

Vol. 4 Ch. 77

သတ်ဖြတ်ခြင်းလမ်းစဉ်

Vol. 4 Ch. 77

ညနေစောင်းနေရောင်ခြည်၏အလင်းရောင်က အုံ့ဆိုင်းနေသည့်သစ်ပင်ကြီးများကိုဖြတ်ကျော်ကာကျရောက်နေ၍ ကွက်တိကွက်ကျားဖြစ်နေကာ အချို့နေရာများဆိုလျှင် အလင်းရောင်ပင်မမြင်ရအောင် မှောင်မိုက်လျက်ရှိသည် ။

အလယ်ပိုင်းဒေသ၏အကြီးမားဆုံးတောအုပ်ဖြစ်သည့် သားရဲတစ်ရာတောအုပ်ထဲတွင် နေ့ဘက်အခါများပင်အလင်းရောင်ကောင်းစွာမရရှိလေရာ ယခုလို ညနေစောင်းအချိန်များတွင် အလင်းရောင်အားနည်းပြီးအတော်လေးမှောင်မည်းနေပေသည်။

သို့သော် ထိုအမှောင်က အတွင်းအားပြည့်ဝသည့်သိုင်းသမားများအဖို့ကောင်းစွာမြင်ရနိုင်ပြီး အထူးသဖြင့် သူ့လိုမျိုးလူတစ်ယောက်ဆိုလျှင် နေ့ဘက်အလားလှုပ်ရှားနိုင်ရန်လုံလောက်ပေသည်။

သစ်ပင်ကြီးတစ်ပင်၏သစ်ကိုင်းတစ်ကိုင်ထက်တွင်ခြေချိတ်ထိုင်နေသည့်လူငယ်က ဟောင်းနွမ်းသည့်အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး နောက်ကျောတွင်ဓားရှည်တစ်လက်ကိုသိုင်းလွယ်ထားသည်။

သူ၏အနက်ရောင်ဝတ်စုံက မလျှော်မဖွတ်သည်မှာရက်အနည်းငယ်ကြာပြီဖြစ်၍ အနံ့ဆိုးများထွက်နေပြီးအသေအချာဂရုတစိုက်လေ့လာကြည့်ပါက ခြောက်ကပ်နေသည့်သွေးနံ့များဖြစ်သည်ကိုကောင်းစွာတွေ့ရပေမည်။

ယခုသုံးလေးရက်အတွင်းလူမည်မျှသတ်ခဲ့သည်ကိုအတိအကျမရေတွက်နိုင်သော်လည်းခန့်မှန်းချေလူသုံးရာနီးပါးရှိပေမည်။

ထို့ကြောငိ့ လူငယ်၏ခန္တာကိုယ်တစ်ခုလုံးအနံ့ဆိုးများထွကိနေသည်ကအံ့ဩဖွယ်ရာမဟုတ်ဘဲ သူ၏ခန္တာကိုယ်မှထွက်ပေါ်နေသည့်သွေးဆာရက်စက်သည့်အငွေ့အသက်များက လွန်ခဲ့သည့်သုံးလေးရက်ကထက်အဆများစွာအားကောင်းနေသည်။

သတ်ဖြတ်ခြင်းလမ်းစဉ်ကိုလျှောက်လမ်းသည့်သူ့လိုလူတစ်ယောက်အတွက်သွေးဆာရက်စက်သည့်အငွေ့အသက်များရှိနေသည်ကပုံမှန်သာဖြစ်ပြီး လူငယ်ကဓားပညာစတင်လေ့ကျင့်သည့်အချိန်ထဲက သတ်ဖြတ်ရန်ရည်ရွယ်ချက်ဖြင့်စတင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် တစ်စုံတစ်ယောက်ကိုသတ်ဖြတ်ဖူးခြင်းမရှိစဉ်ကပက် သူ၏အရှိန်အဝါက လူရာနှင့်ချီ၍သတ်ဖြတ်ခဲ့သူတစ်ယောက်လိုကြောက်စရာကောင်းနေပြီး သာမန်လူတစ်ယောက်ကိုဒူးထောက်ကျသွားစေရန်လုံလောက်ပေမည်။

ယခု သိုင်းလောကထဲဝင်ရောက်ပြီးချိန်မှစ၍ အင်အားစုနှစ်ခုကိုအမြစ်ပြတ်သုတ်သင်ကာ ရက်အနည်းငယ်အတွင်း‌နောက်ထပ်လူသုံးရာနီးပါးကိုသတ်ဖြတ်ခဲ့ပြီးသည့်အတွက် လူငယ်က သတ်ဖြတ်ရေးနတ်ဘုရားတစ်ပါးလိုအရှိန်အဝါမျိုးရှိနေပြီး အဆင့်မြင့်သိုင်းသမားများပင်သူ၏အနီး၌ ကောင်းစွာရပ်တည်နိုင်မည်မဟုတ်ပေ။

ဤသည်က သွေးများဖြင့်ရေချိုး၍ အလောင်းတောင်ကိုနင်းဖြတ်ခဲ့သည့်သတ်ဖြတ်ခြင်းလမ်းစဉ်လျှောက်သူတစ်ဦး၏အမှတ်အသားပင်ဖြစ်ပေမည်။

စေးထန်း၍ရှုပ်ပွနေသည့်ဆံပင်များနှင့် သွေးစသွေးနများကြားမှလူငယ်၏ခံစားချက်ကင်းမဲ့သည့်မျက်နှာက လူသေကောင်းတစ်ကောင်နှင့်ပို၍တူညီလာသည် ။

သို့‌သော် တိုက်ခိုက်သည့်အချိန်တွင်ဆိုပါက ထိုအမူအယာကပြောင်းလဲသွားပြီး လွန်စွာစိတ်အားတက်ကြွလာလေသည် ။

ထို့ကြောင့် လူငယ်မှာ သူ့ကိုယ်သူ သတ်ဖြတ်ရခြင်းကိုစွဲလမ်းနှစ်ခြိုက်ပြီး စိတ်ခံစားချက်မရှိသည့်လူသတ်သမားတစ်ဦးအသွင်ကူးပြောင်းမသွားစေရန် အတော်လေးသတိထားထိမ်းချူပ်နေရ၏။

သူသတ်ဖြတ်ခဲ့သည့်လူများထဲတွင်သိုင်းအဆင့်နိမ့်သူမပါဘဲ အနိမ့်ဆုံးလူကပင် အဆင့်မြင့်သိုင်းအဆင့်ရှိသည်။

အံ့ဩဖွယ်ကောင်းစွာဖြင့် အစွမ်းထပ်သိုင်းသမားသုံးရာနီးပါးသတ်ဖြတ်ခဲ့သည့်တိုင်လူငယ်၏ခန္တာကိုယ်ထက်၌ ဒဏ်ရာတစ်ခုတစ်လေမှမရခဲ့ခြင်းဖြစ်၏။

အင်အားစုနှစ်ခုကိုအမြစ်ပြုတ်သုတ်သင်စဉ်က ဒဏ်ရာကြီးငယ်ဆယ်ခုထက်မနည်းရရှိခဲ့သော်လည်း ထိုဒဏ်ရာများက သူသတ်ခဲ့သည့်သိုင်းဝိဇ္ဇာနှစ်ယောက်၏တိုက်ခိုက်မှုများကြောင့်ဖြစ်သည်။

သူ၏လက်ရှိအဆင့်ဖြင့်ဆိုလျှင် သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားတစ်ဦးကိုပင်လွယ်ကူစွာသတ်ဖြတ်‌နိုင်ပြီး နိမ့်ကျသည့်ထိုလူများကသူ့ကို ဒဏ်ရာရအောင်တိုက်ခိုက်နိုင်သည့်အဆင့်တွင်ရှိမနေပေ။

တစ်ခုသိထားရမည်မှာ သူ၏လက်ရှိအဆင့်ကသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သာရှိနေခြင်းဖြစ်၏။

ထိုအဆင့်ဖြင့် အစစ်အမှန်သိုင်းဝိဇ္ဇာများကိုမည်သို့သတ်ဖြတ်နိုင်သနည်းဟုမေးရလျှင် သူ၏အစွမ်းထက်လျှို့ဝှက်ပညာရပ်ကြောင့်ဖြစ်၏။

အကယ်၍ သူသာသိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိသွားပါက ယခုထက်မည်မျှပို၍အစွမ်းထက်လာမည်ကိုခန့်မှန်းမရပေ။

ဘေးထွက်ဆိုးကျိူးမရှိဘဲ အတွင်းအားကိုတိုးမြှင့်နိုင်သည့်ထိုပညာရပ်သာသိုင်းလောကထဲတွင်ပေါ်ထွက်ပါက ကျုံဟွာတောငိတိုက်ပွဲထက်ပင်သွေးချောင်းစီးသွားနိုင်သည်။

သူ၏လက်ရှိအဆင့်ဖြင့်ထိုပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်ခြင်းမရှိဘဲအချိန်အတော်ကြာသုံးပြီးသည်နှင့် ပင်ပန်းနွမ်းနယ်လာသည်။

ထိုအချိန်အတော်အတွင်း သိုင်းဝိဇ္ဇာတစ်ယောက်ကိုတိုက်ခိုက်ရန်ကပြဿနာမဟုတ်ပေ။

သို့သော် သိုင်းဝိဇ္ဇှာသုံးလေးယောက်သာဝန်းရံတိုက်ခိုက်ပါက သူ့အ‌နေဖြင့်ကျိန်းသေပေါက်ရှုံးနိမ့်ရမည်ဖြစ်ပြီးထို့ကြောင့်ပင် မိစ္ဆာနှိမ်နင်းရေးမဟာမိတ်ကိုထိတ်တိုက်ရင်မ‌ဆိုင်ခြင်းဖြစ်ကာ သိရှိထားသည့်သတင်းများအရဆိုပါက မိစ္ဆာနှိမ်နင်းရေးမဟာမိတ်တွင်သိုင်းဝိဇ္ဇာခြောက်ယောက်အထက်ပါဝင်သည်ဟုသိရသည် ။

ထို့ကြောင့်လည်း သူ၏လှုပ်ရှားမှုများကိုထိမ်းထိမ်းသိမ်းသိမ်းပြုလုပ်နေရခြင်းဖြစ်ကာ တစ်ဖက်မှသိုင်းဝိဇ္ဇာများကိုမြင်သည်နှင့်ချက်ခြင်းနောက်ဆုတ်တိမ်းရှောင်ခြင်းဖြစ်၏။

" ဟူး ...."

လူငယ်လည်း အသက်ပြင်းပြင်းရှူလိုက်ပြီး အတွင်းအားလှည့်ပတ်နေခြင်းကိုရပ်နားလိုက်သည်။

အကယ်၍ သူသာအစစ်အမှန်သိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်ခဲ့ပါက တစ်ဖက်မှအရေအတွက်ကိုပင်ဂရုစိုက်စရာမလိုဘဲ စိတ်လွတ်ကိုယ်လွတ်သတ်ဖြတ်နိုင်ပေမည်။

သို့သော် ထိုသို့ဖြစ်ရန်ကဝေးကွာနေသေးပြီး သိုင်းဝိဇ္ဇာများစွာကိုရင်ဆိုင်နိုင်ရန်မျှော်လင့်ချက်က ဓားဆန္ဒကို နားလည်သဘောပေါက်ခြင်းမရှိမရှိဆိုသည့် အပေါ်တွင်မူတည်ပေသည်။

" ငါ့ကိုစိတ်မပျက်စေနဲ့...."

လူငယ်က သူ၏နောက်ကျောမှဓားရှည်ကိုပွတ်သတ်ရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။

သိုင်းဝိဇ္ဇာများကို ကောက်ပင်လှီးသလိုလွယ်ကူစွာသတ်ဖြတ်နိုင်မည့်နေ့ကို‌တွေးလိုက်မိသည့်အခါ လူငယ်၏ခန္တာကိုယ်မှ အားကောင်းလှသည့်အရှိန်အဝါများထွက်ပေါ်လာသည်။

ထို့အခိုက် သူ၏မျက်လုံးများဖျက်ခနဲတောက်ပသွားပြီး ခန္တာကိုယ်တစ်ချက်လှုပ်လိုက်ရာ သစ်ကိုင်းပေါ်မှရိပ်ခနဲရွေ့လျားသွားသည်။

လူငယ်၏ဦးတည်ရာကမျက်နှာချင်းဆိုင်ရှိသစ်ပင်ကြီးတစ်ပင်ဆီသို့ဖြစ်ပြီး သူ၏လက်ကိုလျှက်တပြတ်လှုပ်ရှားလိုက်ရာ တောက်ပသည့်ဓားရောင်တစ်ချက်ပေါ်ထွက်လာသည်။

" ရွှပ် ..."

ခပ်တိုးတိုးထွက်ပေါ်လာသည့်လေခွင်းသံနှင့်အတူ သစ်ပင်ကြီး၏သစ်ကိုင်းများက တိခနဲပြတ်တောက်သွားသည်။

သစ်ကိုင်းများအောက်တွင်အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး မျက်နှာကိုဖူံးကွယ်ထားသည့်လူတစ်ယောက်ရှိနေကာ ယခုအခါ သူ၏မျက်လုံးများက မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်လျက်ရှိသည်။

ထိုလူ၏လက်တစ်ဖက်က သွေးများတသွင်သွင်စီးကျနေသည့်လည်ပင်းကိုအုပ်ကိုင်ထားပြီးနောက် သစ်ကိုင်းထက်မှယိမ်းထိုးကာပြုတ်ကျသွားတော့သည်။

" ဝုန်း....."

အစိမ်းရောင်ဝတ်စုံဝတ်လူ၏ခန္တာကိုယ်က မြေကြီးပေါ်သို့ပြင်းထန်စွာပြုတ်ကျလာပြီးဖုန်တထောင်းထောင်းထသွားသည်။

ဆိုးရွားသည့်အနေအထားဖြင့်သေဆုံးသွားသည့်ထိုလူ၏လည်ပင်း၏ တစ်ဝက်နီးပါးပြက်တောက်နေကာ အော်ဟစ်ချိန်ပင်မရဘဲသေဆုံးသွားခြင်းဖြစ်၏။ ။

လေပေါ်မှ ပေါ့ပါးစွာကျဆင်းလာသည့်လူငယ်ကား တည်ငြိမ်သည့်ပုံစံဖြင့်ရှိနေပြီး သူ၏လက်ထဲတွင်မူ သွေးစွန်းနေသည့်ဓားရှည်ကိုကိုင်ဆိုင်ထားသည်။

လူငယ်၏မျက်ခုံးများက ထိစပ်လုမတတ်ကြုံ့လျက်ရှိပြီး သူ၏ခံစားချက်ကင်းမဲ့သည့်မျက်နှာထက်တွင် ရှုပ်ထွေးသည့်အမူအယာတစ်ခုထွက်ပေါ်လာသည်။

" သူတို့ကဘယ်သူတွေလဲ ..."

လူငယ်က လဲကျသေဆုံးနေသည့်အလောင်းမှမျက်နှာဖူံးကိုဖြုတ်ကြည့်လိုက်သော်လည်း သူမသိသည့်မျက်နှာတစ်ခုကိုသာမြင်တွေ့လိုက်ရသည်။

ထိုလူပုန်းကွယ်နေပုံက သစ်ပင်နှင့်တစ်သားထဲလိုဖြစ်နေပြီး အသက်ရှူသံကိုပင်သူအာရုံမခံမိခဲ့ပေ။

အကယ်၍ သူ၏ပြင်းထန်သည့်သတ်ဖြတ်လိုစိတ်များကြောင့် ထိုလူ၏နှလုံးခုန်သံသာအနည်းငယ်ကျယ်လောင်စွားခြင်းမရှိပါက လူငယ်ပင် ထိုလူပုန်းကွယ်နေသည်ကိုဖော်ထုတ်နိုင်မည်မဟုတ်ပေ။

လူငယ်၏လက်ရှိအဆင့်ဖြင့်ဆိုလျှင် သိုင်းဝိဇ္ဇာအဆင့်အောင်ရှိလူများက သူ့ကိုနောက်ယောင်ခံစောင့်ကြည့်နိုင်မည်မဟုတ်ပေ။

သူ့နောက်သို့လိုက်လာသည့် ကို တေလေဂိုဏ်းနှင့်ကျန်ဂိုဏ်းကြီးများမှ အထောက်တော်များကိုလည်း တစ်ယောက်မကျန်သုတ်သင်ခဲ့သည်သာဖြစ်သည်။

သို့‌သော် ယခုလိုမျိုးထူးဆန်းသည့်လူအနည်းငယ်က သူ၏အနီးသို့ချဉ်းကပ်နိုင်ခဲ့သည်။

ထိုလူကဲ့သို့လူအချို့ကိုယခင်သုံးလေးရက်ကလည်း တွေ့ခဲ့ဖူးပြီး သူတိူ့၏ကိုယ်ဖော့ပညာက ထိပ်တန်းအဆင့်တွင်ရှိနေသလို ကိုယ်ယောင်ဖျောက် ပုန်းအောင်နိုင်စွမ်းက ချီးကျူးဖွယ်ကောင်းလှသည်။

တေလေဂိုဏ်းနှင့်သိုင်းလောကတွင်းရှိထိပ်တန်းအင်အားစုမှလူများတွင်ပင် ထိုမျှအရည်အချင်းပြည့်ဝသည့်အထောက်တော်ရှိမည်မဟုတ်ပေ။

သူတို့၏ထူးဆန်းသည့်ပုံစံ‌က ဂိုဏ်းကြီးခြောက်ဂိုဏ်းနှင့်သိုင်းမဟာမိတ်မှလူများမဖြစ်နိုင်‌၍ လူငယ်လည်း ထိုလူများကို စစ်ဆေးမေးမြန်းရန်ကြိုးစားခဲ့ဖူးသော်လည်း သူမမေးနိုင်မီ ကိုယ့်ကိုယ်ကိုသတ်သေသွားကြသည်သာဖြစ်၏။

ထို့ကြောင့် ပထမ နှစ်ယောက်သုံးယောက်ကိုကြိုးစားပြီးနောက် ‌နောက်ထပ်အချိန်ကုန်မခံတော့ဘဲ တန်း၍သတ်ဖြတ်သည်သာဖြစ်သည်။

လူငယ်လည်းမျက်မှောင်ကြုတ်၍တွေးတောနေစဉ် ခပ်ဝေးဝေးမှကြားနေရသည့်အသံအချို့ကြောင့် အတွေးများကိုရှင်းထုတ်ကာ အရပ်မျက်နှာတစ်ခုဆီသို့လျှင်မြန်စွာပြေးလွှားသွားတော့သည်။

သူ၏ကိုယ်ဖော့ပညာက တစ္ဆေသရဲတစ်ကောင်အလားလွန်စွာလျှင်မြန်လှပြီး မျက်စေ့တမှိတ်အတွင်း အရိပ်ပင်မမြင်ရအောင်ပျောက်ကွယ်သွားလေသည်။

လူငယ်ထွက်သွားပြီးသည့်နောက်မှ သူရှိ‌နေခဲ့သည့်သစ်ပင်ကြီး၏အောက်နားရှိမြေကြီးက တလှုပ်လှုပ်ဖြစ်လာပြီး အထဲမှ လူတစ်ယောက်ဘွားခနဲထွက်ပေါ်လာသည်။

ထိုလူက မြေကြီးရောင်ဝတ်စုံကိုဝတ်ဆင်ထားသလို မျက်လုံးပေါက်သားချန်၍ မြေသားနှင့်တူသည့်အဝတ်စများဖြင့်တစ်ကိုယ်လုံးကိုပတ်စည်းထားသေးသည်။

ထို့ကြောင့် သူ၏ပုံစံက မြေကြီးနှင့်ရောနှောနေကာ မြေအောက်တွင်ကျွင်းတူးကာပုန်းအောင်းနေခြင်းဖြစ်၏။

မြေကြီးရောင်ဝတ်စုံဝတ်လူက လည်ပင်းတစ်ဝက်ပြတ်၍သေဆုံးနေသည့်အစိမ်းရောင်ဝတ်စုံဝတ်လူ၏အ‌လောင်းကိုကြည့်ကာ တံတွေးတစ်ချက်မျိုချလိုက်သည်။

ထို့နောက် သူလည်း လူငယ်ထွက်သွားရာအရပ်မျက်နှာနှင့် ဆန့်ကျင်ဘက်ဆီသို့ဦးတည်ကာ လျှင်မြန်စွာပျောက်ကွယ်သွားတော့သည်။

ထိုလူထွက်ခွာသွားပြီးအချိန်အနည်းငယ်အတွင်း ထိုနေရာသို့ အရပ်မြင့်မြင့်အဖိုးအိုနှင့် ကျောက်စိမ်းတုတ်ကိုင်‌ဆောင်ထားစည့် အဖိုးအိုကျန်းတို့ ဦးဆောင်သည့်တေလေဂိုဏ်းသားများစွာရောက်ရှိလာသည်။

မြေကြီးပေါ်တွင်လဲကျသေဆုံးနေသည့်လူ၏အလောင်းကိုစစ်ဆေးပြီးနောက် အဖိုးအိုကျန်းက ခေါင်းယမ်းကာပြောလိုက်သည်။

" သူ့လက်ချက်ပဲ ပြီးတော့ အသတ်ခံထားရတာမကြာသေးဘူး...."

သေဆုံးသူ၏မျက်နှာကိုသူတို့မသိသော်လည်း မိစ္ဆာနှိမ်နင်းရေးအဖွဲ့နှင့်သိုင်းမဟာမိတ်အဖွဲ့ဝင်များကများပြားလှရာ လူတိုင်းကိုမှတ်မိနိုင်မည်မဟုတ်ပေ။

အကယ်၍ သေဆုံးနေသူက မိစ္ဆာနှိမ်နင်းရေးအဖွဲ့မှမဟုတ်သလို သိုင်းမဟာမိတ်အဖွဲ့ဝင်လည်းဖြစ်မနေသည်ကိုသိရှိပါကအဖိုးအိုကျန်း၏စကားက တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်သည်။

" ကောင်းတယ် အချက်ပေးလိုက့်ဆက်လိုက်ကြမယ် ...."

အရပ်မြင့်မြင့်အဖိုးအိုက ခေါင်းညိမ့်ကာ သိမ်းစွန်ကဲ့သို့စူးရှသည့်မျက်လုံးများဖြင့်အရပ်ရှစ်မျက်နှာကိုအကဲခပ်လိုက်သည်။

များမကြာမီ ‌ကောင်းကင်သို့ထိုးတက်၍ပေါက်ကွဲသွားသည့်မီးကျည်တစ်ခုကိုတွေ့လိုက်ရပြီး တောအုပ်ထဲရှိအဖွဲ့ခွဲအားလုံးထိုနေရာသို့လျှင်မြန်စွာဦးတည်၍သွားလိုက်ကြသည်။

&&&

All Chapters