← Chapters

စီးပွားရေးတိုက်ပွဲ

Vol. 4 Ch. 78

စီးပွားရေးတိုက်ပွဲ

Vol. 4 Ch. 78

နန်းမြို့တော်

နန်းမြို့တော်၏လူကုံထန်ရပ်ကွက်၌ ကြီးကျယ်ခမ်းနားသည့်ခြံဝန်းကြီးတစ်ခုတည်ရှိပေသည်။

ခြံဝန်းအလယ်ရှိစံအိမ်ကြီးနှင့်ကျန်အဆောင်အဦးများက ငွေကြေးမြောက်များစွာအကုန်အကျခံကာဆောက်လုပ်ထားခြင်းဖြစ်သောကြောင့် ရွှေနန်းတော်မှအဆောက်အဦးများအလားလှပတင့်တယ်လှသည်။

ကျယ်ဝန်းသည့်ခြံဝန်းထဲတွင်လည်း လူများစွာဝင်ထွက်သွားလာနေပြီး နေ့စဉ်နှင့်အမျှစည်ကားလျက်ရှိ၏။

ဤသည်က စီးပွားရေးလောက၏ဘီလူးကြီးဟုတင်စားအပ်သည့်နန်ကုန်းမိသားစုအိမ်တော်ကြီးပင်ဖြစ်‌ပေသည်။

ဟန်နိုင်ငံ၏မြို့ကြီးတိုင်းတွင် လုပ်ငန်းများကိုဖြန့်ကျက်ထားသလို မြို့ငယ်များစွာတွင်လည်း နန်ကုန်းမိသားစု၏စီးပွားရေးလုပ်ငန်းများမရှိသည့်မြို့သူ၍အတော်လေးနည်းပါးသည်။

အခြားနေရာများမဆိုထားနှင့်သူဌေးသူကြွယ်ပေါများသည့်နန်းမြို့တော်ရှိစီးပွားရေးလုပ်ငန်းများ၏ငါးပုံတစ်ပုံကိုပင်နန်ကုန်းမိသားစုကပိုင်ဆိူင်ထားသေးသည် ။

ထို့ကြောင့် နန်ကုန်းမိသားစု၏စီးပွားရေးအင်အားမည်မျှခိုင်မာတောင့်တင်းသည်ကိုသိရှိနိူင်ကာ ခြောက်နိုင်ငံခေတ်ဦးမှစတင်တည်ရှိခဲ့သည့် သူတို့၏အခြေခံအုတ်မြစ်က သိုင်းလောကထဲရှိထိပ်တန်းအင်အားစုအများစုထက်ပို၍နက်ရှိုင်းပေသည်။

နန်ကုန်းမိသားစုက စီးပွားရေးကိုအခြေခံသည့်အင်အားစုတစ်ခုဖြစ်သည့်တိုင် သိုင်းလောကအရေးများတွင်လည်းပါဝင်ပတ်သတ်ပြီး ခေတ်အဆက်ဆက်တွင်ထိပ်တန်းအငိအားစုတစ်ခုအဖြစ်ပီပြင်စွာရပ်တည်နိုင်ခဲ့သည်။

ထို့ကြောင့် သိုင်းပညာအရာတွင်အစွမ်းထက်ရုံသာမက စီးပွားရေးတွင်ပါတောင့်တင်းလှသည့်နန်ကုန်းမိသားစုက အချို့နေရာများတွင် ဂိုဏ်းကြီးခြောက်ဂိုဏ်းထက်ပင်နှာတစ်ဖျားသာလွန်နေသည်ဟုဆိုရပေမည်။

ခြံဝန်းအလည်ရှိပင်မအဆောက်အဦးကြီးထဲတွင် ရွှေရောင်အနားကွပ်ထားသည့်ကျောက်စိမ်းရောင်ဝတ်စုံဝတ်သက်လက်ပိုင်းလူကြီးတစ်ဦးရှိနေသည်။

သူ၏အသက်အရွယ်က ငါးဆယ်ကိုအတော်ကလေးကျော်လွန်နေပြီဖြစ်သည့်တိုင် နုပျိုသည့်သွင်ပြင်နှင့်ခန့်ညားသည့်ရုပ်ရည်ကိုပိုင်ဆိုင်ထားဆဲဖြစ်၏။

နားထင်စပ်တွင်မြင်တွေ့ရသည့်‌ဆံပင်ဖြူအနည်းငယ်နှင့် အရေးအကြောင်းများမသိမသာထွက်ပေါ်နေသည့်မျက်လုံးထောင့်စွန်းများကြောင့်သာမဟုတ်ပါက သူ၏အသက်အရွယ်ကိုငါးဆယ်ဝန်းကျင်ဟုသာခန့်မှန်းမိကြပေမည်။

သူ၏ဘေးတွင် တန်ဖိုးကြီးပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားသည့်သက်လက်ပိုင်းလူတစ်ယောက်ရှိနေပြီး လက်ယာဘက်လက်မတွင် ကျောက်စိမ်းလက်စွပ်တစ်ခုကိုစွပ်ထားသည်။

သက်လက်ပိုင်းလူက သိုင်းလောကတွင်ကျော်ကြားသည့်သိုင်းထိပ်သီးတစ်ဦးဖြစ်သည့်အပြင် နန်ကုန်းမိသားစုခေါင်းဆောင်အားကိူးရသည့် နန်ကုန်းမုပင်ဖြစ်သည်။

သိုင်းမဟာမိတ်၏ခေါင်းဆောင်ဆယ်ယောက်တွင်အပါအဝင်ဖြစ်ပြီးမိသားစုခေါင်းဆောင်နန်ကုန်းတိုင်နှငိ့လည်းညီအစ်ကိုဝမ်းကွဲတော်စပ်ပေသည်။

ပုံမှန်ဆိုလျှင် နန်ကုန်းမုက သိုင်းမဟာမိတ်တွင်ရှိနေရမည်ဖြစ်သော်လည်း မိသားစုပြဿနာများကြောင့်နန်းမြို့တော်သို့ရောက်ရှိနေခြင်းဖြစ်ပြီး သူ၏နေရာတွင် နန်ကုန်းမိသားစု၏တိုက်ရိုက်သွေးဆက်တစ်ယောက်ဖြစ်သည့် နန်ကုန်းယန်ကို ခေတ္တအစားထိုးခေါင်းဆောင်အဖြစ်ခန့်အပ်ထားခဲ့သည် ။

သားရဲတစ်ရာတောအုပ်ထဲတွင်နန်ကုန်းယန်တစ်ယောက်သေလု‌နီးပါးဖြစ်ခဲ့သည်ကိုတော့ သူတို့သိရှိမထားကြပေ။

လက်ရှိအချိန်တွင်နန်ကုန်းမု၏အမူအယာကများစွာမကောင်းဘဲ ဘေးနားရှိခန့်ညားသည့်လူကြီးကို အနည်းငယ်လေးလံသည့်ဟန်ဖြင့် ပြောလိုက်သည်။

" အခြေအ‌နေကတော့ သိပ်မဟန်ဘူးအစ်ကိုကြီး အဲဒီရွှေဝတ်လွှာလုပ်ငန်းစုက အရင်တုန်းက ကျုပ်တို့နဲ့အဆင်ပြေပြေပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့တာတောင်အခုဘာဖြစ်လို့ ရုတ်တရက်ကြီးလာပြီးပစ်မှတ်ထားနေတဲ့မသိဘူး။

မြို့ကြီးဆယ်မြို့နဲ့ မြို့ငယ်နှစ်‌ဆယ်ကျော်က ကျုပ်တို့လုပ်ငန်းတွေအရှုံးပြနေပြီ။ တစ်ချို့လုပ်ငန်းတွေဆိုရင် ခေတ္တပိတ်ထားရမယ့်အခြေအနေကိုတောင်ရောက်နေပြီ။ ...."

နန်ကုန်းမု၏စကားကြောင့် ခန့်ညားသည့်လူကြီးကဘေးနားရှိသစ်နက်စားပွဲကိုထုလိုက်ရင်း ဒေါသထွက်ဟန်ဖြင့်ပြောလိုက်သည် ။

" ဒီကောင်တွေက ဘယ်လိုကဘယ်လိုစိတ်ရူးပေါက်တဲ့မသိဘူး ။ သူတို့ရဲ့သူဌေးဝမ်ဖုကိုငါတွေ့ဖူးတယ် ။ဒီလူက အတော်လေးအရည်အချင်းရှိပြီးပါးနပ်တဲ့လူတစ်ဦးပဲ။ ဘာကြောင့်အခုလိုမျိုးအဓိပ္ပာယ်မရှိတဲ့စီးပွားရေးစစ်ပွဲကိုစတင်တဲ့မသိဘူး ...."

ဒေါသထွက်နေသည့်ခန့်ညားသည့်မျက်နှာဖြင့်လူကြီးကား နန်ကုန်းမိသားစု၏လက်ရှိခေါင်းဆောင်နန်ကုန်းတိုင်ပင်ဖြစ်ပေသည်။

သိုင်းပညာအရာတွင်ပါရမီများစွာမပါသော်လည်း စီးပွားရေးလောကတွင်ကျားရဲတစ်ကောင်ဖြစ်သည့်နန်ကုန်းတိုင်မှာ အသက်သုံးဆယ်ကျော်ဖြင့်မိသားစုခေါင်းဆောင်ရာထူးကိုဆက်ခံခဲ့ပြီးအနှစ်နှစ်ဆယ်ကျော်အတွင်း နန်ကုန်းမိသားစုကိုပို၍တိုးတက်စေရန်ချဲ့ထွင်နိုင်ခဲ့သည်။

ယခု နန်ကုန်းတိုင်တစ်ယောင် ယမ်းပုံမီးကျဖြစ်နေသည်က သူတို့ကိုတမင်ပစ်မှတ်ထားတိုက်ခိုက်နေသည့် ရွှေဝတ်လွှာလုပ်ငန်းစုကြောင့်ပင်ဖြစ်သည်။

နာမည်ကျော်ရွှေဝတ်လွှာနတ်ဘုရားသေရည်ကို တီထွင်ဖန်တီးကား ရွှေဝတ်လွှာစားသောက်ဆိုင်နှင့်အခြားလုပ်ငန်းများကိုတိုးချဲ့နိုင်ခဲ့သည့်ရွှေဝတ်လွှာလုပ်ငန်းစုကလည်းနှစ်အနည်းငယ်အတွင်းဟန်နိုင်ငံ၏စီးပွားရေးလောကတွင်ထင်ရှားလာသည့်လုပ်ငန်းစုတစ်ခုဖြစ်သည်။

သူတိူ့၏ကောင်းမွန်ဆန်းသစ်သည့်နည်းလမ်းများနှင့် တီထွင်ဖန်တီးနိုင်မှုများကြောင့် နှစ်ရှည်လများကျော်ကြားခဲ့သည့်စီးပွားရေးအင်အားစုများကိုပင်ကျော်တတ်နိုင်ခဲ့သည်။

ထို့ကြောင့်ပင် စီးပွားရေးလောက၏ဘီလူးကြီးဖြစ်သည့်နန်ကုန်းမိသားစုပင်သူတို့ကိုလျစ်လျူမရှူဝံ့ဘဲ အချို့နေရာများတွင်ပူးပေါင်းဆောင်ရွက်မှုများထားရှိခဲ့ပေသည်။

ယခု မည်သည့်စိတ်ကူးပေါက်သည့်အတွက်ကြောင့်မသိဘဲ ရွှေဝတ်လွှာလုပ်ငန်းက သူတို့နန်ကုန်းမိသားစု၏စီးပွားရေးလုပ်ငန်းများကိုပစ်မှတ်ထားတိုက်ခိုက်လာခဲ့ပေသည်။

စီးပွားရေးတိုက်ပွဲက ထိတ်တိုက်ဖြေရှင်းရသည့်သိုင်းလောကတိုက်ပွဲများနှင့်မတူဘဲ အချိန်အတော်လေးကြာမြင့်သည့်အပြင် ငွေကြေး၊ ကျောထောက်နောက်ခံ ၊ အဆင်အသွယ်တို့ကလည်းအရေးပါလှသည်။

ကုန်စည်စီးဆင်းမှူများကိုဖြတ်တောက်ခြင်း ၊ ပြိုင်ဘက်၏လုပ်ငန်းများကိုနှောင့်ယှက်ခြင်းနှင့်နာမည်ကျဆင်းစေရန်လုပ်ဆောင်ခြင်းစသည်တို့က စီးပွားရေးတိုက်ပွဲများတွင်မပါမဖြစ်ပင်ဖြစ်သည်။

စီးပွားရေးတိုက်ပွဲများစတင်ပါက ငွေကြေးနှင့်လူအင်အားစသည့်အရင်းအမြစ်များစွာကုန်ဆုံးပြီး ရှုံးနိမ့်မည့်ဘက်က နလန်မထူနိူင်အောင်ဖိနှိပ်ခံရမည်ဖြစ်သလို အနိုင်ရသည့်ဘက်ကလည်း အ‌တော်လေးထိခိုက်ကြပေမည်။

ထို့ကြောင့် တော်ရုံတန်ရုံမကျေလည်မျိုးဆိုလျှင် ဆွေးနွေးညှိနှိုင်းခြင်းဖြင့်ပြီးဆုံးတက်ပြီး စီးပွားရေးတိုက်ပွဲအဖြစ်ရောက်ရှိလာသည်ကမရှိသ‌လောက်နည်းပါးပေသည်။

ယခု ရွှေဝတ်လွှာလုပ်ငန်းကမည်သည့်အတွက်သူတိူ့ကိုအကြောင်းပြချက်မရှိတိုက်ခိုက်သည်ကို နန်ကုန်းတိုင်တို့အနေဖြင့်စဉ်းစားမရနိုင်အောင်ဖြစ်နေမိသည်။

အရေးကြီးသည့်အချက်က ရွှေဝတ်လွှာလုပ်ငန်းက သူတို့ကိုအလစ်ဖမ်းတိုက်ခိုက်ခြင်းဖြစ်၍ နန်ကုန်းမိသားစုအနေဖြင့်ပြင်ဆင်ချိန်ပင်မရဘဲ နှစ်ပတ်အတွင်းအတော်လေးဆုံးရှုံးမှုကြီးမားခဲ့သည်။

ထို့ကြောင့်ပင်တော်ရုံတန်ရုံကိစ္စများကိုစိတ်မလှုပ်ရှားတတ်သည့်နန်ကုန်းတိူင်တစ်ယောက် ဤမျှဒေါသထွက်နေရခြင်းဖြစ်၏ ။

" အစ်ကိုကြီးကျုပ်တစ်ခုတော့စဉ်းစားမိတယ် ....."

နန်ကုန်းမု၏စကားကြောင့် နန်ကုန်းတိုင်ကပြောလိုက်သည်။

" တုံ့ဆိုင်းမနေပါနဲ့ ပြောချင်တာရဲရဲဝံ့ဝံ့သာပြောစမ်းပါ ငါတို့ကညီအစ်ကိုတွေပဲ ...."

နန်ကုန်းမုက သိုင်းလောကတွင်နာမည်တစ်လုံးရှိသူတစ်ဦးဖြစ်သလို ဉာဏ်ရည်ထက်မြက်ပြီး ပါးနပ်သည့်အတွက်ကြောင့်လည်းယခုလိုအရေးကြုံနေချိန်တွင် နန်ကုန်းတိုင်ကအားကိုးတကြီးပြန်ခေါ်ထားခြင်းဖြစ်၏ ။

နန်ကုန်းတိုင်၏ခွင့်ပြုမှုကြောင့်နန်ကုန်းမုက လေးနက်သည့်အမူအယာဖြင့်ပြောလိုက်သည်။

" ကျန်းနန်က သူ‌ဌေးကြီးဝမ်ဖုကို ကျုပ်လည်းတွေ့ဖူးပါတယ်အစ်ကိုကြီး ။ သူ့ရဲ့ပုံစံက သူဌေးတစ်‌ယောက်ရဲ့အရှိန်အဝါနဲ့ ဩဇာအာဏာရှိပေမယ့်အရင်တုန်းက သူ့မှာ ဘာလုပ်ငန်းမှမရှိတာကိုသိထားမိလား။

အကြောင်းရင်းမယ်မယ်ရရမရှိဘဲသူချမ်းသာလာတာလေ။ နောက်ပိုင်းမှာ ရွှေဝတ်လွှာလုပ်ငန်းကိုတည်ထောင်ခဲ့တယ်ဆိုပေမယ့် သူကအဓိကလုပ်ကိုင်နေရတယ်လို့မထင်စရာပဲ....."

နန်ကုန်းတိုင်သည်လည်း ပါးနပ်သည့်မြေခွေးအိုတစ်ယောက်ဖြစ်ရာ နန်ကုန်းမု၏စကားကိုကြားသည်နှင့်တစ်စုံတစ်ခုကိုသဘောပေါက်သွားပြီး မျက်မှောင်ကြုတ်၍မေးလိုက်သည်။

" မင်းပြောချင်တာက...."

နန်ကုန်းမုက ခေါင်းညိမ့်ပြ၍ဆက်ပြောလိုက်သည်။

" ဟုတ်တယ်အစ်ကိုကြီး ဝမ်ဖုရဲ့နောက်မှာတစ်ယောက်ယောက်ရှိရမယ်။ ရွှေဝတ်လွှာလုပ်ငန်းတွေရဲ့အဓိကပိုင်ရှင်ပေါ့ ။။

ပြီးတော့ ဒီလူကပဲ ကျုပ်တို့မိသားစုကိုပစ်မှတ်ထားတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့တာနေမယ်....."

နန်ကုန်းမု၏စကားဆုံးသည်နှင့် နန်ကုန်းတိုင်၏မျက်ဝန်းများက အေးစက်သွားပြီး တင်းမာသည့်လေသံဖြင့်ပြောလိုက်သည်။။

" ငါတို့မိသားစုကိုတိုက်ခိုက်ဖို့ တခြားသူဌေးတွေကိုစည်းရုံးနိုင်တာကိုကြည့်ရင် ဒီလူက အတော်လေးအရည်အချင်းရှိပြီး ကြောက်စရာကောင်းတဲ့လူတစ်ယောက်ဖြစ်နိုင်တယ်....."

မှန်ပေသည်။

ရွှေဝတ်လွှာလုပ်ငန်းတစ်ခုသာဆိုပါက သူတို့နန်ကုန်းမိသားစုကိုအလစ်တိုက်ခိုက်လျှင်ပင် ထိုမျှဆုံးရှုံးမည်မဟုတ်ပေ။

ယခုက သူတို့၏ပြိုင်ဘက်လုပ်ငန်းစုများ၊ သူ‌ဌေးများကပါတစ်ပြိုင်နက်တိုက်ခိုက်ခြင်းဖြစ်ပြီး ထို့အတွက်ကြောင့်အချိန်တိုအတွင်းအတော်လေးဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

" ဒါပေမယ့် ငါတို့ကိုထိခိုက်အောင်ကြံစည်ဝံ့ရင် ဘယ်သူ့ကိုပဲဖြစ်ဖြစ်အလွတ်မပေးနိုင်ဘူး....."

နန်ကုန်းတိုင်၏လေသံက စိတ်ပိုင်းဖြတ်ထားကြောင်းသိသာပြီးနန်ကုန်းမုကိုကြည့်ကာ ဆက်ပြောလိုက်သည်။

" နန်ကုန်းမု မင်းက ငါတို့ရဲ့မိတ်ဖက်လုပ်ငန်းစုတွေ ၊ ရင်းနှီးတဲ့သူ‌ဌေးတွေကိုဆက်သွယ်ထားလိုက်။

ငါက မိသားစုအကြီးအကဲတွေကိုခေါ်ပြီး သူတိူ့ကိုတန်ပြန်တိုက်ခိုက်ဖို့လုပ်ဆောင်လိုက်မယ် ။ သူတို့က စီးပွား‌ရေးတိုက်ပွဲဆင်နွဲချင်တယ်ဆိုလဲ ငါတို့ဘက်က လိုက်လျောပေးရတာပေါ့ ။

မဟုတ်ရင် ငါတို့နန်ကုန်းမိသားစုက အဆိပ်မရှိတဲ့မြွေတစ်ကောင်လို့ လူတိုင်းကထင်သွားမှာ...."

နန်ကုန်းတိုင်၏စိတ်ပိုင်းဖြတ်ပြီးသည့်စကားကြောင့် နန်ကုန်းမု၏မျက်လုံးများတောက်ပသွားပြီး ခေါငိးညိမ့်ပြလိုက်သည်။

&&&&

" ဟားဟား.....အခုချိန်လောက်ဆို ငါ့အစ်ကိုကြီးဘယ်လောက် ဒေါသထွက်နေလောက်မလဲ....."

အေးချမ်းတိတ်ဆိတ်သည့်ရေကန်စပ်တွင် ကျယ်လောင်သည့်ရယ်မောသံကြီးထွက်ပေါ်လာသည်။

ရေကန်နံဘေးရှိမြတ်ခင်းပြင်တွင် ခြေပစ်လက်ပစ်ထိုင်ကာ သေရည်သောက်နေသူကအဖြူရောင်ဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားသည့်သက်လက်ပိုင်းလူတစ်ယောင်ဖြစ်ပြီး နူးညံ့ချောမောသည့်ရုပ်ရည်က အသက်လေးဆယ်ကျော်ငါးဆယ်ရှိနေပြီဖြစ်သည့်တိုင်မိန်းမပျိုများကိုဆွဲဆောင်နိုင်ပေဦးမည်။

ပုံမှန်ဆိုလျှင် သေရည်ကိုသောက်လေ့သောက်ထမရှိသော်လည်းယခုအခါအောင်ပွဲခံသည့်အ‌နေဖြင့် တဝကြီးသောက်သုံးနေပြီး သေရည်၏အရှိန်ဖြင့်ထိုလူ၏မျက်လုံးများကအနည်းငယ်နီဝေနေသညိ။

သူ၏ဘေးရှိကျောက်ဖျာထက်တွင် ရွှေဝတ်လွှာနတ်ဘုရားသေရည်အိုးများစွာရှိနေပြီး ထိူအထဲမှသုံးပုံတစ်ပုံက အခွံများဖြစ်နေချေပြီ ။

" ခေါင်းဆောင် အခုလိုမျိုးလုပ်တာ နည်းနည်းစောမနေဘူးလား....ခေါင်းဆောင်ကြီးရဲ့အစီအစဥ်တွေအောင်မြင်မှဆိုရင်လည်း ‌နောက်မကျသေးဘူးလားလို့ ။

အခုနေဆိုရင် ကျုပ်တို့ဘက်ကအနိုင်ရရင်တောင်အဆုံးအရှုံးများနိုင်တယ် ။ ဒါတောင် နန်ကုန်းမိသားစုကိုအလဲထိုးနိုင်ဖို့မသေချာဘူး ။

ပြီးတော့ ကျုက်တို့နဲ့လက်တွဲထားတဲ့လူတွေက အချိန်မရွေးသစ္စာဖောက်သွားနိုင်ပြီးစိတ်မချရသေးဘူး..."

&&&&

All Chapters