← Chapters

လမ်းမပေါ်မှလူရမ်းကားများ

Vol. 4 Ch. 79

လမ်းမပေါ်မှလူရမ်းကားများ

Vol. 4 Ch. 79

" အခုနေဆိုရင် ကျုပ်တို့ဘက်ကအနိုင်ရရင်တောင်အဆုံးအရှုံးများနိုင်တယ် ။ ဒါတောင် နန်ကုန်းမိသားစုကိုအလဲထိုးနိုင်ဖို့မသေချာဘူး ။

ပြီးတော့ ကျုက်တို့နဲ့လက်တွဲထားတဲ့လူတွေက အချိန်မရွေးသစ္စာဖောက်သွားနိုင်ပြီးစိတ်မချရသေးဘူး..."

အဖြူရောင်ဝတ်စုံဝတ်လူ၏နောက်ဘက်တွင် အနက်ရောင်ဝတ်စုံဝတ်သိုင်းသမားတစ်ဦးရှိနေပြီး သူ၏ပုံစံက အဖြူရောင်ဝတ်စုံဝတ်လူ၏လက်အောက်ငယ်သားဖြစ်ဟန်တူသည်။

သို့သော် သူ၏အဆင့်အတန်းကအတော်လေးမြင့်မားပြီး ခေါင်းဆောင််စိတ်အချရ ဆုံးလူယုံတစ်ယောက်ဖြစ်ရာ အဖွဲ့ထဲ၌သူ့ခေါင်းဆောင်ပြီးလျှင် အကြီးဆုံးဟုဆိုနိုင်သည်။

ထို့ကြောင့်လည်း လုပ်ငန်းစုအတွက်ဆုံးရှုံးမှုများစွာရှိမည့်အရေးကို ယခုလိုပြောဆိုဝံ့ခြင်းဖြစ်၏ ။

ဝတ်စုံနက်ဝတ်သိုင်းသမား၏စကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူက လက်ထဲရှိသေရည်အိုးကိုတစ်ဝက်နီးပါးရောက်သည်အထိတစ်ကျိုက်ထဲမော့သောက်လိုက်ပြီးမှ ခေါင်းယမ်း၍ပြောလိုက်သည် ။

" မဟုတ်ဘူး အခုတစ်ကြိမ်က ခေါင်းဆောင်ကိုယ်တိုင်ခွင့်ပြုလို့ပဲ ။

ဟားဟား ဆယ်နှစ်ကျော်တော်ငါအပင်ပန်းခံပြီး ဒီလုပ်ငန်းစုကိုတည်ဆောက်လာခဲ့ရတာ အခု နန်ကုန်းမိသားစုကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်တဲ့အဆင့်ထိရောက်နေပြီပဲ ။

ပြီးတော့ ငါတခြားလူတစ်ယောက်ယောက်ရဲ့လက်အောက်မှာ ခေါင်းငုံ့ပြီးအလုပ်လုပ်ပေးတာ ဒီအခိုက်အတန့်လေးအတွက်ပဲ။

ငါ့အစ်ကိုကြီးရဲ့‌ ဒေါသထွက်နေမယ့်မျက်နှာကို ငါစေ့စေ့ကြည့်ချင်တာကွ ဟားဟား...."

အဖြူရောင်ဝတ်စုံဝတ်လူက စိတ်တွင်းမှချုပ်တည်းခဲ့ရသမျှကိုဖွင့်ထုတ်ပစ်ဟန်ဖြင့် အတော်လေးမြူးထူးလျက်ရှိသည်။

သူ၏တားဆီးမရသည့်ဟန်ကြောင့်အနက်ရောင်ဝတ်စုံဝတ်လူက တိတ်ဆိတ်သွားပြီး သူ၏ခေါင်းဆောင်ကိုစိတ်ပြောင်းလဲစေမည့်အကြောင်းကိုပြောလိုက်သည်။

" ခေါင်းဆောင်စုံစမ်းခိုင်းထားတဲ့အကြောင်းကို သိရပါပြီ...."

ဝတ်စုံနက်၏အရင်းမရှိအဖျားမရှိစကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူက မျက်မှောင်ကြုတ်၍ပြန်မေးလိုက်သည်။

" ဘယ်ကိစ္စလဲ...."

" အဲဒါက ဟိုနန်နယ် ကြာပန်းဖြူဂိုဏ်းကမိန်းကလေးရဲ့အကြောင်းပါ....."

ဝတ်စုံနက်၏စကားအဆုံးတွင် အဖြူရောင်ဝတ်စုံဝတ်လူ၏အရက်ရှိန်ဖြင့်မှေး‌စင်းနေသည့်မျက်လုံးများက ပြူးကျယ်သွားသလို သောက်လက်စအရက်အိုးက အောက်သို့ပြုတ်ကျသွားပြီး အရက်များဖိတ်စင်ကုန်သည်။

အဖြူရောင်ဝတ်စုံဝတ်လူကား ထိုအချက်များကိုဂရုမစိုက်ဘဲ အလျှင်အမြန်ထရပ်လိုက်ရင်း ဝတ်စုံနက်၏ပခုံးနှစ်ဖက်ကိုကိုင်လှုပ်ကာမေးလိုက်သည်။

" ဒီနှစ်တွေထဲမှ သူဘယ်လိုအခြေအ‌နေရှိလဲ...."

အဖြူရောင်ဝတ်စုံဝတ်လူ၏အမူအယာကအတော်လေးစိတ်လှုပ်ရှားနေဟန်တူပြီး တောက်ပသည့်မျက်ဝန်းများထဲတွင်မျှော်လင့်ချက်အရိပ်အယောင်များလည်းထင်ဟပ်နေသည်။

သူ့ခေါင်းဆောင်၏ယခုလိုအမူအယာကိုတစ်ကြိမ်မှမမြင်ဖူး၍ကြောင်အမ်းအမ်းဖြစ်သွားသည့်တိုင် အနက်ရောင်ဝတ်စုံဝတ်လူက တည်ကြာ်သည့်ပုံစံဖြင့်ခေါင်းညိမ့်ကာပြောလိုက်သည်။

" သူအဆင်ပြေပါတယ်ဂိုဏ်းချုပ် အခုဆိုရင်သူ့ရဲ့အသက်က ဆယ့်ရှစ်နှစ်တောင်မပြည့်သေးဘဲ အဆင့်လွန်ထိပ်သီးအဆင့်ကိုလည်းရောက်နေပြီ။

ပြီးခဲ့တဲ့စွန်းအိမ်တော်သိုင်းပြိုင်ပွဲမှာဝင်ပြိုင်ပြီး အဆင့်ကောင်းကောင်းလည်းရခဲ့ပါသေးတယ်...."

ဝတ်စုံနက်၏စကားကြောင့်အဖြူရောင်ဝတ်စုံဝတ်လူ၏မျက်ဝန်းထဲတွင် ကြည်နူးပီတိဖြစ်သည့်အရိပ်အယောင်များဖြစ်တည်လာသည် ။

သူ၏တစ်ဦးတည်းသောသွေးသားဖြစ်သည့် ထိုမိန်းကလေးကို ငယ်ရွယ်စဉ်အချိန်ကသာ တစ်ကြိမ်မြင်ဖူးခဲ့ပြီး ထို့နောက်ပိုင်း၌ လုံးဝတွေ့ခွင့်မရခဲ့ပေ။

ဤသည်က သူ၏တာဝန်မဲ့သည့်လုပ်ရပ်များအတွက်အပြစ်ကြွေးလည်းဖြစ်သလို သူ၏တစ်ဦးတည်းသောဇနီးသည်ကိုလည်းဆုံးရှူံးရပြီးဖြစ်သည်။

" ရှောင်ချင်း ငါ့ကိုခွင့်လွှတ်ပါတော့ကွာ...."

အဖြူရောင်ဝတ်စုံဝတ်လူက ရင်ထဲမှမချိတင့်ကဲရေရွတ်လိုက်ရင်း မျက်ရည်ကြည်များရစ်သိုင်းလာသည် ။

သို့သော် သူ၏မျက်လုံးများကို အင်္ကျီလက်စဖြင့်ခပ်ကြမ်းကြမ်းပင့်သုတ်ရင်း တစ်ဖက်သို့ပြန်လှည့်ကာ တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။

" ကောင်းပြီဒါဆိုရင် နန်ကုန်းမိသားစုနဲ့ရင်ဆိူင်ဖိူ့ကိစ္စမင်းကိူလွှဲထားလိုက်မယ် ။ လူအင်အားလိုအပ်ရင် ဌာနချုပ်ကနေအကူအညီတောင်းလို့ရတယ် ။

ဒီကြားထဲမှာ ငါရက်နည်းနည်းလောက်ခရီးသွားလိုက်ဦးမယ်...."

အဖြူရောင်ဝတ်စုံဝတ်လူ၏လေသံက ပုဲမှန်အတိုင်းအေးဆေးတည်ငြိမ်သော်လည်း စိတ်ခံစားချက်အရိပ်အယောင်များပါဝင်နေသည်ကို ဝတ်စုံနက်က ကောင်းစွာရိပ်စားမိသည် ။

ထိုနည်းတူ သူလည်း အချိန်ကြာမြင့်စွာ အထီးကျန်လျက်ရှိသည့် သူ၏ခေါင်းဆောင်အတွက်ပျော်ရွှင်မှုကိုခံစားလိုက်မိပြီး တည်ကြည်သည့်အမူအယာဖြင့်ဦးညွှတ်အရိုအသေပေးလိုက်သည် ။

" စိတ်ချပါခေါင်းဆောင်။ ကျုပ် နန်ကုန်းမိသားစုကို အဆုံးစွန်အထိ ဖိအားပေးတိုက်ခိုက်သွားမှာပါ..."

&&&

အလယ်ပိုင်းဒေသ၏မြောက်ဘက်ဖျားရှိလမ်းတစ်နေရာတွင် လူငယ်တစ်ယောက်တစ်ကိုယ်တည်းခရီးသွားလျက်ရှိသည်။

ကြီးမားသည့်ဓားကြီးတစ်လက်ကိုနောက်ကျောတွင်သိုင်းလွယ်ကာ ကြံ့ခိုင်မြင့်မားသည့်လူငယ်၏ကိုယ်ကာယက လူ့ဘီလူးကြီးတစ်ကောင်နှင့်ပင်ဆင်တူနေသေးသည် ။

သူဝတ်ဆင်ထားသည့် လက်ပြတ်ဖျင်ကြမ်းဝတ်စုံအောက်မှ တောင့်တင်းသန်မာသည့်ကြွက်သားများကိုကောင်းစွာမြင်တွေ့နေရကာ သန်စွမ်းသည့်လက်မောင်းလက်ဖျံများက ကျစ်လျစ်တောင့်တင်းလှသည်။

နေလောင်ထား၍နီကြင်ကြင်ဖြစ်နေသည့်ဆံပင်များကိုပခုံးပေါ်တွင်အတိုင်းသားချထားပြီး ဆီမထည့်သည်မှာမည်မျှကြာမြင့်နေသည်မသိဘဲ လူငယ်၏ဆံပင်များကကြမ်းတမ်းလျက်ရှိ၏။

သူ၏သွင်ပြင်က လူရမ်းကားတစ်ဦးလို ကြောက်မက်ဖွယ်ကောင်းနေသည့်တိုင် လူငယ်၏ရုပ်ရည်က အ‌တော်လေးငယ်ရွယ်နုပျိုသည်ကိုတွေ့ရကာ အသက်နှစ်ဆယ်ဝန်းကျင်သာရှိမည်ဖြစ်သည်။

" ဘာမိစ္ဆာဓားသမားလဲ...ဘာမိစ္ဆာနှိမ်နင်းရေးလဲ သောက်ပိုတွေ...."

လူငယ်က လမ်းမပေါ်တွင်ရှိနေသည့် ခဲလုံးများကို ဟိုကန်သည်ကန်ဖြင့်သွားနေရင်း မကျေမနပ်ရေရွတ်လျက်ရှိသည်။

ဖြူစင်ရိုးသားပြီးပွင့်လင်းဟန်တူသည့်မျက်နှာနှင့်မလိုက်အောင်သူ၏စကားလုံးများက အတော်လေးရင့်သီးလှသည်။

လူငယ်၏စိတ်ထဲတွင်လည်း ဒေါသထွက်လျက်ရှိပြီး စွန်းအိမ်တော်သိုင်းပြိုင်ပွဲရပ်နားခြင်းကို ဒေါပွနေခြင်းဖြစ်၏။

ထိုပြိုင်ပွဲတွင် လူငယ်မျိုးဆက်မှကျော်ကြားသူအများစုကိုတွေ့ရသလို ထိုအထဲမှအနည်းငယ်က အတော်လေးကြောက်စရာကောင်းကြသည် ။

ဒုတိယမျိုးဆက်များကိုပင် အကြောက်အလန့်မရှိရင်ဆိူင်ခဲ့သည့်လူငယ့်အတွက် လူငယ်မျိုးဆက်မှသူနှင့်မတိမ်းမယိမ်းရှိသူအချို့ကိုတွေ့ရချိန်တွင် များစွာစိတ်လှုပ်ရှားခဲ့ရ၏။

ထို့ကြောင့် လူငယ်လည်း စိတ်ကျေနပ်မှုရရှိသည်အထိတိုက်ခိုက်ရန်တွေးတောခဲ့သော်လည်း ရှောင်လင်ကျောင်းထိုင်ဆရာတော်ကြီးပျံလွန်တော်မူ၍ ပြိုင်ပွဲကိုရပ်နားခဲ့သည်။

ထိုနေရာအထိလက်ခံပေးနိုင်သော်လည်း ကျောင်းထိုင်ဆရာတော်၏ဈာပနပြီးနောက်တွင် မိစ္ဆာဓားသမား၏ကိစ္စကဆက်တိုက်ရောက်ရှိလာရာ စွန်းအိမ်တော်သိုင်းပြိုင်ပွဲမှာအချိန်အကန့်အသက်မရှိရပ်နားခဲ့သည်။

ထို့ကြောင့် လူငယ်လည်း ပျင်းရိစွာဖြင့်လေလွင့်လာခြင်းဖြစ်ကာ တစ်ကိုယ်တည်းကျင်လည်သည့်သူ့လိုလူတစ်ယောက်အဖို့ အခြားသိုင်းသမားများလို မိစ္ဆာနှိမ်နင်းရေးအဖွဲ့တွင်ပါဝင်ရန်လည်း မဖြစ်နိုင်ပေ။

ရုတ်တရက် လူငယ်၏ခြေလှမ်းများရပ်တန့်သွားပြီး စူးရှသည့်မျက်လုံးများက ရှေ့ဘက်မလှမ်းမကမ်းတွင်ရှိနေသည့်လူတစ်စုဆီသို့ကျရောက်သွားသည်။

ဓား၊ လှံရှည် စသည့်လက်နက်များကိုကိုင်ဆောင်ထားကြပြီး တင်းမာခတ်ထန်သည့်ရုပ်သွင်များရှိသည့်ထိုလူစုကမည်သည့်နည်းနှင့်မှလူကောင်းများဖြစ်နိုင်မည်မဟုတ်ပေ။

လူငယ်၏အတွေးကိုပို၍သေချာသွားစေသည်က ထိုလူများ၏အလယ်ရှိ ခရီးသည်တစ်ဦး၏ပုံစံရှိသည့်သက်လက်ပိုင်းလူတစ်ယောက်ဖြစ်ပြီး ယခုအလူ ထိုလူကလမ်းဘေးတွင်အားအင်ကင်းမဲ့စွာလဲကျနေပေသည်။

ထိုအဖြစ်ကြောင့်လူငယ်၏မျက်လုံးများက တလက်လက်တောက်ပသွားပြီး ဝမ်းသာအားရဖြင့်လေတစ်ချက်ချွန်ကာ ရှေ့သို့တဟုန်ထိုးပြေးဝင်သွားတော့သည်။

" ဟေ့လူကြီး ခေါင်းမာမနေနဲ့ ခင်ဗျားဆီမှာပါလာတာအကုန်ပေးလိုက် မဟုတ်ရင် ဟောဒီလှံဖျားမှာ သေသွားမယ်....."

အဝါရောင်သိုင်းဝတ်စုံပွပွကိုဝတ်ဆင်ထားပြီး လှံရှည်တစ်ချောင်းကိုကိုင်ဆောင်ထားသည့်လူက လဲကျနေသည့်သက်လက်ပိုင်းလူကိုချိန်းခြောက်လိုက်သည်။

သူ၏ဘေးတွင်ရှိနေသည့်အပေါင်းအဖော်များကလည်း လက်နက်ကိုယ်စီကိုင်ဆောင်ထားကြပြီး သက်လက်ပိုင်းလူကိုဝိုင်းဝန်းအမဲဖျက်တော့မည့်အလား ဝိုင်းဝန်းကျိန်းမောင်းနေကြသည်။

သူတို့၏အလယ်ရှိသက်လက်ပိုင်းလူကား ကြံ့ခိုင်တောင့်တင်းသည့်ခန္တာကိုယ်ရှိသော်လည်း သိုင်းပညာတတ်မြောက်ဟန်မတူ‌ပေ ။

သူ၏မျက်နှာနှင့်ကိုယ်ပေါ်တွင် ထိုးကြိတ်ခံထညးရသည့်ဒဏ်ရာများစွာရှိနေကာ ထိုလူများလုပ်သမျှကိုငြိမ်ခံနေရဟန်တူသည်။

သက်လက်ပိုင်းလူ၏ကိုယ်ပေါ်တွင်အဝတ်ထုပ်တစ်ထုပ်လည်းရှိနေပြီး ထိုအဝတ်ထုပ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၍ လူရမ်းကားများထိုးနှက်သမျှကိုအံကြိတ်ခံနေခြင်းဖြစ်၏။

" ဟေ့ မှတ်ကြီး ကြားတယ်ကွာ ရှင်းလိုက်တော့..."

ဓားပြားကြီးတစ်လက်ကို ကိုင်ဆောင်ထားသည့်သိုင်းသမားတစ်ယောက်က စိတ်မရှည်သည့်ပုံစံဖြင့်ပြောလိုက်သည်။

သူတို့လူစုက သိုင်းပညာတတ်မြောက်သည်ဆိုသော်လည်းအဆင့်မြင့်မြင့်မဟုတ်ဘဲ ယခုလိုလူပြတ်သည့်နေရာများတွင်လမ်းသွားလမ်းလာများကိုလုယက်ဓားပြတိုက်စား‌နေခြင်းဖြစ်၏။

ယခု ကောင်းမွန်စွာဝတ်ဆင်ထားသည့်သက်လက်ပိုင်းလူကို ချိန်းခြောက်ကာပစ္စည်းလုယက်နေခြင်းဖြစ်သော်လည်း ထိုလူက သူ၏အဝတ်ထုပ်ထဲတွင်အသက်ပါသည့်အလား နှိမ်သက်သမျှငုံ့ခံကာလုံးဝလက်မလွှတ်ဘဲဖြစ်နေသည်။

ထို့ကြောင့် သူတို့အားလုံးစိတ်မရှည်ကြတော့ဘဲဖြစ်နေသလို ထိုလူ၏အဝတ်ထုပ်ထဲ၌ အဖိုးတန်ပစ္စည်းတစ်ခုခုပါဝင်မည်ဟုလည်းတွေးမိကာ လောဘတတ်‌နေကြခြင်းဖြစ်သည်။

ဓားကိုင်သူ၏စကားကြောင့်လှံရှည်ကိုင်ထားသည့်လူက အောက်ဘက်ရှိသက်လက်ပိုင်းလူကို သူ၏လှံဖြင့်ချိန်ရွယ်ကာပြောလိုက်သညိ။

" ကြားလား....အခုခင်ဗျားလက်ထဲကဟာကိုမပေးရင် ခင်ဗျားကိုသတ်ပစ်မယ်....."

လှံရှည်သမားကပြောပြောဆိုဆိုဖြင့်လက်တစ်ဖက်က သက်လက်ပိုင်းလူ၏အဝတ်ထုပ်ကိုအတင်းဆွဲနေသည့်တိုင်ထိုလူ့ဆီမှလုယူနိုင်ခြင်းမရှိပေ။

ထိုအဖြစ်ကြောင့် လှံရှည်ကိုင်သူ၏မျက်နှာထက်တွင်ရက်စက်သည့်အရိပ်အယောင်များထွက်ပေါ်လာသလို ခေါင်းငုံ့ကာအဝတ်ထုပ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိူင်ထားသည့်သက်လက်ပိုင်းလူ၏မျက်ဝန်းများက အေးစက်လာသည်။

သက်လက်ပိုင်းလူ၏လက်တစ််ဖက်က အဝတ်ထုပ်တွင်းသို့မသိမသာရောက်ရှိသွားချိန်တွင် အဝေးမှထွက်ပေါ်လာသည့်ကျယ်လောင်သည့်လေချွန်သံကြီးကို သူတို့အားလုံးကောင်းစွာကြားလိုက်ရသည်။

&&&

All Chapters