← Chapters

သူရဲကောင်းလူငယ်

Vol. 4 Ch. 80

သူရဲကောင်းလူငယ်

Vol. 4 Ch. 80

" ရွှီး...."

ကျယ်လောင်သည့်လေချွန်သံတစ်ခုနှင့်အတူ သူတို့ရှိရာသို့ဦးတည်၍ တလိမ့်လိမ့်ဝင်ရောက်လာသည်ဖုန်လုံးကြီးတစ်ခုကြောင့်လူရမ်းကားများပင် အံ့ဩတုန်လှုပ်သွားကြသည်။

သူတို့အားလုံးအံ့အားသင့်မှုကြောင့်တုန့်ပြန်ချိန်ပင်မရလိုက်မီ ဖုန်လုံးကြီးက ခြေလှမ်းအနည်းငယ်အကွာတွင် တိခနဲရပ်သွားပြီး လူငယ်တစ်ယောက်၏တည်ငြိမ်သည့်စကားသံကိုပါကြားလိုက်ရသည်။

" ရပ်လိုက်ကြစမ်း ....."

ထိုအခါမှ လူရမ်းကားများလည်း သူတို့ဆီသို့ဝင်ရောက်လာသည့်အရာကြီးက အဝေးမှပြေးလာသည့်လူတစ်‌ယောက်ဖြစ်ကြောင်းသိလိုက်ကာ စိတ်သက်သာရာရသွားကြ၏။

သူတို့၏စိတ်ထဲတွင်ကား ပဟေဠိအချို့ရှိနေဆဲပင်။

" ဘာလို့ဒီ‌ကောင်က အရမ်းမြန်နေတာလဲ....."

လူရမ်းကားများသတိမထားမိသည့်အချက်က လူငယ်က အရှိန်အဟုန်ဖြင့်အားကုန်သုံးပြေးဝင်လာပြီးတိခနဲရပ်လိုက်သည့်အတွက် သူ၏ခြေထောက်အောက်ရှိမြေပြင်ကိုအသေအချာအကဲခပ်ကြည့်မည်ဆိုပါက အက်ကွဲနေသည့်အကြောင်းကိုပင်။

ယခုအချိန်တွင်တော့ လူရမ်းများက လူငယ်၏ငယ်ရွယ်သည့်အသက်အရွယ်ကိုမြင်တွေ့ပြီးနောက် များစွာထိတ်လန့်ခြင်းမရှိတော့ဘဲ တစ်ယောက်က လက်ထဲမှတင်းပုတ်ကြီးကိုမြောက်ပြကာပြောလိုက်သည်။

" ကောင်လေး မသေချင်ရင်ထွက်သွားစမ်း...."

လူငယ်၏ တောင့်တင်းကြံ့ခိုင်လှသည့်ခန္တာကိုယ်နှင့် နောက်ကျောမှဓားကြီးကိုသာရှိန်မနေပါက ထိုလူငယ်ကိုလည်း ဝိုင်းဝန်းလုယက်ပြီးဖြစ်ပေမည်။

လူငယ်နှင့်သာတစ်ယောက်ချင်းရင်ဆိုင်ပါကသူတို့အနေဖြင့်ချက်ခြင်းလိုလိုထွက်ပြေးရန်ရွေးချယ်မည်ဖြစ်သည့်တိုင် ယခု သူတို့၏အရေအတွက်က ငါးယောက်အထိရှိနေ၍ သတ္တိကောင်းနေကြသည်။

နောက်ထပ်ရောက်ရှိလာသည့်လူငယ့်ကိုမြင်တွေ့ပြီးနောက် အောက်တွင်လဲကျနေသည့်သက်လက်ပိုင်းလူ၏မျက်နှာထက်၌ စိတ်ပျက်သည့်အရိပ်အယောင်များဖျက်ခနဲထွက်ပေါ်လာပြီးသက်ပြင်းမသိမသာချလိုက်သည် ။

အဝတ်အိတ်ထဲတွင်နှိူက်ထားသည့်သူ၏လက်တစိဖက်ကိုလည်းပြန်ထုတ်ပြီးဖြစ်ပေသည် ။

လူငယ်သည်လည်း လူရမ်းကားများ၏ပုံပန်းသွင်ပြင်ကိုမြင်သည်နှင့်များစွာစိတ်ပျက်သွားမိသည်။

လမ်းမထက်တွင်နေ့ခင်းကြောင်တောင်ဓားပြတိုက်ဝံ့သူက သိုင်းပညာအတော်ကောင်းမည်ဟုတွေး၍စိတ်လှုပ်ရှားမိသည့်တိုင် တစ်ဖက်လူများက အလယ်အလက်တန်းစားပင်မရှိသည့်အညံ့စားသိုင်းသမားများဖြစ်ကြသည်။

သူတို့ထဲတွင်အစွမိးအထက်ဆုံးလူကပင်အဆင့်နိမ့်သိုင်းအဆင့်သာရှိကာ ကျန်လေးယောက်က လက်နက်အားကိုးဖြင့်လုယက်နေသည့်သိုင်းပညာမတတ်တခေါက်တတ်ကြသူများဖြစ်၏။

ကိုင်ဆောင်ထားသည့်လက်နက်အညံ့စားများ၊ သိမ်ဖျင်းသည့်လုပ်ရပ်များနှင့် သတ္တိကြောင်သည့်ပုံစံကိုကြည့်၍ ထိုလူများအနေဖြင့်လူတစ်ယောက်ကိုပင်သတ်ဖြတ်ဖူးခြင်းမရှိသလောဟု သံသယဖြစ်မိသည် ။

ထို့ကြောင့် လူငယ်လည်းစိတ်ပျက်လက်ပျက်ပုံစံဖြင့် လက်ခါပြကာပြောလိုက်သည်။

'" သွားသွား ဝေးဝေးသွားကြ ....ဒီလူ့ကိုလွှတ်ပေးလိုက်...."

ပုံမှန်ဆိုလျှင် ကိုယ်နှင့်မဆိုင်သည့်ကိစ္စများတွင်ဝင်မပါသည့်တိုင်ယခုကိစ္စတွင်ကူညီရနိဆုံးဖြတ်ထားပြီးဖြစ်၍ သက်လက်ပိုင်းလူကိုလွှတ်ပေးရန်ပြောလိုက်သည်။

သူ၏စကားကြောင့်လူရမ်းကားများကဒေါသထွက်သွားကြပြီး လူငယ်နှင့်အနီးဆုံးတွင်ရှိနေသူက သူ၏လက်ထဲမှတင်းပုတ်ကြီးကို ဝေ့ကာပြောလိုက်သည် ။

" ကောင်လေး သိုင်းပညာနည်းနည်းတတ်တယ်ဆိုပြီးလူစွမ်းကောင်ဝင်မလုပ်နဲ့ ငါတို့စိတ်ကောင်းဝင်နေတုန်းမြန်မြန်ထွက်သွားကြစမ်း...."

ထိုလူ၏စကားကြောင့်လူငယ်ကပျက်လုံးတစ်ခုကြားရသည့်အလားသဘောကျစွာရယ်မောလိုက်ပြီး သူ၏ဖျင်ကြမ်းဝတ်စုံရှေ့ဘက်ကိုဖြဲပြလိုက်သည်။

" လာစမ်း....ကျုပ်ကိုဒဏ်ရာရအောင်အရင်လုပ်ကြည့်...."

ထင်မှတ်မထားသည့်သူ၏လုပ်ရပ်ကြောင့်လူရမ်းကားများသာမက သက်လက်ပိုင်းလူပင်ကြောင်အမ်းအမ်းဖြစ်သွားကြသည် ။

သို့‌သော် လူရမ်းကားများထဲ၌အစွမ်းအထက်ဆုံးဖြစ်သည့်လှံရှည်ကိုင်ထားသူကအနည်းငယ်စဉ်းစားဉာဏ်ရှိသည့်အလျောက် လူငယ်၏ရဲရင့်သည့်အပြုအမူနှင့်အကြောက်အလန့်ကင်းသည့်ပုံစံကြောင့် ထိုလူငယ်ကအစွမ်းထက်သိုင်းသမားတစ်ဦးဖြစ်မည်ဟုရိပ်စားမိလိုက်သည်။

ထိုစဉ် လူငယ်ကချီတုံချီချဖြစ်နေသည့်တင်းပုတ်ကိုင်ထားသူကိုထပ်မံလှောင်ပြောင်လိုက်သည် ။

" လာစမ်းပါ မိန်းမလျာတစ်ယောက်လိုလုပ်မနေဘဲလာတိုက်စမ်း...."

လူငယ်၏လှောင်ပြောင်ရန်စသည့်စကားသံက သူ၏ရိုးအဟန်တူသည့်မျက်နှာနှင့်ပင်မလိုက်ဖက်ချေ။

ထို့အတွက် တင်းပုတ်ကိုင်ထားသူ၏အမူအယာကနီရဲရာမှ မဲနက်လာပြီး ကျယ်လောင်စွာအော်ဟစ်မာန်သွင်းကာ လူငယ်၏ဦးခေါင်းကိုတင်းပုတ်ကြီးဖြင့်အားကုန်ထုနှက်လိုက်တော့သည်။

" ကျား..."

" မလုပ်နဲ့...."

လှံရှည်ကိုင်ထားသူကအလျှင်အမြန်ဟန့်တားလိုက်သည့်တိုင်အချိန်မမှီတော့ပေ။

အကယ်၍ လူငယ်သာအစွမ်းထက်သိုင်းသမားတစ်ဦးဦးသာဆိုပါက သူတို့လူစုဒုက္ခရောက်မည်ဟုတွေးမိ၍ လှံရှည်ကိုင်ထားသူကဟန့်တားလိုက်ခြင်းဖြစ်သည်။

အံ့ဩဖွယ်ကောင်းစွာဖြင့် လူငယ်ကနောက်ဆုတ်ရှောင်တိမ်းရမည့်အစားရူးကြောင်ကြောင်အပြုံးဖြင့်သူ၏ဦးခေါင်းကိုရှေ့တိုးပေးလိုက်ခြင်းဖြစ်၏။

သို့‌သော် နောက်ထပ်ဖြစ်ပွား‌ခဲ့သည့်အရာကသူ၏မျက်လုံးများကို အကြမ်းပန်းကန်လုံးခန့်ပြူးကျယ်သွားစေသည်။

" ဖြောင်း..."

ကျယ်လောင်သည်မည်သံနှင့်အတူ လူငယ်၏ဦးခေါင်း‌နှင့်လူရမ်းကား၏သစ်သားတင်းပုတ်ကြီးက ပြင်းထန်စွာထိတွေ့သွားသည်။

ဖြူဖွေးသည့်ဦးနှောက်များနှင့်နီစွေးသည့်သွေးများပြန့်ကျဲရမည့်အစား သံချွန်များစိုက်ထားသည့်သစ်သားတင်းပုတ်ကြီးက အစိတ်စိတ်အမွှာမွှာကျိုးထွက်သွားကာ တန်ပြန်အားကြောင့် တင်းပုတ်ပိုင်ရှင်လူရမ်းကားပင် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည် ။

" မ...မဖြစ်နိုင်တာ...."

လူရမ်းကားကပုစွန်မျက်လုံးလိုပြူးကျယ်ဝိုင်းစက်နေသည့်မျက်လုံးများဖြင့် အံ့ဩတုန်လှုပ်စွာရေရွတ်လိုက်မိသည် ။

လူငယ်၏ဦးခေါင်းကိုတင်းပုတ်ဖြင့်ထုနှက်လိုက်စဉ်က လွန်စွာမာကျောသည့်ကျောက်ဆောင်ကြီးကိုထုချေရသည့်အလား သူ၏လက်မောင်းနှစ်ဖက်လုံးကျင်တက်သွားပြီး တန်ပြန်အားကြောင့် အရိုးကျိုးလုမတတ်ပင်ဖြစ်ခဲ့သည်။

လူငယ်ကားမည်သို့မှဖြစ်ဟန်မတူဘဲ သူ၏ဦးခေါင်းပေါ်တွင်ကပ်ညိနေသည့်သစ်သားစအနည်းငယ်ကြိခါချလိုက်ရင်းမှ ပြုံး၍ပြောလိုက်သည်။

" ပျော့လိုက်တာ...."

လူငယ်၏စကားကြောင့် တင်းပုတ်ပိုင်ရှင်လူရမ်းကားသာမက ကျန်လေးယောက်လုံး သရဲတစ္ဆေတစ်ကောင်တွေ့ရသလို လန့်ဖျက်ကာ နောက်သို့ခုန်ဆုတ်လိုက်ကြသည်။

ထိုအထဲတွင် လှံရှည်ကိုင်ထားသူက အထိတ်လန့်ဆုံးဖြစ်ပြီး ကျယ်လောင်သည့်အသံဖြင့်အော်ဟစ်လိုက်လေသည်။

" သူ.....သူက လူမဟုတ်ဘူး.."

မူလက လူငယ့်ကိုအစွမ်းထက်သိုင်းသမားတစ်ဦးဦးဖြစ်မည်ဟုတွေးခဲ့မိသည့်တိုင်ယခုဖြစ်ပျက်ခဲ့သည့်အရာက သူတို့၏စိတ်ကူးနိုင်စွမ်းကိုကျော်လွန်နေသည်။

ထိုလူ၏ချောက်ခြားနေသည့်စိတ်က ကျန်လူများကိုပါကူးစက်သွားပြီး ထွားကြိုင်းသည့်ခန္တာကိုယ် ရိုးအသည့်မျက်နှာတို့ဖြင့်လူငယ်ကိုသူတို့၏မျက်စေ့ထဲတွင်လူယောင်ဆောင်ထားသည့်နတ်ဘီလူးတစ်ကောင်ဟုပင်တွေးထင်မိကြသည်။

ထိုလူများ၏အမူအယာကြောင့် လူငယ်ကအနည်းငယ်စိတ်ပျက်သွားပြီး ရှေ့သို့တစ်လှမ်းတိုးကာပြောလိုက်သည် ။

" လာကြစမ်းပါ ကျူပ်ကိုဒဏ်ရာရအောင်လုင်နိုင်ရင် ခင်ဗျားတိူ့နိုင်ပြီ...."

လူငယ်က ရှေ့သို့တစ်လှမ်းတိုးလာ၍ မူလကပင်တုန်လှုပ်ချောက်ခြားနေသူများမှာ လိပ်ပြာစင်တော့မည့်အလားဖြစ်သွားပြီးသူတိူ့ထဲတွင်အစွမ်းအထက်ဆုံးဖြစ်သည့်လှံရှည်ကိုင်ထားသူပင်လက်ထဲရှိလှံကိုအယောင်ယောင်အမှားမှားလွှတ်ချလိုက်ရင်း ကျယ်လောင်စွာအော်ဟစ်လိုက်၏။

" ပြေးကြ...."

သူသတိပေးသည်ကမှအနည်းငယ်နောက်ကျနေသေးသည် ။

ကျန်လေးယောက်က လူငယ်ရှေ့တိုးလာစဉ်ကပင် လက်နက်များကိုအောက်ပစ်ချရင်းဖနှောင့်နှင့်ခြေဖဝါးတစ်သားထဲကျအောင်ဒုန်းစိုင်းသွားကြလေပြီ။

လူရမ်းကားများ၏ထွက်ပြေးသည့်အမြန်နှုန်းက အတော်လေးလျှင်မြန်လှ၍ လူငယ်ပင်အနည်းငယ်ကြောင်အမ်းအမ်းဖြစ်သွားမိကာ သက်ပြင်းတစ်ချက်ချ၍ပြောလိုက်သည်။

" ဒီလူတွေကတော့ တကယ်ပါပဲ ...."

ပြောပြောဆိုဆိုဖြင့်လူငယ်လည်း လူရမ်းကားများ ကြောက်လန့်တကြားပစ်ချခဲ့သည့်လှံရှည်၊ ဓားရှည်နှစ်လက်နှင့်သံတုတ်တစ်ချောင်းတို့ကိုကောက်ယူလိုက်သည်။

ထိုလက်နက်များက အရည်အသွေးညံ့ဖျင်းလှသော်လည်း ပြန်လည်ရောင်းချပါက ငွေတုံးအနည်းငယ်ရရှိနိူင်သေးသည် ။

အလုပ်အကိုင်မယ်မယ်ရရမရှိဘဲ နေရာအနှံ့လျှောက်သွားကာ လူတကာနှင့်တိုက်ခိုက်နေသည့်သူ့လိုလူမျိုးအတွက် ခရီးစရိတ်ရရှိရန် ထိုလက်နက်များကိုပြန်လည်အသုံးချရပေမည်။

မည်သိူ့ပင်ဖြစ်စေ အများအကျိူးဆောင်ကိုယ့်အကျိူးအောင် ဆိုသည့်စကားအတိုင်း ဒုက္ခရောက်နေသူကိုကူညီကာ လူရမ်းကားများကိုနှိမ်နင်းပြီးသူ့အတွက်လည်း ငွေတုံးအနည်းငယ်ရရှိပေတော့မည်။

လူငယ်လည်းတစ်ကိုယ်တည်းတွေးတောရင်းစိတ်ကျေနပ်စွာပြုံးလိုက်ပြီးမှ လူရမ်းကားများ၏လက်ချက်ကြောင့်ဒုက္ခရောက်ခဲ့သည့်သက်လက်ပိုင်းလူကြီးကိုပြန်သတိရလိုက်သည် ။

ထိုလူကြီးက မတ်တပ်ထရပ်ပြီးဖြစ်ကာ ကိုယ်ပေါ်တွင်ပေကျံနေသည့်ဖုန်မှုန့်များကိုခါလိုက်ရင်း လူငယ့်ကိုစိတ်ဝင်စားစွာကြည့်ရှုနေသည် ။

မတ်တပ်ထရပ်လိုက်ချိန်တွင်မှ ထိုလူကလည်းအ‌တော်လေးထွားကြိုင်းသန်ကိုတွေ့မြင်လိုက်ပြီး ကြွက်သားအမြောင်းမြောင်းထနေသည့်လက်ဖျံများ၊ ကြံ့ခိုင်သည့်ခန္တာကိုယ်တို့ဖြင့် လေ့ကျင့်ထားသလိုအတော်လေးတောင့်တင်းလှသည်။

သို့‌သော် သူ၏သတ္တိကလည်းနည်းပါးဟန်တူပြီး လူရမ်ကားများစိတ်တိုင်းကျထိုးကြိတ်နေသည်ကိုပင် ခေါင်းငုံ့ခံနေသည်။

" ဟေ့ ခင်ဗျားအဆင်ပြေရဲ့လား...."

လူငယ်က လှံရှည်ဓားရှည်စသည့်လက်နက်များကိုပခုံးပေါ်တွင်ထမ်းလိုက်ရင်း သက်လက်ပိုင်းလူကိုမေးလိုက်သည်။

သူ၏မေးခွန်းကြောင့် သက်လက်ပိုင်းလူက လက်သီးတစ်ဖက်ဆုပ်အရိုအသေပေးကာပြောလိုက်သည်။

" ကျုပ်ကို ကူညီခဲ့တာ ကျေးဇူးတင်ပါတယ်လူငယ်လေး...."

သက်လက်ပိုင်းလူ၏အပြုအမူကိုကြည့်၍သိုင်းလောကထုံးစံများကိုရင်းနှီးကြောင်းသိနိုင်ပြီး လူငယ်လည်း ထိုလူ့ကိုအကဲခပ်လိုက်ပြီးမှ ခေါင်းညိမ့်၍ပြောလိုက်သည် ။

" ကိစ္စမရှိပါဘူး ခင်ဗျားလည်း ဒဏ်ရာပြင်းပြင်းထန်ထန်မရဘူးမလား ကျုပ်သွားတော့မယ် ...."

&&&&

All Chapters