ပျောက်ဆုံးနေသောကလေးမလေး
Vol. 4 Ch. 81
" ကိစ္စမရှိပါဘူး ခင်ဗျားလည်း ဒဏ်ရာပြင်းပြင်းထန်ထန်မရဘူးမလား ကျုပ်သွားတော့မယ် ...."
လူငယ်၏ တုံးတိစကားကြောင့်သက်လက်ပိုင်းလူကအနည်းငယ်အံ့ဩသွားမိ၏။
ထိုလူငယ်က သူ့ကိုဝင်ရောက်ကူညီပြီးသည့်တိုင် တစ်စုံတစ်ရာပြောဆိုခြင်းမပြုတော့ဘဲ ယခုလိုထွက်သွားမည်ဟုမထင်ထားခဲ့ပေ။
သက်လက်ပိုင်းလူကြီးအံ့အားသင့်နေစဉ်မှာပင် လူငယ်က လက်နက်လေးခုကိုပခုံးပေါ်တွင်ထမ်းကာ လေတချွန်ချွန်ဖြင့်လျှောက်သွားလိုက်တော့သည်။
" ခဏနေပါဦး......"
သက်လက်ပိုင်းလူက လူငယ်ကိုတစ်စူံတစ်ရာပြောဆိုလို၍ဟန့်တားလိုက်သော်လည်း လူငယ်ကလှည့်မကြည့်ဘဲနောက်ပြန်လက်ပြကာ ဆက်လျှောက်သွားလေသည်။
သူ၏ခြေလှမ်းများကအတော်လေးမြန်ဆန်လှပြီး တခဏအတွင်း ခပ်လှမ်းလှမ်းသို့ရောက်ရှိသွားတော့သည်။
သက်လက်ပိုင်းလူကြီးကိုဝင်ရောက်ကူညီပြီးလူငယ်ထွက်သွားချိန်အထိ အချိန်အနည်းငယ်သာကြာမြင့်ခဲ့ပြီး သူ၏လုပ်ရပ်ကြောင့် လူကြီးလည်းအံ့ဩနေဆဲပင်။
ထို့နောက်မှ အဖြေးဖြေးဝေးကွာသွားသည့်လူငယ်၏နောက်ကျောကိုကြည့်ရင်းသူ၏မျက်နှာထက်တွင်အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
" တော်တော်ထူးဆန်းတဲ့လူငယ်လေးပဲ ..."
သက်လက်ပိုင်းလူကြီးက ခပ်တိုးတိုးရေရွတ်လိုက်ပြီး သူ၏အခြေအနေကိုပြန်၍စစ်ဆေးလိုက်သည်။
မျက်နှာပေါ်တွင်ရရှိထားသည့်ဒဏ်ရာနှစ်ခုသုံးခုမှအပ ကိုယ်ပေါ်ရှိဒဏ်ရာများကမပြောပလောက်ပေ။
ကိုယ်ပေါ်ရှိထိုးကြိတ်ကန်ကြောက်ခံထားကသည့်ဒဏ်ရာများကလည်း သူ့အတွက်များစွာမထိခိုက်စေခဲ့ပေ။
လူရမ်းကားငါးယောက်ကလည်း လက်နက်အားကိုးဖြင့်ခိုးဆိုးလုယက်နေခြင်းသာဖြစ်ပြီး သတ္တိမကောင်းကြ၍ ရက်စက်စွာပြုမူခြင်းမရှိကြပေ။
ပုံမှန်ဆိုလျှင် ထိုလူများလိုအညံ့စားလူရမ်းကားများက လမ်းမထက်တွင်ပေါ်မလာဝံ့သော်လည်း ယခုရက်များတွင် ဤနယ်ရှိအဖြူရောင်သိုင်းသမားအတော်များများမိစ္ဆာနှိမ်နင်းရေးအဖွဲ့သို့ဝင်ကာ သားရဲတစ်ရာတောအုပ်သို့ရောက်ရှိနေ၍ သူတို့လို အဖြစ်မရှိသူများပေါ်ပေါ်ထင်ထင်ထွက်လာဝံ့ခြင်းဖြစ်၏ ။
မိစ္ဆာနှိမ်နင်းရေးအဖွဲ့နှင့် သိုင်းမဟာမိတ်မှလူများသားရဲတစ်ရာတောအုပ်သို့ဝင်ရောက်သွားသည်က တစ်ပတ်နီးပါးကြာမြင့်ပြီဖြစ်သည့်တိုင် သူတို့စငတင်းကိုမကြားရသေးပေ။
တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသည့်စကားအတိုင်း အနက်ရောင်သိုင်းသမားများနှင့်ခိုးဆိုးလုယက်လိုသည့်လူရမ်းကားများကတော့ မိစ္ဆာနှ်ိမ်နင်းရေးအဖွဲ့နှင့်အဖြူရောင်သိုင်းသမားများအားလုံး မိစ္ဆာဓားသမား၏လက်ချက်ဖြင့်အသက်ပျောက်ရန်သာမျှော်လင့်နေကြပေသည်။
သက်လက်ပိုင်းလူကြီးလည်း သူ၏ဝတ်စုံကိုသပ်သပ်ရပ်ရပ်ဖြစ်စေရန်ပြန်၍ပြုပြင်လိုက်ပြီးမှ ခေါင်းယမ်း၍ရေရွတ်လိုက်သည်။
" နောက်တစ်ခါခရီးသွားရင် အဝတ်ထုပ်ထားခဲ့မှဖြစ်တော့မယ် ။ ပြီးတော့ စုတ်စုတ်ပြတ်ပြတ်ပုံစံနဲ့အဝတ်တစ်ထည်ကိုယ်တစ်ခုဆိုရင် ဘယ်သူမှအာရုံစိုက်မိမှာမဟုတ်ဘူး...."
သက်လက်ပိုင်းလူက တစ်ကိုယ်တည်းပြောဆိုနေရင်း အဝတ်ထုပ်ထဲမှတစ်စုံတစ်ခုကိုဆွဲထုတ်လိုက်သည် ။
ဤသည်က ငါးလက်မခန့်သာအရှည်ရှိသည့်သံမဏိတုတ်ချောင်းနှင့်ဆင်တူသည့်အရာဖြစ်ပြီး ရွှေရောင်မြောင်းငယ်လေးများလည်းပါရှိသည်။
သက်လက်ပိုင်းလူက ထိုပစ္စည်းကလေးကိုဖြေးညင်းစွာပွတ်သတ်လိုက်ပြီးမှ သူ၏ဝတ်စုံကြားသို့ထိုးထည့်လိုက်လေသည်။
ထို့နောက် သူ၏ခြေလှမ်းများက စတင်ရွေ့လျားသွားပြီး လူသူကင်းမဲ့နေသည့်လမ်းမထက်တွင် ဖြေးညင်းစွာလျှောက်သွားလိုက်တော့၏။
&&&
လျှိုစမ်းမြို့
အရက်ချိုးထိချုံးတစ်ယောက် အတော်လေးဒုက္ခရောက်နေသည်။
ဤသည်က သူ့ဆီတွင် ရှောင်ယောင် ယုံကြည်စိတ်ချစွာအပ်နှံသွားသည့် ယွီယွီဆိုသည့်ကလေးမလေးပျောက်ဆုံးသွား၍ဖြစ်၏ ။
သွက်လက်ချက်ခြာပြီးလိမ္မာရေးခြားရှိလှသည့်ထိုကလေးမလေးက တောင်းရမ်းစားသောက်၍ အသက်ဆက်ခဲ့ရသည့်ကလေးတစ်ယောက်ဟုထင်ရက်စရာမရှိပေ။
တောင်းတွက်အကွပ် လူတွင်အဝတ်ဆိုသလို ကောင်းမွန်စွာဝတ်စားဆင်ယင်ပြီးနောက်တွင် သူမ၏အသွင်က ချမ်းသာသည့်အိမ်တော်များမှ ကလေးငယ်များအလားပင်။
ကြမ်းတမ်းသည့်ဘဝကိုဖြတ်သန်းခဲ့ရသူပီပီအသက်ဆယ်နှစ်ပင်မပြည့်သေးသော်လည်း ရင့်ကျက်မှုလည်းရှိနေပြီဖြစ်ကာ ထိချုံး၏အလုပ်များကိုလည်း အားတက်သရောကူညီတတ်သေးသည်။
ထို့အပြင်ထိချုံးသင်တန်းကျောင်းတွင်ရှိစဉ်လည်း အိမ်အလုပ်များကိုစေ့စေ့စပ်စပ်လုပ်ဆောင်ထားနှင့်သေးသည်။
ထို့ကြောင့် တစ်ကိုယ်တည်းတစ်ကာယဖြစ်သည့်ထိချုံးပင် ထိုကလေးမလေးကို သူ၏သမီးအရင်းအချာတစ်ယောက်လိုတွယ်တာခဲ့ရသည်။
ကံမကောင်းစွာဖြင့် ပြီးခဲ့သည့်နှစ်ရက်က သူသင်တန်းကျောင်းမှပြန်အလာတွင် ယွီယွီကလေးကိုမည်သည့်နေရာမှရှာမတွေ့ဘဲပျောက်ဆုံးသွားခဲ့ရ၏။
အိမ်နီးနားချင်းများကိုမေးမြန်းသော်လည်း တစ်နေရာရာထွက်ခွာသွားသည်ကိုလည်းမမြင်မိကြ။
သူမ၏အဖြစ်က အိမ်တွင်ထိုင်နေရင်း အငွေ့ပျံသလိုပျောက်ဆုံးသွားခဲ့ခြင်းဖြစ်၏။
ထိုအဖြစ်ကြောင့် ထိချုံးမှာအတော်လေးထိတ်လန့်တုန်လှုပ်ခဲ့ပြီး သူ၏မိတ်ဆွေမြို့စားမင်း၏သားဖြစ်သူဖုန်းရန်၏အကူအညီကိုပါရယူပြီး မြို့ အနီးတစ်ဝိုက်ကိုသာမက နယ်တစ်ခုကိုလုံးကိုရှာဖွေခဲ့သေးသည်။
သို့သော် ယွီယွီကလေး၏သတင်းအစအနကိုရှာမရဘဲ ထိချုံးလည်း ထူးဆန်းစွာပျောက်ဆုံးသွားသည့်ကလေးမလေးအတွက်ဝမ်းနည်းကြေကွဲရသည်သာမက ရှောင်ယောင်ပြန်လာပါကမည်သို့မျက်နှာချင်းဆိုင်ရမှန်းမသိအောင်ပင်ဖြစ်နေမိ၏ ။။
&&&
မှောင်မည်းနေသည့်အခန်းငယ်ထဲတွင် အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်တိတ်ဆိတ်ငြိမ်သက်စွာထိုင်လျက်ရှိသည်။
ရှည်လျားသည့်အနက်ရောင်ဝတ်ရုံကြီးကိုခြုံထားပြီး ခေါင်းစွပ်နက်ကြီးကိုဝတ်ဆင်ထားသည့်ထိုလူ၏သွင်ပြင်ကအလင်းရောင်အောက်တွင်ပင် သူ၏မျက်နှာကိုမြင်ရမည့်ဟန်မတူပေ။
သို့သော် ခေါင်းစွပ်အောက်မှမြင်နေရသည့် အေးစက်စက်မျက်ဝန်းများက အမှောင်ထဲတွင်တဖျက်ဖျက်တောက်ပနေပေသည်။
သူ၏ရှေ့တွင် အသက်ကိုးနှစ်ဆယ်နှစ်ခန့်ရှိမည့်ပိန်ပိန်ပါးပါးကလေးမလေးတစ်ယောက်ရပ်နေပြီး အာဟာရချို့တဲ့သည့်ခန္တာကိုယ်နှင့်မလိုက်အောင် စူးရှတောက်ပသည့်မျက်ဝန်းများကိုပိုင်ဆိုင်ထားသည်။
သူမမျက်နှာထက်တွင် အရွယ်ရောက်ပြီးလူကြီးတစ်ယောက်လိုတည်ငြိမ်ရင့်ကျက်မှုများရှိနေကာ ရှေ့တွင်ထိုင်နေသည့်အနက်ရောင်ဝတ်ရုံရှင်ကိုစူးစိုက်ကြည့်နေသည်။
အခန်းတွင်းရှိလေထုကအနည်းငယ်ထူးဆန်းနေပြီး အချိန်အနည်းငယ်ကြာအောင်တိတ်ဆိတ်နေပြီးနောက်တွင် အနက်ရောင်ဝတ်ရုံဝတ်လူက ခေါင်းညိမ့်ကာပြောလိုက်သည် ။
" မင်းလုပ်တာကောင်းတယ် သရုပ်ဆောင်သွားတာလည်းအပိုအလိုမရှိဘဲ...."
အနက်ရောက်ဝတ်ရုံရှင်၏ချီးကျူးမှုကြောင့် ကလေးမလေး၏အမူအယာကပြောင်းလဲခြင်းမရှိဘဲတည်ငြိမ်စွာပြောလိုက်သည် ။
" ခေါင်းဆောင်ရဲ့ ပြောင်မြောက်တဲ့အစီအစဉ်ကြောင့်ပါ ။ ဒါပေမယ့် ဘာလို့အခုလိုစီစဉ်ခဲ့တယ်ဆိုတာကို အတင့်ရဲပြီးမေးလို့ရမလား...."
ကလေးမလေး၏စကားအဆုံး၌ အခန်းတွင်းရှိအပူချိန်ကအတောလေးကျဆင်းသွားပြီး ရေခဲတမျှအေးစက်သည့်အငွေ့အသက်များကထွက်ပေါ်လာသည်။
ထိုနည်းတူ ဒူးထောက်နေသည့်ကလေးမလေး၏ကိုယ်ပေါ်သို့လွန်စွာကြီးမားသည့်ဖိအားတစ်ခုကျဆင်းလာ၍ ကလေးမလေးမှာ မည်သို့မှမဟန်နိုင်တော့ဘဲ လက်နှစ်ဖက်ကိုရှေ့တွင်ထောက်ကာ လဲကျခြင်းမရှိစေရန်ထိမ်းထားလိုက်ရသည်။
ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ကိုပင်ဒူးထောက်ကျစေလောက်မည့်ဖိအားမျိုးနှင့်ရင်ဆိုင်နေရသည့်အတွက် သိုင်းပညာနကန်းတစ်လုံးမှမသိသည့်ကလေးမလေး၏မျက်နှာကသွေးဆုပ်ဖြူလျော်နေသလို သူမ၏အရိုးများပင်ကျိုးလုမတတ်ကြီးမားသည့်ဖိအားတစ်ခုကိုလည်းရင်ဆိုင်နေရသည်။
သို့သော် ကလေးမလေး၏တည်ငြိမ်သည့်အမူအယာကလုံးဝပြောင်းလဲခြင်းမရှိဘဲ ဖိအားဒဏ်ကိုအံကြိတ်ကာခံနေသည်။
မိဘမဲ့တစ်ယောက်အဖြစ်မွေးဖွားလာပြီး လမ်းပေါ်တွင်ကျင်လည်ခဲ့ရသည့်သူမအတွက် အနက်ရောင်ဝတ်ရုံရှင်က ကျေးဇူးရှင်တစ်ယောက်ဖြစ်သလို သူမ၏အသက်ကိုပိုင်ဆိုင်သူတစ်ဦးလည်းဖြစ်သည်။
ထို့ကြောင့် ထိုလူစေခိုင်းသမျှကိစ္စများကိုတစ်သဝေမတိမ်းဆောင်ရွက်ပေးခဲ့ပြီး တစ်ခွန်းမှစောဒကမတတ်ဖူးပေ။
သူမအတွက် ကောက်ကျစ်ယုတ်မာသည့်လူအများစုရှိသည့်လောကကြီးက မသန့်ရှင်းသည့်နေရာကြီးဖြစ်ကာ ရှိရှိသမျှလူများကိုစပ်ဆုပ်ရွံရှာသည့်ခံစားချက်တစ်ခုသာရှိခဲ့သည်။
သို့သော် ပြီးခဲ့သည့်တာဝန်ကိုဆောင်ရွက်ပြီးနောက် လောကကြီးအပေါ်ထားရှိသည့်အထင်အမြင်များအနည်းငယ်ပြောင်းလဲခဲ့ပြီး နိုင်ရာစားသည့်လောကကြီးတွင် ကြင်နာသည့်နှလုံးသားရှိသူများ၊ ရိုးသားဖြောင့်မက်သည့်လူများလည်းရှိနေသေးကြောင်းသိခွင့်ရခဲ့သည်။
ထို့ကြောင့် ရက်အနည်းငယ်သာအတူနေခဲ့ရသော်လည်းသူမကိုစိတ်နှလုံးအမှန်ဖြင့်ကြင်နာစောင့်ရှောက်ခဲ့သူတစ်ယောက်အန္တရာယိဖြစ်မည်စိုး၍ ယခုလိုမသင့်လျော်သည့်မေးခွန်းကိုသိသိကြီးဖြင့်မေးမြန်းခဲ့ခြင်းဖြစ်သည် ။
အနက်ရောင်ဝတ်ရုံရှင်၏ရေခဲတမျှအေးစက်သည့်မျက်ဝန်းများက ကလေးမလေးကိုထွင်းဖောက်မတတ်ကြည့်ရှုနေပြီး သူ၏ကိုယ်မှထွက်ပေါ်နေသည့်ဖိအားက ပို၍တိုးပွားလာသည်။
ယခုပုံစံအတိုင်းသာဆက်သွားပါက ကလေးမလေးမှာ မြေပေါ်သို့ပြားပြားဝပ်ပြီးအရိုးများအပိုင်းပိုင်းကျိုးသွားနိုင်သော်လည်း ကလေးမလေးက တစ်ချက်ကလေးမှတောင်းပန်ခြင်းမရှိခဲ့ပေ။
ထို့အဖြစ်ကြောင့် အနက်ရောင်ဝတ်ရုံရှင်၏အေးစက်သည့်မျက်ဝန်းများထဲတွင်အမျိုးအမည်ခွဲခြားမရသည့်အလင်းတစ်ချက်ဖြတ်ပြေးသွားပြီး သူ၏ကိုယ်မှထွက်ပေါ်နေသည့်အားလှိူင်းများကအစရှာမရအောင်ပျောက်ကွယ်သွားတော့သည်။
ထိုအခါမှ ကလေးမလေးက ချွေးများစိုရွှဲနေသည့်ခန္တာကိုယ်ဖြင့်ပြန်၍ဒူးထောက်လိုက်ပြီး အစောပိုင်းမှအံကြိတ်ထားလွန်း၍ သူမ၏ပါးစပ်မှသွေးများပင်စိမ့်ထွက်နေသည်။
" ဘာဖြစ်လို့ မင်းကဒီအကြောင်းကိုသိချင်တာလဲ....."
အနက်ရောင်ဝတ်ရုံရှင်က သစ်သားစားပွဲကို သူ၏လက်ချောင်းများဖြင့်တဒေါက်ဒေါက်ခေါက်ရင်းမေးလိုက်သည်။
သူ၏အပြုအမူကို သတိမထားမိဘဲသာမန်ကာလျှံကာလေးလုပ်ဆောင်လိုက်ခြင်းဖြစ်သော်လည်းမာကျောလှသည့်သစ်သားစားပွဲတွင် နက်ရှိုင်းသည့်လက်ချောင်းရာများထွက်ပေါ်လာသည်။
အနက်ရောင်ဝတ်ရုံရှင်၏မေးခွန်းကြောင့် ကလေးမလေး၏မျက်ဝန်းထဲတွင် ရှုပ်ထွေးသည့်အရိပ်အယောင်များထွက်ပေါ်လာ သော်လည်း နှုတ်ခမ်းကိုခပ်ဖွဖွကိုက်ကာပြောလိုက်သည်။
" သူက ကျမအပေါ်ကို စိတ်ရင်းနဲ့ကောင်းတယ်။ ဒါကြောင့် ကျမသူ့ကိုအန္တရာယ်မဖြစ်စေချင်ဘူး....."
ကလေးမလေးထံမှမျှော်လင့်မထားသည့်စကားကိုကြားလိုက်ရ၍ အနက်ရောင်ဝတ်ရုံရှင်၏လှုပ်ရှားမှုများပင်ရပ်တန့်သွားလေသည် ။
ထိုကလေးမသူ့ဆီရောက်ရှိလာသည်က သုံးနှစ်ကျော်လေးနှစ်နီးပါးသာရှိသေးသော်လည်း သူမ၏ဉာဏ်ရည်ကလူကြီးများထက်ပင်ပို၍သာလွန်ကာ သူခိုင်းစေသမျှကိုလည်း အောင်မြင်စွာဆောင်ရွက်နိုင်သည်သာဖြစ်သည်။
ထို့အပြင်လူ့လောကကြီး၏ဆိုးညစ်မှုများကိုကြုံတွေ့ခဲ့ရသူပီပီအရွယ်နှင့်မလိုက်အောင်သွေးအေးသည့်စိတ်ထားရှိကြောင်းကိုလည်း သူရိပ်စားမိခဲ့၏ ။
ယခု ထိုသို့သောလူမျိုးကပင် ရက်အနည်းငယ်သာအတူရှိခဲ့သည့်ထိုလူငယ်လေးအပေါ်စိုးရိမ်မှုပေးနေရာ သူဝမ်းသာရမည်လော ဒေါသထွက်ရမည်လောကိုပင်ခွဲခြားမရတော့ပေ။
အနက်ရောင်ဝတ်ရုံရှင်ကအချိန်အနည်းငယ်ကြာအောင်တိတ်ဆိတ်သွားပြီးမှ သက်ပြင်းရှည်ကြီးတစ်ချက်ကိုချကာ ဖြေးညင်းစွာပြောလိုက်သည်။
" မင်းသူ့ကိုဘယ်လိုမြင်လဲ....."
&&&