ရန်သူတော်ကြီး
Vol. 4 Ch. 82
" မင်းသူ့ကိုဘယ်လိုမြင်လဲ....."
အနက်ရောင်ဝတ်ရုံရှင်၏ မဆီမဆိုင်မေးခွန်းကြောင့်အံ့ဩသွားသော်လည်းကလေးမလေးက တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
" သူက အရည်အချင်းရှိပြီးထူးချွန်တယ် ။ ကိစ္စတိုင်းကို တည်တည်ငြိမ်ငြိမ်ဖြေရှင်းနိုင်ပြီး ဉာဏ်ရည်ဉာဏ်သွေးကလည်းထက်မြက်သေးတယ်။
အရေးကြံလာရင် ထက်မြက်တဲ့ပုံစံမျိုးကိုပြောင်းလဲသွားတတ်ပေမယ့် ဆုံးဖြတ်ချက်မပြက်သားသလို လုံလုံလောက်လောက်ရက်စက်မှုမရှိဘူး။ ။
ပြောရရင် ကြင်နာပြီးတည်ငြိမ်တဲ့ မြင်ရခဲတဲ့လူကောင်းတစ်ယောက်ပါပဲ။
ဒါပေမယ့် သူ့ရဲ့ကြင်နာတတ်တဲ့နှလုံးသားက အားနည်းချက်တစ်ခုလိုဖြစ်ပြီး လူတိုင်းအပေါ်ရိုးရိုးသားသားဆက်ဆံတော့ တစ်ချိန်ချိန်မှာ သူ့အတွက်အန္တရာယ်ဖြစ်လာနိုင်တယ်...."
ကလေးမလေး၏လေသံက အရွယ်နှင့်မလိုက်အောင်တည်ငြိမ်ရင့်ကျက်မှုရှိသလို သူ၏သုံးသပ်မှုကလည်းပြီးပြည့်စုံလှသည်။
သူမ၏အကဲဖြတ်မှုကြောင့် အနက်ရောင်ဝတ်ရုံရှင်က ကျေနပ်စွာခေါင်းညိမ့်လိုက်ပြီး ထူးခြားသည့်လေသံဖြင့်ဖြေးညင်းစွာပြောလိုက်သည််။
" ဟုတ်တယ် သူက စိတ်ထားကောင်းမွန်ပြီး ထူးချွန်တဲ့လူငယ်တစ်ယောက်ပဲ။
မင်းမသိတဲ့အချက်တစ်ချက်ရှိသေးတယ်။ အဲဒါက သူ့အသက်ကိုရန်ပြုလာတဲ့လူကလွဲပြီးသူ့စိတ်ဆန္ဒအလျောက်တစ်ကြိမ်မှလူမသတ်ဖူးဘူးဆိုတာပဲ။
မင်းအတွက် လူမိုက်ခေါင်းဆောင်ကို သတ်ခဲ့တာ သူ့သဘောအလျောက်သတ်ခဲ့တဲ့ပထမဆုံးအကြိမ်ပဲ...."
အနက်ရောင်ဝတ်ရုံရှင်၏စကားကြောင့် ကလေးမလေး၏မျက်ခုံးများမြင့်တက်သွားပြီး သူမ၏စိတ်ထဲတွင်လွန်စွာအံ့ဩသွားမိ၏။
တစ်ချိန်ထဲမှာပင် ထိုလူငယ်၏စိတ်ကိုပို၍နားလည်ခွင့်ရလိုက်သည့်အတွက် သူမ၏ရင်ထဲတွင်နွေးထွေးသွားလေသည်။
ကလေးမလေး၏အမူအယာကိုအကဲခပ်ရင်း အနက်ရောင်ဝတ်ရုံရှင်က ဆက်ပြောလိုက်သည်။
" အခု ငါဘာဖြစ်လို့ ဒီကိစ္စတွေကိူစီစဉ်ခဲ့တယ်ဆိုတာသိပြီလား။ သူ့ရဲ့လုံလုံလောက်လောက်မရက်စက်တဲ့စိတ်ထားက တစ်ချိန်ချိန်မှာ ပြဿနာပေးလာနိုင်တယ်။
ဒါကြောင့် ကြင်နာတဲ့စိတ်ရှိတာကောင်းသလို တစ်ချို့နေရာတွေမှာ ရက်စက်ပြက်သားဖို့လိုတယ်ဆိုတာ သူ့ကိုသိစေချင်ခဲ့တာပဲ...."
အနက်ရောင်ဝတ်ရုံရှင်က သူ၏စကားကိုဆက်မပြောတော့သော်လည်း ကလေးမလေးကား သူ၏ရည်ရွယ်ချက်က်ချက်ခြင်းရိပ်စားမိလိုက်၏ ။
စင်စစ်အနက်ရောင်ဝတ်ရုံရှင်၏ထူးဆန်းသည့်လုပ်ရပ်က ထိုလူငယ့်ကိုအန္တရာယ်ဖြစ်စေလို၍မဟုတ်ဘဲ အကူအညီပေးလိုခြင်းသာဖြစ်သည်။
သို့သော် ထိုအချက်ကြောင့် သူမပို၍တုန်လှုပ်သွားရ၏ ။
အကြောင်းကား သူမ၏ခေါင်းဆောင်က မည်သည့်အချိန်ကမှတစ်စုံတစ်ယောက်ကိုဂရုစိုက်ကူညီပေးသည်ကိုမကြားဖူးခဲ့၍ဖြစ်သည် ။
သူမတို့လိုလက်အောက်ငယ်သားများမဆိုထားနှင့် သူ၏တပည့်အရင်းကိုပင် သိုင်းလောကထဲတစ်ကိုယ်တည်းဆင်းစေကာ ကြုံလာသမျှအန္တရာယ်တို့ကိုလုံးဝဝင်ရောက်ကူညီခြင်းမပြုဘဲ တစ်ကိုယ်တော်ရင်ဆိုင်စေခဲ့သည်။
ထိုသို့သောလူမျိုးကတစ်စုံတစ်ယောက်ကို အလေးထားဂရုစိုက်သည်ကို လုံးဝမယုံကြည်နိုင်လောက်အောင်ဖြစ်နေသည် ။
သို့သော် ကလေးမလေးကထိုအချက်ကိုသူမ၏စိတ်ထဲတွင်သာထားလိုက်ပြီး အတွေးထဲတွင်နစ်မျောနေဟန်တူသည့်အနက်ရောင်ဝတ်ရုံရှင်ကို ဦးညွှတ်အရိုအသေပေးကာပြောလိုက်သည်။
" ဒါဆိုရင် ခေါင်းဆောင် ကျမကိုသွားခွင့်ပြုပါဦး....."
သူမ၏စကားကြောင့် အတွေးလွန်နေသည့်အနက်ရောင်ဝတ်ရုံရှင်က သတိပြန်ဝင်လာပြီးခေါင်းညိမ့်ပြလိုက်သည်။
ကလေးမလေးထွက်ခွာသွားသည့်အခါမှ အနက်ရောင်ဝတ်ရုံရှင်က သက်ပြင်းတစ်ချက်ချရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။
" သူ့အဖေရဲ့အရည်အချင်းတွေနဲ့ သူ့အမေရဲ့စိတ်နှလုံးကိုပိုင်ဆိုင်ထားခဲ့တယ်။ ဒါက သူ့အတွက်ကောင်းတာလားဆိုးတာလား။
ဘာပဲဖြစ်ဖြစ်ပါ သူ့အတွက် လမ်းခင်းပေးခဲ့ပြီးသားဆိုတော့ ဘယ်လိုဆက်လျှောက်မလဲဆိုတာ သူ့အပေါ်မှာပဲမူတည်တော့တယ်...."
အနက်ရောင်ဝတ်ရုံရှင်၏ အေးစက်စက်မျက်ဝန်းများက အတိတ်တစ်နေရာကိုပြန်လည်ရောက်ရှိသွားကာ ရီဝေဝေဖြစ်နေသည် ။
ထို့နောက် သူ၏ပုံစံက ယခင်ပုံစံအတိုင်းပြန်လည်ရောက်ရှိသွားပြီး တည်ငြိမ်အေးစက်သည့်လေသံဖြင့်ပြောလိုက်သည်။
" အရိပ် ထွက်ခဲ့ပါ ခင်ဗျားရောက်နေတာ ကျုပ်သိတယ်....."
အနက်ရောင်ဝတ်ရုံရှင်၏စကားအဆုံးတွင် သူ၏ရှေ့ရှိထိုင်ခုံထက်တွင် အနက်ရောင်ဝတ်စုံကိုပင်ဝတ်ဆင်ထားသည့်လူတစ်ယောက်ဘွားခနဲထွက်ပေါ်လာသည်။
ထိုလူက အသက်အရွယ်အတော်လေးကြီးရင့်နေသည့်အဖိုးအိုတစ်ယောက်ဖြစ်ပြီး ပိန်ပိန်ပါးပါးခန္တာကိုယ်ရှိကာ သာမန်ရုပ်ရည်မျိုးဖြစ်သည်။
အဖိုးအိုမျက်လုံးများကလည်းအနက်ရောင်ဝတ်ရုံရှင်နည်းတူ တဖျက်ဖျက်တောက်ပနေကာ ပြုံး၍ပြောလိုက်သည်။
" မင်းက အတော်လေးတိုးတက်လာတာပဲ။ ဘယ်တုန်းကထဲကသိနေတာလဲ...."
အဖိုးအို၏စကားကို အနက်ရောင်ဝတ်စုံရှင်ကခေါင်းယမ်းရင်းတုန့်ပြန်လိုက်သည်။
" အပိုတွေလုပ်မနေစမ်းပါနဲ့ ဒီတစ်ခေါက် ခင်ဗျားတပည့်တွေမလွှတ်ဘဲခင်ဗျားကိုယ်တိုင်လာခဲ့တာ အရေးကြီးတဲ့ကိစ္စရှိလို့မလား။ အဲဒါကဘာလဲ....."
အနက်ရောင်ဝတ်ရုံရှင်၏ အေးစက်စက်လေသံကြောင့် အဖိုးအိုက သက်ပြင်းတစ်ချက်ချ၍ပြန်ပြောလိုက်သည်။
" မင်းလည်းတစ်ရက်ထက်တစ်ရက်ပိုပြီး အေးစက်လာတာပဲ ကြာရင်စိတ်ခံစားချက်တွေတောင်ပျောက်ကွယ်သွားနိုင်တယ် ..."
သူ၏စကားကိုအနက်ရောင်ဝတ်ရုံရှင်က တစ်စူံတစ်ရာမတုန့်ပြန်ဘဲရှိသည့်အတွက် အဖိုးအိုက ဆက်ပြောလိုက်သည် ။
" ငါတွေ့ခဲ့ပြီ သူ့ရှိနေနိုင်လောက်တဲ့နေရာကို....."
အဖိုးအို၏လေသံက အစောပိုင်းကနှင့်မတူဘဲလေးနက်တည်ကြည်နေသလို ထိုစကားကိုကြားပြီးနောက် အနက်ရောင်ဝတ်ရုံရှင်၏ညာလက်တင်ထားသည့်စားပွဲက ဝုန်းခနဲကျိုးထွက်သွားပြီး အစိတ်စိတ်အမွှာမွှာဖြစ်သွားတော့သည်။
" သူ ဘယ် မှာ လဲ...."
အနက်ရောင်ဝတ်ရုံရှင်၏စကားသံက ရေခဲတောင်ကြားမှထွက်ပေါ်လာသည်ထက်ပင်ပို၍အေးစက်နေကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များစွာက သူ၏ခန္တာကိုယ်မှတရှိန်ထိုးပေါ်ထွက်လာသည် ။
ပုံမှန်အချိန်ဆိုလျှင် တဖျက်ဖျက်တောက်ပနေတတ်သည့်သူ၏အေးစက်စက်မျက်ဝန်းများက အဆုံးမဲ့သည့်ချောက်နက်အလားမည်းနက်ကာကြောက်စရာကောင်းလျက်ရှိသည် ။
သူ၏ပြောင်းလဲသွားသည့်ပုံစံက ရှေ့တွင်ထိုင်နေသည့်အဖိုးအို၏ခန္တာကိုယ်ကိုပင်တဆက်ဆက်တုန်ယင်သွားစေပြီး အဖိုးအိုက အလျှင်အမြန်ပြောလိုက်သည်။
" ဝမ်းတ စိတ်ထိမ်းစမ်း။ မင်းရဲ့ရည်ရွယ်ချက်နဲ့ ချထားတဲ့အစီအစဉ်တွေကိုပြန်သတိရ။ ဒါတွေအားလုံးက သခင်ကြီးအတွက်ပဲ..."
အဖိုးအို၏စကားကိုကြားမှ အနက်ရောင်ဝတ်ရုံရှင်၏ခန္တာကိုယ်ကတစ်ချက်တုန်ခါသွားပြီး သူ၏ပုံစံက ပုံမှန်အတိုင်းပြန်ဖြစ်လာသည်။
သို့သော် အစောပိုင်းကအချိန်တခဏအတွင်းပြောင်းလဲသွားသည့်သူ၏နတ်ဆိုးဆန်သည့်အရှိန်အဝါများကြောင့် အဖိုးအို၏စိတ်ထဲတွင်ယခုအချိန်ထိတုန်လှုပ်နေဆဲပင်။
" အင်း....ကျုပ်နည်းနည်းစိတ်လွတ်သွားတယ် ..."
အနက်ရောင်ဝတ်ရုံရှင်က စိတ်လျော့၍ပြောလိုက်သော်လည်း သူ၏လေသံကအေးစက်နေဆဲပင် ။
ထို့နောက် စူးရှအေးစက်သည့်မျက်ဝန်းများဖြင့်အဖိုးအိုကိုစိုက်ကြည့်ကာမေးလိုက်သည်။
" အခု သူဘယ်မှာရှိနေလဲ...."
အနက်ရောင်ဝတ်ရုံရှင်၏ပုံစံကကောင်းမွန်နေပြီဖြစ်သည့်တိုင်အဖိုးအိုကစိတ်မချနိုင်သေးဘဲ ခေါင်းယမ်းကာပြောလိုက်သည်။
" ငါမင်းကိုမပြောနိုင်သေးဘူး...."
အဖိုးအို၏ငြင်းဆန်မှုကြောင့် အနက်ရောင်ဝတ်ရုံရှင်၏မျက်နှာက တင်းမာသွားပြီး အေးစက်သည့်အသံဖြင့်ပြန်မေးလိုက်သည်။
" ဘာဖြစ်လို့လဲ..."
သူ၏မေးခွန်းကြောင့် အဖိုးအိုက လေးနက်သည့်ပုံစံဖြင့်ပြောလိုက်သည်။
" အခုနေ မင်းကိုပြောလိုက်ရင် မင်းစိတ်မထိမ်းနိုင်ဘဲ သွားမတိုက်ပါဘူးလို့ ကတိပေးမလား။
ဟုချန်းစီရဲ့သိုင်းပညာကို မင်းရောငါရောသိနေတာပဲ ။ မင်းရဲ့လက်ရှိသိုင်းပညာက သိုင်းလောကထဲမှာထိပ်တန်းဆိုပေမယ့် ဟုချန်းစီကိုသွားတိုက်ရင်အသေခံသလိုပဲဖြစ်မှာပေါ့ ...."
အနက်ရောင်ဝတ်ရုံရှင်၏အမူအယာကငေးငိုင်သွားသည် ။
အဖိုးအိုပြောသလိုပင်သူသာ ထိုလူရှိသည့်နေရာကိုသိရှိရပါက စိတ်ကိုမည်သို့မှထိမ်းချုပ်ရမညိမဟုတ်ဘဲ သွားတိုက်မိပေမည်။
ထိုအခါ သူ၏အသက်ကို အလဟာသဆုံးရှုံးရမည်ဖြစ်သလို တိတ်တဆိတ်ကြီးထွားနေသည့်သူ၏အဖွဲ့အစည်းသည်လည်း ခေါင်းဆောင်သူကင်းမဲ့သွားပေမည်။
စိတ်ထဲတွင်အပြန်ပြန်အလှန်လှန်သုံးသပ်ပြီးနောက် အနက်ရောင်ဝတ်ရုံရှင်ကတိုက်ပွဲကြီးတစ်ခုဆင်နွဲပြီးသည့်အလားအတော်လေးပင်ပန်းသွားပြီး ထိုင်ခုံပေါ်ကိုလျော့တိလျော့ရဲဟန်ဖြင့်ထိုင်ချကာခေါင်းညိမ့်ပြလိုက်သည်။
" ခင်ဗျားမှန်ပါတယ်...."
သူ၏ပုံစံက တည်ငြိမ်သွားပြီဖြစ်၍ အဖိုးအိုကဆက်ပြောလိုက်သည်။
" မင်းခန့်မှန်းထားသလိုပဲ ဟုချန်းစီက အင်အားစုတစ်ခုကိုတိတ်တဆိတ်ပျိုးထောင်ထားတယ်။
သူ့ရဲ့အင်အားစုက အင်အားတောင့်တင်းတဲ့အပြင် အတော်လေးကျယ်ပြန်မှုရှိတယ်။
လက်ရှိငါစုံစမ်းရသလောက်ဆိုရင် ဂိုဏ်းကြီးခြောက်ဂိုဏ်းကလွဲပြီးသိုင်းလောကထဲက ဘယ်အင်အားစုမဆိုသူဖျက်ဆီးနိုင်တဲ့အဆင့်ကိုရောက်နေပြီ ။
ဒါတောင် လျှို့ဝှက်ထားတဲ့အရာတွေကိုထည့်မတွက်ရသေးဘူး...."
အဖိုးအို၏လေသံကအနည်းငယ်လေးလံနေသော်လည်းအနက်ရောင်ဝတ်ရုံရှင်က အံ့သြခြင်းမရှိဘဲပြောလိုက်သည်။။
" ဒါမှဟုချန်းစီ ပီသမှာပေါ့ ။ ကျုံဟွာတောင်တိုက်ပွဲပြီးထဲကအနှစ်နှစ်ဆယ်လောက်ငြိမ်ကုတ်နေတာ ဒီလိုအင်အားစုကြီးကိုတိတ်တဆိတ်ပျိုးထောင်နေတာကိုး ။ သူ့ရဲ့အင်အားအတိအကျကိုမခန့်မှန်းနိုင်ဘူးလား....."
အနက်ရောင်ဝတ်ရုံရှင်၏မေးခွန်းအို အဖိုးအိုကတည်ကြည်သည့်ဟန်ဖြင့်ခေါင်းညိမ့်ပြလိုက်သည်။
" လက်ရှိငါမြင်ခဲ့ရသလောက်ဆိုရင် သူ့ရဲ့အဓိကအင်အားစုထဲမှာ သုံးရာထက်မနည်းတဲ့အစွမ်းထက်သိုင်းသမားတွေရှိတယ်။ သူတို့ထဲကအနိမ့်ဆုံးလူကတောင် အဆင့်မြင့်သိုင်းအဆင့်ရှိတယ်။
ပြီးတော့ သိုင်းလောကထဲမှာ သူဖြန့်ကျက်ထားတဲ့လူတွေကိုထည့်မတွက်ရသေးဘူး....."
ထိုစကားကြောင့် အနက်ရောင်ဝတ်ရုံရှင်ကအချိန်အနည်းငယ်ကြာအောင်ငြိမ်သက်သွားပြီး ဖြေးညင်းစွာပြောလိုက်သည်။
&&&