ရောက်ရှိလာသူများ
Vol. 4 Ch. 83
ထိုအခါမှ ဝန်းရံနေကြသည့်သိုင်းသမားများက စိတ်အားတက်ကြွစွာဖြင့်အော်ဟစ်လိုက်ကြပြီး သူတို့၏အလယ်တွင်တစ်ကိုယ်ထဲရပ်နေသည့်လူငယ်ကိုအမဲဖျက်တော့မည့်ပမာကြည့်ရှုနေကြသည်။
တေလေဂိုဏ်း ၊ မိစ္ဆာနှိမ်နင်းရေးအဖွဲ့နှင့် သိုင်းမဟာမိတ်တို့အင်အားသုံးခုပေါင်းလျှင် လူတစ်ထောင်နီးပါးအထိရှိပြီး ထိုအင်အားက သိုင်းဝိဇ္ဇာများပင်ထိတ်လန့်ရမည့်ပမာဏဖြစ်သည်။
ထိုအထဲတွင် မြောက်များလှစွာသောအစွမ်းထက်သိုင်းသမားများပါဝင်သလို သိုင်းဝိဇ္ဇာဆယ်ယောက်ကျော်လည်းရှိနေရာ ယနေ့အချိန်တွင် လူငယ် အတောင်ပေါက်လျှင်ပင်ပြေးလွတ်မည်မဟုတ်ပေ။
ထို့ကြောင့် မဟာမိတ်ဘက်မှသိုင်းသမားများဝမ်းမြောက်ပျော်ရွှင်နေကြခြင်းဖြစ်ကာ နောက်ဆုံးတွင် သူတို့၏စိတ်ကို စိုးတထိတ်ထိတ်ဖြစ်စေခဲ့သည့်အန္တရာယ်ကောင်ကိုနှိမ်နင်းနိုင်တော့မည်ဖြစ်သည်။
လူငယ်၏ပုံစံကအားနည်းနေဟန်တူသော်လည်း တိုက်ခိုက်နိုင်စွမ်းရှိသေး၍ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများက ရှေ့ထွက်ကာတဖြေးဖြေးချဉ်းကပ်လာသလို စန်းဟုန်းလျန်တို့လိုအကူအညီများကလည်း အသင့်စောင့်ကြည့်နေကြသည်။
အပျော်သဘောအနေဖြင့်ရောက်ရှိလာသည့် လေဘုရင်တို့နှစ်ယောက်ပင် ထိုခဏ၌ မည်သည့်အဖြစ်အပျက်များဖြစ်ပျက်လာမည်ကိုစိတ်ဝင်စားစွာစောင့်ကြည့်နေကြသည် ။
အထူးသဖြင့် အသက်အရွယ်နှင့်မလိုက်အောင်ကြောက်စရာကောင်းလှသည့်လူငယ်၏ဇာတ်မြစ်က ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများကို ကြိတ်၍တုန်လှုပ်စေခဲ့ပေသည်။
" မိစ္ဆာဓားသမား မင်းအညံ့ခံပြီလား....ဘာဖြစ်လို့ ကောင်းယွဲ့ဂိုဏ်းနဲ့ချူမိသားစုကိုရက်ရက်စက်စက်သုတ်သင်ခဲ့တာလဲ...."
ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများ၏ခေါင်းဆောင်ဖြစ်သည့် ဆရာတော်ခုံးယင်က ရှေ့ထွက်ကာတင်းမာသည့်ဟန်ဖြင့်ပြောလိုက်သည်။
သူ၏စကားကိုကြားမှ ရောက်ရှိနေသည့်လူများထဲတွင်ပါဝင်သည့် ကောင်းယွဲ့ဂိုဏ်းနှင့်ချူမိသားစုမှလူများကလူငယ့်ကို အငြိုးတရားများပြည့်နေသည့်အကြည့်ဖြင့်ကြည့်ရှုလိုက်မိကြသည်။
သိုင်းပညာကြောက်စရာကောင်းသလောက် သွေးဆာရက်စက်လှသည့်ထိုလူငယ်ကသူတို့အင်အားစုနှစ်ခုကို အမြစ်မှဖျက်ဆီးသွားသည်ဟုဆိုနိုင်သည်။
ထို့ကြောင့်သူတို့၏စိတ်ထဲတွင် ဝမ်းနည်းမှု ၊ ဒေါသနှင့်နာကျည်းမှုများက စုပြုံလာပြီး အကြည့်များကသာလူသတ်နိုင်သည်ဆိုပါက လူငယ့်အနေဖြင့်ဆယ်ခါပြန်အသတ်ခံရပြီးဖြစ်ပေမည်။
" ဆရာတော်ခုံးယင် ရှည်ရှည်ဝေးဝေးပြောမနေပါနဲ့ ဒီကောင့်ကိုသတ်လိုက်ပါတော့....."
သိုင်းမဟာမိတ်၏ခေါင်းဆောင်ဆယ်ယောက်ထဲတွင်ပါဝင်သည့် ချူမိသားစုမှလူကသတ်ဖြတ်လိုသည့်ဟန်ဖြင့်အော်ဟစ်လိုက်သည်။
သူ၏စကားကြောင့် သိုင်းမဟာမိတ်မှလူများအပါအဝင်များပြားလှစွာသောသိုင်းသမားများက တစ်ယောက်ပြီးတစ်ယောက် လိုက်လံအော်ဟစ်လိုက်ကြသည်။
" သူ့ကိုသတ် ...."
" သူ့ကိုသတ်...."
မည်သူက စ၍အော်ဟစ်လိုက်သည်မသိရသော်လည်းလက်နက်များကိုထုရိုက်၍အော်ဟစ်နေသူများကရာနှင့်ချီ၍ရှိလာပြီး သူတို့၏သံပြိုင်အော်ဟစ်သံများကြောင့် အနီးအနားရှိသစ်ပင်များထက်မှငှက်အုပ်များပင်လန့်ဖျက်ကာပျံပြေးကုန်ကြသည်။
လူပေါင်းများစွာ၏ရင်ထဲမှပြင်းပြသည့်ဆန္ဒနှင့် ထက်သန်သည့်အော်ဟစ်သံများက ရှိရှိသမျှလူများကိုပင်တုန်လှုပ်ချောက်ခြားသွားစေကာ ကျန်ရှိနေသူများသည်လည်း အလားတူလိုက်လံအော်ဟစ်လိုက်ကြသည်။
ထိူမျှအားကောင်းလှသည့်လူအုပ််ကြီး၏ဖိအားကိုရင်ဆိုင်ရာတွင် သိုင်းဝိဇ္ဇာတစ်ယောက်ပင်ကြောက်လန့်သွားစေမည်ဖြစ်သော်လည်း လူငယ်၏ခံစားချက်ကင်းမဲ့သည့်မျက်နှာထက်၌ ထီမထင်သည့်အပြုံးတစ်ခုပေါ်ထွက်လာပြီး အတွင်းအားသုံးကာပြန်၍အော်ဟစ်လိုက်သည်။
" ငါ့ကိုသတ်ချင်တယ်ဟုတ်လား ....မင်းတို့အဆင့်နဲ့လား....."
လူအုပ်ကြီး၏အော်သံကိုပင်ဖုံးလွှမ်းသွားလောက်အောင်လူငယ်၏အသံကဟိန်းထွက်သွားသည်။
လူငယ်၏အော်သံကအကြောက်အလန့်ကင်းစွာဖြင့်ထွက်ပေါ်လာပြီး လူအုပ်ကြီးပင်ခေတ္တင်ြမ်သက်သွားရသည်။
လျှို့ဝှက်ပညာကြောင့်ပင်ပန်းနွမ်းနယ်နေသည့်အပြင် အတွင်းဒဏ်ရာလည်းရရှိထားသေးရာ ထိုသို့အော်ဟစ်ပြီးနောက်လူငယ်၏ပါးစပ်မှသွေးတစ်ပွတ်အန်ထုတ်လိုက်ရသည်။
သို့သော် သူ၏ပုံစံက အားနည်းသည့်ဟန်နည်းနည်းကလေးမှမတွေ့ရဘဲသွေးများစွန်းပေနေသည့်ဓားရှည်ကိုတင်းကြပ်စွာဆုပ်ကိုင်ကာ ဓားတစ်ချောင်းထောင်ထားသလိုအငွေ့အသက်များကသူ၏ကိုယ်မှထွက်ပေါ်နေသညိ။
ထောင်ဂဏန်းရှိသည့်လူအုပ်ကြီးကိုရင်ဆိုင်နေရသော်လည်းလူငယ်၏မျက်နှာပေါ်တွင် ကြောက်လန့်တုန်လှုပ်သည့်အရိပ်အယောင်ကိုစိုးစဉ်မျှမတွေ့ရဘဲ စိတ်လှုပ်ရှားခြင်းနှင့်သွေးဆာရက်စက်ခြင်းစသည့်အမူအယာများသာရှိနေသည်။
" လာစမ်း .. ငါ့ကိုဘယ်သူသတ်နိုင်မှာလဲ....."
လူငယ်က ဘေးပတ်လည်မှသိုင်းသမားများကိုအထင်သေးဟန်ဖြင့်ဝေ့ကြည့်ရသ်းခေါင်းမောကာ ဟစ်ကြွေးလိုက်၏။
သူ၏စကားကြောင့်လူအုပ်ကြီးမှာ ဒေါသတကြီးဖြစ်သွားကြပြီး သိုင်းဝိဇ္ဇာများ၏အမိန့်ကိုပင်မစောင့်တော့ဘဲလက်နက်ကိုယ်စီဆွဲထုတ်ကာ လူငယ့်ဆီသို့ပြေးဝင်သွားကြသည်။
" သတ်ကြ...."
သိပ်သည်းလှသည့်သတ်ဖြတ်လိုစိတ်များက ပတ်ဝန်းကျင်တစ်ခုလုံးပျံနှံ့သွားကာ ဝုန်းခနဲပြေးဝင်လာသည့်လူများစွာကြောင့် သိုင်းဝိဇ္ဇာများပင်ဟန့်တားချိန်မရလိုက်ပေ။
ပုံမှန်ဆိုလျှင် မိစ္ဆာဓားသမား၏ရက်စက်သည့်ဂုဏ်သတင်း ၊ ကြောက်စရာကောင်းသည့်သိုင်းပညာတို့ကြောင့် မည်သူမှတိုက်ခိုက်ရန်မဝံ့ရဲသော်လည်း ယခုအခြေအနေကားကွာခြားနေပြီဖြစ်သည်။
သံမဏိလက်သီးအဖိုးအိုနှင့်တိုက်ခိုက်ပြီး မိစ္ဆာဓားသမား၏အခြေအနေက အားနည်းကာယိုင်နဲ့နဲ့ဖြစ်နေသလို သူတို့၏ဘက်တွင်ထောင်ဂဏန်းခန့်ရှိသည့်လူအုပ်ကြီးရှိနေသည်။
သူတို့သာ ဝိုင်းဝန်းတိုက်ခိုက်ပါက ထိုလူငယ့်ကိုမသတ်ဖြတ်နိုင်ဟု မယုံကြည်ကြပေ။
ထိုမြင်ကွင်းကိုကြည့်ရှုနေသည့်လူငယ်၏မျက်နှာထက်တွင်လည်း တုန်လှုပ်သည့်အရိပ်အယောင်မရှိဘဲ လက်ထဲမှဓားကိုတင်းကြပ်စွာဆုပ်ကိုင်ရင်း တိုက်ခိုက်ရန်အသင့်စောင့်ဆိုင်းလျက်ရှိ၏။
ရုတ်တရက် သူတို့အားလုံး၏အလယ်တွင် လူရိပ်ငါးခုက ကိုယ်ထင်ပြသလိုထွက်ပေါ်လာသည်။
" ဟားဟား....ကောင်းတယ်ကွ ဒါမှ ငါတို့အမှောင်ကျေးရွာရဲ့သိက္ခာမကျမှာ....."
ကျယ်လောင်သည့်အော်ဟစ်သံနှင့်အတူ စူးရှသည့်အသံလှိုင်းများကြောင့် ပထမဆုံးပြေးဝင်သွားသည့်လူများ၏နားစည်များက အက်ကွဲကုန်ကြပြီး နာနှစ်ဖက်ကိုအုပ်ကိုင်ကာ နာကျင်စွာအော်ဟစ်လိုက်ကြသည်။
သူတိူ့၏လက်ချောင်းများကြားမှသွေးများစီးကျလာဆဲဖြစ်ပြီး လူငယ်နှင့်အနီးဆုံးသို့ရောက်ရှိသွားသည့်လူတစ်ရာနီးပါးကတိုက်ခိုက်ရန်ပင်သတိမရဘဲမြေပြင်ပေါ်တွင်လူးလိမ့်ကုန်ကြသည် ။
ထို့နောက် အမည်းရောင်အရိပ်ကြီးတစ်ခုက လဲကျနေသည့်လူများပေါ်မှကျော်ကာ စက်ဝိုင်းပုံသဏ္ဍန်ရွေ့လျားသွားလေသည်။
" ဝုန်း...."
" ဖြောင်း...."
" အား...."
နောက်ထပ် လူသုံးဆယ်နီးပါးက မည်သို့တိုက်ခိုက်ခံရမှန်းပင်မသိလိုက်ကြဘဲ နာကျင်စွာအော်ဟစ်ကာ လွင့်စင်ကုန်ကြသည်။
သူတို့တိုက်ခိုက်ခံရသည့်အားကမည်မျှပြင်းထန်သည်မသိရသော်လည်း လွင့်စင်လာသည့်လူများနှင့်ထိမှန်သူများပင် နောက်ပြန်လဲကျကုန်လေသည်။
ဤသို့ဖြင့် တခဏအတွင်းအခြေအနေက လုံးဝပြောင်းလဲသွားပြီး သိုင်းသမားတစ်ရာ့ငါးဆယ်ခန့်က အလဲလဲအပြိုပြိုဖြစ်သွားကာ ကျန်ရှိနေသူများသည်လည်း ရှေ့ဆက်မတိုးဝံ့ဘဲ တုန်လှုပ်သွားမိကြသည်။
ထိုအဖြစ်ကြောင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှ သိုင်းဝိဇ္ဇာများလည်း အံ့အားသင့်သွားကြပြီး ရှေ့သို့ပြိုင်တူ ပြေးဝင်သွားကြသညမ။
" ရပ်လိုက်စမ်း....."
တင်းမာသည့်စကားသံနှင့်ဦးစွာရောက်ရှိသွားသူက ရှောင်လင်ကျောင်းတော်မှစည်းကမ်းထိမ်းသိမ်းရေးမှူးဆရာတော်ခုံးယင်သာဖြစ်သည်။
မူလက မိစ္ဆာဓားသမားနှင့်မလှမ်းမကမ်းတွင်သူရှိနေသော်လည်း ကိစ္စများကလျှင်မြန်စွာဖြစ်ပျက်သွား၍တားဆီးချိန်ပင်မရလိုက်ပေ။
ထိုနည်းတူ ရုတ်တရက်ရောက်ရှိလာသည့်လူများ၏လက်ချက်ဖြင့်သိုင်းသမားများစွာဒဏ်ရာရရှိသွားခြင်းကိုလည်း သည်အတိုင်းသာရပ်ကြည့်နေမိခြင်းဖြစ်သည် ။
" ဘယ်သူတွေလဲ...."
ဝူတန်းဂိုဏ်းမှအကြီးအကဲချန်းရှောက်က သူ၏ဓားကိုဆွဲထုတ်ကာမေးလိုက်သည်။
နောက်ထပ်ရောက်ရှိလာသည့်လူများကိုမည်သူမည်ဝါမှန်းမသိသော်လည်း ထိုလူများ၏အရှိန်အဝါများက သူ့ထက်ပင်ပို၍အားကောင်းနေသေးသည် ။
" အခုချက်ခြင်း ခြေလှမ်းတစ်ရာအပြင်ကိုမြန်မြန်ဆုတ်ကြ။ ဒဏ်ရာရနေတဲ့လူတွေကိုဦးစားပေးပြီးသယ်ထုတ်သွား....."
စီးတုမင်က အံ့ဩတုန်လှုပ်စွာဖြင့်ရပ်နေကြသည့်သိုင်းသမားများကို ဆက်တိုက်ညွှန်ကြားမှုများပေးလိုက်သည်။
နောက်ထပ်ရောက်ရှိလာသည့်လူများကကောင်းသည့်ရည်ရွယ်ချက်ဖြင့်ရောက်လာခြင်းမဟုတ်သည့်အပြင် ထိုလူများ၏သိုင်းပညာက ကြောက်စရာကောင်းလှ၌ တိုက်ပွဲများဖြစ်ပွားပါက သိုင်းပညာနိမ့်ကျသူများကျိန်းသေပေါက်သေကြေပျက်စီးရပေမည်။
စန်းဟုန်းလျန်နှင့်စီးတုမင်တို့လည်း ဒဏ်ရာအပြင်းအထန်ဖြင့်လဲကျနေသူများကာ နောက်သို့သယ်ထုတ်ရန်ခိုင်းစေလိုက်ကြရင်း အလုပ်ရှုပ်သွားကြတော့သည်။
ဤသို့ဖြင့်ထိုနေရာတစ်ဝိုက်တွင် မိစ္ဆာဓားသမားတို့လူစု၊ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများ၊ သိုင်းမဟာမိတ်မှခေါင်းဆောင်များနှင့်စန်းဟုန်းလျန်တို့သာကျန်ရှိတော့သည်။
ရုတ်တရက်ရောက်ရှိလာသူများက အဖိုးကြီးလေးယောက်နှင့် သက်လက်ပိုင်းလူတစ်ယောက်တို့ဖြစ်ပြီး ထိုလူများက ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများကိုဂရုစိုက်ဟန်ပင်မပြပေ။
" ကောင်လေး မင်းလုပ်တာကောင်းတယ်....."
စုတ်စုတ်ပြတ်ပြတ်ပုံစံဝတ်ဆင်ထားသော်လည်း ရုပ်ရည်ခန့်ညားသည့်အဖိုးအိုက လူငယ်၏ပခုံးကိုပုတ်ရင်းချီးကျုးသည့်ဟန်ဖြင့်ပြောလိုက်သည်။
ထိုအဖိုးအိုများရောက်ရှိလာစဉ်က သတိကြီးစွာထားလိုက်မိသော်လည်း မည်သူမည်ဝါဖြစ်သည်ကိုသိရှိပြီးနောက်တွင် လူငယ်၏ပုံက စိတ်သက်သာရာရသွားဟန်တူသည်။
" အကြီးအကဲတို့....."
လူငယ်က အဖိုးကြိးလေးယောက်ကိုအရိုအသေပေးလိုက်သော်လည်း သူမသိသည့်သက်လက်ပိုင်းလူကိုတစ်ချက်သာကြည့်လိုက်သည်။
သူတို့၏ဆက်ဆံပုံကိုကြည့်၍ အချင်းချင်းရင်းနှီးကျွမ်းဝင်ကြောင်းသိရှိနိုင်ကာ အဖက်လုပ်မခံရသည့်အကြီးအကဲချန်းရှောက်၏မျက်နှာကြီးက တင်းမာသွားတော့၏။
" ဟမ်....လီဟူရှိုး ဒီလူတွေကို မင်းခေါ်လာတာလား.... "
အကြအကဲချန်းရှောက်က အဖိုးကြီးလေးယောက်၏ဘေး၌ ငြိမ်သက်စွာရပ်နေသည့်အဖြူရောင်ဝတ်စုံဝတ်သက်လက်ပိုင်းလူကြီးကိုကြည့်ကာ အံ့သြဟန်ဖြင့်ပြောလိုက်၏ ။
အနက်ရောင်ဂိုဏ်းကြီးငါးဂိုဏ်းထဲတွင်ပါဝင်သည့် အရိုးဖြူဂိုဏ်းချုပ်လီဟူရှိူးကားနာမည်ကြီးသော်လည်း သိုသိုသိပ်သိပ်နေထိုင်သူဖြစ်၍ သူ့ကိုတွေ့ဖူးသူနည်းပါးပြီး သိုင်းမဟာမိတ်မှခေါင်းဆောင်အများစုပင် ယခုမှမြင်ဖူးခြင်းဖြစ်၏။
" အရိူးဖြူဂိုဏ်းချုပ် ခင်ဗျားက မိစ္ဆာဓားသမားနဲ့ပူးပေါင်းနေတာလား....."
&&&