← Chapters

ထိတ်တိုက်တွေ့ခြင်း

Vol. 4 Ch. 84

ထိတ်တိုက်တွေ့ခြင်း

Vol. 4 Ch. 84

သားရဲတစ်ရာတောအုပ်ထဲတွင်မိစ္ဆာနှိမ်နင်းရေးအဖွဲ့၊ သိုင်းမဟာမိတ်နှင့် တေလေဂိုဏ်းသားများလူဖြန့်ကာရှာဖွေ‌နေကြသည်။

သားရဲတစ်ရာတောအုပ်ကြီးက ကြီးမားနက်ရှိုင်းလှသော်လည်း တစ်ရက်မဟုတ်၍ အတော်လေးနှံ့စပ်အောင်ရှာဖွေပြီးသည်ဟုဆိုရမည်။

ယခင်ရက်များကလူသူံးရာနီးပါးဆုံးရှုံးခဲ့ရသော်လည်း တေလေဂိုဏ်းသားငါးရာနီးပါးစစ်ကူရောက်ရှိလာကာ မူလကထက်ပင်ပို၍အင်အားကောင်းလျက်ရှိ၏။

ထို့အပြင် သိုင်းဝိဇ္ဇာအရေအတွက်က ဆယ်ယောက်အထက်ရှိနေပြီဖြစ်ရာ မိစ္ဆာဓားသမားမှာအရိပ်ပင်မမြင်ရအောင်ပျောက်ကွယ်နေလေသည်။

သို့သော် ‌သူတိူ့၏ခေါင်းဆောင်ဖြစ်သည့် သစ္စာလက်သီး၏ဦးဆောင်မှုဖြင့်မိစ္ဆာဓားသမားကိုအမိဖမ်းရန်အတော်လေးနီးကပ်လာချေပြီ။

" ဒီကောင်က ဘယ်မှာများပုန်းနေလဲမသိဘူး ငါတို့ဘက်ကသိုင်းဝိဇ္ဇာတွေရောက်လာတာနဲ့ အမှီးတောင်မမြင်ရအောင်ကုတ်နေတော့တာပဲ....."

မိစ္ဆာနှိမ်နင်းရေးအဖွဲ့မှသိုင်းသမားအချို့က ဟိုဟိုသည်သည်ရှာဖွေရင်းအချင်းချင်းပြောဆိုလျက်ရှိကြသည် ။

သူတိူ့၏အရေအတွက်က သုံးဆယ်ဝန်းကျင်ရှိပြီး အဆင့်လွန်ထိပ်သီးသုံးလေးယောက်ပါဝင်သည့်အတွက်အတော်လေးအင်အားတောင့်တင်းသည်ဟုဆိုနိုင်သည် ။

သို့သော် သိုင်းဝိဇ္ဇာများကိုပင်သတ်ဖြတ်နိုင်စွမ်းရှိသည့်မိစ္ဆာဓားသမားနှင့်ရင်ဆိုင်ရပါက မြက်ပင်များလိုအလွယ်တကူရှင်းလင်းခံရပေမည်။

" ဟေ့ မိစ္ဆာဓားသမားဆိုတဲ့ ငကြောက်ကောင် မင်းဘယ်မှာလဲ..."

" ဟားဟား... ထွက်ခဲ့စမ်း...."

ထိုလူများ၏စကားများက လှောင်ပြောင်ရန်စသည့်ဟန်ဖြင့်ကျယ်လောင်စွာထွက်ပေါ်လာကြသည်။

ထိုလူများနှင့်မနီးမဝေးရှိသစ်ပင်ကြီးတစ်ပင်ပေါ်တွင် ဟောင်းနွမ်းသည့်အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ဓားတစ်လက်ကိုသိုင်းလွယ်ထားသည့်လူငယ်တစ်ယောက်ရှိနေသည် ။

လူငယ်၏မျက်လုံးများကအေးစက်နေပြီး ခံစားချက်ကင်းမဲ့ပြီးဖြူဖျော့သည့်မျက်နှာက လူသေကောင်တစ်ကောင်နှင့်ပင်ဆင်တူနေသည်။

လူငယ်က အောက်ဘက်ရှိသိုင်းသမားတစ်စုကိုတစ်ချက်သာကြည့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကိုအကဲခပ်ကာ စိတ်ထဲတွင်ရေတွက်လျက်ရှိသည်။

" အရှေ့ဘက်ကလူတစ်ရာ ၊ သစ်ပင်တွေကြားထဲကငါးဆယ်ကျော် သိုင်းဝိဇ္ဇာတစ်‌ယောက်ကပါသေးတယ် ။ ပြီးတော့ အချိန်အရွေးရောင်လာနိုင်တာတွေရောဆိုတော့ သူတို့က အတော်လေးအားထုတ်နေကြတာပဲ...."

လူငယ်က ထိုအုပ်စု၏အနီးဝန်းကျင်တွင်ပုန်းအောင်‌ချောင်းမြောင်းနေကြသူများကိုရေတွက်၍ ခပ်တိုးတိုးပြောလိုက်သည် ။

အပေါ်ယံတွင်ထင်ထင်ရှားရှားသွားလာနေသည်က အယောက်သုံးဆယ်သာရှိသော်လည်းပုန်းအောင်းနေကြသူများက နှစ်ရာနီးပါးရှိမည်ဖြစ်သည် ။

ထိုလူများက လူငယ့်ကိုလက်ရဖမ်း‌ဆီးနိုင်ရန်ထောင်ချောက်ဆင်နေကြသူများမှလွဲ၍အခြားမဟုတ်ဘဲ သူ့ကိုရန်စကာ ဒေါသထွက်၍လာရောက်တိုက်ခိုက်စေရန်ကြံစည်ထားခြင်းဖြစ်သည်။

ထိုမျှရန်စစကားလောက်ဖြင့် သူ၏ဒေါသကိုနှိုးဆွနိုင်မည်မဟုတ်ပေ။

သို့သော် လူငယ်၏မျက်ဝန်းထဲတွင် သွေးဆာရက်စက်သည့်အရိပ်အယောင်များရှိနေပြီး ပုန်းအောင်းနေသည့်သိုင်းဝိဇ္ဇာကိုစူးစိုက်ကြည့်နေသည် ။

ယခင်ရက်များက မိစ္ဆာနှိမ်နင်းရေးအဖွဲ့က အဖွဲ့ငယ်ငါးခုခွဲကာ သိုင်းဝိဇ္ဇာနှစ်ယောက်စီဦးဆောင်လာကြ၍လူငယ့်အနေဖြင့် အလစ်တိုက်ခိုက်ရန်အခွင့်အရေးမရပေ။

သို့သော်ယခု သူ့ကိုပုန်းအောင်းချောင်းမြောင်းနေသည့်အထဲတွင် သိုင်းဝိဇ္ဇာတစ်ယောက်သာပါဝင်ရာ သူသာအရဲစွန့်တိုက်ခိုက်ပါကထိုလူ့ကိုသတ်ဖြတ်နိုင်စွမ်းရှိပေသည်။

ကျန်ရှိနေသည့်သိုင်းသမားနှစ်ရာနီးပါးကိုတော့လုံးဝဂရုစိုက်ခြင်းမရှိပေ။

သူတို့လိုအဆင့်မျိုးတွင်အရေအတွက်က အရေးမပါတော့ဘဲ သူသာဆန္ဒရှိပါက ထိုလူများအားလုံးကိုတစ်ကိုယ်တော်သုတ်သင်နိုင်စွမ်းရှိသည်။

တစ်ခုရှိသည်က ထိုသိုင်းဝိဇ္ဇာကိုတိုက်ခိုက်နေရင်းအခြားလူများလာရောက်မည့်အရေးကိုလည်းထည့်တွက်ရန်လိုသေးသည်။

သို့သော် တစ်ဖက်လူများကိုသတ်ဖြတ်နိုင်ရန်ဆွဲဆောင်မှုက ကြီးမားလွန်းနေ၍ လူငယ်လည်း မျက်စေ့ကိုတင်းတင်းမှိတ်ကာ ကိုယ်နှင့်စိတ်ကိုငြိမ်သက်စွာထားလိုက်သည်။

ထို့နောက် သူ၏မျက်လုံးများကိုပြန်ဖွင့်လိုက်သောအခါ အားကောင်းသည့်သတ်ဖြတ်လိုသောစိတ်ဆန္ဒက ထိမ်းချုပ်မရအောင်ပေါ်ထွက်လာပြီး သစ်ကိုင်းထက်ရှိလူငယ်၏ခန္တာကိုယ်ကရိပ်ခနဲပျောက်ကွယ်သွားတော့သည်။

အောက်ဘက်တွင် တည်ကြက်အဖြစ်လှုပ်ရှားနေသည့်လူများကတော့ သူတို့၏ကံကြမ္မာကိုသတိမထားမိဘဲ လူငယ်ထွက်ပေါ်လာစေရန် အော်ဟစ်လှောင်ပြောင်နေကြဆဲပင်။

" မိစ္ဆာဓားသမား မင်း...."

ထိုလူစုထဲတွင် အသံအကျယ်ဆုံးဖြစ်သည့် ထိပ်တန်းအဆင့်သိုင်းသမားတစ်ဦးကကျေနပ်သည့်မျက်နှာဖြင့်အော်ဟစ်မည်ပြုလိုက်စဉ် သူ၏စကားသံကရပ်သွားတော့သည်။

ထိုလူ၏အော်သံရပ်သွား၍ ကျန်သိုင်းသမားများက ကြည့်လိုက်ကြစဉ် ထိပ်တန်းအဆင့်သိုင်းသမား၏ခန္တာကိုယ်က သူတို့ဘက်သို့ဖြေးညင်းစွလှည့်လာသည်ကိုမြင်လိုက်ရသည်။

ပြူးကျယ်နေသည့်မျက်လုံးများက သာမန်ထက်ပို၍ကြည့်ရဆိုးနေပြီး သွေးဆုတ်ဖြူလျော်နေသည့်ထိုလူမျက်နှာက တစ္ဆေသရဲတစ်‌ကောင်နှင့်မျက်နှာချင်းဆိုင်မိလိုက်သည့်အလားပင်။

သူ၏မျက်နှာပေါ်တွင်လည်း သွေးစီးကြောင်းတစ်ခုထွက်ပေါ်လာပြီး သူ၏ညာဘက်မျက်လုံးအောက်နားမှ ဘယ်ဘက်မေးရိုးအထိရှည်လျားသည့်ဓားရာကြီးတစ်ခုဖြစ်လာသည်။

ထို့နောက် ထိပ်တန်းအဆင့်သိုင်းသမား၏ဦးခေါင်းက တိတိရိရိပိုင်းဖြတ်သွားပြီး သူ၏မျက်နှာအပေါ်ခြမ်းက အောက်ဘက်သို့ကျရောက်သွားလေသည်။

" ဝုန်း...."

ဦးခေါင်းတစ်ခြမ်းပြတ်တောက်သွားသည့်အလောင်းကြီးက မြေပြင်ပေါ်သို့ဝုန်းခနဲပစ်ကျသွားသည်။

ထိုသိုင်းသမားကိုသတ်ဖြတ်လိုက်သည့်ဓားချက်က တိကျမြန်ဆန်လွန်း၍ ကျန်လူများချက်ခြင်းသတိမထားမိခဲ့ခြင်းဖြစ်၏။

ဖြူဖွေးသည့်ဦးနှောင်များ၊ နီရဲသည့်သွေးများက လူတိုင်း၏ရှေ့တွင်ထွက်ပေါ်လာပြီး အစောပိုင်းကလူက လွန်စွာဆိုးရွားသည့်ပုံစံဖြင့်သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည် ။

ထိုလူ၏ခန္တာကိုယ်ကြီးလဲကျသွားပြီးနောက် သူ၏နောက်တွင်ရပ်နေသညိ့လူတစ်ယောက်၏သွင်ပြင်ကို ကျန်လူအားလုံးရှင်းလင်းစွာမြင်တွေ့လိုက်ရသည်။

" ငါ့ကိုရှာနေကြတာလား..."

သွေးစွန်းနေသည့်ဓားတစ်လက်ကိုကိုင်‌ဆောင်ထားပြီး ခံစားချက်ကင်းမဲ့သည့်မျက်နှာထားနှင့်လူငယ်၏ပုံစံက သွေးအေးနတ်ဆိုးတစ်ကောင်ကဲ့သို့ပင်။

လူငယ့်ကို ရုတ်တရက်မြင်တွေ့လိုက်ရချိန်၌ သိုင်းသမားများမှာ ကြောင်အနေကြပြီး အံ့ဩထိန်လန့်မှုကြောင့် သူတို့၏ခန္တာကိုယ်များကတောင့်တင်းနေကြသည်။

ထိုအချိန်တွင် အဖြူရောင်အရိပ်တစ်ခုက လူငယ့်ဆီသို့ရိပ်ခနဲဝင်ရောက်လာပြီး အားကောင်းလှသည့်တိုက်ခိုက်မှုတစ်ခုကပါ တွဲလျက်ပါဝင်လာသည်။

" အုန်း...."

ပြင်းထန်လှသည့်လက်သီးချက်က လေထုကိုသာထိုးခွဲမိသွားသော်လည်း နက်ရှိုင်းသည့်အတွင်းအားပမာဏကြောင့် ကျယ်လောင်သည့်မည်သံကြီးထွက်ပေါ်လာသည်။

အနက်ရောင်ဝတ်စုံဝတ်လူငယ်ကား သူ၏မူလနေရာတွင်မရှိတော့ဘဲ နောက်ဘက်ခြေလှမ်းအနည်းငယ်အကွာတွင်ရောက်ရှိနေကာ သူ့ကိုရုတ်တရက်ဝင်တိုက်သည့်အဖိုးအိုကို ထူးခြားသည့်အပြုံးဖြင့်စိုက်ကြည့်နေသည်။

စိတ်လှုပ်ရှားခြင်း ၊ သွေးဆာရက်စက်ခြင်း၊ တက်ကြွပျော်ရွှင်ခြင်းစသည့်ခံစားချက်များပါဝင်နေသောရူးကြောင်ကြောင်အပြုံးကို လူငယ်၏ခံစားချက်ကင်းမဲ့သည့်မျက်နှာထက်တွင်တွေ့မြင်နေရသည်။

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုကလည်း လူငယ့်ကိုတဖျက်ဖျက်တောက်ပနေသည့်မျက်လုံးများဖြင့်စိုက်ကြည့်နေပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။

" မင်းကိုမိပြီ...."

ထို့နောက် အဖိုးအိုက နေရာတွင်ကြောက်လန့်တုန်လှူပ်စွာရပ်နေသည့်လူများကိုတင်းမာသည့်လေသံဖြင့်အော်ဟစ်လိုက်၏ ။

" နောက်ပြန်ဆုတ်ကြစမ်း...."

သူတိူ့နှစ်ယောက်၏တိုက်ပွဲကလွန်စွာပြင်းထန်မည်ဖြစ်၍ တိုက်ပွဲအနီးတွင်အဆင့်လွန်ထိပ်သီးများပင်ရပ်တည်နိုင်မည်မဟုတ်ပေ။

အဖိုးအို၏စကားသံကိုကြားမှ မိစ္ဆာနှိမ်နင်းရေးအဖွဲ့မှလူများမှာ ‌ဒရောသောပါးနောက်ဆုတ်သွားကြသည်။

သူတိူ့ထံတွင် မိစ္ဆာဓားသမားကိုရင်ဆိုင်မည်ဆိုသည့်အတွေးစိုးစဉ်မျှမရှိပေ။

အကြောင်းကား သူတိူ့၏အင်အားများကကွာခြားလွန်းလှ၍ဖြစ်ပြီး လက်ရှိအချိန်တွင် သူတို့၏တာဝန်ကိုကျေပွန်စွာဆောင်ရွက်နိုင်ပြီဟုပြော၍ရသည် ။

မိစ္ဆာနှိမ်နက်းရေးအဖွဲ့မှလူများဆုတ်ခွာသွားသော်လည်း အနီးဝန်းကျင်တွင်ပုန်းအောင်းနေသညိ့လူများက တစ်ဦးပြီးတစ်ဦးထွက်ပေါ်လာကြပြီး သုံးရာနီးပါးရှိမည့်လူများက လူငယ်ထ အဖိုးအိုတို့နှင့်ခပ်လှမ်းလှမ်းတွင်အထပ်ထပ်ဝန်းရံလိုက်ကြသည်။

ထိုလူများထွက်ပေါ်လာချိန်တွင်မှ သူတို့၏အရေအတွက်က ထင်ထားသည်ထက်ပိုများနေသည်ကိုသိလိုက်ရသည် ။

သို့သော် လူငယ်က ငါးသေးသေးလေးများကိုဂရုမစိုက်ဘဲသူ၏ရှေ့ရှိအဖိုးအိုကိုသာစူးစိုက်ကြည့်နေသည်။

ထိုအဖိုးအိုကိုသတ်ဖြတ်နိုင်ရန်စွန့်စားခဲ့ပြီးနောက် ရအောင်သတ်ဖြတ်မှဖြစ်ပေမည်။

ထိုအခိုက် ဝန်းရံထားသည့်လူစုထဲမှ အနီရောင်မီးကျည်တစ်ခုက ကောင်းကင်ထက်သို့လျှင်မြန်စွာပြေးထွက်သွားပြီး ကျယ်လောင်သည့်အသံနှင့်အတူ မီးဖွားများကိုတောအုပ်ထက်တွင်မြင်တွေ့လိုက်ရသည်။

" အချိန်သိပ်မရဘူး...."

တစ်ဖက်လူများကအချက်ပေးမီးကျည်ကစ်လွှတ်ပြီးသည်ကိုတွေ့မြင်သည့်အတွက်လူငယ်ကသူ၏စိတ်ထဲတွင် ခိုင်မာစွာဆုံးဖြတ်လိုက်သည် ။

ဤသည်က သူ၏ရှေ့ရှိအဖိုးအိုကိုသတ်ဖြတ်ကာ ဆုတ်ခွာထွက်ပြေးရန်ဖြစ်သည်။

အချက်ပေးမှုကြောင့် သိုင်းဝိဇ္ဇာများစွာရောက်ရှိလာပါက သူ့အနေဖြင့် လွတ်မြောက်ရန်ခဲယဉ်မ်ြကိုကောငိးစွာသိရှိထားသည် ။

ထို့ကြောင့် လူငယ်လည်းအချိန်မဆွဲတော့ဘဲ မြေပြင်ကိုခြေတစ်ချက်ဆောင့်ကာ ရှေ့သို့တရှိန်ထိုးဝင်ရောက်သွားတော့သည်။

တစ်ချိန်ထဲမှာပင် သူ၏ခန္တာကိုယ်မှအားကောင်းသည့်အတွင်းအားလှိုင်းများရုတ်တရက်ထွက်ပေါ်လာပြီးလူငယ်၏အေးစက်စက်မျက်ဝန်းများကလည်း သွေးနီရောင်သမ်းလျက်ရှိပေသည်။

" ဝှီး...."

ကြီးမားသည့်ဓားရိပ်ကြီးကဦးစွာဝင်ရောက်လာပြီး လူငယ်၏ပြောင်းလဲသွားသည့်အရှိန်အဝါကြောင့်အဖိုးအိုပင်မျက်ခုံးပင့်လိုက်မိသည်။

သည့်မတိုင်မီက လူငယ်၏အတွင်းအားကသိုင်းဝိဇ္ဇာအဆင့်မရောက်သေးသည်ကရှင်းလင်းသော်လည်း ယခုတိုက်ခိုက်လိုက်ချိန်တွင် သိုင်းဝိဇ္ဇာအဆင့်အတွင်းများက ရုတ်တရင်ထွက်ပေါ်လာသည် ။

သိူ့သော် အဖိုးအိုကလည်းတစ်ချက်ကလေးမှတုံ့ဆိုင်းခြင်းမရှိဘဲ သံမဏိလက်သီးဟုနာမည်ကျော်သည့်သူ၏လက်သီးဖြင့်လူငယ်၏ဓားရိပ်ကြီးကိုထိုးနှက်လိုက်သည်။

" ဝုန်း...."

ကျယ်လောင်သည့်အသံတစ်ခုနှင့်အတူသူတို့၏ဝန်းကျင်တွင်ဖုန်မှုန့်များသဲမှုန့်များလွင့်စင်သွားကြသည်။

ထိတ်တိုက်ရင်ဆိူင်မှုမှထွက်ပေါ်လာသည့်အားလှိူင်းများကပြင်းထန်လွန်း၍ သူတို့နှစ်ဦးနှင့်ခြေလှမ်းနှစ်ဆယ်အပြင်ဘက်တွင်ဝန်းရံထားသည့်လူများပင်အနည်းငယ်ထပ်ဆုပ်လိုက်မိကြ၏။

အဖိုးအို၏လက်သီးချက်ကြောင့်ဓားရိပ်ကြီးကပျောက်ကွယ်သွားသော်လည်း လူငယ်ကလှစ်ခနဲပျောက်ကွယ်သွား၍အဖိုးအို၏မျက်ခုံးများစုကြုံသွားလေသည်။

ထိုအချိန်တွင် သူ၏ဘယ်ဘက်ဘေးမှရိပ်ခနဲဝင်ရောက်လာသည့်ဓားချက်ကြောင့် အဖိုးအိုလည်း ခန္တာကိုယ်ကိုတိမ်းစောင်း၍ရှောင်တိမ်းလိုက်ရင်း ပြန်၍တိုက်ခိုက်လိုက်သည်။

&&&

All Chapters