← Chapters

ကာကွယ်ပေးမည်

Vol. 4 Ch. 88

ကာကွယ်ပေးမည်

Vol. 4 Ch. 88

" အရိူးဖြူဂိုဏ်းချုပ် ခင်ဗျားက မိစ္ဆာဓားသမားနဲ့ပူးပေါင်းနေတာလား....."

သိုင်းမဟာမိတ်၏ခေါင်းဆောင်ခုနစ်ယောက်မှအစွမ်းအထက်ဆုံးဖြစ်သည့်ဟဲလောင်ချန်းက လေသံတင်းတင်းဖြင့်အော်ဟစ်လိုက်သည်။

အရိုးဖြသဂိုဏ်းချုပ်လီဟူရှိုးက သိုင်းပညာအရ ဟဲ‌လောင်ချန်းထက်များစွာသာလွန်သော်လည်း အနက်ရောင်သိုင်းဂိုဏ်းချုပ်တစ်ယောက်ဖြစ်၍ဟဲလောင်ချန်းက လေးစားမှုမပြပေ။

သူ၏စကားကို လီဟူရှိုးကစိတ်ဆိုးဟန်မရဘဲပြုံး၍ပြောလိုက်သည်။

" ကျုပ်က ဒီဆရာကြီးတွေကိုခေါ်လာတာမဟုတ်ပါဘူး သူတို့ကိုကူညီဖို့လိုက်ပါလာခဲ့တာပါ...."

လီဟူရှိုး၏အဖြေက သူတို့ကိုအံ့ဩသွားစေပြီးထိုစကားအရဆိုလျှင် ထူးဆန်းသည့်အဖိုးကြီးများကိုလီဟူရှိုးပင်လေးစားနေဟန်တူသည်။

အနက်ရောင်ဝတ်စုံဖားဖားကြီးကိုဝတ်ဆင်ကာ မည်သည့်အရာကိုမှဂရုမစိုက်ဟန်တူသည့်အဖိုးအို ၊ စုတ်စုတ်ပြတ်ပြတ်ဝတ်ဆင်ထားသော်လည်းခန့်ညားသည့်အဖိုးအို ၊ သူနှင့်ဆန့်ကျင်ဘက် တောက်ပြောင်သည့်အကောင်းစားဝတ်စုံဝတ်ဆင်‌ထားသော်လည်း ကလိန်ကကျစ်ပုံစံရှိသူနှင့် မုတ်ဆိတ်ရှည်ကြီးရှိသည့်အဖိုးအိုတစ်ဦးတို့ဖြစ်သည်။

သူတို့၏ပုံစံများကမည်သည့်ရှုထောင့်မှကြည်ပါစေ ပုံမှန်မဟုတ်ဘဲ ထူးဆန်း၍နေသည်။

အကယ်၍သူတို့၏နက်ရှိုင်းသည့်သိုင်းပညာကိုသာတွေ့မြင်မထားပါက စိတ်မမှန်သည့်အဖိုးကြီးများဟုပင်ထင်နိုင်ပေသည်။

လီဟူရှိူး၏အဖြေကြောင့် ဟဲလောင်ချန်း၏အမူအယာကမး ဒေါသဖြင့်နီရဲလာကာ အဖိုးအိုလေးယောက်ကိုကြည့်ကာ တင်းမာသည့်လေသံဖြင့်မေးလိုက်သည်။

" ခင်ဗျားတို့ကဘယ်သူတွေလဲ ...."

ဟဲလောင်ချန်း၏မောက်မာသည့်လေသံကိုစိတ်အနှောင့်အယှက်ဖြစ်သွား၍ ကလိန်ကကျစ်ပုံစံရှိသည့်အဖိုးအိုကလီဟူရှိုးကိုမေးလိုက်သည်။

" သူကဘယ်သူလဲ...."

" သူက သိုင်းမဟာမိတ်ရဲ့ခေါင်းဆောင်ဆယ်ယောက်ထဲက ဟဲလောင်မိသားစုရဲ့ဟဲလောင်ချန်းပါ...."

ထိုအဖြေကြောင့်ကလိန်ကျသည့်အဖိုးအိုကတစ်စုံတစ်ခုကိုသိရှိသွားဟန်ဖြင့် ခေါင်းတညိမ့်ညိမ့်ဖြစ်သွားသည်။

" လက်စသက်တော့ ဘာမဟုတ်တဲ့ နတ်မိုးကြိုးလက်သီးမျိုးဆက်တွေပဲ။ သိုင်းမဟာမိတ်ဆိုပြီး တူရာတူရာအင်အားစုတွေပေါင်းနေတာကိုကြည့်ရင် လက်ရှိခေါင်းဆောင်လည်းစွံမယ်မထင်ပါဘူး....."

အဖိုးအို၏စကားကြောင့် ဟဲလောင်ချန်း၏မျက်နှာကမည်းနက်သွားပြီး ဒေါသထွက်စွာအော်ဟစ်လိုက်သည်။

" ကျုပ်တို့မိသားစုခေါင်းဆောင်ကိုများ....."

ဟဲလောင်ချန်း၏စကားမဆုံးမီအနက်ရောင်အရိပ်ကြီးက သူ၏ရှေ့တွင်ရိပ်ခနဲပေါ်လာပြီး မည်သည့်နေရာမှဝင်ရောက်လာမှန်းမသိသည့်ရိုက်ချက်က ဟဲလောင်ချန်း၏ပါးပြင်နှင့်မိတ်ဆက်သွားတော့သည်။

" ဖြောင်း...."

ကျယ်လောင်သည့်အသံတစ်ခုနှင့်အတူ ဟဲလောင်ချန်း၏မျက်နှာကတစ်ဖက်သို့လည်ထွက်သွားသလို အနီးရှိသိုင်းဝိဇ္ဇာများလည်းမျက်နှာပျက်သွားကြသည်။

ထိုအဖိုးအို၏လှုပ်ရှားမှုကမိစ္ဆာဓားသမားထက်ပင်ပို၍မြန်ဆန်လှပြီး ဆရာတော်ခုံးယင်တို့လူစုမှာတုန့်ပြန်ရန်ပင်အချိန်မရလိုက်ပေ။

အားပါသည့်ရိုက်ချက်ကြောင့် ဟဲလောင်ချန်း၏မျက်နှာတစ်ခြမ်းကချက်ချင်းယောင်ကိုင်းလာပြီး ဘေးသို့တစ်ချက်ထွေးထုတ်လိုက်ရာ သွားအပဲ့နှစ်ချောင်းပါဝင်လာသည်။

ထိုဖြစ်ရပ်များ၏တရားခံဖြစ်သည့်အဖိုးအိုကား ‌သူ၏မူလနေရာတွင်ရှိနေပြီး မသိလျှင် အစောပိုင်းကဖြစ်ရပ်များနှင့်မသက်ဆိုင်သူတစ်ယောက်ကဲ့သို့ပင်။

" မာလိုက်တဲ့မျက်နှာ ငါ့လက်တောင်နည်းနည်းနာသွားတယ်။ ဟဲလောင်မိသားစုကကောင်တွေက အရည်ထူတယ်နဲ့တူတယ်...."

ခပ်တည်တည်အမူအယာဖြင့်ပြောလိုက်ပြီးသူ၏လက်ကောက်ဝတ်ကိုအသာပွတ်နေသည့် အဖိုးအို၏ပုံစံကြောင့် ဟဲလောင်ချန်း၏ဒေါသက ပေါက်ကွဲထွက်သွားတော့သည်။

မူလက အဖိုးအို၏ရိုက်ချက်ကို လုံးဝမခုခံနိုင်လိုက်၍ အံ့ဩတုန်လှုပ်နေသည့်ဟဲလောင်ချန်းက ထိုစကားကြောင့် စိတ်မထိမ်းနိုင်တော့ဘဲတစ်ကိုယ်လုံးတုန်ရီလာတော့သည်။

" ခွေးအိုကြီး ခင်ဗျားကိုသတ်မယ်...."

ဟဲလောင်ချန်းက ‌ ဒေါသတကြီးအော်ဟစ်၍ ရှေ့သို့တိုးဝင်ရန်ပြင်လိုက်သော်လည်း အနီးရှိသိုင်းမဟာမိတ်ခေါင်းဆောင်များက ဝိုင်းဝန်းတားဆီးလိုက်ကြသည်။

" ခေါင်း‌ဆောင် ဟဲလောင် စိတ်ထိမ်းပါဦး....."

ဒေါသများဖုံးလွှမ်းနေသည့်ဟဲလောင်ချန်းက အဖိုးအိုကိုရူးမိုက်စွာပြေးဝင်တိုက်ခိုက်ရန်ကြံစည်သည့်တိုင် ဘေးမှရပ်ကြည့်နေသည့်သူတို့က ရှင်းလင်းစွာသိရှိပေသည် ။

ဤသည်ကား ထိုအဖိုးအိုကိုယှဉ်နိုင်မည့်လူက သူတို့အားလုံးထဲတွင် ဆရာတော်ခုံးယင်နှင့် အဖိုးအိုယန်ချန်းနင်တို့သာရှိမည်ဆိုသည့်အချက်ကိုဖြစ်သည်။

" ကျုပ်ကိုလွှတ်စမ်း....."

ဟဲလောင်ချန်းက ဒေါသတကြီးရုန်းကန်လိုက်သည့်တိူင် လူသုံးလေးယောက်က ဝိုင်းဝန်းချုပ်နှောင်ထား၍လှုပ်ရှားမရပေ။

ဟဲလောင်ချန်း၏သိုင်းပညာက သူတို့ထဲတွင်အမြင့်ဆုံးဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်ရက်သုံးရက်အကွာက မိစ္ဆာဓားသမားနှင့်တိုက်ပွဲတွင်သူတို့အားလုံးဒဏ်ရာအသီးသီးရရှိထားကြသည် ။

ထိုဒဏ်ရာများက အကင်းမသေသေးဘဲကျန်ရှိနေပြီး မည်သူမှလူကောင်းပကတိမဟုတ်ရာ ကျန်ခေါင်းဆောင်များကိုဟဲလောင်ချန်းတစ်ဦးထဲရုန်းကန်မရခြင်းဖြစ်၏။

သိုင်းမဟာမိတ်၏ခေါင်းဆောင်များအားလုံးက အတွေ့အကြုံရင့်သိုင်းထိပ်သီးများဖြစ်ကြသလို သက်ဆိုင်ရာအင်အားစုခေါင်းဆောင်များ၏ယုံကြည်စိတ်ချမှုကိုရရှိထားသူများလည်းဖြစ်သည်။

ထို့ကြောင့် အကျိုးမရှိသည့်တိုက်ပွဲကိုမဆင်နွဲလိုဘဲ ဟဲလောင်ချန်းကို ဝိုင်းဝန်းထိမ်းသိမ်းကာ အလျှင်အမြန်ထွက်ခွာသွားကြသည်။

" ဆရာကြီးတို့ ...."

ဟဲလောင်ချန်းပြီးလျှင် ကျန်လူများ၏ခေါင်းဆောင်လိုဖြစ်သည့် စီးတုရှန်းက ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများနှင့် စီးတုမင်တို့ကိုသတိပေးသည့်ဟန်ဖြင့်တစ်ချက်ကြည့်လိုက်သည်။

" စိတ်ချပါ ခေါင်းဆောင်ဟဲလောင်ကိုထိမ်းထားပြီး ကျန်တဲ့သိုင်းသမားတွေကိုလည်း ကောင်းကောင်းဦးဆောင်ထားလိုက်....။

ဒီမှာ တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ တောအုပ်အပြင်ကိုချက်ခြင်းဆုတ်ခွာတော့....."

စီးတုမင်ကသူ့ဝမ်းကွဲအစ်ကိုဖြစ်သည့်စီးတုရှန်းကို ခပ်တိုးတိုးပြောလိုက်သည်။

လက်ရှိအခြေက အတော်လေးအန္တရာယ်များလှပြီး ထူးဆန်းသည့်အဖိုးအိုများကိုရင်ဆိူင်ရန်မလွယ်ကူရာ သိုင်းမဟာမိတ် ၊ မိစ္ဆာနှိမ်နင်းရေးအဖွဲ့ဝင်များစသည့် ကျန်သိုင်းသမားများကိုပင်ထိုခိုက်မှာစိုးရသေးသည်။

သူတို့၏အဆင့်မျိုးတွင်အရေအတွက် အရေးမပါတော့ဘဲ ထိုသိုင်းသမားများ၏အကူအညီကိုရလျှင်ပင်များစွာကူညီရာမရောက်ပေ။

စီးတုရှန်းက သူ၏စကားကိုနားလည်သည့်ဟန်ဖြင့်ခေါင်းညိမ့်ပြကာကျန်ခေါင်းဆောင်များနှင့်အတူထွက်ခွာသွားတော့သည်။

ထိုအခါ မူလက ဤနေရာတွင်ရှိခဲ့သည့်တစ်ထောင်နီးပါးရှိမည့်လူအရေအတွက်က နှစ်ဆယ်ပင်မပြည့်သည့်အခြေအနေထိဆိုက်ရောက်လာပေသည်။

ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများသည်လည်း လက်ရှိအခြေအ‌နေကမည်မျှအရေးကြီးနေသည်ကိုသတိပြုမိ၍ သိုင်းမဟာမိတ်ခေါင်းဆောင်များကိုပင်ဂရုမစိုက်နိုင်ပါချေ။

" ဒကာကြီးတို့က ဘာဖြစ်လို့ မိစ္ဆာဓားသမားကိုကူညီနေတာလဲ...."

ဆရာတော်ခုံးယင်က အဖိုးအိုလေးယောက်နှင့် လီဟူရှိုးတို့ကို ဒဲ့တိုးမေးလိုက်သည်။

သူ၏မေးခွန်းကြောင့် အဖိုးအိုများ၏အမူအယာကပြောင်းလဲခြင်းမရှိဘဲ မုတ်‌ဆိတ်ရှည်ကြီးနှင့်အဖိုးအိုက သူ၏မုတ်ဆိတ်မွှေးကိုလက်ဖြင့်သပ်ကာပြောလိုက်သည် ။

" သူက ကျုပ်တို့ရဲ့မျိုးဆက်လို့ဆိုနိုင်တယ် ။ ခင်ဗျားတို့ဂိုဏ်းကြီးခြောက်ဂိုဏ်းတင်မကဘဲ သိုင်း‌လောကတစ်ခုလုံးကသူ့ကိုအနိုင်ကျင့်နေကြတာကိုဘယ်လိုလုပ်ကျုပ်တို့ကရပ်ကြည့်နေနိုင်မှာလဲ...."

သူ၏စကားကကျိုးကြောင်းသင့်လျော်၍ ဆရာတော်ခုံးယင်တို့လူစုမှာအနည်းငယ်ရှက်ရွံ့သွားမိကြ၏။

မီးပုံထဲတွင်လောင်စာထည့်သလို ကလိန်ကကျစ်ရုပ်နှင့်အဖိူးကြီးကလည်း မကြားနိုးနားဝင်ပြောလိုက်သေးသည်။

" ရိုးရိုးတန်းတန်းအနိူင်ကျင့်တာတောင်မဟုတ်ဘူးဟ အရှက်မရှိတဲ့အဆင့်ထိအနိုင်ကျင့်တာ ဘယ့်နှယ် သေခါနီးလူကြီးတွေက လူငယ်မျိုးဆက်တစ်‌ယောက်ကိုတိုက်ခိုက်ဖို့အုံလိုက်ကျင်းလိုက်လာတယ်ဆိုတာလူကြားလို့မှမကောင်း။

ပြီးတော့ ဘာမဟာမိတ်ဆိုလား အဲဒါပါဖွဲ့လိုက်သေးတာ...."

ထိုအဖိုးကြီး၏ပါးစပ်က အတော်ပင်အဆိပ်ပြင်းလှပြီး သူပြောသမျှစကားလုံးတိုင်းက တစ်ဖက်လူများအထိနာစေမည့်စကားများပင်ဖြစ်သည်။

အမှန်လည်း မိစ္ဆာဓားသမားဆိုသည့်လူငယ်က အသက်သုံးဆယ်ပင်မပြည့်သေးသည့်လူငယ်တစ်‌ယောက်ဖြစ်ရာ သိုင်းလောကထုံးစံအရကြည့်မည်ဆိုလျှင် ဆရာတော်ခုံးယင်တို့လူစုကအနည်းငယ်လွန်ကဲပေသည်။

ထို့ကြောင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများလည်း မည်သို့ဆက်ပြောရမှန်းမသိဖြစ်နေကြစဉ် စီးတုမင်က တည်ငြိမ်သည့်လေသံဖြင့်ဝင်ပြောလိုက်၏။

" ဒါကရှင်းရှင်းလေးပါ။ ခင်ဗျားတို့ရဲ့မျိုးဆက်ဆိုတဲ့ မိစ္ဆာဓားသမားက ဘာရန်ငြိုးရန်စမှမရှိဘဲ ထိပ်တန်းအင်အားစုနှစ်ခုကိုအမြစ်ပြတ်သုတ်သင်သွားခဲ့တယ်။

သူ့လက်ထဲမှာအင်အားစုနှစ်ခုကလူသုံးရာကျော်သေဆုံးခဲ့ရတဲ့အပြင် အခုတစ်ပတ်အတွင်းမှာ နောက်ထပ်လူသုံးရာလောက်ကိုထပ်ပြီးသတ်ခဲ့သေူတယ်။။

ပြောစမ်းပါဦး ဒီလိုသွေးဆာရက်စက်နေတဲ့လူသတ်သမားကိုကျုပ်တို့က ဒီတိုင်းရပ်ကြည့်နေသင့်သလား...."

ရိုးဖြောင့်သည့်ဆရာတော်ခုံးယင်ထက်စာလျှင် ငယ်ရွယ်ပြီးစကားအငြင်းအခုန်ပြောနိုင်သည့်စီးတုမင်၏စကားကပို၍ထိရောက်မှုရှိသည် ။

ထိုစကားများကြောင့် ဆရာတော်ခုံးယင်တို့လည်း သူတို့၏မူလရည်ရွယ်ချက်ကိုပြန်သတိရသွားကြကာ ဝါဆန်းဂိုဏ်းမှအကြီးအကဲက ပြောလိုက်သည်။

" ဂိုဏ်းချုပ် စီးတုပြောတာဟုတ်တယ်။ သူ့ရဲ့သွေးဆာရက်စက်တဲ့လုပ်ရပ်တွေကြောင့် ကျုပ်တို့ကရှင်းလင်းဖို့ဆုံးဖြတ်ခဲ့တာပဲ ။

ခင်ဗျားတို့က သူ့ကိုဆက်ပြီးကာကွယ်ပေးနေမယ်ဆိုရင် ကျုပ်တို့ဂိုဏ်းကြီးခြောက်ဂိုဏ်းက ရန်သူလို့သက်မှတ်ရလိမ့်မယ်...."

ဝါဆန်းဂိုဏ်းမှအကြီးအကဲက သူတို့သဘောထားကိုခိုင်မာစွာကြေငြာလိုက်သလို ဂိုဏ်းကြီးခြောက်ဂိုဏ်း၏နာမည်ကိုသုံးကာ အဖိုးအို‌များကိုလည်းမသိမသာချိန်း‌ခြောက်လိုက်သည် ။

ကြီးမြတ်သည့်ဝူအင်ပါယာခေတ်မှစ၍ ယခုအချိန်ထိသိုင်းလောက၏ခေါင်းဆောငိဖြစ်ခဲ့သည့်ဂိုဏ်းကြီးခြောက်ဂိုဏ်းကို အံ့တုဝံ့သူဟူ၍လက်ချိုးရေနိုင်အောင်နည်းပါးသည်။

ကံမကောင်းစွာဖြင့် ထိုစကားက အဖိုးအိုများအပေါ်တွင်မထိရောက်ခြင်းဖြစ်ပေသည်။

" ဟားဟား... တယ်လဲကျတဲ့ကောင်တွေပဲ။ ဂိုဏ်းကြီး‌ခြောက်ဂိုဏ်းဆိုရင်ရော ငါတို့က ကြောက်ရမှာလား....."

ထိုစကားကိုပြောလိုက်သူက တစ်ချိန်လုံးဝင်မပြောသည့် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုဖြစ်ပြီး သူ၏မျက်နှာထက်တွင်ထီမထင်သည့်အမူအယာတစ်ခုရှိနေသည်။

&&&

All Chapters