တိုက်ပွဲ
Vol. 4 Ch. 89
အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏စကားကြောင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများသာမက စန်းဟုန်းလျန်တို့ပင် အံ့သြတုန်လှုပ်သွားကြ၏။
ခေတ်အဆက်ဆက်သိုင်းလောက၏ထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့သည့်ဂိုဏ်းကြီးခြောက်ဂိုဏ်းကို ယခုလိုပြောဝံ့သူက လွန်စွာမှရှားပါးလှသည်။
ယခု အဖိုးအို၏ပုံစံက တမင်လှောင်ပြောင်ခြင်းမဟုတ်ဘဲ အမှန်တကယ်ဂရုစိုက်ခြင်းမရှိသည်ကိုသိနိုင်သည်။
ထို့ကြောင့် ဆရာတော်ခုံးယင်တို့လွန်စွာအံ့အားသင့်သွားခြင်းဖြစ်ပြီးထိုမှတစ်ဆင့် ဒေါသထွက်လာကြသည်။
" ဒကာကြီးရဲ့စကားတွေက နည်းနည်းဘောင်ကျော်နေပြီထင်တယ်....."'
ဆရာတော်ခုံးယင်က အေးစက်စက်အသံဖြင့်ပြောလိုက်သည်။ သူ၏အမူအယာကတင်းမာနေသလိုကျန်လူများလည်းထိုနည်းတူပင်။
ရုတ်တရက် သူတို့၏နောက်ဘက်မှတည်ငြိမ်သည့်စကားသံတစ်ခုထွက်ပေါ်လာသည် ။
" ဆရာတော်ခုံးယင် သူတို့က အမှောင်ကျေးရွာကလူတွေပဲ ...."
သွေးချင်းချင်းနီရဲနေသည့်ခန္တာကိုယ်နှင့် ရှေ့ထွက်လာသူက သံမဏိလက်သီးအဖိုးအိုယန်ချန်းနင်မှလွဲ၍အခြားမဟုတ်ပေ။
လူငယ်နှင့်တိုက်ပွဲတွင် ဒဏ်ရာအတော်များများရရှိခဲ့သည့်အဖိုးအိုက အစောပိုင်းက ပြန်၍ကုစားနေခဲ့ပြီး ယခုမှရှေ့ထွက်လာခြင်းဖြစ်၏။
ရောက်မဆိုက်ဆိုသလိုပြောလိုက်သည့်သူ၏စကားက ဤနေရာရှိလူအားလုံးကိုနောက်တစ်ကြိမ်တုန်လှုပ်သွားစေခဲ့သည်။
" အမှောင်ကျေးရွာဟုတ်လား....ဒကာကြီးယန် သေချာလို့လား...."
ဆရာတော်ခုံးယင်၏တင်းမာသည့်မျက်နှာထက်တွင် လေးနက်တည်ကြည်သည့်အမူအယာများထွက်ပေါ်လာပြီး အဖိုးအိုများကိုမျက်ခြေမပြတ်စောင့်ကြည့်ရင်းမှမေးလိုက်၏။
သူ၏မေးခွန်းကိုခေါင်းညိမ့်ပြရင်း အဖိုးအိုယန်ချန်းနင်က အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုကိုကြည့်ကာပြောလိုက်သည်။
" စောစောက သူတို့ရောက်လာတုန်းကပြောလိုက်တဲ့စကားကိုပြန်မှတ်မိသေးလား....."
ယန်ချန်းနင်၏ထောက်ပြမှုကြောင့် ကျန်လူများလည်း ထူးဆန်းသည့်အဖိုးအိုများရောက်ရှိလာစဉ်က ဟစ်ကြွေးခဲ့သည့်စကားကိုပြန်မှတ်မိလာကြသည်။
ထိုအဖြစ်ကြောင့် သူတို့၏ပုံစံများက တုန်လှုပ်သွားကြဟန်တူသည်။
ထိုလူများသာ သိုင်းလောက၏ဒဏ္ဍာရီသဖွယ်ဖြစ်နေသည့်အင်အားစုများအနက်တစ်ခုဖြစ်သည့်အမှောင်ကျေးရွာမှလာရောက်ပါက ဂိုဏ်းကြီးခြောက်ဂိုဏ်းကို ဂရုစိုက်စရာမလိုသည်က သဘာဝကျပေသည်။
" ခင်ဗျားကိုဘယ်သူကပြောလဲ ဘာအမှောင်ကျေးရွာလဲ အခုမှကြားဖူးတာကို..."
ကလိန်ကကျစ်ရုပ်ဖြင့်အဖိုးအိုက ယန်ချန်းနင်၏စကားကို မျက်တောင်မခတ်ဘဲငြင်းဆန်လိုက်သည်။
သို့သော် ကျန်အဖိုးအိုများ၏အမူအယာကလေးနက်နေကြပြီဖြစ်သလို ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများက သူတို့ကိုလွန်စွာသတိထားနေကြလေပြီ။
ထိုစဉ် တစ်ချိန်လုံးငြိမ်သက်နေသည့် ခွန်လွန်ဂိုဏ်းချုပ်မာရှောင်ကျင်းက အဖိုးကြီးလေးယောက်ကိုစူးစိုက်ကြည့်ကာ ဖြေးညင်းစွာပြောလိုက်သည်။
" လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်က ကျုံဟွာတောင်ပေါ်ကအနက်ရောင်ဝေါယာဉ်ကို အားလုံးပဲမှတ်မိကြဦးမယ်ထင်ပါတယ် ။
အဲဒီတုန်းက အမှောင်ကျေးရွာရဲ့သခင်မဆိုတဲ့မိန်းကလေးက နှင်းငွေ့မိစ္ဆာသခင်အတွက်လက်စားချေဖို့ကြိုးပမ်းခဲ့ပေမယ့် ရှောင်လင် ကျောင်းထိုင်ဆရာတော်ကြီးကြောင့် မအောင်မြင်ခဲ့ဘူးလေ။
အခု အနှစ်နှစ်ဆယ်ကြာပြီးတော့ မိစ္ဆာဓားသမားပေါ်ထွက်လာပြီး ထိပ်တန်းအင်အားစုနှစ်ခုကို အကြောင်းပြချက်မရှိအမြစ်ပြတ်သုတ်သင်တာ မတိုက်ဆိုင်လွန်းဘူးလား...."
ထိုစကားလုံးများကိုနားထောင်နေရင်း ဆရာတော်ခုံးယင်တို့လိုသိုင်းဝိဇ္ဇာများပင် ယခင်က မရှင်းလင်းခဲ့သည်များကိုဆက်စပ်မိသွားလေတော့၏။
သူတို့ထဲမှအနည်းငယ်သာ ကျုံဟွာတောင်တိုက်ပွဲတွင်ရှိနေခဲ့ကြသော်လည်း ထိုနေ့ကမည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကိုကောင်းစွာသိရှိခဲ့ပြီးဖြစ်၏။
ထို့ကြောင့် သိုင်းလောကသားများကိုဖုံးကွယ်ထားသည့် ကျောင်းထိုင်ဆရာတော်ရောက်ရှိလာခြင်း ၊ အနက်ရောင်ဝေါယာဉ်နှင့်အမှောင်ကျေးရွာသခင်မ၏ကျိန်ဆိုမှုစသည့်အကြောင်းအရာများကိုပါ သူတို့ကသိရှိထားကြသည်။
ယခု မိစ္ဆာဓားသမားကအမှောင်ကျေးရွာမှလာရောက်ခြင်းဖြစ်ကာလွန်ခဲ့သည့်အနှစ်နှစ်ဆယ်မှကျိန်ဆိုမှုကိုလာရောက်ဆောင်ရွက်ခြင်းဖြစ်ပေမည်။
အဖိုးကြီးလေးယောက်လို ထူးဆန်းသည့်သိုင်းပညာရှင်များသည်လည်း မိစ္ဆာဓားသမားကိုကူညီရန်ထိုနေရာမှရောက်လာခြင်းသာဖြစ်ပေမည်။
ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများ၏အမူအယာကိုကြည့်၍ သူတို့အကြောင်းကိုရိပ်စားမိကြပြီးဖြစ်သည်ကိုသိရှိလိုက်၍ အနက်ရောင်ဝတ်စုံဝတ်အဖိုးကြီးက ပျင်းရိပျင်းတွဲဟန်ဖြင့်ပြောလိုက်သည်။
" ဟုတ်တယ် ငါတို့က အမှောင်ကျေးရွာကပဲ။ အခု ဒီကောင်လေးကို ငါတို့ခေါ်သွားမယ် ပြဿနာရှိလား...."
သူ၏ပုံစံကအထင်ကြီးဖွယ်မကောင်းသော်လည်း ထိုခဏတွင် အဖိုးအို၏မျက်ဝန်းများက စိန်ပွင့်များအလားတဖျက်ဖျက်တောက်ပလာသလို သူ၏ခန္တာကိုယ်မှကြီးမားသည့်အားလှိုင်းများထွက်ပေါ်လာသည်။
ထိုအဖြစ်ကြောင့်ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများမျက်နှာပျက်သွားကြသလို အဖိုးအိုယန်ချန်းနင်နှင့်ဆရာတော်ခုံးယင်တို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြ၏။
သူတို့နှစ်ယောက်လုံးက သိုင်းဝိဇ္ဇာအလယ်အဆင့်များဖြစ်ကြသည့်တိုင် ထိုအဖိုးအို၏အရှိန်အဝါက သူတို့ထက်ပင်များစွာသာလွန်နေသေးသည်။
" သိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့် ...."
အဖိုးအို၏သိုင်းပညာကိုသိရှိပြီးနောက်သူတို့၏ရင်ထဲတွင်ခဲဆွဲထားသလိုလေးလံသွားကြသည့်တိုင် ဆရာတော်ခုံးယင်က တစ်ချက်ကလေးမှကြောက်လန့်ဟန်မပြဘဲ အေးစက်စွာပြောလိုက်သည်။
" မိစ္ဆာဓားသမားက အပြစ်တွေအများကြီးလုပ်ခဲ့သလို လူတွေအများကြီးကိုလည်း သေကျေပျက်စီးစေခဲ့တယ်။
ဒကာကြီးတို့က အမှောင်ကျေးရွာကဆိုရင်တောင် သူ့ကိုလွှတ်မပေးနိုင်ဘူး....."
မိစ္ဆာဓားသမားကိုနှိမ်နင်းရန် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှဦးဆောင်၍ မိစ္ဆာနှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီးသိုင်းလောကသားများစွာအဖွဲ့ထဲဝင်ရောက်လာခြင်းက သူတို့ကိုယုံကြည်၍ဖြစ်သည်။
ယခု မိစ္ဆာဓားသမား၏လက်ချက်ဖြင့် အဖွဲ့သားများစွာသေဆုံးသွားကြပြီးသည့်နောက်တွင် မိစ္ဆာဓားသမားကိုလည်း ဖမ်းဆီးသတ်ဖြတ်နိုင်ခြင်းမရှိပါက သူတို့အနေဖြင့်သိုင်းလောကထဲတွင်နောကိထပ်မျက်နှာပြနိုင်မည်ပင်မဟုတ်ပေ။
ဆရာတော်ခုံးယင်၏စကားအဆုံးတွင်အခြေအနေက တင်းမာသွားပြီး နှစ်ဘက်အင်အားစုမှလူများက အကြည့်ချင်းဆုံသွားကြသည်။
ဂိုဏ်းကြီးခြောက်ဂိုဏ်းမှလူများ၏ခေါင်းဆောင်ဖြစ်သည့်ဆရာတော်ခုံးယင်က ယခုလိုဆုံးဖြတ်ချက်ချပြီးဖြစ်၍ ကျန်သိုင်းဝိဇ္ဇာငါးယောက်လည်းလက်နက်ကိုယ်စီဆွဲထုတ်လိုက်ကြသည်။
တေလေဂိုဏ်း၏ ဂိုဏ်းထိမ်းကြီးတစ်ဦးဖြစ်သည့် အဖိုးအိုယန်ချန်းနင်က ဂိုဏ်းကြီးခြောက်ဂိုဏ်းမှလူများကိုသေချာပေါက်ကူညီမည်ဖြစ်သလို စန်းဟုန်းလျန်နှင့် စီးတုမင်တို့လည်းထိုနည်းတူပင်။
ခပ်ပြုံးပြုံးမျက်နှာဖြင့်ရပ်နေသည့် လေဘုရင်၏သဘောထားကိုကောင်းစွာအကဲမခပ်နိုင်သလို လူထူးဆန်းတစ်ယောက်ဖြစ်သည့်လက်ကိုးချောင်းရသေ့၏သဘောထားကိုလည်း သူတို့မသိကြပေ။
" ကျုပ်က ခွန်လွန်ကထွက်လာတာအတော်ကြာပြီဆိုပေမယ့် ခွန်လွန်ဂိုဏ်းသားတစ်ယောက်ဖြစ်နေတုန်းပါပဲ....တိုက်မယ်ဆိုလည်း တိုက်ကြတာပေါ့...."
လက်ကိုးချောင်းရသေ့က ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများအနီးသို့ရိပ်ခနဲရောက်သွားပြီးပြောလိုက်သည်။
သူ၏စကားအရ ဂိုဏ်းကြီးခြောက်ဂိုဏိးမှလူများကိုကူညီမည့်ဘောဖြစ်ပြီး လေဘုရင်ကား သူနှင့်မတူညီသည့်ဆုံးဖြတ်ချက်ကိုချလိုက်ပေသည် ။
" ဟဲ ဟဲ ကျုပ်ကနည်းနည်းကိုယ်လက်မအီမသာဖြစ်နေတော့ တိုက်ခိုက်နိုင်မယ်မထင်ဘူး...."
လေဘုရင်က ခပ်လှမ်းလှမ်းသို့ဆုတ်ခွာ၍ ရယ်မောလိုက်သည်။
သူ၏ပုံစံက ယခုတိုက်ပွဲကိုလက်ရှောင်မည့်သဘောဖြစ်ပြီး အမှောင်ကျေးရွာမှလူများကိုဆန့်ကျင်မည့်ဟန်မတူပေ။
လေဘုရင်၏သဘောထားကြောင့် ကျန်လူများအနည်းငယ်စိတ်ပျက်သွားသော်လည်း ထိုလူက တစ်ကိုယ်တော်သိုင်းသမားတစ်ဦးဖြစ်ပြီး သူတို့ကိုကူညီရန်လည်းအကြောင်းပြချက်မရှိရာမည်သူမှအပြစ်မဆိုနိုင်ကြပေ။
ဤသို့ဖြင့်တိုက်ခိုက်မည့်လူများကသက်မှတ်ပြီးဖြစ်သလို အဖိုးအိုများ၏မျက်လုံးများကတဖျက်ဖျက်တောက်ပလာပြီး ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများကိုစိတ်အားထက်သန်စွာဖြင့်ကြည့်လိုက်ကြသည်။
" ဒီနေ့တော့ အရိုးအိုကြီးတွေကိုလှုပ်ရှားရတော့မယ်နဲ့တူတယ်....."'
ခန့်ညားသည့်အဖိုးအိုက အကြောတစ်ချက်ဆန့်၍ဆိုလိုက်သလိုကလိန်ကကျစ်ရုပ်ဖြင့်အဖိုးအိုကလည်း စပ်ဖြဲဖြဲပုံစံဖြင့်မေးလိုက်သည်။
" မင်းနဲ့ငါနဲ့ဘယ်သူသာမလဲဆိုတာပြိုင်ကြမလား.....အမြန်ဆုံးသတ်နိုင်တဲ့လူကအနိုင်ပဲ....."
အဖိုးအိုနှစ်ယောက်က ဂိုဏ်းကြီးခြောက်ဂိုဏ်းမှလူများကိုရင်ဆိုင်နေရချိန်တွင်ပင် အပြောင်အပျက်ပြောနေနိုင်သေးသည် ။
ထိုနည်းတူ အရိုးဖြူဂိုဏ်းချုပ်လီဟူရှိုးသည်လည်း ပြုံး၍ဝင်ပြောလိုက်သည်။
" နာမည်ကျော်လက်သီးဘုရင်နဲ့ဓားကျိုးဘုရင်တို့ထဲက တစ်ယောက်ယောက်ကိုတော့ ကျုပ်အတွက်ထားလိုက်ပါဆရာကြီးတို့....."
လီဟူရှိုးက အရိုးဖြူဂိုဏ်းချုပ်ဖြစ်သည့်တိုင် အသက်ငါးဆယ့်ငါးနှစ်ခန့်သာရှိသေးပြီး စန်းဟုန်းလျန်တို့နှင့်များစွာကွာဟခြင်းမရှိပေ။
ထို့ကြောင့် သူတို့ကိုမျိုးဆက်တစ်ခုထဲမှလူများဟုဆိုနိုင်ကာ အခွင့်အရေးရခိုက် နဂါးခုနစ်ကောင်စာရင်းဝင်သိုင်းဝိဇ္ဇာနှစ်ယောက်နှင့်ရင်ဆိုင်လိုခြင်းဖြစ်၏။
တစ်ဖက်လူများက ပေါ့ပေါ့ပါးပါးပြောဆိုနေကြသော်လည်း ဆရာတော်ခုံးယင်တို့မှာ ဒေါသမထွက်နိုင်ဘဲတည်ကြည်လေးနက်နေကြသည် ။
အကြောင်းကား ထိုလူများက သိုင်းလောက၏ဒဏ္ဍာရီသဖွယ်နေရာတစ်ခုဖြစ်သည့် အမှောင်ကျေးရွာမှအစွမ်းထက်ပညာရှင်များဖြစ်နေ၍ပင်။
လက်ရှိအခြေအနေတွင် သိုင်းဝိဇ္ဇာဆယ်ယောက်ရှိသည့်သူတို့၏ဘက်မှလူအင်အားသာလွန်သည့်တိုင် တစ်ဖက်လူများကိုအထင်သေး၍မရနိုင်ပေ။
အထူးသဖြင့် သိုင်းဝိဇ္ဇာနှောင်းပိုင်းအဆင့်ရှိသည့်အနက်ရောင်ဝတ်စုံဝတ်အဖိုးကြီးကို ထိမ်းချုပ်ရန်အတော်လေးခက်ခဲမည့်ဟန်တူသည်။
ဆရာတော်ခုံးယင်နှင့်အဖိုးအိုယန်ချန်းနင်တို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်လိုက်ပြီး အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုထံသို့ပြေးဝင်သွားကြသည်။
ဆရာတော်ခုံးယင်၏ပန်းလော့လက်ဝါးနှင့် အဖိုးအိုယန်ချန်းနင်၏သံမဏိလက်သီးတို့က လေထုကိုပင်တုန်ခါသွားစေပြီး အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုဆီသို့လျှင်မြန်စွာဝင်ရောက်သွားလေသည်။
ရှောင်လင်ကျောင်းတော်၏စည်းကမ်းထိမ်းသိမ်းရေးမှူးဆရာတော်ခုံးယင်က သိုင်းဝိဇ္ဇာအလယ်အဆင့်တစ်ယောက်ဖြစ်သလို အဖိူးအိုယန်ချန်းနင်ကလည်း သိုင်းဝိဇ္ဇာအလယ်အဆင့်ဖြစ်သည် ။
အစောပိုင်းက မိစ္ဆာဓားသမားနှင့်တိုက်ပွဲ၌ အဖိုးအိုယန်ချန်းနင်အနေဖြင့် ဒဏ်ရာအတော်များများရရှိခဲ့သည့်တိုင်များစွာပြင်းထန်ခြင်းမရှိဘဲ ကောင်းစွာတိုက်ခိုက်နိူင်ဆဲပင်။
ထို့ကြောင့် သူတို့၏ပူးပေါင်းတိုက်ခိုက်မှုကလွန်စွာကြောက်စရာကောင်းလှပြီး အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုမှလွဲ၍ ကျန်အဖိုးအိုသုံးယောက်ပင်မျက်နှာတည်ကြည်သွားကြ၏။
&&&