← Chapters

အရှုံး

Vol. 4 Ch. 91

အရှုံး

Vol. 4 Ch. 91

" ဟူး...."

" ဝုန်း...."

လေခွင်းသံများ ၊ အတွင်းအားပေါက်ကွဲသံများက အဆက်မပြက်ထွက်ပေါ်နေသည်။

တိုက်ခိုက်နေသည့်လူသုံးယောက်လုံးက ဤနေရာတွင်အစွမ်းအထက်ဆုံးသိုင်းပညာရှင်များသာဖြစ်ရာ သူတို့၏တိုက်ကွဲက အကြမ်းတမ်း‌ဆုံးဖြစ်သည်ကို သံသယဖြစ်ဖွယ်မရှိပေ။

ရှောင်လင်ကျောင်းတော်မှ ထိက်တန်းသိုင်းပညာများစွာကိုတစ်မျိုးပြီးတစ်မျိုးပြောင်းလဲအသုံးပြုနေသည့်ဆရာတော်ခုံးယင်၏တိုက်ကွက်များက ကြောက်စရာကောင်းလှသလို လက်သီးသိုင်းတစ်မျိုးထဲကိုဇောက်ချအသုံးပြုနေသည့်အဖိုးအိုယန်ချန်းနင်၏တိုက်ကွက်များကလည်း ထို့ထက်မနိမ့်ကျပေ။

ကံမကောင်းစွာဖြင့် သူတို့နှစ်ယောက်၏အစွမ်းထက်တိုက်ကွက်မှန်သမျှက အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုကိုမချိန်းခြောက်နိုင်ခြင်းဖြစ်၏။

" တော်လောက်ပြီထင်တယ်...."

အဖိုးအိုက ခပ်ဆက်‌ဆက်လေသံဖြင့်ပြောလိုက်ရင်း သူ၏အင်္ကျီလက်စကိုဝေ့ယမ်းလိုက်သည်။

ထိုအခါ ကြီးမားသိပ်သည်းလှသည့်အတွင်းအားလှိုင်းကြီးတစ်ခုထွက်ပေါ်လာပြီး ဆရာတော်ခုံးယင်နှင့်အဖိုးအိုယန်ချန်းနင်တို့ဆီသို့လျှင်မြန်စွာဝင်ရောက်သွားသည်။

ထိုအဖြစ်ကြောင့် ဆရာတော်ခုံးယင်တို့လည်းမျက်လုံးပြူးသွားပြီးအလျှင်အမြန်ခုခံလိုက်ကြသည်။

" ဝုန်း....ဝုန်း..."

လွန်စွာကျယ်လောင်သည့်အသံကြီးနှစ်ခုထွက်ပေါ်လာပြီ ဆရာတော်ခုံးယင်နှင့်အဖိုးအိုယန်ချန်းနင်တို့မှာ ရှေ့ဆင့်နောက်ဆင့်လွင့်လာကြသည်။

သူတို့၏မျက်နှာများက အနည်းငယ်ဖြူဖျော့နေကြပြီး အဖိုးအို၏တိုက်ကွက်ကြောင့် အတွင်းဒဏ်ရာရလုနီးပါးပင်ဖြစ်ခဲ့ကသည်။

သူတိူ့နှစ်ယောက်လုံးက သိုင်းဝိဇ္ဇာအလယ်အဆင့်များဖြစ်ကြသော်လည်း အနက်ရောင်ဝတ်စုံဝတ် အဖိုးအိုကသူတို့ကိုအသာအယာတိုက်ခိုက်အနိုင်ယူနိုင်စွမ်းရှိနေသည်။

အကယ်၍အဖိုးအိုသာ အစွမ်းကုန်တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့ပါက သူတို့အနေဖြင့်ပြီးခဲ့သည့်တိုက်ကွက်အနည်းငယ်ကပင်သေချာပေါက်ရှုံးနိမ့်ပြီးဖြစ်ပေမည်။

ထိုအဖြစ်ကြောင့် ဆရာတော်ခုံးယင်တို့လည်း မခံမရပ်နိုင်ဖြင့် ဒေါသပြင်းစွာထွက်နေကာ တစ်ယောက်ကိုတစ်ယောက်တိုင်ပင်သည့်ဟန်ဖြင့်ကြည့်လိုက်ကြပြီး အဖိုးအိုဆီသို့ပြိုင်တူခုန်ဝင်သွားကြပြန်သည်။

သူတို့၏ခန္တာကိုယ်မှထွက်ပေါ်နေသည့်အားလှိုင်းများက တိုက်ပွဲတစ်လျှောက်အမြင့်‌ဆုံးအခြေအနေ

သို့ရောက်ရှိနေပြီးယခုတစ်ကြိမ်တွင် သက်စောင့်အားသာချန်ကာ အားကုန်အသုံးပြုခဲ့ခြင်းဖြစ်၏။

" ဝရဇိန်နတ်လက်ဝါး...."

ဆရာတော်ခုံးယင်၏လက်ဝါးနှစ်ဖက်က နီရဲလာပြီး အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုခန္တာကိုယ်အပေါ်ပိုင်းရှစ်နေရာကိုတစ်ပြိုင်နက်တိုက်ခိုက်လိုက်သည်။

ဤသည်က ရှောင်လင်၏နာမည်ကျော်ဝရဇိန်နတ်လက်ဝါးသိုင်းပင်ဖြစ်ပြီး လျှို့ဝှက်သိုင်းပညာခုနစ်ဆယ့်နှစ်မျိုးထက်ပင်တစ်ဆင့်မြင့်သေးသည်။

ဝါစဉ်ကြီးဆရာတော်များသာလေ့ကျင့်ခွင့်ရသည့်ထိုပညာရပ်က တစ်ဖက်လူ၏အကြောများကိုအပိုင်းပိုင်းပြတ်တောက်စေပြီး အနှစ်နှစ်အလလလေ့ကျင့်လာရသည့်သိုင်းပညာရပ်များကိုဖျက်ဆီးနိုင်စွမ်းရှိ၍လွန်စွာမှကြောက်စရာကောင်းလှသည့်ပညာရပ်တစ်ခုလည်းဖြစ်သည်။

ယခု ဆရာတော်ခုံးယင်က ဝရဇိန်နတ်လက်ဝါးကဖြင့်အားကုန်သုံး၍တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး တစ်ဖက်လူကိုအနိုင်ရရန်နောက်ဆုံးရုန်းကန်မှုလည်းဖြစ်သည်။

တစ်ဖက်တွင် အဖိုးအိုယန်ချန်းနင်၏ခန္တာကိူယ်က မြေကြီးပေါ်မှလျောတိုက်၍လျှင်မြန်စွာဝင်ရောက်လာပြီး အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏ခန္တာကိုယ်အောက်ပိုင်းကိုဦးတည်၍တိုက်ခိုက်လိုက်သည် ။

ယခုတစ်ကြိမ်၌ သူ၏တိုက်ကွက်များကလက်သီးတိုက်ကွက်မဟုတ်တော့ဘဲအဖိုးအို၏ခန္တာကိုယ်အောက်ပိုင်းကိုချုပ်ကိုင်ရန်ရည်ရွယ်ချက်ဖြင့်တိုးဝင်လာခြင်းဖြစ်သည်။

အဖိုးအိုယန်ချန်းနင်လိုလက်သီးသိုင်းတစ်မျိုးထဲကိုစွဲစွဲမြဲမြဲအသုံးပြုတတ်သူတစ်ယောက်အတွက်ယခုလိုပြုရန်ခြင်းက အတော်လေးအန္တရာယ်များလှသော်လည်း သူ၏မျက်နှာထက်တွင်ကားယုံကြည်မှုပြည့်ဝစွာရှိနေသည်။

အကြောင်းကား သစ္စာလက်သီးဟုနာမည်ကျော်သည့်သူ၏လက်သီးသိုင်းထက် ဖမ်းချုပ်ပညာက မနိမ့်ကျ၍ဖြစ်သည်။

ထိုပညာရပ်မှာ သူ၏ဝှက်ဖဲတစ်ခုဖြစ်သလို တိုက်ပွဲတွင် အသုံးပြုခြင်းမပြုခဲ့ရသည်မှာ နှစ်များစွာကြာမြင့်နေပြီဖြစ်သည်။

ယခုဆရာတော်ခုံးယင်နှင့်သူတို့နှစ်ယောက် အသံပို့လွှတ်တိုင်ပင်ပြီးနောက် ‌နောက်ဆုံးကြိုးပမ်းမှုအဖြစ် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုကိုအထိနာစေရန်တိုက်ခိုက်မည်ဟုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ပြုလုပ်ရာတွင် သူတို့နှစ်ယောက် ဒဏ်ရာအပြင်းအထန်ရရှိနိုင်သော်လည်း တစ်ဖက်လူကို ထပ်တူထပ်မျှဒဏ်ရာရစေလျှင် ထိုက်တန်မှုရှိပေသည်။

" နဂါးဖမ်းချူပ်လက်ဟန်လား...."

အဖိုးအိုယန်ချန်းနင်၏ဖမ်းချုပ်သိုင်းကိုမြင်သည်နှင့် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိူ၏မျက်နှာထက်တွင် အံ့အားသင့်သည့်အရိပ်အယောင်များထွက်ပေါ်လာသည် ။

ခြောက်နိုင်ငံခေတ်က ကျော်ကြားသော်လည်း နောက်ပိုင်းတွင်တိမ်မြုပ်သွားသည့်ထိုပညာရပ်ကို သိုင်း‌လောကတွင်တတ်မြောက်သူရှိနေဦးမည်ဟုထင်မှတ်မထားမိပေ။

ထိုအခါမှ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှလူများထံတွင်လည်း အစွမ်းထက်သည့်ရှေးဟောင်းပညာရပ်များကျန်ရှိနေသေးကြောင်းသတိထားလိုက်မိကာ သူ၏ဦးခေါင်းကိုမော့၍ကျယ်လောင်စွာအော်ဟစ်လိုက်သည်။။

" လာကြစမ်း...."

အတွင်းအားပြည့်ဝလှသည့်ဟစ်ကြွေးသံက ကျန်တိုက်ပွဲများကိုပင်အနည်းငယ်တုံ့နှေးသွားစေပြီး အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုစအင်္ကျီဖားဖားကြီးက လေထိုးထားသလိုဖောင်းကားလာသည်။

ဤသည်က သူ၏အတွင်းအားများကို အကုန်အစင်စုစည်းကာတိုက်ခိုက်တော့မည့်လက္ခဏာဖြစ်ပြီး သူ၏ပြိုင်ဘက်နှစ်ယောက်မှာ သိုင်းပညာနိမ့်ပါးသေးသော်လည်း သူတို့၏တိုက်ကွက်များက ဟာသမဟုတ်ပေ။

ယခုတိုက်ခိုက်မှုများကို ပေါ့ပေါ့ဆဆရင်ဆိုင်မိပါက ရှုံးနိမ့်မည့်လူက သူကိုယ်တိုင်ပင်ဖြစ်သွားနိုင်ပြီး အဖိုးအိုလည်း ထိုနှစ်ယောက်ကိုအနိူင်ယူကာ အလျှင်အမြန်ပွဲဖြတ်ရန်ဆုံးဖြတ်ထားလိုက်သည်။

အဖိုးအို၏ကြောက်စရာကောင်းသည့်ပြောင်းလဲမှုကိုတွေ့မြင်သော်လည်း ဆရာတော်ခုံးယင်နှင့်အဖိုးအိုယန်ချန်းနင်တို့က နည်းနည်းကလေးမှတုံ့ဆိုင်းမှုမရှိပေ။

အဖိုးအိုယန်ချန်းနင်က မြေတွင်လူး နေသည့်ငါးရှဉ့်တစ်ကောင်အလားလျှင်မြန်စွာချဉ်းကပ်လာသလို ဆရာတော်ခုံးယင်က လက်ဝါးချက်ရှစ်ချက်ကိုတစ်ပြိုင်ထဲရိုက်ထုတ်ပြီးနောက်တွင်ပင် လေပေါ်သို့ရိပ်ခနဲခုန်တက်လိုက်သည်။

ဤသည်က အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုရှောင်တိမ်းမည့်နေရာကိုကြိုတင်ပိတ်ဆို့ထားခြင်းဖြစ်ပြီး ထိုအချိန်တွင်ပင် အဖိုးအိုယန်ချန်းနင်က အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏ရှေ့သို့ရိပ်ခနဲရောက်လာကာ သူ၏ကိုယ်အောက်ပိုင်းကိုအလျှင်အမြန်ဖမ်းချုပ်လိုက်သည်။

ရှေ့မှဝင်ရောက်လာသည့်တိုက်ကွက်များက ကြောက်စရာကောင်းလှသလို အောက်ဘက်မှအဖိုးအိုယန်ချန်းနင်က သူ့ကိုဖမ်းချုပ်နိုင်ရန်ကြိုးစားနေပြီးအပေါ်ဘက်မှဆရာတော်ခုံးယင်ကလည်း ရှောင်တိမ်းမည့်လမ်းကိုအဆင်သင့်ပိတ်ဆို့ထားသေးသည် ။

ထိုအခြေအ‌နေတွင် သာမန်သိုင်းဝိဇ္ဇာတစ်ယောက်ယောက်ဆိုလျှင် ပျာယာခတ်သွားပြီး ခုခံရှောင်တိမ်းရန်ပင်ဖြစ်နိုင်မည်မဟုတ်သော်လည်းအဖိုးအို၏ပုဲစံကတည်ငြိမ်လွန်းလှသည်။

ဦးစွာ သူ၏လက်နှစ်ဖက်ကိုဆန့်ထုတ်ကာ ရှေ့မှဝင်ရောက်လာသည့်လက်ဝါးချက်များကို ခုခံချေဖျက်လိုက်သည်။

" ဝုန်း...ဝုန်း...."

ကျယ်လောင်သည့်ပေါက်ကွဲသံများနှင့်အတူ ဆရာတော်ခုံးယင်၏ ဝရဇိန်နတ်လက်ဝါးရိုက်ချက်များက အဖိုးအို၏အနီးသို့ပင်ချဉ်းကပ်နိုင်ခြင်းမရှိခဲ့ပေ။

သို့သော် အဖိုးအိုအလုပ်ရှုပ်သွားသည့်အချိန်တခဏကိုအခွင့်ကောင်းယူကာ အဖိုးအိုယန်ချန်းနင်က သူ၏ခြေထောက်များကိုအောင်မြင်စွာဖမ်းဆုပ်နိုင်လိုက်ပေသည်။

" မိပြီကွ...."

အဖိုးအိုယန်ချန်းနင်က သူ၏လက်နှစ်ဖက်ကိုအားအင်စိုက်ထုတ်ကာ အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏ခြေထောက်များကို ချိုးပစ်ရန်ကြိုးစားလိုက်သော်လည်း အဖိုးအို၏ခြေထောက်တစ်ဖက်က ရိပ်ခနဲမြောက်တက်သွား၍မျက်နှာပျက်သွားသည်။

ထိုစဉ် ကျန်ရှိနေသည့်ခြေထောက်တစ်ဖက်က‌နောက်သို့မသာမသာဆုတ်သွားပြီး ရှေ့သို့ပြန်လည်ဆန့်ထုတ်လိုက်သည့်အခါ အဖိုးအိုယန်ချန်းနင်၏ရင်ဝသို့တည့်မက်စွာထိမှန်သွားလေသည်။

" ဝုန်း...."

" အ...."

အဖိုးအိုယန်ချန်းနင်မှာ လွတ်မြောက်သွားသည့်ခြေထောက်တစ်ဖက်ကိုအာရုံစိုက်နေမိသည့်အတွက် ကျန်တစ်ဖက်၏အလစ်တိုက်ခိုက်မှုကိုခံရကာ ရင်ဘက်မှအရိုးအချို့ကျိုးကြေသွားပြီး ကျိုးပြက်သည့်စွန်တစ်ကောင်လိုလွင့်စင်သွားတော့သည်။

ထိုမြင်ကွင်းကြောင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများမျက်နှာပျက်သွားကြသော်လည်း ခြေသိုင်းပညာရှင်မုတ်ဆိတ်ရှည်နှင့်အဖိုးအိုက သဘောကျစွာရယ်မောလိုက်သည် ။

" သေစမ်း အစ်ကိုကြီးရဲ့ခြေထောက်ကိုဖမ်းချုပ်ဖို့ဘယ်လိုတောင်သတ္တိရှိတာလဲ။ သူ့ရဲ့ ပုတ်ဆွေးခြေထောက်သိုင်းက ငါထက်တောင်ပိုပြီးကြောက်စရာကောင်းတာကို....."

မုတ်ဆိတ်ဖြူအဖိုးအို၏စကားအဆုံးတွင် အဖိုးအိုယန်ချန်းနင်က လဲကျနေရာမှလူးလဲထကာ သူ၏အင်္ကျီရင်ဘက်နေရာကိုစုတ်ဖြဲလိုက်သည်ကိုအားလုံးတွေ့လိုက်ကြရသည်။

အဖိုးအိုယန်ချနနင်၏ရင်ဘက်နေရာတွင် ညိုမည်းသည့်ခြေထောက်ရာကြီးတစ်ခုရှိနေသည်ကိုတွေ့ရပြီးထိုနေရာရှိသွေးကြောများပိတ်ခဲ၍ ညိုမည်းလာသည်ကို‌မြင်လိုက်ရကြသည်။

သူ၏မျက်နှာကလွန်စွာလေးနက်တည်ကြည်နေပြီး ရင်ဘက်မှသွေးကြောအချို့ကိုထိုးပိတ်ကာ ချက်ခြင်းလိုလိုအတွင်းအားလှည့်ပတ်လိုက်သည်ကိုမြင်လိုက်ကြရသည် ။

အဖိုးအိုယန်ချန်းနင်၏အမူအယာကိုကြည့်၍ ထိုဒဏ်ရာက မည်မျှအရေးကြီးသည်ကိုတွေ့မြင်နိုင်ပြီးလူတိုင်း၏ရင်ထဲတွင်အေးစိမ့်သွားကြသည်။

အစောပိုင်က အဖိုးအိုယန်ချန်းနင်တို့သုံးယောက်၏ ‌‌အစွမ်းကုန်တိုက်ကွက်များကြောင့် ကျန်တိုက်ပွဲလေးခုပင်ရပ်သွားပြီး သူတို့ကိုစောင့်ကြည့်နေကြခြင်းဖြစ်သည်။

ထိုအခိုက် ခွန်လွန်ဂိုဏ်းချုပ်ကြီးက တစ်စုံတစ်ခုကိုသတိရဟန်ဖြင့် စိုးရိမ်တကြီးအော်ဟစ်လိုက်သည်။

" မကောင်းတော့ဘူး ဆရာ‌တော်ခုံးယင်...."

အဖိုးအိုယန်ချန်းနင်ကိုအာရုံရောက်နေကြ၍ အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုနှင့် ဆရာတော်ခုံးယင်တို့ကိုခေတ္တမေ့လျော့သွားကြသည်။

သူ၏အော်သံကြောင့် လူအားလုံးအလျှင်အမြန်လှည့်ကြည့်လိုက်ရာ အ‌စောပိုင်းကထက်ပင်ပို၍ကျယ်လောင်သည့်အသံနှင့် ဖွဲအိတ်တစ်အိတ်လိုလွင့်စင်လာသည့်ဆရာတော်ခုံးယင်၏ခန္တာကိုယ်ကြီးကိုမြင်လိုက်ကြရသည်။

မူလက ဆရာတော်ခုံးယင်တို့နှစ်ယောက်ပေါင်း၍ အနက်‌ရောင်ဝတ်စုံဝတ်အဖိုးအိုကိုအစွမ်းကုန်တိုက်

ခိုက်လိုက်ကြသော်လည်း အဖိုးအိုယန်ချန်းနင်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားရာ ဆရာတော်ခုံးယင်တစ်ဦးထဲ အဖိုးအိုကိုလုံးဝမယှဉ်နိုင်ပါချေ။

" ဆရာတော်ခုံးယင်....."

ကျောက်စိမ်းတုတ်အဖိုးကျန်းက ဆရာတော်ခုံးယင်၏ခန္တာကိုယ်ကိုဆီးကြိုဖမ်းယူထားလိုက်သလို ကျန်လူများကဝိုင်းဝန်းကာကွယ်ပေးလိုက်ကြသည်။

အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုက ဆရာတော်ခုံးယင်တို့ကိုလိုက်လံတိုက်ခိုက်ခြင်းမရှိဘဲ သူ၏နေရာတွင်အေးဆေးစွာရပ်နေသည်ကိုမြင်လိုက်ကြရသည် ။

သို့‌သော် ဂိုဏ်းကြီးခြောက်ဂိုဏ်းဘက်မှအစွမ်းအထက်ဆုံးလူနှစ်ယောက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားလေရာ တိုက်ပွဲ၏ရလာဒ်က သိသာနေပြီဖြစ်သည်။

ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများ ရှူံးနိမ့်သွားလေပြီ...... ။

&&&

All Chapters