← Chapters

ပညာရှင်တို့၏တိုက်ခိုက်မှု

Vol. 4 Ch. 93

ပညာရှင်တို့၏တိုက်ခိုက်မှု

Vol. 4 Ch. 93

အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏စကားကြောင့် အမှောင်ကျေးရွာမှလူများပင်ပါးစပ်အဟောင်းသားဖြစ်သွားမိ၏။

သူတို့၏အစ်ကိုကြီးက ထူးဆန်းသည့်စိတ်နေစိတ်ထားရှိသလို တစ်စုံတစ်ခုကိုဆုံးဖြတ်ပြီးလျှင်လည်းမည်သူမှဟန့်တားမရသည်အထိခေါင်းမာလှသည်။

ထို့ကြောင့်သူ၏စကားကိုမလိုလားသော်လည်း ကျန်အဖိုးအိုများမှာ အငြင်းအခုန်မပြုတော့ဘဲ တစ်ဖက်ရှိမိန်းမပျိုလေးတို့လူစုကိုသာ စူးစိုက်ကြည့်လိုက်ပြသည်။

ထိုလူစုက အားကောင်းသည့်တိုင် သူတို့အနေဖြင့်အနိုင်ယူနိုင်စွမ်းရှိနေဆဲဖြစ်ပြီးမည်သည့်အတွက် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုယခုလိုဆုံးဖြတ်ရသည်ကို စဉ်းစားမရဖြစ်နေဆဲပင်။

ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများကား အခြေအနေများပြောင်းလဲကုန်သည်ကိုမည်သို့တုန့်ပြန်ရန်ပင်လိုက်မမှီကြတော့ပေ။

မူလက အဖြူရောင်ဝေါယာဉ်နှင့်ထူးခြားသည့်လူစုရောက်ရှိလာ၍ တစ်ပူပေါ်နှစ်ပူဆင့်မည်ဟုတွေးခဲ့မိသည့်တိုင် ယခု ထိုလူစုက သူတို့ကိုပင်ကူညီနေသေးသည်။

အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏အဖြေကြောင့် ဝတ်စုံဖြူဝတ် မိန်းမပျိုလေး၏မျက်ဝန်းများက တဖျက်ဖျက်တောက်ပသွားပြီး အသာခေါင်းညိမ့်ပြလိုက်သည်။

" ကောင်းပြီလေ...."

မိန်းမပျိုလေးက အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏စကားကိုသဘောတူပြီးနောက် နောက်ဘက်ရှိခါးကုန်းအဖိုးအိုကိုပြန်ကြည့်ကာပြောလိုက်သည်။

" ဒါဆိုရင် အဖိုးမန်ကိုဒုက္ခပေးရဦးမယ်....."

မိန်းမပျိုလေး၏စကားအဆုံး၌ ခါးကုန်းအဖိုးအို၏နောက်ကျောကဖြောင့်မက်သွားပြီး ပျင်းရိပျင်းတွဲဟန်ဖြင့်မှေးစင်းနေသည့်မျက်လုံးများက စိန်ပွင့်များအလား တဖျက်ဖျက်တောက်ပလာသည်။

" သခင်မလေးရဲ့အမိန့်အတိုင်းပါ......"

အဖိုးအို၏ခန္တာကိုယ်ကအရိပ်တစ်ခုလိုရွေ့လျားလာပြီး မိန်းမပျို၏ဘေးတွင်ရိပ်ခနဲပေါ်လာသည်။

သူ၏ပြောင်းလဲသွားသည့်အရှိန်အဝါနှင့်အံ့မခန်းလှုပ်ရှားမှုတို့ကြောင့် အမှောင်ကျေးရွာမှအဖိုးအိုများပင်တုန်လှုပ်သွားမိကြ၏။

ယခုမှ မည်သည့်အတွက် သူတို့အစ်ကိုကြီးက ထိုလူစုကို သတိထားဆက်ဆံနေသည်ကိုသဘောပေါက်သွားကြသည်။

ဤသည်က အဆင့်တူများတွင်ရှိသင့်ရှိထိုက်သည့် လေးစားမှုဖြစ်ပေသည်။

အဖိုးအို၏သိုင်းပညာကို ယခင်ကသိခဲ့ပြီးဖြစ်သည့်ဂိုဏ်းကြီး‌ခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများက များစွာအံ့ဩမှုမရှိကြဘဲ ခြေချိတ်ထိုင်ကာအတွင်းအားဖြင့်ကုစား‌နေသည့် အဖိုးအိုယန်ချန်းနင်နှင့်ဒဏ်ရာအပြင်းအထန်ရရှိထားသည့်ဆရာတော်ခုံးယင်တို့ကိုသာ ကာကွယ်ပေးလိုက်ကြ၏ ။

တစ်ဖက်တွင် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုက ခါးကုန်းအဖိုးအိုကိုအသိအမှတ်ပြုဟန်ဖြင့်ကြည့်ရင်း ရှေ့သို့ဖြေးညင်းစွာတိုးထွက်လာသည်။

" ကျုပ်က ဖန်းဟွိုက် အမှောင်ကျေးရွာက မရဏဝတ်ရုံဝတ်အကြီးအကဲဆယ့်နှစ်ယောက်ထဲကပဲ ....."

အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုက သူ၏ဂုဏ်ပုဒ်ကိုထုတ်ဖော်မိတ်ဆက်လိုက်သည်။

သူ၏ပါးစပ်က အနည်းငယ်မှရွေ့လျားခြင်းမရှိသော်လည်း ခါးကုန်းအဖိုးအို၏နားထဲတွင် ထိုအသံကိုရှင်းလင်းစွာကြားလိုက်ရသည်။

ထိုအဖြစ်ကြောင့် ခါးကုန်းအဖိုးအို၏မျက်နှာထက်၌ အပြုံးရိပ်ကလေးတစ်ခုပေါ်လာပြီး အနက်ရောင်ဝတ်စုံတ်အဖိုးအဖိုးအိုနည်းတူ အသံပိတ်လွှတ်ကာပြောလိုက်သည်။

" ကျုပ်က မန်ချောင် အထွတ်အမြတ်နတ်နန်းတော်ရဲ့ ကောင်းကင်အစောင့်အရှောက်နှစ်ယောက်ထဲကတစ်ယောက်ပဲ ....."

ခါးကုန်းအဖိုးအို၏အ‌ဖြေကြောင့် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုပင်အတော်လေးအံ့အားသင့်သွားရပြီး သူ၏ပုံစံက တစ်စုံတစ််ခုကိုသိရှိသွားဟန်ဖြင့်ခေါင်းညိမ့်လိုက်မိသည်။

အဖိုးအိုနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက်ခြေလှမ်းအနည်းငယ်သာခွာပြီးတိတ်ဆိတ်စွာရပ်နေကြ၍ ထူးခြားသည့်မြင်ကွင်းတစ်ခုဖြစ်ပျက်လျက်ရှိသည်။

" မြောင်ကြီး လူအိုကြီးဖန်းက ဟိုတစ်ယောက်နဲ့အကြည်ဆိုက်နေတာလား....."

အဖိုးအိုနှစ်ယောက်က အချိန်အနည်းငယ်ကြာသည်အထိတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ငြိမ်သက်နေကြသည့်အတွက် ကလိန်ကကျစ်ရုပ်နှင့်အဖိုးအိုက ခပ်တိုးတိုးကပ်မေးလိုက်သည်။

သူ၏မေးခွန်းကြောင့် ထိုနှစ်ယောက်ကိုမျက်တောင်မခတ်တမ်း စောင့်ကြည့်နေသည့်ခန့်ညားသည့်အဖိုးအိုက အာရုံပျက်သွားကာ စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့်ပြန်ပြောလိုက်သည်။

" မင်းပဲအကြည်ဆိုက်.....တိတ်တိတ်နေစမ်းပါဟ....."

ခန့်ညားသည့်အဖိုးအိုက တိုက်ခိုက်တော့မည့်လူနှစ်ယောက်ကိုတစ်ချက်ကြည့်လိုက်ပြီးဆက်ပြောလိုက်သည်။

" ဟိုဘက်က သူနဲ့မတိမ်းမယိမ်းအဆင့်ဆို‌တော့ လူအိုကြီးဖန်းက အတော်လေး ဂရုစိုက်နေတယ်။

အခုလည်း တစ်ယောက်ကိုတစ်ယောက်ဟာကွက်ရှာပြီးစိတ်ထဲမှာတင်တိုက်ခိုက်နေကြတဲ့ပုံပဲ ...."'

သူတို့ထဲတွင် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုပြီးပါက ခန့်ညားသည့်အဖိုးအိုက အစွမ်းအထက်ဆုံးဖြစ်၍ လက်ရှိအခြေအနေကိုသူတစ်ယောက်သာခန့်မှန်းနိုင်သည်။

ဤနေရာရှိလူများအားလုံးက သိုင်းဝိဇ္ဇာအဆင့်များသာဖြစ်သော်ကြား အဖိုးအိုနှစ်ယောက်၏အပြုအမူကို နားမလည်နိုင်ကြဆဲဖြစ်နေကြသည်။

အဖိုးအိုနှစ်ယောက်၏မျက်လုံးများကိုအသေအချာအကဲခပ်ကြည့်မည်ဆိုပါက အရိပ်များစွာဖြတ်ပြေးနေသည်ကိုတွေ့ရမည်ဖြစ်ပြီး နေရာယူပုံမှတစ်ဆင့် စိတ်ထဲတွင်အကွက်ပေါင်းများစွာဖလှယ်ကြပြီးဖြစ်သည်။

အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏ကိုယ်ဟန်က ရှေ့သို့ခုန်အုပ်တော့မည့်ကျားတစ်ကောင်ပမာ ကြမ်းကြုတ်မှု၊ စိတ်အားထက်သန်မှုများအပြည့်အဝရှိနေပြီး အလေးအနက်မရှိသည့်ပင်ကိုပုံစံနှင့်ကွဲပြားလှသည်။

ထိုနည်းတူ ခါးကုန်းအဖိုးအိုသည်လည်း ခါးကုန်းကုန်းနှင့်ပျင်းရိသည့်အဖိုးအိုတစ်ဦးအဖြစ်မှ အစွမ်းထက်ပညာရှင်တစ်ယောက်၏သွင်ပြင်သို့ပြောင်းလဲနေကာ စိန်ပွင့်များအလားတဖျက်ဖျက်တောက်ပနေသည့်မျက်လုံးများနှင့်အားကောင်းလှသည့်အတွင်းအားလှိုင်းများက အနီးရှိသိုင်းဝိဇ္ဇာများကိုပင် အသက်ရှူကြပ်သလိုခံစားမိစေသည်။

" လူအိုကြီးဖန်း အခုလိုအလေးအနက်ဖြစ်တာ တစ်ကြိမ်မှမမြင်ဖူးဘူး...."

တစ်ကိုယ်ထဲ တီးတိုးပြောလိုက်သည့်ခန့်ညားသည့်အဖိုးအို၏စကားအဆုံးတွင် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုက မြေပြင်ကိုခြေတစ်ချက်ဆောင့်ကာ မြားတစ်စင်းလိုရှေ့သို့ပြေးဝင်သွားတော့သည်။

တစ်ချိန်ထဲမှာပင် သူ၏လက်ဝါးနှစ်ဖက်က ရှေ့သို့ကန်တော့ချွန်းပုံသဏ္ဍာန်ရွေ့လျားသွားပြီး ခပ်လျောါလျော့ကိုယ်ဟန်ဖြင့်ဆီးကြိုနေသည့်ခါးကုန်းအဖိုးအို၏သွေးကြောကွက်များဆီသို့ အတိအကျတိုးဝင်သွားသည် ။

လက်ဝါးစောင်းအရိပ်များက ရာထောက်ချီ၍ထွက်ပေါ်လာကာ ခါးကုန်းအဖိုးအို၏ခန္တာကိုယ်တစ်ခုလုံးပင် လက်ရိပ်များကြားတွင်ပျောက်ကွယ်သွားရသည်။

မျက်တောင်တခတ်အတွင်းလျှင်မြန်စွာရွေ့လျားလာသည့်အဖိုးအို၏လှုပ်ရှားမှုနှင့် ရုတ်ချည်းဆိုသလိုထွက်ပေါ်လာသည့်လက်ရိပ်များစွာကြောင့် ကြည့်ရှုနေကြသူများအားလုံးအံ့အားသင့်သွားကြ၏။

ထိုစဉ် ခါးကုန်းအဖိုးအို၏လက်ဝါးနှစ်ဖက်က ဖြေးညင်းစွာရွေ့လျားသွားပြီး အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏တိုက်ကွက်များကြားသို့ ညင်သာစွာရိုက်ချလိုက်သည်။

" ဖြောင်း...."

" ဝုန်း....ဝုန်း.... "

တခဏအတွင်း ကျယ်‌လောင်သည့်ပေါက်ကွဲသံများအတွင်းအားလှိုင်းများထွက်ပေါ်လာပြီး အဖိုးအိုနှစ်ယောက်၏အနီးတွင် ကြောက်မက်ဖွယ်ကောင်းလှသည့်အားလှိုင်းများဖြစ်ပေါ်လာတော့သည်။

အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏လှုပ်ရှားမှုများကို လိုက်မီစေရန် ကျန်လူများအ‌နေဖြင့်အသဲအသန်လိုက်ကြည့်နေရသလို ခါးကုန်းအဖိုးအို၏လှုပ်ရှားမှုများကား သာမန်မျက်စေ့ဖြင့်မြင်နိုင်သည်အထိ နှေးကွေးလှသည်။

အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုက လက်သီး၊ လက်ဝါးနှင့်လက်ချောင်းများကို အမျိူးမျိုးအသုံးပြုနေပြီးလွန်စွာလျှင်မြန်လှသည့်တိုက်ကွက်များဖြင့် ခါးကုန်းအဖိုးအိုကိုဖိအားပေးတိုက်စစ်ဆင်နေခြင်းဖြစ်သည်။

ထိုတိုက်ကွက်များ၏အမြန်နှုန်းက ကြည့်ရှုနေကြသည့်သိုင်းဝိဇ္ဇာများကိုတုန်လှုပ်စေသည့်အဆင့်ရှိသလို ပြင်းအားကသာမန်သိုင်းဝိဇ္ဇာတစ်ယောက်ကိုအတွင်းဒဏ်ရာရစေနိုင်သည်။

ထို့အပြင် အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏သိုင်းကွက်တိုင်းကရက်စက်ကြမ်းကြုတ်လှပြီး တစ်ဖက်လူ၏သေကွင်းသေကွက်များကိုသာဦးတည်နေသည့်သိုင်းကွက်များဖြစ်၏။

အံ့ဩဖွယ်ကောင်းစွာဖြင့်ခါးကုန်းအဖိုးအို၏နှေးကွေးလေးလံသည့်လက်ဝါးချက်များက တစ်ဖက်လူ၏တိုက်ကွက်များကို ခေတ္တတုံ့နှေးသွားစေပြီး လိုအပ်သည့်ရှောင်တိမ်းချိန်ကိုရရှိစေခဲ့သည်။

လျှင်မြန်ပြင်းထန်ပြီးရက်စက်ကြမ်းကြုတ်သည့်တိုက်ကွက်များကိုလက်ဝါးလေးနှစ်ဖက်ဝေ့ယမ်းကာ အသာအယာချေဖျက်နေသည့်အဖိုးအို၏သွင်ပြင်က လွန်စွာမှကြည့်ကောင်းလှပြီး သူ၏သိုင်းပညာမြင့်မားမှုနှင့်တိုက်ပွဲအတွေ့အကြံပြည့်ဝမှုတို့ကိုပြသလျက်ရှိသည်။

သို့သော် အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏တိုက်ကွကွက်များက လျှင်မြန်ပြင်းထန်လှသည့်အပြင် ဇယ်ဆက်သလိုအဆက်မပြက်ဝင်ရောက်နေရာ ခါးကုန်းအဖိုးအိုကလည်း ခုခံကာကွယ်ရာမှနေ၍ တန်ပြန်တိုက်ခိုက်နိုင်ခြင်းမရှိသေးပေ။

ဤသို့ဖြင့် သူတို့နှစ်ယောက်၏လူရိပ်များက ရောထွေးနေကြပြီး အဖြူအနက်ရောနှောနေသည့်လေပွေစက်ဝန်းကြီးနှစ်ခုလို ပဆက်မပြက်လှည့်ပတ်ရွေ့လျားနေကြပေသည်။

တိုက်ပွဲ၏ကြာချိန်ကအမွှေးတိုင်တစ်ဝက်ကျိုးချိန်သာရှိသေးသော်လည်း တိုက်ကွက်ငါးရာနီးပါးအထိရောက်ရှိလာပြီး အနိုင်အရှုံးပေါ်ရန်ဝေးစွ အသာစီးရရှိသူပင်မရှိသေးပေ။

ထိုတိုက်ပွဲမှထွက်ပေါ်လာသည့်သိပ်သည်းလှသောအတွင်းအားလှိုင်းများကပင် ပတ်ဝန်းကျင်ရှိရှိရှိသမျှအရာအားလုံးကိုအမှုန့်ဖြစ်သွားစေနိုင်သည်အထိ ကြောက်စရာကောင်းလှပေသည်။

ကံကောင်း‌ထောက်မစွာဖြင့်မိန်းမပျိုလေးတို့လူစုနှင့် အမှောင်ကျေးရွာမှလူများက တိုက်ပွဲမစမီကပင်လွတ်ရာသို့ဆုတ်ထားပြီးဖြစ်ရာ အားလှိုင်းများ၏သက်ရောက်မှုကိုမခံလိုက်ရပေ။

ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများကား မူလကပင်တိုက်ပွဲနှင့်ဝေးရာတွင်ရှိနေကြ၍ နောက်သို့ထပ်ဆုပ်စရာမလိုတော့ဘဲ အံ့မခန်းပြင်းထန်သည့်တိုက်ပွဲကြီးကို တုန်လှုပ်စွာကြည့်ရှုနေကြ၏။

သူတို့အားလုံးက သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိပြီးသူများဖြစ်ကြသည့်တိုင် ထိုအဖိုးအိုနှစ်ယောက်နှင့်နှိုင်းယှဉ်ပါက ကိုယ့်ကိုယ်ကိုသာမန်သိုင်းသမားပေါက်စကလေးများဟုပင်ခံစားနေမိကြသည်။

အထူးသဖြင့် ထိုနှစ်ယောက်အသုံးပြုနေသည့်တိုက်ကွက်များက သူတို့ထဲမှမည်သူ့ကိုမဆို သိုင်းကွက်ငါးဆယ်အတွင်းသတ်ဖြတ်နိုင်စွမ်းရှိကြပြီး ယခုမှ အမှောင်ကျေးရွာမှလူများမည်သည့်အတွက် နှုတ်ပိတ်သတ်ဖြတ်ရန်ပြောဆိုကြသည်ကို သဘောပေါက်သွားသည် ။

အကယ်၍ ထူးခြားသည့်အဖြူရောင်ဝေါယာဉ်သာရောက်ရှိမလာပါက သူတို့အနေဖြင့်တစ်ဦးတစ်လေသာလွတ်မြောက်နိုင်ပေမည်။

ထိုအကြောင်းကိုတွေးမိရင်း ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများမှာ ဝတ်စုံဖြူဝတ်မိန်းမပျိုလေးကို အံ့ဩကျေးဇူးတင်ဟန်ဖြင့်ကြည့်လိုက်မိကြ၏။

ထူးခြားသည့်လူများ၏ခေါင်းဆောင်ဖြစ်သည့်ထိုမိန်းမပျိုကလည်း ဆန်းကြယ်သူတစ်ယောက်ပင်ဖြစ်ကာ မြင့်မြတ်ပြီးလွှမ်းမိုးနိုင်စွမ်းရှိသည့်အရှိန်အဝါက သူမဆီမှအလိုလိုထွက်ပေါ်နေပေသည်။

ယခုအခါ မိန်းမပျိုလေး၏ ကြည်လင်စူးရှသည့်မျက်ဝန်းကလေးများက ခပ်လှမ်းလှမ်းမှတိုက်ပွဲကိုမျက်တောင်မခတ်တမ်းစောင့်ကြည့်နေပေသည်။

တစ်ဖက်တွင် အမှောင်ကျေးရွာမှလူများလည်း ထူးခြားသည့်လူစုထဲမှခါးကုန်းအဖိုးအိုက သူတို့ထဲတွင်အစွမ်းအထက်ဆုံးလူကို သူတင်ကိုယ်တင်ယှဉ်တိုက်နိုင်ရာ အတော်လေးအံ့ဩနေမိကြ၏ ။

" မြောင်ကြီး လူအိုကြီးဖန်းကနှလုံးကြွေလက်ဝါးသိုင်းနဲ့အသည်းအူဖောက်လက်သည်းသိုင်းကိုတွဲသုံးနေတာတောင် ဟိုလူ့ကို ဒဏ်ရာရအောင်မတိုက်နိုင်သေးဘူး ။ အခြေအနေဟန်ပါ့မလား....."

ကလန်ကကျစ်ရုပ်နှင့်အဖိုးအိုက မနေနိုင်ဘဲ ကျန်နှစ်ယောက်ကို သတိပေးလိုက်သည်။

သူ၏စကားကြောင့် မုတ်ဆိတ်ဖြူအဖိုးအိုက အနည်းငယ်စိုးရိမ်သွားဟန်တူသော်လည်းခန့်ညားသည့်အဖိုးအိုကမူ ခပ်အေးအေးလေသံဖြင့်တုန့်ပြန်လိုက်သည်။

" လောမနေစမ်စပါနဲ့ လူအိုကြီးဖန်းက သူ့ရဲ့ပုတ်ဆွေးတစ္ဆေခြေထောက်သိုင်းနဲ့ သေမင်းကျိန်စာကိုမှမသုံးသေးတာ....."

ထိုစကားကြောင့် ကျန်နှစ်ယောက်လည်း အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုထုတ်မသုံးရသေးသည့်သိုင်းပညာများကိုပြန်သတိရသွားကာတည်ငြိမ်သွားကြသည်။

&&&&

All Chapters