← Chapters

အအေးဓာတ်နှင့်အပူဓာတ်

Vol. 4 Ch. 94

အအေးဓာတ်နှင့်အပူဓာတ်

Vol. 4 Ch. 94

ခန့်ညားသည့်အဖိုးအိုက လေးနက်တည်ကြည်သည့်အမူအယာဖြင့်ဆက်ပြောလိုက်သည်။

" ဒါပေမယ့် တစ်ဖက်လူကလည်း လူအိုကြီးဖန်းရဲ့တိုက်ကွက်မှန်သမျှကို အေးအေးဆေးဆေးပဲကာကွယ်နေတယ်။။သူ့ကိုကြည့်ရတာ ပညာကုန်ထုတ်သုံးတဲ့ပုံမရဘူး ။

သူတို့နှစ်ယောက်မှာ ဘယ်သူသာတယ်ဆိုတာအတိအကျပြောဖို့ခက်ပေမယ့် ငါတို့လုံးဝရှုံးနိမ့်လို့မဖြစ်ဘူးနော်။ ဂိုဏ်းကြီးခြောက်ဂိုဏ်းကလူတွေလည်းရှိနေသေးတယ် ....."

ခန့်ညားသည့်အဖိုးအိုက ခပ်လှမ်းလှမ်းတွင်ခြေချိတ်ထိုင်ကာအတွင်းအားဖြင့်ကုစားနေသည့်မိစ္ဆာဓားသမားလူငယ်ကိုတစ်ချက်စောင်းငဲ့ကြည့်ရင်းပြောလိုက်ခြင်းဖြစ်၏ ။

သူ၏စကားကြောင့် ချက်ဆိုလျှင် နားခွက်မှမီးတောက်သည့် ကလိန်ကကျစ်အဖိုးအိုက သဘောကျစွာပြုံး၍ ပြောလိုက်သည်။

" စိတ်မပူကြနဲ့ အချိန်ကျရင် ငါခိုင်းတဲ့အတိုင်းမင်းတို့လိုက်လုပ်ရုံပဲ....."

သူ၏ယုံကြည်မှုပြည့်ဝသည့်စကားနှင့် အမျိုးစုံလင်သည့်အကြံဉာဏ်များကြောင့် ကျန်အဖိုးအိုနှစ်ယောက်လည်း ခေါင်းညိမ့်လိုက်မိကြသည်။

ထိုအချိန်တွင် တိုက်ပွဲ၏အရှိန်အဟုန်က ပို၍မြင့်မားလာပြီးအနက်ရောင်ဝတ်စုံဝတ်အဖိုးအိုက သူ၏တိုက်စစ်ကိုအဆုံးစွန်အထိ တိုးမြှင့်လိုက်သည် ။

လက်ဝါးရိပ်များနှင့်လက်သည်းရိပ်များက ထောင်နှင့်ချီ၍ထွက်ပေါ်နေသလို တစ်ခါတစ်ရံဝင်ရောက်လာတတ်သည့်ခြေကန်ချက်များက ခါးကုန်းအဖိုးအိုရှောင်တိမ်းနိုင်မည့်နေရာများသို့သာအတိအကျဝင်ရောက်နေသည်။

ထိုခြေကန်ချက်များကသာမန်ဟုထင်ရသော်လည်း သိုင်းဝိဇ္ဇာအလယ်အဆင့်ရှိသည့် သစ္စာလက်သီးယန်ချန်းနင်ကိုပင်တစ်ချက်ထဲဖြင့်ဆိုးဆိုးရွားရွားဒဏ်ရာရစေ၍မည်မျှကြောက်စရာကောင်းသည်ကိုသိရှိနိုင်သည်။

ထို့ကြောင့် ခါးကုန်းအဖိုးအိုသည်လည်း နှေးကွေးညင်သာသည့်လက်ဝါးသိုင်းတစ်ခုထဲဖြင့်ကာကွယ်ရန်မလုံလောက်တော့ဘဲ သူ၏အစွမ်းအထက်ဆုံးပညာရပ်ကိုထုတ်သုံးလာတော့သည်။

" ရွှီး....."

စူးရှသည့်လေချွန်သံနှင့်အတူ ခါးကုန်းအဖိုးအို၏လက်ချောင်းမှထွက်ပေါ်လာသည့်အားလှိုင်းက အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏ခါးဆစ်နေရာသို့ လျှင်မြန်စွာတိုးဝင်သွားသည်။

လေချွန်သံကြောင့်အာရုံပြောင်းသွားပြီး တစ်ဖက်လူ၏သိုင်းပညာအပြောင်းအလဲကိုမျှော်လင့်မထားမိ၍ အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုမှာ ပြိုက်ဘက်၏တိုက်ကွက်ကိုရှောင်တိမ်းနိုင်ခြင်းမရှိဘဲ နောက်သို့ခြေသုံးလှမ်းဆုတ်ပေးလိုက်ရသည်။

ထိုအဖြစ်က ကြည့်ရှုနေကြသူများကိုမျက်လုံးပြူးသွားစေပြီး တိုက်ပွဲတွင်ဦးစွာအရေးနိမ့်သွားသူက အဆက်မပြက်ဖိတိုက်နေသည့်အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုဖြစ်မည်ဟုမျှော်လင့်မထားမိကြပေ။

" ဟားဟား.....ပြောင်မြောက်လိုက်တဲ့လက်ချောင်းထိုးကွက်တွေပါလား ကျုပ်ကို အကြောပိတ်ခံရလုနီးပါးဖြစ်အောင်လုပ်လိုက်နိုင်တယ်...."

အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုက သဘောကျစွာရယ်မော၍ပြောလိုက်သည်။

သူ၏စကားအရ တစ်ဖက်လူ၏လက်ချောင်းသိုင်းကအစွမ်းထက်လှသော်လည်းသူ့ကိုဒဏ်ရာရစေဟန်ပင်မတူပေ။

အမှန်လည်း ခါးကုန်းအဖိုးအို၏တိုက်ကွက်ကိုမရှောင်တိမ်းနိုင်သည်နှင့် အချိန်မီအတွင်းအားပို့လွှတ်ကာကာကွယ်ခဲ့ခြင်းကြောင့် အနည်းငယ်ထုံကျင်သည်မှအပ မည်သို့မှခံစားရခြင်းမရှိပေ။

သူ၏စကားကို ခါးကုန်းအဖိုးအိုက တုံ့ပြန်ခြင်းမပြုဘဲ လေချွန်သံတစ်ချက်ပေးကာ ရှေ့သို့ရိပ်ခနဲတိုးဝင်လာခဲ့သည်။

ထို့နောက် လျှင်မြန်သွက်လက်လှသည့်လက်ချောင်းတိုက်ကွက်များဖြင့် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုကို အဆက်မပြက်တိုက်ခိုက်လာပြီး တိုက်ပွဲ၏ခေါင်းစည်းနေရာက ပြောင်းလဲသွားတော့သည်။

" ဟားဟား.. လာစမ်းပါ....."

အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုကလည်း တစ်ချက်ကလေးမှတုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့တိုးဝင်ကာ ပြိုင်ဘက်၏တိုက်ကွက်များကိုထိတ်တိုက်ရင်ဆိုင်လိုက်သည်။

ယခုတစ်ကြိမ်၌ သူ၏ပုံစံက အနည်းငယ်ထူးခြားနေပြီး အသေအချာကြည့်ရှုမည်ဆိုပါက သူ၏သွေးကြောများက ဖောင်းကြွနေပြီးအပြာရောင်သိမ်းနေသည်ကိုတွေ့ရပေမည်။

" ဝှစ်...."

ခါးကုန်းအဖိုးအို၏လက်ချောင်းများက အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏ကိုယ်အထက်ပိုင်းရှိသွေးကြောကွက်များဆီသို့အတိအကျတိုးဝင်လာသည်။

ထူးခြားသည့်အချက်က သူ၏လေချွန်သံက ပြိုက်ဘက်၏အာရုံစုစည်းမှုကိုပျက်ပြယ်သွားစေပြီး တိုက်ခိုက်ရန်အခွင့်အရေးရရှိစေခြင်းပင်ဖြစ်သည်။

ခါးကုန်းအဖိုးအိုကိုအဓိကရင်ဆိုင်နေသည့်အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုကမည်သို့မှမဖြစ်သော်လည်း ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများ၊ အမှောင်ကျေးရွာမှလူများကား လေချွန်သံတစ်ချက်ကြားလိုက်ရတိုင်း စိတ်နှလုံးမငြိမ်မသက်မှုကိုခံစားနေကြရသည် ။

" သေစမ်း ဒါက ဘယ်လိုလေချွန်သံမျိုးလဲ ။ ငါ့ထက်တောင် ပိုသာနေသလိုပဲ ...."

အသံလှိုင်းပညာရပ်တစ်ခုကိုတတ်မြောက်ထားသည့်ကလိန်ကကျစ်အဖိုးအိုက ခပ်တိုးတိုးကျိန်ဆဲလိုက်ပြီးကျန်လူများကိုအကဲခပ်လိုက်သည်။

သူ၏သိုင်းပညာဖြင့်လေချွန်သံကဒုက္ခမပေးနိုင်သော်လည်း နားထဲတွင်တရွှီရွှီကြားနေရခြင်းကိုအတော်လေးစိတ်အနှောင့်အယှက်ဖြစ်ရသည်။

သို့သော် ထိုလေချွန်သံကို အဆင့်လွန်ထိပ်သီးတစ်ဦးဦးသာကြားရပါက နားစည်ကွဲ၍သေဆုံးနိုင်သည်အထိ သက်ရောက်မှုရှိပေမည်။

အစွမ်းထက်လှသည့်လေချွန်သံကြောင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများလည်း အတွင်းအားလှည့်ပတ်ကာတိုက်ပွဲကိုဆက်လက်ကြည့်ရှုနေကြသည်ကိုမြင်တွေ့လိုက်ရပြီး ဝတ်စုံဖြူဝတ်မိန်းမပျိုအနီးရှိဝေါယာဉ်ထမ်းသမားလေးယောက်ကား ခြေချိတ်ထိုင်ကာအတွင်းအားလေ့ကျင့်နေကြပေသည်။

ဝတ်စုံဖြူဝတ်မိန်းမပျိုကိုယ်တိုင်နှင့် သံမဏိမျက်နှာဖုံးစွပ်ဓားသမား၊ အဖြူရောင်ဝတ်စုံဝတ်သက်လက်ပိုင်းလူနှစ်‌ယောက်တို့သည်လည်း လေချွန်သံ၏သက်ရောက်မှုဒဏ်ကိုခံရသည့်တိုင် အတွင်းအားလှည့်ပတ်ကာ ဟန်မပျက်ရှိနေကြဆဲဖြစ်၏။

ထိုအချိန်တွင် လေချွန်သံ၏ပစ်မှတ်ထားတိုက်ခိုက်မှုကို အဓိကခံနေရသည့်အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုကား မျက်မှောင်ကြုတ်လျက်ရှိကာ ယခုတိုက်ပွဲကိုအမြန်ဆုံးဖြတ်ရန်တွေးတောလျက်ရှိ၏။

ကျန်လူများကိုသက်ရောက်သည်က လေချွန်သံ၏ဆယ်ပုံနှစ်ပုံပင်မရှိဘဲ ကျန်တိုက်ခိုက်မှုများကို သူတစ်ဦးထဲသာခါးစည်းခံနေရခြင်းဖြစ်၏။

သူ၏လက်ရှိအဆင့်ဖြင့်သာမန်အသံလှိုင်းတိုက်ခိုက်မှုများကိုဟန်မပျက်ခုခံနိုင်သည့်တိုင် ခါးကုန်းအဖိုးအို၏လေချွန်သံက အတော်လေးကြောက်စရာကောင်းလှသည်။

ထို့အပြင် သူ၏ခန္တာကိုယ်သွေးကြောကွက်များဆီသို့ထိမှန်ရန်အဆက်မပြက်ဝင်ရောက်လာသည့်လက်ချောင်းရိပ်များလည်းရှိနေသေး၍ အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုလည်း အော်ဟစ်မာန်သွင်းကာ လက်ဝါးနှစ်ဖက်ကိုပြိုင်တူညှပ်၍ရိုက်ချလိုက်သည်။

" အေးစိမ့်လေပြင်း......"

ဖြန်းခနဲမည်သံကြီးနှင့်အတူ အေးစက်စက်အားလှိုင်းတစ်ခုက ခါးကုန်းအဖိုးအိုဆီသို့ဝင်ရောက်သွားတော့သည်။

ထိုတိုက်ကွက်ကိုမြင်တွေ့သည်နှင့် အမှောင်ကျေးရွာမှလူများနောက်တွင် ခပ်ကုတ်ကုတ်ကလေးရပ်နေသည့်အရိုးဖြူဂိုဏ်းချုပ်လီဟူရှိုး၏မျက်ဝန်းများက ထူးဆန်းစွာတောက်ပသွားလေသည်။

ကျန်လူများကားအနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏ထင်မှတ်မထားသည့်တန်ပြန်တိုက်ကွက်ကို တအံ့တဩငေးမောနေမိကြသည်။

အဖိုးအိုက ပြိုင်ဘက်၏တိုက်ခိုက်မှုများကြားတွင်ရောက်ရှိနေရင်းမှ ယခုလိုတိုက်ကွက်မျိုးထုတ်နိုင်သည်မှာအတော်လေးချီးကျူးဖွယ်ကောင်းလှပြီး ခါးကုန်းအဖိုးအိုပင် သူ၏တိုက်ကွက်များကိုအလျှင်အမြန်ပယ်ဖျက်ကာရှောင်တိမ်းလိုက်ရသည်။

" ဝှီး....."

ခါးကုန်းအဖိုးအိုက တစ်ဖက်လူ၏အတွင်းအားလှိုင်းကိုရှောင်တိမ်းနိုင်လိုက်သည့်တိုင် အနည်းငယ်အဖျားခတ်သွား၍ သူ၏ကိုယ်တွင်းအင်္ဂါများကမောက်ကမဖြစ်သွားသည်ဟုပင်ခံစားလိုက်ရ၏။

အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏တိုက်ကွက်ကိုသာ

သတိလက်လွတ်ထိမှန်သွားပါက အသာစီးရနေရာမှချက်ခြင်းရှုံးနိမ့်သွားနိုင်သည်။

စင်စစ် ထိုအဖိုးအိုက အအေးဓာတ်အတွင်းအားပညာရှင်တစ်ယောက်ဖြစ်ပြီး ယခုလိုအရေးကြုံသည့်အခါမှ သူ၏အစွမ်းအစများကိုအကုန်အစင်အသုံးပြုလာခြင်းဖြစ်ပေသည်။

ခါးကုန်းအဖိုးအိုတစ်ယောက် လေလှိုင်းဒဏ်ကြောင့်အရှိန်တန့်သွားစဉ် အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏တိုက်ခိုက်မှုများက လေပြင်းကျသလိုဝင်ရောက်လာတော့သည်။

လက်သီး၊ လက်ဝါးနှင့်လက်သည်းကုတ်ချက်များသာမက လျှင်မြန်သည့်ခြေထောက်ရိပ်များက မုန်တိုင်းတိုက်သလိုပြင်းထန်လျက်ရှိသည်။

ထိုအ‌ခြေအနေတွင်ခါးကုန်းအဖိုးအိုမှာ ချက်ခြင်းဆိုသလိုအောက်စည်းသို့ရောက်ရှိသွားပြီးတစ်ဖက်လူ၏လက်ချက်မမိရန် သတိထားခုခံနေရသည် ။

အစွမ်းထက်သိုင်းပညာရှင်နှစ်ယောက်၏တိုက်ပွဲက အလှည့်အပြောင်းများဖြင့်ပြည့်နှက်နေပြီးတစ်ချက်ကလေးသတိလွတ်သွားသည်နှင့်အနိုင်အရှုံးကိုဆုံးဖြတ်ပြီးဖြစ်ပေမည်။

ထိုသို့သောအဆင့်ရှိသည့်တိုက်ပွဲကမြင်ရခဲလှ၍ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများမှာ အသက်ပင်မရှူဝံ့ကြဘဲငေးမောနေမိကြသည်။

စန်းဟုန်းလျန် ၊ စီးတုမင်နှင့်လက်ကိုးချောင်းရသေ့တို့လို နဂါးခုနစ်ကောင်စာရင်းဝင်သိုင်းဝိဇ္ဇာများပင် အဖိုးအိုနှစ်ယောက်၏တိုက်ပွဲကြောင့်တုန်လှုပ်မှုကိုခံစားနေမိကြပြီး ထိုနှစ်ယောက်နှင့်နှိုင်းယှဉ်ပါက သူတို့၏သိုင်းပညာက များစွာနိမ့်ကျနေသေးသည်ကို သဘောပေါက်လိုက်ကြ၏။

အဖိုးအိုနှစ်ယောက်အသုံးပြုနေသည့်တိုက်ကွက်များက ပြောင်မြောက်လှသလို သူတို့၏အတွင်းအား ၊ လှုပ်ရှားမှု တိုက်ပွဲအတွေ့အကြုံစသည်တို့က လွန်စွာမှအစွမ်းထက်လှသည် ။

ထိုအဖိုးအိုနှစ်ယောက်သာသိုငိးလောကတွင်လှုပ်ရှားရန်ဆုံးဖြတ်လိုက်ပါက သိုင်းလောကလွှမ်းမိုးသူများစာရင်းမှ အရှင်သခင်သုံးယောက်အစား ခြောက်ယောက်အထိဖြစ်သွားပေမည်။

အကြောင်းကား ထိုအဖိုးအိုများ၏သိုင်းပညာက တေလေဂိုဏ်းချုပ်ကြီး၊ နဂါးစိမ်းဂိုဏ်းချုပ်ဟောင်းနှင့် ဝူတန်းဂိုဏ်းချုပ်ကြီးတို့နှင့် တူညီသည့်အဆင့်တွင်ရှိနေခြင်းကြောင့်ပင်ဖြစ်သည်။

တိုက်ပွဲအချိန်က တဖြေးဖြေးကြာမြင့်လာပြီး သိုင်းကွက်ပေါင်းတစ်ထောင်ကျော်လာသော်လည်းမည်သူမှရှုံးနိမ့်မည့်ဟန်မပြသေးပေ။

အအေးဓာတ်အတွင်းအားကိုထုတ်ဖော်ပြသပြီးနောက် အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုက အပေါ်စီးမှနေ၍အနိုင်ယူရန်ကြိုးပမ်းနေသည့်တိုင် ခါးကုန်းအဖိုးအိုကိုဒဏ်ရာရရှိအောင်မစွမ်းဆောင်နိုင်သေးပေ။

သို့သော် ယခုပုံစံအတိုင်းဆက်သွားပါက ခါးကုန်းအဖိုးအိုရှုံးနိမ့်သွားနိုင်ချေရှိပြီး ထိုအဖြစ်ကြောင့် အေးစက်စက်မျက်နှာထားများရှိသည့်အဖြူရောင်ဝတ်စုံဝတ်လူများပင် စိုးရိမ်ပူပန်လာဟန်တူသည်။

အမူအယာမပြောင်းလဲတည်တည်ငြိမ်ငြိမ်ရှိနေသူများက သံမဏိမျက်နှာဖုံးစွပ်ဓားသမားနှင့်ဝတ်စုံဖြူဝတ်မိန်းမပျိုတို့သာဖြစ်ပြီး ခါးကုန်းအဖိုးအို၏သိုင်းပညာအတိမ်အနက်ကိုကောင်းစွာသိရှိသူများပီပီ သူရှုံးနိမ့်နိုင်ခြင်းမရှိသည်ကိုလည်း သိရှိကြပေသည်။

ယခုလက်ရှိအချိန်တွင်ခါးကုန်းအဖိုးအိုက သိသိသာသာအရေးနိမ့်နေသော်လည်း မိန်းမပျိုလေးက တစ်ချက်ကလေးမှမျက်နှာမပြောင်းဘဲ ကြည်လင်သည့်အသံကလေးဖြင့် ဖြေးညင်းစွာပြောလိုက်သည်။

" အဖိုးမန် အပူလှိုင်းအအေးလှိုင်းကိုထုတ်မသုံးသေးဘူးလား....ဒီအတိုင်းဆိုရှုံးနိမ့်သွားမယ်နော်....":

မိန်းမပျိုလေး၏စကားကအမိန့်ပေးခြင်းအလျှင်မရှိသော်လည်း ခါးကုန်းအဖိုးအို၏ခန္တာကိုယ်က ဆက်ခနဲဖြစ်သွားပြီးသူ၏ပုံစံက လက်မရွံ့စစ်သည်တစ်ယောက်အလားပြောင်းလဲသွားသည်။

ထို့နောက် သူ၏ဦးခေါင်းကိုမော့ကာ အားရပါးရအော်ဟစ်လိုက်ရင်း အသက်ကိုဝဝရှူသွင်းလိုက်လေသည်။

" အား....."

ခါးကုန်းအဖိုးအို၏ကျယ်လောင်လှသည့်အသံကြီးကြောင့် အနီးရှိသစ်ပင်ကြီးများပင်တဝုန်းဝုန်းတုန်ခါသွားရပြီး သိုင်းဝိဇ္ဇာများပင်မျက်နှာပျက်သွားကြသည်။

ထိုခဏတွင် ခါးကုန်းအဖိုးအို၏ပုံစံက ချုပ်တည်းထားသမျှကိုလွှတ်ချလိုက်သည့်လူတစ်ယောက်အလားဖြစ်ပြီး အနှောင်အဖွဲ့များမှကင်းလွတ်လာဟန်တူသည်။

ပြောင်းလဲမှုက ထိုမျှမကသေးဘဲ ခါးကုန်းအဖိုးအို၏ခန္တာကိုယ်မှတရှိန်ထိုးထွက်ပေါ်လာသည့်ပူပြင်းသည့်အားလှိုင်းများက အမှောင်ကျေးရွာမှအဖိုးအိုများကို တုန်လှုပ်သွားစေခဲ့သည်။

" သူက အပူဓာတ်အတွင်းအားပညာရှင်တစ်ယောက်လား ....."

မုတ်ဆိတ်ဖြူအဖိုးအိုက တအံ့တဩရေရွတ်လိုက်စဉ်မှာပင် တိုက်ပွဲတွင်းမှအဖိုးအိုနှစ်ယောက်၏တိုက်ကွက်များက ထိတ်တိုက်ထိတွေ့သွားတော့သည်။

&&&&

All Chapters