အလစ်တိုက်ခိုက်ခြင်း
Vol. 4 Ch. 95
" အုန်း....."
လွန်စွာကျယ်လောင်သည့်မြည်ဟည်းသံနှင့်အတူ တလိမ့်လိမ့်ထွက်ပေါ်လာသည့်အတွင်းအားများကြောင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများသာမက အမှောင်ကျေးရွာမှလူများ ၊ မိန်းမပျိုလေးနှင့် သူမ၏လူများလည်းနောက်သို့ခြေလှမ်းအနည်းငယ်စီဆုတ်ပေးလိုက်ရပြန်သည်။
အပူဓာတ်နှင့်အအေးဓာတ်ရောယှက်နေသည့်အတွင်းအားများက သူတို့လိုသိုင်းဝိဇ္ဇာများကိုပင်အတွင်းဒဏ်ရာရသွားစေနိုင်ပြီး ယခုဆိုလျှင် အဖိုးအိုနှစ်ယောက်နှင့်ခြေလှမ်းလေးဆယ်အတွင်း၌ မည်သည့်အရာမှမရှိဘဲ ပြောင်သလင်းခါနေချေပြီ။
မူလကပင်သိုင်းဝိဇ္ဇာများ၏တိုက်ပွဲကြောင့် ထိုနေရာရှိသစ်ပင်ကြီးငယ်များ ကျိုးကြေခဲ့ကာ ယခု အပိုင်းအစများပင် လွင့်စင်ကုန်ပြီဖြစ်သည်။
ထိုတိုက်ပွဲ၏အားလှိုင်းက သက်ရောက်မှုကြီးမားလှ၍ ဝတ်စုံဖြူဝတ်မိန်းမပျိုလေး၏ဝေါယာဉ်ထမ်းသမားများပင် တောအုပ်အပြင်သို့ထွက်ခွာသွားပြီဖြစ်သည်။
သူတို့နှင့်အတူ အဖြူရောင်ဝေါယာဉ်ပါသွားသော်လည်း မိန်းမပျိုလေးကားနောက်လိုက်သုံးယောက်နှင့်အတူကျန်ရှိနေဆဲဖြစ်၏။
သံမဏိမျက်နှာဖုံးစွပ်လူက သိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်၍တိုက်ပွဲနှင့်ခြေလှမ်းလေးဆယ်အကွာတွင်ရပ်နေနိုင်ခြင်းဖြစ်ပြီး ကျန်လူနှစ်ယောက်ကား နောက်ထပ်ခြေလှမ်းအနည်းငယ်အကွာတွင်ရှိနေသည်။
သူတို့နှစ်ယောက်က သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များဖြစ်သော်လည်း အတွင်းအားသန့်စင်မှုတွင်အစစ်အမှန်သိုင်းဝိဇ္ဇာများကိုမမှီသေးပေ။
အံ့ဩဖွယ်ကောင်းသည့်အချက်က ဝတ်စုံဖြူဝတ်မိန်းမပျိုလေးက သံမဏိမျက်နှာဖုံးစွပ်လူနှင့်ရင်ဘောင်တန်း၍ရပ်နေနိုင်ခြင်းဖြစ်ပြီး သူမ၏နှင်းကဲ့သို့ဖြူဖွေးသောအဝတ်အစားများတဖျက်ဖျက်လွင့်နေသည့်တိုင် မိန်းမပျိုလေး၏တုနှိုင်းမဲ့သွင်ပြင်က မပြောင်းမလဲဆက်ရှိနေဆဲဖြစ်၏။
ထိုမိန်းမပျို၏သိုင်းပညာက အမှောင်ကျေးရွာမှလူများအတွက် အဓိက ခေါင်းစားရသည့်ပြဿနာကြီးတစ်ရပ်ဖြစ်နေသည်။
မိန်းမပျိုလေး၏အသံ ၊ ပုံပန်းသွင်ပြင်စသည်တိူ့ကိုအကဲခပ်ရခြင်းဖြင့် သူမ၏အသက်အရွယ်က သုံးဆယ်မပြည့်သေးသည်ကိုအသေအချာသိရှိနိုင်သော်လည်း မိန်းမပျိုလေး၏သိုင်းပညာကို အတိအကျခန့်မှန်းမရသေးပေ။
အမှောင်ကျေးရွာ၏ဘက်တွင် အရိုးဖြူဂိုဏ်းချုပ်လီဟူရှိုး ၊ မုတ်ဆိတ်ဖြူအဖိုးအိုတို့ကအစွမ်းထက်သိုင်းဝိဇ္ဇာများဖြစ်ကာ ကျန်နှစ်ယောက်က ပို၍အဆင့်မြင့်သည့် သိုင်းဝိဇ္ဇာအလယ်အဆင့်များဖြစ်သည်။
သို့သော် သူတို့အားလုံးက ထိုမိန်းမပျိုလေး၏သိုင်းအဆင့်ကိုမခန့်မှန်းနိုင်ကြဘဲ သူမ၏လှုပ်ရှားမှု၊ ခန္တာကိုယ်မှထွက်ပေါ်နေသည့်အတွင်းအားလှိုင်းစသည်တို့က အမျိုးမျိုးပြောင်းလဲလျက်ရှိသည်။
" သူက သိုင်းအဆင့်ဖုံးကွယ်နိုင်တဲ့ပညာရပ်တစ်ခုခုကိုလေ့ကျင့်ထားရမယ်....."
အမှောင်ကျေးရွာမှလူများထဲတွင်ဗဟုသုတအများဆုံးဖြစ်သည့်မုတ်ဆိတ်ဖြူအဖိုးအိုကမှတ်ချက်ချလိုက်သည်။
သူ၏စကားကြောင့် ကျန်လူများက ကလိမ်ကကျစ်အဖိုးအိုကိုကြည့်လိုက်မိကြစဉ် ထိုအဖိုးအိုက ပါးစပ်မလှုပ်ဘဲ အတွင်းအားပို့လွှတ်ကာ တစ်ဦးချင်းလိုက်လံပြောဆိုလိုက်သည်။
" စောစောကပြောထားသလိုပဲ ငါအချက်ပြတာနဲ့အတူလှုပ်ရှားကြ....."
ကလိန်ကကျစ်အဖိုးအို၏အကြည့်များက တိုက်ပွဲဆီတွင်ရှိနေသော်လည်း သူ၏စိတ်က အခြားတစ်ခုကိုကြံစည်နေခြင်းဖြစ်၏။
တစ်ဖက်တွင် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများက တိုက်ပွဲကိုအာရုံစိုက်နေကြသော်လည်း ခွန်လွန်ဂိုဏ်းချုပ်ကြီးမာရှောင်ကျင်းက မလှမ်းမကမ်းရှိအမှောင်ကျေးရွာမှလူများကိုသာဂရုတစိုက်အကဲခပ်နေသည်။
ထို့နောက် အဖိုးအိုများ၏ပုံစံက မူမမှန်သည်ကိုသိရှိသည်နှင့် အနီးရှိလူများကိုခပ်တိုးတိုးသတိပေးလိုက်သည်။
" အကြီးအကဲတို့ အမှောင်ကျေးရွာက လူတွေက တစ်ခုခုကြံစည်နေတဲ့ပုံပဲ။ တိုက်ပွဲကိုဝင်နှောင့်ယှက်မလားတောင်မသိနိုင်ဘူး....."
မာရှောင်ကျင်း၏စကားကြောင့် ပြင်းထန်လှသည့်တိုက်ပွဲကိုစူးစိုက်ကြည့်နေကြသူများလည်း အမှောင်ကျေးရွာမှလူများဆီသို့အကြည့်ရောက်သွားကြ၏ ။
သို့သော် အဖိုးအိုသုံးယောက်၏ပုံစံက ဟန်မပျက်ဘဲ တိုက်ပွဲကိုကြည့်၍အချင်းချင်းဆွေးနွေးပြောဆိုနေကြသလို သူတို့၏နောက်ရှိအရိုးဖြူဂိုဏ်းချုပ်လီဟူရှိုးသည်လည်း တိတ်ဆိတ်စွာရပ်နေသည်ကိုတွေ့လိုက်ရသည်။
" သူတို့ရဲ့လူဘက်ကဝင်ကူညီချင်ရင်တောင်မလွယ်ပါဘူး ဒီတိုက်ပွဲက အလွယ်တကူဝင်ပါလို့ရတာမှမဟုတ်တာ......"
ကျောက်စိမ်းတုတ်အဖိုးအိုကျန်း၏စကားကိုကျန်လူများလည်းခေါင်းညိမ့်လိုက်မိကြသည်။
အဖိုးအိုနှစ်ယောက်၏တိုက်ပွဲက အမြင့်ဆုံးအခြေအနေသို့ရောက်ရှိနေပြီး သူတို့လိုသိုင်းဝိဇ္ဇာများပင်တိုက်ပွဲအတွင်းဝင်ရောက်နိုင်မည်မဟုတ်ချေ။
ထို့ကြောင့် အမှောင်ကျေးရွာမှလူများလည်း အနက်ရောင်ဝတ်စုံဝတ်အဖိုးအိုကိုဝင်ရောက်ကူညီရနိဖြစ်နိုင်မည်မဟုတ်ပေ။
အဖိုးကျန်းနှင့်ကျန်လူများ၏စကားက ကျိူးကြောင်းသင့်လျော်သော်လည်း မာရှောင်ကျင်း၏စိတ်ထဲတွင် တစ်စုံတစ်ခုကိုစိုးရိမ်နေဆဲဖြစ်ပြီး ထပ်မံပြောဆိုခြင်းမပြတော့ဘဲ အမှောင်ကျေးရွာမှအဖိုးအိုများကိုသာ ဂရုတစိုက်အကဲခပ်နေသည်။
ထိုအခိုက် ရင်ဘက်အရိုးအနည်းငယ်ကျိုးသွားသည့်အပြင် ပြင်းထန်သည့်အတွင်းဒဏ်ရာကြောင့် အခြေအနေဆိုးရွားနေသည့် ဆရာတော်ခုံးယင်၏မျက်လုံးများက ဖျက်ခနဲပွင့်လာသည်။
ဆရာတော်ခုံးယင်က ခြေချိတ်ထိုင်နေရာမှတည်ငြိမ်စွာထရပ်လာသော်လည်း သူ၏မျက်နှာကဖြူဖျော့လျက်ရှိဆဲပင်။
ထိုအဖြစ်ကြောင့်ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများလည်း ဝမ်းမြောက်သွားကြပြီးအလျှင်အမြန်မေးလိုက်ကြသည်။
" ဆရာတော်ခုံးယင် အဆင်ပြေရဲ့လား....."
အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏လက်ချက်ကြောင့် ဆရာတော်ခုံးယင်မှာအတော်လေးခံစားခဲ့ရပြီး ဘတစ်ချိန်လုံးအတွင်းအားလှည့်ပတ်နေကာ ယခုမှထရပ်လာနိုင်ခြင်းဖြစ်သည် ။
" တစ်ပတ်လောက်အထိ တိုက်ခိုက်နိုင်မှာမဟုတ်ဘူး ။ လုံးဝပျောက်ကင်းဖို့ဆိုရင် လဝက်လောက်အနားယူရလိမ့်မယ်...."
ဆရာတော်ခုံးယင်၏စကားကြောင့်ကျန်လူများလည်းသက်ပြင်းလိုက်မိကြသည်။
မည်သို့ပင်ဖြစ်စေ ဆရာတော်ခုံးယင်တစ်ယောက် သေလုမျောပါးမဖြစ်ခဲ့ခြင်းက တော်သေးသည်ဟုဆိုရပေမည်။
" အင်း...ကျုပ်တို့က တစ်ဖက်လူရဲ့သိုင်းပညာကိုလျော့တွက်ပြီး နှစ်ယောက်ပေါင်းတိုက်ရင် သူ့ကိုတားဆီးနိုင်မယ်ထင်ခဲ့တာကိုး...."
နောင်တရသည့်အသံဖြင့်လေးပင်စွာပြောလိုက်သူက သစ္စာလက်သီးယန်ချန်းနင်မှလွဲ၍အခြားမဟုတ်ပေ။
အနက်ရောင်ဝတ်စုံဝတ်အဖိုးအို၏ခြေကန်ချက်ကြောင့် အခြေအနေမကောင်းသည့် အဖိုးအိုယန်ချန်းနင်လည်းယိုင်နဲ့နဲ့ဖြင့်ထရပ်လာခြင်းဖြစ်သည်။
ပင်ကိုယ်အသားဖြူသူတစ်ဦးဖြစ်၍ သူ၏ရင်ဝတွင်ညိုမည်းနေသည့်ခြေထောက်ရာကြီးကိုအထင်းသားတွေ့နေရပြီး ထိုနေရာတစ်ဝိုက်မှသွေးကြောများကပိတ်ဆို့၍ ဖောင်းကြွနေသည်ကိုလည်းတွေ့ရပေသည်။
ရင်ဘက်ရိုးကျိုး၍ အတွင်းဒဏ်ရာရရှိထားသည့်ဆရာတော်ခုံးယင်နှင့်စာလျှင် သူ၏ပုံစံက ပို၍ကောင်းမွန်သည်ဟုထင်ရသော်လည်း ထူးမခြားနားပင်ဖြစ်၏။
" တကယ်လို့ သူသာမညှာတာခဲ့ရင် ကျုပ်တို့နှစ်ယောက်လုံးသေပြီးနေလောက်ပြီ...."
အဖိုးအိုယန်ချန်းနင်က အစွမ်းထက်လှသည့်တိုက်ကွက်များဖြင့် သူတစ်ပြန်ကိုယ်တစ်ပြန်တိုက်ခိုက်နေသည့်လူနှစ်ယောက်ကိုငေးကြည့်ရင်း ခပ်တိုးတိုးရေရွတိလိုက်သည်။
သူ၏စကားကို ကျန်လူများလည်း အသံတိတ်သဘောတူလိုက်ကြပြီး သိုင်းလောက၏ဒဏ္ဍာရီတစ်ခုမည်မျှကြောက်စရာကောင်းသည်ကိုလည်း မျက်မြင်ကိုယ်တွေ့ကြုံခဲ့ကြရသည်။
သည့်မတိုင်မီက သူတို့အားလုံးမှာ သိုင်းလောက၏ထိပ်တန်းနေရာတွင်ရှိနေသည့်ပုဂ္ဂိုလ်များဖြစ်ကြသည့်တိုင် အမှောင်ကျေးရွာမှရောက်ရှိလာသည့်လူအနည်းငယ်ကိုပင်မယှဉ်နိုင်ခဲ့ပေ။
ထို့အပြင် သူတို့ကိုကူညီပေးနေသူက ယခင်ကအတိုက်အခံဖြစ်ဖူးခဲ့သည့်ထူးဆန်းသည့်လူများဖြစ်နေပြန်သည်။
ထိုအဖြစ်က ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများ၏ရင်ထဲရှိ မောက်မာမှုနှင့် မသိမသာဖြစ်တည်နေသည့်စိတ်ကြီးဝင်မှုတို့ကိုရိုက်ချိုးပစ်လိုက်သည့်အလားပင်။
ထိုနည်းတူ ဒုတိယမျိုးဆက်၏နဂါးခုနစ်ကောင်ဟုညွှန်းဆိုအပ်သည့်စန်းဟုန်းလျန်တို့လူစုလည်း သိုင်းလောကတွင်တစ်တောင်ထက် ပို၍မြင့်မားသောနောက်ထပ်တောင်တစ်လုံးရှိနေသေးသည်ကို သိခွင့်ရလိုက်ပေသည်။
ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများအတွေးကိုယ်စီဖြင့်တိတ်ဆိတ်နေကြစဉ် အမှောင်ကျေးရွာမှအဖိုးအိုများက တစ်ယောက်ကိုတစ်ယောက်မျက်ရိပ်ပြကာ ပြိုင်တူလှုပ်ရှားလိုက်ကြသည်။
" အားလုံးသတိထား....."
အမှောင်ကျေးရွာမှအဖိုးအိုသုံးယောက်နှင့်အရိုးဖြူဂိဏ်းချုပ်လီဟူရှိူးတိူ့တစ်ပြိုင်နက်လှုပ်ရှားလာ၍ မာရှောင်ကျင်း ကျန်လူများကိုအော်ဟစ်သတိပေးလိုက်သည်။
သူတို့၏ဘက်မှအစွမ်းအထက်ဆုံးလူနှစ်ယောက်ဖြစ်သည့်ဆရာတော်ခုံးယင်တို့ဒဏ်ရာရနေစဉ် ထိုလူများကအခွင့်အရေးယူကာ တိုက်ခိုက်ကြခြင်းဖြစ်ပေမည်။
မာရှောင်ကျင်း၏သတိပေးသံကြောင့်ကျန်လူများလှုပ်လှုပ်ရှားရှားဖြစ်သွားသော်လည်း အမှောင်ကျေးရွာမှအဖိုးအိုများက သူတို့ဆီသို့ရောက်မလာကြဘဲ တစ်ဖက်မှ မိန်းမပျိုလေးနှင့်သူမ၏လူများဆီသို့တိုးဝင်သွားသည်ကိုမြင်လိုက်ရသည်။
" မဖြစ်ဘူး သူတို့က မိန်းကလေးကိုဓားစာခံလုပ်ချင်နေတာ....."
အဖိုးအိုများ၏လုပ်ရပ်ကို အံ့အားသင့်မိသည့်တိုင် မာ ရှောင်ကျင်းက လျှင်လျှင်မြန်မြန်စဉ်းစားတွေးတောနိုင်လိုက်သည်။
အမှောင်ကျေးရွာမှအနက်ရောင်ဝတ်စုံဝတ်အဖိုးအိုကို ခါးကုန်းအဖိုးအိုကလက်ရည်တူယှဉ်ပြိုင်နိုင်ရာ ထိုတိုက်ပွဲကိုအနိုင်ရရန် အမှောင်ကျေးရွာမှလူများကဝတ်စူံဖြူဝတ်မိန်းမပျိုလေးကိုဖမ်းဆီးတော့မည်ဖြစ်သည် ။
မိန်းမပျိုလေး၏သိုင်းပညာကိုအတိအကျခန့်မှန်းမရသော်လည်း သူမ၏အဆင့်အတန်းက ထိုလူစုထဲတွင်အမြင့်ဆုံးဖြစ်ရာ မိန်းမပျိုသာအဖမ်းခံရပါက ခါးကုန်းအဖိုးအို သေချာပေါက်အလျော့ပေးရပေမည်။
ထို့အပြင် ခါးကုန်းအဖိုးအိုက အစွမ်းထက်လှသည့်တိုင် မိန်းမပျိုတို့လူစုက ကျန်ရှိနေသည့်အမှောင်ကျေးရွာမှအဖိုးအိုများကိုယှဉ်နိုင်မည်မဟုတ်ပေ။
ထိုလူများကိုအမြဲမပြက်အကဲခပ်နေသည့်မာရှောင်ကျင်းက အော်ဟစ်သတိပေးပြီးသည်နှင့်ချက်ခြင်းလိုလိုကူညီရန်ပြေးဝင်သွားသော်လည်း အဖြူရောင်အရိပ်တစ်ခုက သူ၏လမ်းကိုပိတ်ဆို့ထားပေသည်။
" လီဟူရှိုး....."
မာရှောင်ကျင်း၏အေးစက်စက်စကားသံကိုကြားသော်လည်း အရိုးဖြူဂိုဏ်းချုပ်လီဟူရှိုး၏ခပ်ပြုံးပြုံးမျက်နှာကပြောင်းလဲခြင်းမရှိဘဲ သူ၏လက်နှစ်ဖက်ကိုဝေ့ယမ်းကာ မာရှောင်ကျင်းကိုစတင်တိုက်ခိုက်လိုက်သည်။
မာရှောင်ကျင်းတစ်ယောက်မှလွဲ၍ ကျန်လူများမှာ အချိန်မီတုံ့ပြန်နိုင်ခြင်းမရှိကြဘဲ တစ်ဖက်လူများ၏လုပ်ရပ်ကိုသာကြောင်အမ်းအမ်းဖြင့်ရပ်ကြည့်နေကြမိ၏။
ထိုအချိန်တွင် အမှောင်ကျေးရွာမှအဖိုးအိုသုံးယောက်က မိန်းမပျိုတို့အနီစသို့ရောက်ရှိသွားပြီး ကလိန်ကကျစ်အဖိုးအိုကညွှန်ကြားပြောဆိုလိုက်သည် ။
" မြောင်ကြီး မင်းကသံခေါင်းစွပ်ကိုတိုက် ငှက်စုတ်က ဟိုနှစ်ယောက်ကိုတား ငါက မိန်းကလေးကိုဖမ်းမယ်....."
ကလိန်ကကျစ်အဖိုးအိုက ကျန်လူများကိုပြောဆိုပြီးသည်နှင့် တခဏကလေးမှတုံ့ဆိုင်းမနေဘဲသက်ဆိုင်ရာလူများဆီသို့ဝင်ရောက်သွားကြသည်။
ခန့်ညားသည့်အဖိုးအို၏လက်သီးချက်များက တဝုန်းဝုန်းမည်သံပေးကာ သံမဏိမျက်နှာဖုံးစွပ်ဓားသမားဆီသို့တိုးဝင်လာသလို မုတ်ဆိတ်ဖြူအဖိုးအိုကလည်း အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်ဆီသို့ရောက်ရှိသွားလေသည်။
အမှောင်ကျေးရွာမှလူများ၏လျှပ်တပြက်တိုက်ခိုက်မှုကိုခံရသည့်တိုင် ထူးဆန်းသည့်လူများက အံ့ဩထိတ်လန့်ခြင်းမရှိဘဲတည်ငြိမ်စွာတုန့်ပြန်ကြလေသည်။
သူတို့၏အလစ်တိုက်ခိုက်မှုကို ကြိုတင်မျှော်လင့်ထားဟန်ဖြင့် မိန်းမပျိုလေး၏မျက်ဝန်းများက ဖျက်ခနဲနောက်ပသွားပြီး ခြေတစ်ချက်ဆောင့်ကာ လေထဲတွင်လွင့်မျောနသလိုနောက်ဆုတ်သွားတော့သည်။
&&&&