အစွမ်းကိုယ်စီ
Vol. 4 Ch. 96
ခြေတစ်ချက်ဆောင့်သည်နှင့် ဝါးသုံးပြန်နီးပါးရွေ့လျားသွားသည့်မိန်းမပျိုလေး၏ကိုယ်ဖော့ပညာက ကလိန်ကကျစ်အဖိုးအိုကိုပင်မျက်လုံးပြူးသွားစေခဲ့သည်။
သို့သော် ကလိန်ကကျစ်အဖိုးအိုက သူ၏လက်ကိုဆန့်တန်းကာ မိန်းမပျို၏နောက်သို့မြားတစ်စက်စလိုတရှိန်ထိုးရွေ့လျားလိုက်ပါလာသည်။။
ထိုအချိန်တွင် သူမ၏နောက်ဘက်ရှိအဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်၏အရှိန်အဝါများကမြင့်တက်လာပြီး မိန်းမပျို၏နောက်မှကပ်ပါလာသည့်ကလိန်ကကျစ်အဖိုးအိုကို လက်ဝါးကိုယ်စီရိုက်ထုတ်လိုက်ကြ၏။
" ဟူး....ဟူး....."
ထိုလက်ဝါးချက်နှစ်ခုက ရိုးစင်းသော်လည်း လွန်စွာပြင်းထန်လှပြီး ကလိန်ကကျစ်အဖိုးအိုပင် ဂရုမစိုက်ဘဲမနေဝံ့ပေ။
" ဝုန်း....."
ကျယ်လောင်သည့်အသံနှင့်အတူ တိုက်ခိုက်မှုကိုကြားဝင်ဟန့်တားလိုက်သည့်အရပ်ပုပုနှင့်မုတ်ဆိတ်ရှည်အဖိုးအိုကနောက်ဘက်သို့ပြန်လွင့်လာသည်။
ထိုအဖိုးအိုက အစစ်အမှန်သိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်သည့်တိုင် အဖြူရောင်ဝတ်စုံဝတ်လူနှစ်ယောက်၏ပူးပေါင်းတိုက်ခိုက်မှုကိုခုခံရာတွင် နောက်ဆုတ်ပေးလိုက်ရ၏ ။
" ချီးပဲ လျှို့ဝှက်ပညာရပ်လား......"
မူလက သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သာရှိသည့်လူနှစ်ယောက်၏အတွင်းအားက အတော်လေးမြင့်မားလာပြီးသူ့ကိုပင်နောက်ဆုတ်စေခဲ့သည်။
မုတ်ဆိတ်ဖြူအဖိုးအိုက ခပ်တိုးတိုးကျိန်ဆဲလိုက်ပြီး နောက်ထပ်တိုက်ခိုက်မည်ပြင်နေသည့်သက်လက်ပိုင်းလူနှစ်ယောက်ဆီသို့လျှင်မြန်စွာခုန်ဝင်သွားတော့၏။
ဤသို့ဖြင့် ကလိန်ကကျစ်အဖိုးအိုကို ဟန့်တားမည့်လလူမရှိတော့ဘဲ မိန်းမပျိုလေးဆီသို့ဆက်လက်တိုးဝင်သွားတော့သည် ။
" စိတ်မပူနဲ့ ကိုယ့်ကိစ္စကိုယ်ဂရုစိုက်ကြ ...."
မိန်းမပျို၏တည်ကြည်သည့်စကားသံကြောင့် သူမကိုစိုးရိမ်ပူပန်နေကြသူများကတည်ငြိမ်သွားကြသည်။
သူတို့၏သခင်မလေးကမည်သည့်ကိစ္စပင်ဖြစ်ပါစေ ပိုင်နိုင်မှုမရှိဘဲမလုပ်ဆောင်တတ်ပေ။
သူမ၏စကားကြောင့် ကလိန်ကကျစ်အဖိုးအို၏ရင်ထဲတွင်ပင်အမည်မသိပူပန်မှုတို့ယှက်သမ်းလာပြီး မိန်းမပျိုကိုသတိထားကြည့်လိုက်မိ၏။
ထိုအခိုက် ခန့်ညားသည့်အဖိုးအိုနှင့်ရင်ဆိုင်နေသည့်သံမဏိမျက်နှာဖုံးစွပ်ဓားသမားက သူ၏ဓားကိုလျှင်မြန်စွာဆွဲထုတ်လိုက်သည် ။
အေးစက်ပြီးဖိအားပေးနိုင်သည့် ဓားအရှိန်အဝါတစ်ခုကို ဤနေရာတွင်ရှိနေသူတိုင်းခံစားမိလိုက်ပြီး ခန့်ညားသည့်အဖိုးအို၏မျက်နှာပင်ပြောင်းလဲသွားရသည်။
သံမဏိမျက်နှာဖုံးစွပ်လူနှင့်အနီးဆုံးတွင်ရှိနေသည့်သူ၏ကိုယ်ပေါ်သို့ပိကျလာသည့်ဖိအားနှင့် ထိုလူ၏ခန္တာကိုယ်မှထွက်ပေါ်နေသည့်ဓားအငွေ့အသက်များကို သူရှင်းလင်းစွာခံစားမိနေသည်။
မျက်နှာဖုံးစွပ်၏သိုင်းအဆင့်က သာမန်သိုင်းဝိဇ္ဇာအဆင့်သာဖြစ် းသော်လည်းယခုအခါထိုလူ၏အရှိန်အဝါက သိုင်းဝိဇ္ဇာအလယ်အဆင့်တစ်ဦးဖြစ်သည့်သူ့ကိုပင်ချိန်းခြောက်မှုပေးစွမ်းနိုင်သည် ။
ဤသည်က အဖိုးအို၏စိတ်ထဲတွင် သူသာသတိထားမတိုက်ပါက အန္တရာယ်ကျရောက်သွားနိုင်ဟုခံစားမိစေပြီး သူမှတ်သားထားသည့်တစ်စုံတစ်ခုကိုသတိရသွားစေပြီး နာမည်တစ်ခုကိုအလိုလိုရေရွတ်မိစေခဲ့သည် ။
" ဓားဆန္ဒ....."
ခပ်လှမ်းလှမ်းရှိသစ်ပင်အောက်မှမိစ္ဆာဓားသမား၏မျက်လုံးများကဖျက်ခနဲပွင့်လာပြီး ထိုနေရာသို့အကြည့်ရောက်သွားသည်။
ထိုအချိန်တွင် သံမဏိမျက်နှာဖုံးစွပ်လူက မည်သည့်အရာကိုမှဂရုမစိုက်ဘဲ ခန့်ညားသည့်အဖိုးအိုကို သူ၏လက်ထဲရှိဓားဖြင့်ခုတ်ပိုင်းလိုက်၏။
" ဝှီး......":
ကျယ်လောင်သည့်လေခွင်းသံနှင့်အတူ ထက်ရှသည့်သံမဏိဓားက ခန့်ညားသည့်အဖိုးအိုထံသို့ပြေးဝင့်လာသည်။
သံမဏိမျက်နှာဖုံးစွပ်လူ၏ဓားကွက်က ရှုပ်ထွေးခြင်းမရှိသော်လည်း ရိုးစင်းပြီးထိရောက်မှုရှိကာ ဓားဆန္ဒကြောငိ့ သူ၏အမြန်နှုန်းနှင့်ပြင်းအားက အံ့ဩဖွယ်ရာပင်။
ထိုဓားချက်တစ်ချက်ထဲဖြင့်မျက်နှာဖုံးစွပ်လူ၏ဓားပညာက ဤနေရာရှိဓားသမားများဖြစ်သော ဝူတန်းဂိုဏ်းမှအကြီးအကဲချန်းရှောက် ၊ ဝါဆန်းဂိုဏ်းမှအကြီးအကဲနှင့် ဓားကျိုးဘုရင်ဘွဲ့ရစန်းဟုန်းလျန်တို့ထက်ပို၍သာလွန်သည်ကိုတွေ့မြင်နိုင်သည်။
အမှန်လည်း လက်ရှိသိုင်းလောက၌ ဓားဆန္ဒကိုနားလည်သဘောပေါက်သူဟူ၍ လက်ချိုးရေနိုင်အောင်နည်းပါးလှပေသည်။
ထိုသို့သောဓားချက်မျိုးကိုရင်ဆိုင်ရာတွင် ခန့်ညားသည့်အဖိုးအိုပင် ဂရုတစိုက်ရှိနေပြီး သူ၏လက်နှစ်ဖက်ကိုဆန့်ထုတ်ကာ သံမဏိမျက်နှာဖုံးစွပ်လူ၏ဓားကိုထိုးနှက်လိုက်သည်။
" ချွမ်း....."
သံချင်းထိခတ်သံနှင့်အတူမျက်နှာဖုံးစွပ်လူ၏ခန္တာကိုယ်ကအနည်းငယ်တုန်ခါသွားပြီး ခြေသုံးလှမ်းနောက်ဆုတ်ပေးလိုက်ရသည်။
သူ၏ဓားပညာကမြင့်မားလှသည့်တိုင် ခန့်ညားသည့်အဖိုးအိုလိုသိုင်းဝိဇ္ဇာအလယ်အဆင့်တစ်ယောက်ကိုအတွင်းအားချင်းမယှဥ်နိုင်ပေ။
သို့သော် ယခုလိုထိတ်တိုက်တိုက်ခိုက်မှုပြုလုပ်ချိန်၌ အဖိုးအို၏လက်အစုံတွင် လက်ကောက်ဝတ်အထိအထပ်ထပ်ကပ်နေသည့် အကြေးခွံသဏ္ဍာန်သံမဏိလက်အိတ်တစ်ခုကိုတွေ့ရမည်ဖြစ်ပြီး ထိုလက်အိတ်ကိုအားကိုးကာ မျက်နှာဖုံးစွပ်၏ဓားကွက်ကိုထိတ်တိုက်ရင်ဆိုင်ခဲ့ခြင်းလည်းဖြစ်သည်။
" မင်းက တကယ်တော်တာပဲ အနှစ်သုံးဆယ်အတွင်းမှာငါ့ရဲ့ ငါးနဂါးလက်အိတ်ကိုထုတ်သုံးနိုင်အောင်လုပ်ခဲ့တယ်.....":
အစောပိုင်းကတိုက်ကွက်ကိုသာလက်ဗလာဖြင့်သွားရောက်ရင်ဆိုင်ပါက အဖိုးအိုယန်ချန်းနင်၏သံမဏိလက်သီးပင်ထိခိုက်ဒဏ်ရာရသွားနိုင်သည်။
ဤသည်က မျက်နှာဖုံးစွပ်လူ၏ဓားက ရတနာစာရင်းဝင်ဓားတစ်လက်ဖြစ်နေခြင်းကြောင့်မဟုတ်ဘဲ သူ၏ဓားဆန္ဒပါဝင်သည့်ဓားချက်များကြောင့်သာဖြသ်သည်။
ယခုလည်း ခန့်ညားသည့်အဖိုးအိုမှာ အစွမ်းကုန်ထုတ်သုံးတော့မည့်ဟန်ဖြင့်သူ၏လက်နက်ကိုပင်အသုံးပြုလာခဲ့သည်။
အဖိုးအို၏လက်ချက်ကြောင့် နောက်ဆုတ်ပေးလိုက်ရသော်လည်း မျက်နှာဖုံးစွပ်လူက အားနည်းဟန်မပြဘဲ သူ၏လက်ထဲမှဓားကိုမြောက်ကာ ရှေ့သို့တဟုန်ထိုးပြေးဝင်လာခဲ့သည်။
" ဝှီး... ဝှီး....."
" ဝုန်း....."
အဖြူရောင်ဝတ်စုံဝတ်သက်လက်ပိုင်လူနှစ်ယောက်၏တိုက်ကွက်များကိုလည်း မုတ်ဆိတ်ဖြူအဖိုးအိုကသတိကြီးကြီးထား၍ခုခံနေရသည်။
သူ၏ခန္တာကိုယ်က လေထဲတွင် ဂျင်တစ်လုံးလိုမွတ်မွတ်လည်နေပြီးများပြားသည့်ခြေထောက်ရိပ်များပျံထွက်နေသည့်တိုင် သက်ဘက်ပိုင်းလူနှစ်ယောက်ကိုအသာစီးမယူနိုင်ခဲ့ပေ။
သူတို့နှစ်ယောက်က သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သာရှိကြသော်လည်း လျှို့ဝှက်ပညာရပ်အားကိုးဖြင့် အတွင်းအားများစွာတိုးလာကြသည့်အပြင် သေမှာမကြောက်သည့်ခွေးရူးများလို တဟုန်ထိုးဝင်ရောက်တိုက်ခိုက်လျက်ရှိသည် ။
ထို့ကြောင့်မူလက အသာစီးယူနိုင်မည်ဟုထင်ခဲ့သည့်အဖိုးအိုပင် ထိုနှစ်ယောက်၏တိုက်ခိုက်မှုများကိုမထိရန် ဂရုစိုက်ခုခံနေရလေသည်။
ထိုတိုက်ပွဲကိုကြည့်၍ အကြီးအကဲချန်းရှောက်ပင် ကျောင်းဝင်ပေါက်မှတိုက်ပွဲကိုပြန်သတိရကာ သေမှာမကြောက်သည့်ထိုလူနှစ်ယောက်ကိုရင်ဆိုင်ရသည့်မုတ်ဆိတ်ဖြူအဖိုးအိုကို တိတ်တဆိတ်ကရုဏာသက်သွားမိ၏။
သို့သော် လက်ရှိအချိန်က အေးအေးလူလူရပ်ကြည့်နေနိုင်မည့်အချိန်မဟုတ်ဘဲ သူတို့ထဲမှအချို့က မာရှောင်ကျင်းကိုကူညီရန်ပြေးဝင်သွားသလို အချို့ကလည်း မိန်းမပျိုလေးကိုကူညီရန်အမြန်ဆုံးလှုပ်ရှားလိုက်ကြသည်။
တစ်ဖက်တွင် မျက်နှာဖုံးစွပ်လူ့ထံမှပေါက်ကွဲလာသည့်ဓားဆန္ဒကြောင့် ကလိန်ကကျစ်အဖိုးအိုကမျက်နှာတစ်ချက်ပျက်သွားပြီး မြေခွေးမျက်လုံးလိုကျဉ်းမြောင်းသည့်သူ၏မျက်လုံးများက ပို၍ပင်မှေးစင်းသွားသည်။
ထို့နောက် ကလိန်ကကျစ်အဖိုးအိုက သူနှင့်ခြေလှမ်းအနည်းငယ်အကွာတွင် တင့်တယ်စွာရပ်နေသည့်ပုံရိပ်ကလေးကိုစိုက်ကြည့်ကာ ဖြေးညင်းစွာပြောလိုက်သည်။
" မင်းက ငါတို့တိုက်ခိုက်လာမှာကိုခန့်မှန်းမိတယ်မလား....."
အစမှအဆုံးထိ ဝတ်စုံဖြူဝတ်မိန်းမပျိုလေးကထူးထူးခြားခြားတည်ငြိမ်နေသလို သူမ၏လက်အောက်ငယ်သားများကလည်း ထူးခြားသည့်အစွမ်းအစများပိုင်ဆိုင်ထားသည်။
ထိုအဖြစ်က သူတို့၏အင်အားဖြင့်သိုင်းလောကထဲတွင်လုပ်ချင်ရာလုပ်နိုင်မည်ဟုတွေးခဲ့မိသည့်ကလိန်ကကျစ်အဖိုးအိုကိုပင်ပထမဆုံးအကြိမ်အဖြစ် တုန်လှုပ်သွားစေပြီး ထိုမိန်းကလေး၏ တလက်လက်တောက်ပနေသည့်မျက်ဝန်းများက သူ၏ခြေလှမ်းများကိုကြိုတင်တွက်ဆမိနေသည်ဟုပင်တွေးလိုက်မိသည်။
လက်ရှိအချိန်၌ သူ၏စိတ်ထဲတွင် မိန်းမပျိုကိုတိုက်ခိုက်ရန်စိတ်ကူးလည်းရှိမနေတော့ပေ။
အကြောင်းကား သူတို့၏အလစ်တိုက်ခိုက်မှုကပျက်ပြားသွားပြီနောက်တွင် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများက တစ်ဦးပြီးတစ်ဦးရောက်ရှိလာ၍ဖြစ်သည်။
ခွန်လွန်ဂိုဏ်းချုပ်မာရှောင်ကျင်းကိုသာမက လက်သီးဘုရင်စီးတုမင်နှင့်ဓားကျိုးဘုရင်စန်းဟုန်းလျန်တို့ကိုတစ်ဦးထဲရင်ဆိုင်နေရသည့်လီဟူရှိုးက ရှုံးနိမ့်မည့်အရိပ်အယောင်များတွေ့နေရသည်။
ခန့်ညားသည့်အဖိုးအိုက သံမဏိလက်အိတ်ကိုပင်ထုတ်ယူကာ အစွမ်းကုန်တိုက်ခိုက်နေသော်လည်း ဓားဆန္ဒကိုသဘောပေါက်ထားသည့်မျက်နှာဖုံးစွပ်လူကိုအနိုင်မရသေးပေ။
မုတ်ဆိတ်ဖြူအဖိုးအိုလည်းသက်လက်ပိုင်းလူနှစ်ယောက်နှင့်အလုပ်ရှုပ်နေကာ သူ့ကိုလာရောက်ကူညီနိုင်ခြင်းမရှိပေ။
ထို့ကြောင့် ကလိန်ကကျစ်အဖိုးအိုလည်း အကြီးအကဲချန်းရှောက် ၊ အော့မေ့ဂိုဏ်းမှအကြီးအကဲ၊ ဝါဆန်းဂိုဏ်းမှအကြီးအကဲနှင့် ကျောက်စိမ်းတုတ်အဖိုးကျန်းတို့ကိုတစ်ဦးထဲအနိုင်ယူနိုင်မည်မဟုတ်ပေ။
" မင်းက ဘယ်ကများရောက်လာခဲ့တာလဲ...."
အဖိုးအိုက ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာလေးယောက်ကိုခြံရံကာ တည်ငြိမ်စွာရပ်နေသည့်မိန်းမပျိုလေးကိုကြည့်ရင်း နောက်ဆုံးအနေဖြင့် သိလိုစိတ်ပြင်းပြစွာမေးလိုက်မိသည်။
သူ၏စကားကြောင့်မိန်းမပျိုလေး၏မျက်ဝန်းများက ပြုံးယောင်သမ်းသွားကာ ဖြေးညင်းစွာပြောလိုက်သည်။
" ကျမက အထွတ်အမြတ်နတ်နန်းတော်ကပဲ ။ပြီးတော့ သိုင်းလောကကို လွှမ်းမိုးဖို့ရောက်လာခဲ့တာ......"
&&&&
သားရဲတစ်ရာတောအုပ်၏အပြင်ဘက်ပိုင်း၌
များပြားလှသည့်သိုင်းသမားများစုရုံးနေကြသည်ကိုအံ့ဩဖွယ်တွေ့ရမည်ဖြစ်ပြီး ထိုလူများက တောအုပ်အတွင်းပိုင်းသို့စိုးရိမ်တကြီးကြည့်ရှုနေကြသည်။
သူတို့သာမဟုတ်ဘဲ သိုင်းမဟာမိတ်မှခေါင်းဆောင်များလည်း အလားတူအမူအယာများဖြင့်ရှိကြပြီး သူတို့၏ပုံစံက တစ်စုံတစ်ခုကိုထိတ်လန့်စိုးထိတ်နေကြသည်။
သားရဲတစ်ရာတောအုပ်၏အကျယ်အဝန်းကကြီးမားလှပြီး တစ်လခန့်အချိန်ပေးလျှင်ပင် တောအုပ်ကိုနှံ့စပ်အောင်လျှောက်သွားနိုင်မည်မဟုတ်ပေ။
ထို့ကြောင့်သူတို့လည်း ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများအမိန့်ကြောင့် တောအုပ်အပြင်သို့ဆုတ်ခွာလာကြသည့်တိုင် နေ့တစ်ဝက်ကြာပြီးနောက်တွင်ပင်အပြင်ဘက်ပိုင်းတွင်သာရှိနေကြခြင်းဖြစ်၏။
မိစ္ဆာဓားသမားကိုသတ်ဖြတ်နိုင်လုဆဲဆဲတွင် ကြောက်စရာကောင်းသည့်လူများစွာထွက်ပေါ်လာပြီး သူတို့ကိုတောအုပ်အပြင်ပိုင်းသို့ချက်ခြင်းဆုတ်ခွာခိုင်းရသည်အထိပင်။
ယခုအခါ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းသမားများ ၊ သိုင်းမဟာမိတ်မှလူများနှင့် မိစ္ဆာနှိမ်နင်းရေးအဖွဲ့တွင်ပါဝင်ခဲ့သည့်တစ်ကိုယ်တော်သိုင်းသမားများစွာက အချင်းချင်းပြောဆိုဆွေးနွေးလျက်ရှိကြသည်။
ထိုစကားဝိုင်း၏အဓိကအကြောင်းအရာက မိစ္ဆာဓားသမားနှင့်ပတ်သတ်သည်မှလွဲ၍အခြားမဟုတ်ပေ။
&&&&
" အစ်ကိုကြီး သခင်မလေးတို့နဲ့ပတ်သတ်ပြီးဘာသတင်းကြားသေးလဲ....."
အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ထွားကြိုင်းသန်စွမ်းလှသည့် နဂါးနတ်ရဲတိုက်သခင်ပိုင်ဖုန်းလူက အဖြူရောင်ဝတ်စုံဝတ်လူဝကြီးရှန့်ချင်းမန်ကိုမေးလိုက်သည်
သူ၏မေးခွန်းကို ရှန့်ချင်းမန်က ခေါင်းယမ်းပြရင်း အနည်းငယ်စိုးရိမ်သည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
" မသိဘူ သားရဲတစ်ရာတောအုပ်ထဲကိုသူတို့ဝင်သွားတာနှစ်ရက်တောင်ရှိပြီ အခုထိ သတင်းတစ်ခုမှမကြားရသေးဘူး။
ပြီးတော့ တောအုပ်ထဲကအခြေအနေတွေကရှုပ်ထွေးနေတာဆိုတော့ ဂိုဏ်းကြီးခြောက်ဂိုဏ်းကလူတွေနဲ့တော့ ထိတ်တိုက်မတွေ့လောက်ပါဘူး ....."
လူဝကြီးရှန့်ချင်းမန်က ထိုအကြောင်းကိုပြောရာတွင်အလေးအနက်ပုံစံရှိနေသည်။
&&&&