← Chapters

တရားခံများ

Vol. 4 Ch. 97

တရားခံများ

Vol. 4 Ch. 97

လူဝကြီးရှန့်ချင်းမန်က ထိုအကြောင်းကိုပြောရာတွင်အလေးအနက်ပုံစံရှိနေသည်။

သူတို့အင်အားစုသုံးခု၏အင်အားကမသေးသည့်အပြင် မိန်းမပျိုလေးတို့လူစုမည်မျှအင်အားကောင်းသည်ကိုသိရှိသည့်တိုင် ဂိုဏ်းကြီးခြောက်ဂိုဏ်းဆိုသည့် သိုင်းလောက၏ထောက်တိုင်ကြီးခြောက်ခုက လျစ်လျူရှု၍မရပေ။

ခေတ်အဆက်ဆက်တည်ရှိလာသည့်ထိုအင်အားစုခြောက်ခုကိုမည်သို့သောလူမျိုးမဆိုလေးစားမှုပြသရပေသည်။

အဆိုးဆုံးအချက်က မည်သည့်အတွက် ကောက်ကာငင်ကာသိုင်းလောကထဲဆင်းသွားသည့် ထိုမိန်းမပျို၏ရည်ရွယ်ချက်ကိုသူတို့မှန်းဆမရနိုင်ခြင်းပင်ဖြစ်သည်။

" ဟားဟား....သူတို့ပြဿနာတတ်ရင်ပိုတောင်ကောင်းသေးတယ် ဒါမှ ကျုပ်တို့အတုမဲ့ဂိုဏ်းရဲ့အင်အားကိုတစ်လောကလုံးသိအောင်ကြေငြာပြီးသားဖြစ်မှာပေါ့......"

တိုက်ခိုက်ရခြင်းကိုနှစ်ခြိုက်ခုံမင်လှသည့်ပိုင်ဖုန်းလူက မိန်းမပျိုတို့လူစုနှင့်ဂိုဏ်းကြီးခြောက်ဂိုဏ်းမှလူများပြဿနာတတ်စေရန်ပင်မျှော်လင့်နေသေးသည်။

" ညီလေးပိုင် ဒီကိစ္စက ပေါ့ပေါ့တန်တန်မဟုတ်ဘူး ။တကယ်လို့ နှစ်ဖက်စလုံးကသာ ရန်ငြိုးကြီးကြီးမားမားဖွဲ့ပြီးသူသေကိုယ်သေတိုက်ရင် သိုင်းလောကတစ်ခုလုံးသွေးချောင်းစီးနိုင်တယ် ....."

ထိုစကားကိုပြောဆိုလိုက်သူက သူတို့၏အနီးသို့လျှောက်လာသည့်လီချန်းစိန်မှလွဲ၍အခြားမဟုတ်ပေ။

နူးညံ့ချောမောသည့်မျက်နှာနှင့် အထက်တန်းကျသည့်ပန်းတစ်ရာတောင်ကုန်းပိုင်ရှင်က ယခုအခါအတော်လေးအလုပ်ရှုပ်နေဟန်တူသည်။

ယခုလေးငါးရက်အတွင်း ဂိုဏ်းသစ်ဖွင့်ပွဲအတွက်သူတို့အားလုံးအလုပ်ရှုပ်နေကြကာ ဖွင့်ပွဲကျင်းပမည့်ပန်းတစ်ရာတောင်ကုန်း၌လည်း လူများပျားပန်းခတ်သွားလာလှုပ်ရှားလျက်ရှိသည်။

နဂါးနတ်ရဲတိုက်၊ ပညာရှိစံအိမ်နှင့်ပန်းတစ်ရာတောင်ကုန်းဆိုသည့်အင်အားစုသုံးခုထဲတွင် ပန်းတစ်ရာတောင်ကုန်းက တည်နေရာအားဖြင့်အချက်အချာကျသလို သိုင်းလောကထဲတွင်ကောင်းသတင်းမွှေးပျံ့ရာ သူတို့၏စံအိမ်တွင်ဖွင့်ပွဲပြုလုပ်ရန်ဆူံးဖြတ်ခဲ့ခြင်းဖြစ်သည် ။

သူတို့၏အင်အားစုသုံးခုစုပေါင်းထားသည့် ဂိုဏ်းအသစ်က သိုင်းလောကကိုမည်သည့်ပြောင်းလဲမှုများယူဆောင်လာမည်ကိုတော့ ခေါင်းဆောင်သုံး‌ယောက်လည်းကြိုတင်မှန်းဆရန်မတတ်နိုင်ကြပေ။

" ဟီးဟီး ကျုပ်ကသဘောကိုပြောတာပါ...."

ရှန့်ချင်းမန်နှင့်လီချန်းစိန်တို့၏အလေးအနက်အမူအယာများကြောင့် ပိုင်ဖုန်းလူက သူ၏စကားကိုလျော့ချလိုက်သည် ။

လူဝကြီးရှန့်ချင်းမန်က တစ်စုံတစ်ခုကိုအလေးအနက်တွေးတောနေပြီး မျက်မှောင်ကြုတ်၍ပြောလိုက်သည်။

" ဒါနဲ့ ကျုပ်တို့ရဲ့ရပ်တည်ချက်ကိုသိုင်း‌လောကသားတွေမေးခွန်းထုတ်လာရင်ဘယ်လိုလုပ်မလဲ ...."

ဖွင့်ပွဲအဖြစ်သက်မှတ်ထားသည့်ရက်က နီးကပ်လာပြီဖြစ်၍ သူတို့အားလုံးအလုပ်ရှုပ်နေကြသလို အသေးစိတ်အချက်များကိုလည်းမလွတ်စေရန်ဂရုစိုက်နေရသည်။

ရှုပ်‌‌ထွေးပွေလီလှသည့်သိုင်းလောကကြီးထဲတွင် အင်အားစုအသစ်တစ်ခုပေါ်ထွက်လာရန်က မလွယ်ကူသလို ပေါ်ထွက်လာသည့်အင်အားစုကိုလည်း မူလရှိနှင့်ပြီးသည့်အင်အားစုများမှစောင့်ကြည့်လေ့ရှိကြသည် ။

အထူးသဖြင့်သူတို့လိုထိပ်တန်းအင်အားစုပေါင်းစည်းထားမည့် အင်အားစုကြီးဆိုလျှင် ဂိုဏ်းကြီးခြောက်ဂိုဏ်းပင်သတိဖြင့်စောင့်ကြည့်လာမည်ဖြစ်ပြီး သူတို့၏ရပ်တည်မှုကိုမည်သို့ဖော်ပြရန်ကလည်းအရေးပါပေသည်။

သူတို့အင်အားစုသုံးခု၏မူလရပ်တည်ချက်က သိုင်းလောကအရေးများကိုလုံးဝဝင်ရောက်ပါဝင်ခြင်းမရှိဘဲ အေးချမ်းစွာနေထိုင်ခြင်းဖြစ်သည့်တိုင် အထွတ်အမြတ်နတ်နန်းတော်မှမိန်းမပျိုလေး၏အမိန့်ဖြင့် ထိုရပ်တည်ချက်က ကျိုးပျက်သွားပြီဖြစ်သည်။

ယခုအချိန်ထိ ထိုမိန်းကလေး၏ရည်ရွယ်ချက်ကိုသူတို့တိတိကျကျမသိရသေးသည့်တိုင် မူလကလိုအေးအေးချမ်းချမ်းနေနိုင်ရန်က ဖြစ်နိုင်မည်မဟုတ်ပေ။

အကြောင်းကား နောက်ခံအင်အားတောင့်တင်းလှကာ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လှသည့်ထိုမိန်းမပျိုက မည်သည့်နည်းနှင့်မှ နှိမ့်နှိမ့်ချချနေမည်မဟုတ်ဥဖြစ်သည်။

ပိုင်ဖုန်းလူတို့သုံးယောက်လည်းထိုအကြောင်းကိုရိပ်စားမိပြီးဖြစ်သည့်တိုင် မတတ်နိုင်ကြပေ။

သူတို့သုံးယောက်က ထိုမိန်းမပျိုကိုမလွန်ဆန်ဝံ့ကြပေ။

အခြားအချက်တစ်ခုအနေဖြင့်ပြောရလျှင် ယခုလိုအင်အားစုသုံးခုကိုပေါင်းစည်းပြီးသိုင်းလောကတွင်လှုပ်ရှားမည့်အဖြစ်ကိုသူတို့ပင်အနည်းငယ်စိတ်လှုပ်ရှားမိကြသေးသည်။

" ဒါနဲ့ အတုမဲ့နတ်ဂိုဏ်းရဲ့ဆက်ခံသူတွေအဖြစ် ရွေးချယ်ပြီးကြပြီလား....."

လီချန်းစိန်က အရေးပါသည့်အကြောင်းအရာတစ်ခုကိုမေးမြန်းလိုက်သည်။

အတုမဲ့နတ်ဂိုဏ်း၏အဓိကထိမ်းချုပ်သူက ဝတ်စုံဖြူဝတ်မိန်းမပျိုလေးနှင့်သူမ၏လူများဖြစ်သော်လည်း သူတို့က ပေါ်ပေါ်ထင်ထင်လူလုံးထွက်ပြမည်မဟုတ်ပေ။

ထို့ကြောင့်အခြားအင်အားစုများနှင့်ဆက်ဆံရန် သူတို့သုံးယောက်က တာဝန်ယူထားရသလို သူတို့ကိုကူညီရန်လူငယ်မျိုးဆက်များကိုရွေးချယ်ထားရန်လည်းလိုအပ်ပေသည်။

ဤသို့ဖြင့် အတုမဲ့နတ်ဂိုဏ်း၏ဆက်ခံသူသုံးယောက်ဆိုသည့်အစီအစဉ်က ပေါ်ထွက်လာခြင်းပင်ဖြစ်တော့သည်။

" အသေအချာပေါ့ ကျုပ်က ကျုပ်ရဲ့သားကြီး ပိုင်ဖုန်းမင်ပဲပေါ့....အခုတော့ သူ့ညီလေးကိုပြန်ခေါ်ရအောင်သိုင်းလောကထဲဆင်းသွားတယ်....."

ပိုင်ဖုန်းလူကဂုဏ်ယူဝံ့ကြွားစွာပြောဆိုလိုက်သော်လည်းတစ်စုံတစ်ခုကိုတွေးလိုက်မိပြီးသူ၏အပြုံးက အနည်းငယ်မှိန်ဖျော့သွားသည်။

သည့်မတိုင်မီက သူတို့အင်အားစုသုံးခုထဲမှလူငယ်မျိုးဆက်များတွင် သူ၏သားဖြစ်သူက အစွမ်းအထက်ဆုံးဟုထင်ခဲ့မိသည့်တိုင် ရှန့်ချင်းမန်၏သားဖြစ်သည့် ရှန့်စီးယန်ကလည်း အလားတူအစွမ်းထက်ကြောင်းကြားသိခဲ့ရသည်။

ပါရမီရှင်သိုင်းလုလင်အဖြစ်ကျော်ကြားသည့်ရှန့်စီးယန်က ပညာရှိစံအိမ်တွင်သိပ်မနေဘဲ သိုင်းလောကထဲတွင်အချိန်အများစုကုန်ဆုံးသည့်အတွက်လည်း သူ့ကို ပိုင်ဖုန်းလူလျော့တွက်မိခြင်းဖြစ်၏။

စွန်းအိမ်တော်ပြိုင်ပွဲမှပြန်လာသည့်သားကြီး၏စကားအရ ရှန့်စီးယန်၏သိုင်းပညာက သူ့ထက်ပင်ပို၍သာလွန်နိုင်သည်ဟုသိရခြင်းက သည့်အတိုင်မီက လေကြီးထားခဲ့သည့် ပိုင်ဖုန်းလူကိုအနည်းငယ်အရှက်ရစေသည်။

ကံကောင်း‌ထောက်မစွာဖြင့်သူ၏အမူအယာကိုကျန်နှစ်ယောက်က သတိမထားမိဘဲ လီချန်းစိန်က သက်ပြင်းတစ်ချက်ချဥခေါင်းယမ်းကာပြောလိုက်သည်။

" ကျုပ်ကတော့ ကျုပ်ရဲ့တူတော်မောင်ကိုပဲထည့်ရတော့မှာပေါ့။ ဘာလို့လဲဆိုတော့သမီးကမှ ဒီလိုဟာတွေဝင်မပါချင်တာ....."

ပန်းတစ်ရာတောင်ကုန်းမှနာမည်ကျော်ပန်းနတ်သမီးလီချင်းချင်းက ဆေးပညာစွမ်းရည်မြင့်မားပြီး ကြင်နာတတ်သည့်အတွက် ဂုဏ်သတင်းမွှေးပျံ့သည့်တိုင် သိုင်းလောကအရှုပ်အထွေးများကိုဝင်ပါလိုခြင်းမရှိပေ။

သူမ၏သိုင်းပညာကလည်း ထိပ်တန်းအဆင့်သာရှိသေးရာ လီချန်းစိန်လည်း သူ၏သမီးဖြစ်သူကိုတွန်းအားပေးခြင်းမျိုးမပြုလုပ်တော့။

ထို့ကြောင့် နောက်ဆုံးတွင် သူ၏ဆက်ခံသူအဖြစ် ပန်းတစ်ရာတောင်ကုန်းမှလူငယ်မျိုးဆက်များတွင် အထူးချွန်ဆူံးဖြစ်သည့်သူ၏တူတော်မောင်ကိုသာရွေးချယ်ခဲ့ရသည်။

အသက်နှစ်ဆယ့်ငါးနှစ်ဖြင့် အဆင့်လွန်ထိပ်သီးအဆင့်ရောက်ခဲ့သည့် သူ့တူ၏ပါရမီက သိုင်းလောကထဲတွင်ထိပ်တန်းဖြစ်သော်လည်း ကျန်အင်အားစုနှစ်ခုမှဆက်ခံသူများနှင့်ယှဉ်လျှင်အနည်းငယ်နိမ့်ကျနေသေးသည်။

ပိုင်ဖုန်းလူနှင့်လီချန်းစိန်တို့ အတွေးကိုယ်စီဖြင့်တိတ်ဆိတ်သွားစဉ် လူဝကြီးရှန့်ချင်းမန်ကလည်းသူစအခက်အခဲကိုညဉ်းတွားလိုက်သည်။

" ကျုပ်ရဲ့သားကတော့ တကယ့်ကိုခေါင်းမာလှတယ်။

ပုံမှန်ဆိုလျှင် ပြောစကားမှန်သမျှတသဝေမတိမ်းနားထောင်ပြီးတစ်စက်ကလေးမှစောဒကမတတ်ဖူးပေမယ့် အခုကိစ္စကိုတော့ ခါးခါးသည်းသည်းငြင်းဆန်နေတယ်။

ကျောင်းထိုင်ဆရာတော်ရဲ့ဈာပနနေ့က ရှောင်လင်ကျောင်းပေါက်ဝမှာ သူ့ရဲ့ရှောင်လင်ကျောင်းနဲ့ အထွတ်အမြတ်နတ်နန်းတော်ကလူတွေပြဿနာတတ်တာကို ကျေနပ်သေးတဲ့ပုံမရဘူး ။

အေးလေ ....သခင်မလေးကလည်း ဘယ်သူ့ကိုမှမျက်စေ့ထဲမထည့်တာကိုး ။ သူက မာနကြီးမယ်ဆိုရင် ကြီးလောက်တဲ့အရည်အချင်းမျိုးရှိတာကို ...."'

&&&&

သားရဲတစ်ရာတောအုပ်၏အပြင်ဘက်၌ ထူးခြားသည့်မြင်ကွင်းတစ်ခုဖြစ်ပျက်လျက်ရှိသည်။

ဂိုဏ်းပေါင်းစုံမှသိုင်းသမားများ ၊ တစ်ကိုယ်တော်သိုင်းသမားများစွာက အချင်းခင်းမကျေမနပ်ပြောဆိုဆွေးနွေးလာကြကာ တောအုပ်အတွင်းမှထွက်ခွာလာကြသည်။

သူတို့၏ပုံစံကအတော်လေးစိတ်ပျက်လက်ပျက်ဖြစ်နေဟန်တူကာ အချို့ဆိုလျှင် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများကိုပင်အပြစ်တင်ပြောဆိုနေကြသေးသည်။

ပုံမှန်ဆိုလျှင် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများက သိုင်းလောကသားတိုင်းလေးစားကြည်ညိုရသူများဖြစ်သော်လည်းယခုအခါ ထိုပုဂ္ဂိုလ်များက အပြစ်တင်ခံနေရခြင်းဖြစ်၏။

ထူးဆန်းသည့်အချက်ကား ဂိုဏ်းကြီးခြောက်ဂိုဏ်းမှဂိုဏ်းသားများပင် သူတို့၏ခေါင်းဆောင်များကို များစွာသဘောကျပုံမပေါ်၍ဖြစ်သည် ။

သူတို့၏စိတ်ပျက်မှုကိုလည်း နားလည်ရပေမည်။

အချိန်ကုန်လူပန်းသည့်အပြင် များပြားလှသည့်အသက်များဆုံးရှုံးပြီးနောက်၌ သူတို့၏ရည်ရွယ်ချက်ကြီးကအလဟာသဖြစ်သွားသည်ကိုသိလိုက်ရာ မည်သူစိတ်မပျက်ဘဲနေမည်နည်း။

ထိုမြင်ကွင်းကိုတစ်နေရာမှမြင်နေရသည့် အဖြူရောင်ဝတ်စုံဝတ်သက်လက်ပိုင်းလူတစ်ယောက်က သက်ပြင်းရှည်ကြီးချလိုက်ကာ ဘေးနားရှိလူငယ်နှစ်ယောက်ကိုမေးလိုက်သည်။

" ကြွယ်ယန်နဲ့ ကြွယ်စင်း မင်းတို့ရော ဘယ်ကိုဆက်သွားဖို့စိတ်ကူးထားလဲ....."

သက်လက်ပိုင်းလူကြီး၏စကားကြောင့် ခေါင်းတုံးဆံပင်ပေါက်ပုံစံနှင့် လူငယ်နှစ်ယောက်က အနည်းငယ်တွေဝေသွားကြပြီး ဝဝဖိုင့်ဖိုင့်လူငယ်က သူ၏ဦးခေါင်းကိုပွတ်ကာပြောလိုက်သည်။

" အဲ လောလောဆယ်တော့ ဘာမှမစဉ်းစားထားရသေးဘူး ၊ အစ်ကိုကြီးကလည်းပျောက်နေသလို ဟောင်ရန်ကလည်း ထွက်သွားပြီ။ ပြီးတော့ စီးတုယွမ်ချင်းကလည်း သူ့အဖေနဲ့လိုက်သွားပြီ ......"'

လူငယ်နှစ်ယောက်က ကြွယ်ယန်နှင့်ကြွယ်စင်းတို့မှလွဲ၍အခြားမဟုတ်ဘဲ အဖြူရောင်ဝတ်စုံဝတ်လူကြီးကား စန်းဟုန်းလျန်ပင်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်ရက်ကအဖြစ်အပျက်များစွာဖြစ်ပျက်သွားခဲ့သည်။

မိစ္ဆာဓားသမားဆိုသည့်လူငယ်ကို ဖမ်းဆီးသတ်ဖြတ်နိုင်ဆဲဆဲတွင် အမှောင်ကျေးရွာမှလူများထွက်ပေါ်လာကာ သူတို့ကိုတိုက်ခိုက်ခဲ့ကြသည်။

ထိုအဖိုးကြီးများ၏လက်ချက်ကြောင့် ဆရာတော်ခုံးယင်နှင့်အဖိုးအိုယန်ချန်းနင်တို့ဒဏ်ရာအပြင်းအထန်ရခဲ့ကြပြီး အဖြူရောင်ဝေါယာဉ်နှင့်မိန်းမပျိုလေးတို့လူစုသာရောက်မလာပါက သူတို့အနေဖြင့်အလွယ်တကူလွတ်မြောက်မည်မဟုတ်ပေ။

ထိုမိန်းမပျို၏ကူညီမှုကြောင့် ကျန်လူများမထိခိုက်သော်လည်း အမှောင်ကျေးရွာမှလူများနှင့်မိစ္ဆာဓားသမားကို မတားဆီးနိုင်ကြခဲ့ပေ။

ထို့ကြောင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှဦးဆောင်၍ ဖွဲ့စည်းခဲ့သည့်မိစ္ဆာနှိမ်နင်းရေးအဖွဲ့က ပြက်လုံးတစ်ခုလိုဖြစ်သွားကာ အင်အားသုံးရာနီးပါး ဆုံးရှုံးခဲ့ရသလို မိစ္ဆာဓားသမားလည်းလွတ်မြောက်သွားခဲ့သည်။

သို့သော် ထိုဖြစ်ရပ်ထဲတွင် အမှောင်ကျေးရွာမှလူများ ၊ ထူးဆန်းသည့်မိန်းမပျိုနှင့်နတ်သိုင်းနန်းတော်မှလူများစသည့် ကြောက်စရာကောင်းသည့်အင်အားစုများပါဝင်ပတ်သတ်နေသည်ကိုဖော်ပြမရနိုင်သည့်အတွက် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများကအချင်းချင်းတိုင်ပင်ကာ မိစ္ဆာဓားသမားကို အမည်မသိလူတစ်စုကယ်ထုတ်သွားသည်ဟုပြောခဲ့ရသည်။

အကယ်၍ အမှောင်ကျေးရွာ ၊ နတ်သိုင်းနန်းတော်စသည့်အင်အားစုများအကြောင်းကိုသာ သိုင်းလောကအတွင်းဖွင့်ချပြပါက မလိုလားအပ်သည့်ဆူပူကြောက်လန့်မှုများဖြစ်စေပေမည်။

ထို့ကြောင့်လည်း အဖြစ်မှန်ကိုမသိသည့်သိုင်းလောကသားများက ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများကိုစိတ်ပျက်လက်ပျက်ဖြင့်အပြစ်တင်ကာ ထွက်ခွာသွားခဲ့ကြ၏။

ဤသို့ဖြင့် အားမာန်တကြီးဖွဲ့စည်းခဲ့ရသည့်မိစ္ဆာနှိမ်နင်းရေးမဟာမိတ်ကြီးက အလိုလိုပြိုကွဲသွားခဲ့သလို သိုင်းမဟာမိတ်ပင် အင်အားအတော်များများဆုံးရှုံးခဲ့ရသည်။

အဆုံး၌ ထိုဖြစ်ရပ်များ၏တရားခံအဖြစ် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာများက ခေါင်းခံခဲ့ရပြီး သိုင်းလောကထဲတွင်သူတို့၏ဂုဏ်သိက္ခာသည်လည်းပျက်စီးခဲ့ရပေသည်။

ယခု တောအုပ်ထဲမှသိုင်းသမားများလည်း သက်ဆိုင်ရာနေရာများဆီသို့ပြန်ကုန်ပြီဖြစ်ရာ တောအုပ်အစပ်တွင်များပြားလှသည့်သိုင်းသမားများထွက်ခွာနေကြသည်ကိုတွေ့ရပေမည်။

ယောင်ချာချာဖြစ်နေသည့်ကြွယ်ယန်နှင့်ကြွယ်စင်းတို့နှစ်ယောက်သည်လည်း စန်းဟုန်းလျန်နှင့်အတူရှိနေကြခြင်းဖြစ်သည်။

&&&

All Chapters