ကိုယ့်လမ်းကိုယ်လျှောက်
Vol. 4 Ch. 98
" ဦးလေးဟုန်းလျန် ကျုပ်တို့ဘာလုပ်သင့်လဲ......"
ကြွယ်စင်းက စန်းဟုန်းလျန်ကိုဖြေးညင်းစွာမေးလိုက်သည်။
သူ၏စကားကြောင့် ပြီးခဲ့သည့်ရက်ပိုင်းကအဖြစ်အပျက်များကိုပြန်တွေးတောနေမိသည့်စန်းဟုန်းလျန်လည်း သက်ပြင်းမောကြီးတစ်ချက်ချလိုက်မိကာလူငယ်နှစ်ယောက်ကိုပြန်ကြည့်လိုက်သည်။
ရှောင်ယောင်နှင့်ဆက်စပ်၍ငယ်စဉ်ကပင် သိကျွမ်းခဲ့သည့်ကြွယ်ယန်နှစ်ယောက်က စန်းဟုန်းလျန်အတွက်လည်း ဆွေမျိုးသားချင်းများလိုပင်။
ထို့ကြောင့်သူတို့အတွက်စဉ်းစားကာ ဖြေးညင်းစွာမေးလိုက်သည်။
" မင်းတို့ဘာလုပ်ဖို့စိတ်ကူးထားလဲ ..."
စန်းဟုန်းလျန်၏မေးခွန်းကြောင့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍တိတ်ဆိတ်သွားကြပြီး ကြွယ်ယန်က ဦးစွာပြောလိုက်သည်။
" ကျုပ်တို့ အရင်ကတော့ အစ်ကိုကြီးနဲ့အတူ သုံးယောက်သား သိုင်းလောကထဲမှာကျင်လည်ဖို့ဆုံးဖြတ်ထးတာ ။
ဒါပေမယ့် ဒီကြားထဲမှာအပြောင်းအလဲတွေဖြစ်ပြီးအခုဆို ကျုပ်တို့နှစ်ယောက်ထဲကျန်ခဲ့တော့တယ် ....."
ကြွယ်ယန်၏စကားကို ကြွယ်စင်းကလည်းအသာခေါင်းညိမ့်ပြလိုက်သည်။
သူတို့၏အမူအယာများကိုအကဲခပ်၍ စန်းဟုန်းလျန်က လေးနက်သည့်လေသံဖြင့်ပြောလိုက်လေသည်။
" မှတ်ထားကောင်လေးတို့ မင်းတို့ရဲ့ဘဝကိုလျှောက်လှမ်းတဲ့အခါမှာ မိတ်ဆွေအပေါင်းအသင်းတွေဆိုတာအရေးပါပေမယ့် သူတို့ကိုတစ်သက်လုံးမှီခိုနေလို့မရဘူး ။
ဘယ်လောက်ပဲရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ပါစေ အချိန်တန်ရင်ခွဲခွာရမှာဖြစ်သလို ကိုယ့်လမ်းကိုဆက်လျှောက်ရမှာပဲ။
ကံအကြောင်းတိုက်ဆိုင်လို့တွေ့ဆုံရင်းနှီးကြသလို ကံကြမ္မာကြောင့်ပဲခွဲခွာရမှာပဲ။
မင်းတို့နဲ့ရှောင်အာရဲ့ရင်းနှီးမှုကို ငါသိပေမယ့် အမြဲတမ်းသူ့နောက်ကိုတကောက်ကောက်လိုက်နေဖို့တော့မလိုအပ်ဘူး။
ဒီနေရာမှာ ဟောင်ရန်ဆိုတဲ့ကောင်လေးရဲ့ဆုံးဖြတ်ချက်ကိုငါသဘောကျတယ်။
သူကလည်းရှောင်အာ့ကိုမင်းတို့လိုမျိုးခင်မင်သံယောဇဉ်ရှိပေမယ့် အခုလိုမျိုး ကံအကြောင်းမတိုက်ဆိုင်လို့ခွဲခွာရချိန်မှ သူ့ဘဝအတွက်သူဆက်လျှောက်ဖို့ဆုံးဖြတ်ခဲ့တာ။
ပြီးတော့ စီးတုယွမ်ချင်းဆိုတဲ့မိန်းကလေးကလည်းအတူတူပဲ။ အခု သူ့ရဲ့မိသားစုမှာပြဿနာရှိနေတော့ အပြင်မှာအချိန်ကုန်မနေတော့ဘဲ ချက်ခြင်းပြန်သွားခဲ့တယ်လေ ။။
မင်းတို့က ဘာဆက်လုပ်ရမှန်းမသိဘဲ လမ်းပျောက်နေခဲ့တာ ......"'
စန်းဟုန်းလျန်၏စကားများကိုကြွယ်ယန်နှင့်ကြွယ်စင်းတို့ကငြိမ်သက်စွာနားထောင်နေကြသည်။
သူတို့၏စိတ်ထဲတွင်တော့လေးနက်ပြီးအဓိပ္ပာယ်ရှိသည့်စကားများကိုအပြန်ပြန်အလှန်လှန်သုံးသပ်နေကြပြီး ထိုနှစ်ယောက်ကိုအကဲခပ်၍စန်းဟုန်းလျန်ကဆက်ပြောလိုက်သည်။
" ဒါကြောင့် ငါမင်းတို့ကိုအကြံပေးချင်တာက မင်းတို့လည်းကိုယ့်လမ်းကိုဆက်လျှောက်ဖို့သင့်တယ်ဆိုတာပဲ။
မင်းတို့ရဲ့စိတ်ထဲက အပြင်းပြဆုံးရည်မှန်းချက်တစ်ခုကိုသေချာစဉ်းစားလိုက်။ ပြီးရင် အဲဒီရည်မှန်းချက်အတိူင်းဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ကြ ....။။
ဒါက ငါမင်းတို့ကိုအကြံပေးနိုင်တာပဲ။ ဆက်လုပ်မလုပ်ဆိုတာကတော့ မင်းတို့ပဲဆုံးဖြတ်ရမှာ....."
စန်းဟုန်းလျန်၏စကားအဆုံးသက်သွားသော်လည်း ကြွယ်ယန်နှင့်ကြွယ်စင်းတို့က အချိန်အနည်းငယ်ကြာအောင်ကငြိမ်သက်နေကြသည်။
သို့သော်သူတို့၏မျက်ဝန်းများကတလက်လက်တောက်ပနေပြီး ယခင်ကမရှိခဲ့ဖူးသည့်ရည်မှန်းချက်များ၊ ယုံကြည်မှုများကိုပြန်၍စဉ်းစားမိလာသည် ။
ထို့ကြောင့် ကြွယ်ယန်က အသက်ပြင်းပြင်းရှူကာ လက်သီးလက်မောင်းတန်း၍အော်ဟစ်လိုက်သည်။
" ဟုတ်ပြီ ကျုပ်ရဲ့ရည်မှန်းချက်က နာမည်ကျော်သိုင်းသမားတစ်ယောက်ဖြစ်ဖို့ပဲ။ ကျုပ်ရဲ့နာမည်ကိုကြားတာနဲ့ဘယ်သူဆိုတာသိုင်းလောကသားတိုင်းသိနေရမယ်။ ပြီးရင် အကျင့်ကောင်းပြီး ရုပ်ရည်လှပတဲ့မိန်းကလေးတစ်ယောက်ကိုလက်ထပ်မယ် ။မဟုတ်ဘူး နှစ်ယောက်သုံးယောက်လောက်ပေါ့....."
ရုတ်တရက်ထပြောလိုက်သည့် ကြွယ်ယန်၏အော်သံကြောင့် အနီးရှိသိုင်းသမားအချို့က စိတ်အနှောင့်အယှက်ဖြစ်သွားကာ တင်းမာသည့်ဟန်ဖြင့်ကြည့်လိုက်ကြ၏ ။
သို့သော် ကြွယ်ယန်နှင့်အတူရပ်နေသည့်စန်းဟုန်းလျန်ကိုမြင်သည့်အခါ အလျှင်အမြန်မျက်နှာလွဲ၍ ဘာမှမဖြစ်သလိုပုံစွဟန်ဆောင်လိုက်ကြသည်။
ကြွယ်ယန်ဆိုသည့်သကောင့်သားကား ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘဲ အပြုံးကြီးကြီးပြုံးကာ ကြွယ်စင်း၏ပခုံးကိုပုတ်ကာမေးလိုက်သည်။
" တတိယညီလေး မင်းကရောဘာလုပ်မယ်စိတ်ကူးလဲ....."
ကြွယ်ယန်၏မေးခွန်းကြောင့် ကြွယ်စင်းက ဆက်ခနဲဖြစ်သွားပြီးပြုံး၍ခေါင်းယမ်းပြလိုက်သည်။
သူ၏ပုံစံက တစ်စုံတစ်ရာပြောလိုဟန်မရ၍ ကြွယ်ယန်လည်းနှာခေါင်းရှုံ့ကာဘေးလှည့်သွားသည် ။
လူငယ်နှစ်ယောက်၏စိတ်ဓာတ်အပြောင်းအလဲကိုအကဲခပ်မိ၍ စန်းဟုန်းလျန်က ကျေနပ်စွာပြုံးကာဆက်ပြောလိုက်သည်။
" ပြီးတော့ ရှောင်အာအတွက်လည်း သိပ်ပြီးစိတ်ပူမနေပါနဲ့။ သူက ဘာလုပ်ရမယ်ဆိုတာ ကောင်းကောင်းဆုံးဖြတ်နိုင်ပြီး တတ်သိနားလည်တဲ့လူတစ်ယောက်ပဲလေ။
အချိန်တစ်ခုကိုရောက်ရင် မင်းတို့သေချာပေါက်ပြန်တွေ့ရမှာပါ...."
စန်းဟုန်းလျန်၏စကားကြောင့် ကြွယ်ယန်တို့လည်းခေါင်းညိမ့်ပြလိုက်ကြသည်။
ရုတ်တရက် ကြွယ်ယန်၏မျက်နှာက ကွက်ခနဲပျက်သွားပြီး စိတ်ပျက်စွာဖြင့်ညဉ်းတွားလိုက်သည်။
" သွားပြီ ငါ့ရဲ့ရည်မှန်းချက်လေးက မစခင်ကပဲဖျက်ဆီးခံရတော့မယ်....."
ကြွယ်ယန်၏မဆီမဆိုင်စကားတစ်ခွန်းကြောင့်သူတို့လည်းကြွယ်ယန်ကြည့်ရှုနေသည့်နေရာသို့ကြည့်လိုက်မိရာ သူတိူ့ရှိရာသို့လျှောက်လာနေသည့်အနက်ရောင်ဝတ်စုံဝတ်လူရွယ်တစ်ယောက်ကိုတွေ့လိုက်ရသည်။
အသက်သုံးဆယ်ဝန်းကျင်ရှိမည်ဖြစ်ပြီး ကြံ့ခိုင်တောင့်တင်းသည့်ခန္တာကိုယ်ပိုင်ဆိုင်ထားသည့်ထိုလူရွယ်က နောက်ကျောတွင်လည်းကြီးမားသည့်ဓားပြားကြီးတစ်လက်ကိုသိုင်းလွယ်ထားသေးသည်။
" ကြွယ်ယန် ဒါက မင်းရဲ့အစ်ကို နဂါးနက်မလား...."
ကြွယ်စင်း၏ခပ်တိုးတိုးမေးခွန်းကိုခေါင်းညိမ့်ပြ၍ ကြွယ်ယန်ကပြန်ဖြေလိုက်သည်။
" သေချာတာပေါ့ သူငါ့ကိုရဲတိုက်ကိုပြန်ဖို့လာခေါ်ကလွဲပြီးတခြားမဖြစ်နိုင်ဘူး....."
အစောပိုင်းကပင်ရွှင်ပြနေသည့်ကြွယ်ယန်၏မျက်နှာကြီးက လငပုပ်ဖမ်းသည့်ပမာ ညိုမှောင်လျက်ရှိသည်။
&&&-
အဝေးရှိကုန်းမြင့်တစ်ခုထက်တွင် အဖြူရောင်ဝေါယာဉ်တစ််ခုရှိနေပြီး အဖြူရောင်ဝတ်စုံကိုပင်ဝတ်ဆင်ထားကြသည့်လူတစ်စုလည်းရှိနေသည်။
ဝေါယာဉ်၏ရှေ့နားတွင် တုနှိုင်းမမှီသည့်မိန်းမပျိုလေးတစ်ဦးရှိနေကာ အောက်ဘက်မှတဖြူးဖြူးတိုက်ခတ်နေသည့်လေပြင်းကြောင့် နက်မှောက်ဖြောင့်စင်းသည့်ဆံနွယ်များက လွတ်လပ်စွာလွင့်မျောလျက်ရှိသည်။
မွဲခြောက်ခြောက်သစ်သားမျက်နှာဖုံးတစ်ခုကိုဝတ်ဆင်ထားသည့်တိုင် မြင့်မြတ်တင့်တယ်ပြီးလွှမ်းမိုးနိုင်စွမ်းရှိသည့်အရှိန်အဝါက အလိုလိုထွက်ပေါ်နေကာ သူမ၏မျက်ဝန်းမတားက ညကောင်းကင်မှကြယ်ပွင့်များလို တလက်လက်တောက်ပနေသည်။
သူမက ပုံမှန်အတိုင်းအဖြူရောင်ဝတ်စုံပွတစ်ထည်ကိုဝတ်ဆင်ထားသည့်တိုင် အတော်လေးအားပြင်းသည့်လေကြောင့် သူမ၏ဝတ်စုံက ကိုယ်ပေါ်တွင် ချပ်ကပ်လျက်ရှိသည်။
သေးကျဉ်းသည့်ခါးနွဲ့နွဲ့လေး၊ ဖွံ့ထွားသည့်တင်ပါးတို့အပြင် ပန်းပုဆရာ၏လက်ရာမြောက်ယမင်းသူဇာထက်ပင်ပို၍အချိုးကျနေသည့် ကိုယ်ဟန်ကလေးက ရရှိရှိသမျှယောင်္ကျားသားတို့ကိုစွဲဆောင်ဖမ်းစားနိုင်မည်ဖြစ်သော်လည်း သူမ၏နောက်ရှိလူများကားမည်သူမှစေ့စေ့မကြည့်ဝံ့ကြပေ။
ကြံ့ခိုင်သန်စွမ်းသည့်ဝေါယာဉ်ထမ်းသမားလေးယောက်က ကျောက်ဆစ်ရုပ်များပမာဟန်အမူအယာကင်းမဲ့စွာရပ်နေကြသလို အဖြူရောင်ဝတ်စုံဝတ်သက်လက်ပိုင်းလူနှစ်ယောက်ကလည်း ခြေချိတ်ထိုင်၍အတွင်းအားလေ့ကျင့်နေကြသည်။
သံမဏိမျက်နှာဖုံးစွပ်ထားပြီးဆံပင်များဖြူဖွေးနေသည့်ဓားသမားတစ်ဦးက အဝေးကိုမျှော်ကြည့်နေသလို ခါးကုန်းအဖိုးအိုကလည်း ဝေါယာဉ်၏နောက်ဘက်တွင်ထိုင်ကာငိုက်မျဉ်းနေသည်။
အောက်ဘက်တွင် မျက်စေ့တစ်ဆုံးကျယ်ပြောလှသည့်သားရဲတစ်ရာတောအုပ်ကြီးကိုတွေ့မြင်နိုင်သလို ခပ်ဝေးဝေးတွင် တောအုပ်၏အစပ်၌တလှုပ်လှူပ်တရွရွဖြစ်နေသည့်ပုရွက်ဆိတ်လိုအရိပ်ကလေးများကိုလည်းတွေ့နေရသည်။
စင်စစ် သေးငယ်လှသည့်ထိုပုံရိပ်ကလေးများက သားရဲတစ်ရာတောအုပ်မှထွက်ခွာလာကြသည့်သိုင်းသမားများပင်ဖြစ်သည်။
မိန်းမပျိုလေးက အဝေးရှိမြင်ကွင်းကိုအားရအောင်ကြည့်ရှုပြီးချိန်မှ နောက်ဘက်သို့ပြန်လှည့်ကာ ကြည်လင်ချိုသာလှသည့်အသံကလေးဖြင့်ဖြေးညင်းစွာမေးလိုက်သည်။
" ရှန်းရှန်းတို့ကရော မရောက်လာသေးဘူးလား...."
" သူတို့ကိုအကြောင်းကြားထားတဲ့အတွက် သိပ်မကြာခင်ရောက်လာတော့မှာပါသခင်မလေး ....."
မိန်းမပျိုလေး၏မေးခွန်းကိုပြန်ဖြေလိုက်သူက သံမဏိမျက်နှာဖုံးစွပ်ဓားသမားဖြစ်ပြီးသူ၏စကားအဆုံးတွင် ကုန်းမြင့်ပေါ်သို့အစိမ်းရောင်အရိပ်ကလေးတစ်ခုက တရိပ်ရိပ်ပြေးတက်လာသည်။
ထိပ်တန်းအဆင့်ရှိသည့်ကိုယ်ဖော့ပညာရှိသည့် ထိုလူရိပ်ကလေးက လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်ရွေ့လျားလာခြင်းဖြစ်ကာ အချိန်အနည်းငယ်အတွင်း မိန်းမပျိုလေးတို့အနီးသိူ့ရောက်ရှိလာသည်။
ထိုအခါမှ လူရိပ်၏ပုံပန်းသွင်ပြင်ကိုရှင်းလင်းစွာမြင်နိုင်ကာ ထိုလူက အသက်ဆယ့်ငါးနှစ်ဆယ့်ခြောက်နှစ်ခန့်သာရှိမည့်မိန်းမငယ်လေးတစ်ဦးဖြစ်သည်ကိုတွေ့ရပေသည်။
" သခင်မလေး ကျမပြန်ရောက်ပါပြီ....."
အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးက ဝတ်စုံဖြူဝတ်မိန်းမပျို၏ရှေ့သို့သွားကာ ချစ်စရာကောင်းသည့်ဟန်ဖြင့်ပြောလိုက်သည်။
မိန်းမပျိုလေး၏စူးရှတောက်ပသည့်မျက်ဝန်းများက အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးဆီသို့ကျရောက်လာပြီး တည်ငြိမ်သည့်လေသံဖြင့်မေးလိုက်သည်။
" နင့်ကိုတာဝန်လေးတစ်ခုပဲလုပ်ခိုင်းတာ မအောင်မြင်ခဲ့ဘူးမလား....."
မိန်းမပျိုလေး၏စကားကြောင့် အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးက အနည်းငယ်တုန်လှုပ်သွားပြီးအလျှင်အမြန်ပြောလိုက်သည်။
" ဒါက ဟို မြေနတ်နှစ်ပါးအသုံးမကျလို့ပေါ့။ ဘာမဟုတ်တဲ့လူနှစ်ယောက်ကိုတောင် အနိူင်ရအောင်မတိုက်နိူင်ဘူး။။ပြီးတော့.....":
မိန်းမငယ်လေးက ပေါက်ပေါက်ဖောက်သလိုမကျေနပ်ချက်များတန်းစီးပြောနေစဉ် ဝတ်စုံဖြူဝတ်မိန်းမပျိုလေး၏မျက်ဝန်းများကအနည်းငယ်အေးစက်လာပြီး စကားဖြတ်ပြောလိုက်သည် ။
" တခြားလူတွေကိုအပြစ်တင်နေတာ တော်လိုက်တော့...."
မိန်းမပျိုလေး၏ စိတ်မကျေနပ်သည့်လေသံကိုအာရုံခံမိ၍ အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးက ထိတ်လန့်သွားဟန်တူပြီးချက်ခြင်း ဒူးထောက်ထိုင်ချလိုက်သညိ။
" ကျမရဲ့အပြစ်လည်းပါပါတယ်သခင်မလေး......ဂီတနတ်မယ်က ဒီလောက်အထိဉာဏ်များမယ်လည်းထင်မထားတော့။
မြေနတ်နှစ်ပါးနဲ့ဟိုလူကြီးတွေတိုက်ခိုက်နေတာကိုအခွင့်ကောင်းယူပြီး သူကလွတ်မြောက်သွားတာပါ....."
အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးမှာ မိန်းမပျို၏အရေးပေးမှုကိုအပြည့်ဝအဝရရှိထားသော်လည်းသူမ၏သခင်မ စိတ်ဆိုးဒေါသထွက်မည်ကိုသေမလောက်ကြောက်လန့်ပေသည်။
မျက်နှာကိုဖုံးကွယ်ထား၍ မိန်းမပျိုလေး၏အမူအယာကိုမမြင်ရသော်လည်း သူမ၏မျက်နှာကတည်တင်းနေမည်ဖြစ်ကြောင်းသိနိုင်သည်။
&&&-
××××ရှောင်လင်ကျောင်းမှသိုင်းဗေဒါ စတုတ္ထတွဲ ပြီးပါပြီ ။
ပဉ္စမတွဲကို ဆက်လက်စောင့်မျှော်ကြပါရန် ။ ×××