ဝူကျန်းဟွား: ကျွန်တော့်ဉာဏ်ရည်က နိမ့်တယ် ဟုတ်လား။ အရည်အချင်းမရှိဘူးတဲ့လား။
Vol. 23 Ch. 311
“အဲဒီ ဧကရာဇ်သူရဲကောင်းက အတော် အစွမ်းထက်တာပဲ… သူ လူသတ်ခဲ့သေးလား…” ယွင်ဝေ့က သံသယဖြစ်စွာဖြင့် မေးလိုက်သည်။
“မသတ်ခဲ့ဘူး…”
ရဲထျန်းမင်၏ နှုတ်ခမ်း အခြေအနေကြောင့် ရဲရှင်းဟွေ့ကပင် ထိုမေးခွန်းကို ဖြေလိုက်ရသည်။ ယခုအခါ ကိုယ်ပွားနှစ်ခုက ဒုက္ခရှာခဲ့ပြီးပြီ ဖြစ်သောကြောင့် ရဲရှင်းဟွေ့က သူတို့၏ ဇာတ်ရုပ်အတိုင်း ဆက်လက် သွားရန် ဆုံးဖြတ်လိုက်၏။
အချိန်ကလည်း အတော်ပင်။ ဝိညာဉ်စွမ်းအင် ပြန်လည် နိုးထချိန်က သိပ်မဝေးတော့ချေ။ ဤလောကတွင် မကောင်းဆိုးဝါး အဖွဲ့အစည်းတစ်ခုနှင့် သူတော်စင် အဖွဲ့အစည်းတစ်ခု ဖန်တီး၍ သူတို့အချင်းချင်း တိုက်ခိုက်စေခြင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းမည် ဖြစ်သည်။
“မေကျဲ့ဂိုဏ်းက အင်အားကြီးသူတစ်ယောက် ဒီမှာ ပေါ်လာခဲ့တယ်… သူ့ရဲ့ခွန်အားက ဧကရာဇ်သူရဲကောင်းလောက် မကောင်းပေမဲ့ သူ့ရဲ့နည်းလမ်းတွေက အတော်လေး ထူးဆန်းတယ်… သူက ဧကရာဇ်သူရဲကောင်းကို ယှဉ်နိုင်မှာ မဟုတ်မှန်း သိသွားတဲ့အခါ လူတိုင်းကို ခေါ်ပြီး ထွက်ပြေးသွားတယ်…”
အခြေအနေများက ဤအဆင့်သို့ ရောက်လာပြီးဖြစ်ရာ ရဲရှင်းဟွေ့က အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှကို ချဲ့ကားခြင်း၊ ဖုံးကွယ်ခြင်း မရှိဘဲ ပြန်ပြောပြလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤဇာတ်လမ်းကို သူကိုယ်တိုင် ရေးခဲ့ခြင်းဖြစ်ပြီး တခြားသူများ ကြည့်ရန် ရေးခဲ့ခြင်း ဖြစ်သည်။
ဖြစ်ခဲ့သမျှကို ကြားပြီးနောက် ယွင်ဝေ့၏ မျက်နှာထားက ပို၍ တည်ကြည်လေးနက်သွား၏။ မေကျဲ့ဂိုဏ်းနဲ့တောင် သွားပတ်သက်နေသေးတယ်…”
မေကျဲ့ဂိုဏ်းအကြောင်း ပြောနေစဉ်တွင် ယွင်ဝေ့မှာ သူ မည်သို့ပင် ပြောနေစေကာမူ ထူးဆန်းသည်ဟု ခံစားနေရသည်။
မေကျဲ့ရန်..
…
နာရီဝက်ကျော် ကြာပြီးနောက် ယွင်ပိုင်ချီက သေတ္တာတစ်လုံး သယ်လာသော ကြေးစားအဖွဲ့အစည်းမှ လူအချို့နှင့်အတူ ပြန်ရောက်လာသည်။
“သခင်… ဝိညာဉ်ကျောက်တုံးကို ယူမသွားပါဘူး…”
ဝိညာဉ်ကျောက်တုံးကို ယူမသွားကြောင်း ကြားသောအခါ ယွင်ဝေ့မှာ စိတ်သက်သာရာရသွားပြီးနောက် ပစ္စည်းများနှင့်အတူ လေဆိပ်သို့ အလျင်အမြန် သွားလိုက်သည်။
ထို့ပြင် ရဲရှင်းဟွေ့နှင့် ရဲထျန်းမင်တို့လည်း သူနှင့်အတူ လိုက်ပါလာကြ၏။
ဤအာဖရိက ခရီးစဉ်က အမှန်ပင် အလွန်အန္တရာယ်များသည်။ ရဲထျန်းမင်က နေချင်လျှင်ပင် ယွင်ဝေ့က သူ့ကို နေခွင့်ပြုမည် မဟုတ်ပေ။ ဤဖြစ်ရပ်ပြီးနောက် ယွင်ဝေ့၏ ရဲထျန်းမင်အပေါ် အမြင်မှာ အတော်လေး ကောင်းမွန်လာခဲ့သည်။
သူက သာမန်အလုပ်သမားတစ်စုအတွက် အင်အားကြီး ရန်သူတစ်ဦးကို တားဆီးပေးနိုင်ခဲ့ပြီး အဆုံးတွင် သူ့ညီငယ်အတွက် အင်အားကြီး ရန်သူနှင့် သေသည်အထိ တိုက်ခိုက်ခဲ့၏။ သူ ရှုံးနိမ့်ခဲ့သော်လည်း… ဤသို့ လုပ်ဆောင်နိုင်ခြင်းက ရဲထျန်းမင်မှာ အမှန်တကယ် တာဝန်ယူစိတ်ရှိသူ တစ်ဦးဖြစ်ကြောင်း ပြသနေသည်။
“ငါ ဒီကောင့်ကို သားမက်တော်ချင်စိတ် ပေါက်လာသလိုပဲ…”
...
တစ်ဖက်တွင်မူ…
မေ့ကျဲ့ရန်က ဝင်ပေါက်တစ်ခု ဖွင့်၍ ရှီထိုက်လုံ၊ ဆာလာပိုင်ကျီနှင့် သက်တော်စောင့်တစ်စုကို လူသူကင်းမဲ့သော ပင်လယ်ရပ်ခြား ကျွန်းတစ်ကျွန်းသို့ ခေါ်ဆောင်သွားသည်။ ဝင်ပေါက်ကို ပထမဆုံးအကြိမ် အသုံးပြုဖူးသည့် သာမန်လူ အနည်းငယ်မှာ ခေါင်းမူးသွားကြ၏။
ဝူကျန်းဟွား တစ်ယောက်သာ မေ့ကျဲ့ရန်ကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
“ဒါ… ဒီပညာရပ်က သိုင်းပညာ အဆင့်ကို ကျော်လွန်သွားပြီ မဟုတ်လား… စီနီယာ မေ့ကျဲ့ရန်… ခင်ဗျားက ဒဏ္ဍာရီထဲက ကျင့်ကြံသူ တစ်ယောက်လား ခင်ဗျာ…”
ကမ္ဘာပေါ်တွင် ကျင့်ကြံသူများအကြောင်း ဒဏ္ဍာရီများ အမှန်ပင် ရှိခဲ့သည်။ ကျင့်ကြံသူတစ်ဦးက ကောင်းကင်နှင့် မြေကြီးပေါ်တွင် မည်သည့်အရာမဆို လုပ်ဆောင်နိုင်၏။ သို့သော် ဤအရာအားလုံးက ဒဏ္ဍာရီမျှသာ ဖြစ်သည်… သို့မဟုတ်… မည်သူမျှ ကျင့်ကြံသူကို မမြင်ဖူးသောကြောင့် လူအများ၏ စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်သည်။
မေ့ကျဲ့ရန်က ဝူကျန်းဟွားကို တစ်ချက် ကြည့်၍ ပြောလိုက်သည်။ “ဟုတ်တယ်…”
ဘေးတွင် သတိပြန်လည်ရလာပြီဖြစ်သော ရှီထိုက်လုံက သူတို့နှစ်ဦး၏ စကားကို ကြားသောအခါ သူ၏ မူလ ဖြူဖျော့နေသော မျက်နှာက ရုတ်ခြည်း နီမြန်းတက်လာသည်။
၎င်းက လုံးဝကို စိတ်လှုပ်ရှားစရာ ကောင်းလှ၏။
ရှီထိုက်လုံက စိတ်ကူးယဉ်ဝတ္ထုများကို အကြီးအကျယ် ကြိုက်နှစ်သက်သူဖြစ်ပြီး သိုင်းသမားများ တည်ရှိကြောင်း သိလိုက်ရုံနှင့်ပင် သူ့ကိုယ်သူ အံမခန်းဟု ခံစားနေရသည်။ ယခုမူ ဒဏ္ဍာရီလာ ကျင့်ကြံသူများ အမှန်တကယ် ပေါ်ထွက်လာခဲ့ပြီ…
“ဆရာ… ကျွန်တော့်ကို ကျင့်ကြံနည်း သင်ပေးနိုင်မလား…”
မေ့ကျဲ့ရန်က ရှီထိုက်လုံကို စေ့စေ့ကြည့်၍ ပြောလိုက်သည်။ “မင်းနဲ့ ဆာလာပိုင်ကျီက ငါ ရွေးချယ်ထားတဲ့သူတွေပဲ…”
“မင်းတို့အပြင် နောက်တစ်ယောက် ရှိသေးတယ်… သူ့ကို ရှာတွေ့ပြီးရင် မင်းတို့ကို မသေမျိုးကျင့်ကြံရေးကမ္ဘာထဲကို ငါ ခေါ်သွားမယ်…”
ထိုစကားကို ကြားသောအခါ ဆာလာပိုင်ကျီနှင့် ရှီထိုက်လုံတို့ စိတ်လှုပ်ရှားသွားကြသည်။
ဝူကျန်းဟွားမှာမူ အနည်းငယ် ရှုပ်ထွေးသွား၏။
ဝူကျန်းဟွားက ရှီထိုက်လုံမှာ လေ့ကျင့်၍မရသော အသုံးမကျသူတစ်ဦး ဖြစ်ကြောင်း သိသည်။ အကယ်၍ သူ့တွင် လေ့ကျင့်ရန် အရည်အချင်းများ ရှိခဲ့ပါက ရှီမိသားစုက သူ့ကို ကြာမြင့်စွာကပင် လေ့ကျင့်ပေးခဲ့မည်ဖြစ်ပြီး ယခုကဲ့သို့ လူမိုက်တစ်ဦး ဖြစ်လာမည် မဟုတ်ချေ။
ထို ဆာလာပိုင်ကျီ ဆိုသူကရော။ ကျင့်ကြံခြင်း အရည်အချင်း ကိစ္စကို ထားလိုက်ဦး… သူ့ဉာဏ်ရည်အကြောင်း ပြောရုံနှင့်ပင်… အခြေအနေမကောင်းချေ။ မသေမျိုးကျင့်ကြံခြင်း ဖြစ်စေ၊ သိုင်းပညာ ဖြစ်စေ၊ လုံလောက်သော ဉာဏ်ပညာ ရှိရမည် ဖြစ်သည်။
ဆာလာပိုင်ကျီဆိုသော ဤလူတွင် ဉာဏ်ပညာ ရှိသလော။ သူ မည်သို့ပင် ကြည့်စေကာမူ လုံးဝမရှိ…
“အမ်… စီနီယာ မေ့ကျဲ့ရန်… ကျွန်တော်လည်း ခင်ဗျားရဲ့ တပည့် ဖြစ်နိုင်မလားလို့ မေးလို့ရမလား…” ဝူကျန်းဟွားက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ဘာမှမဖြစ်စလောက်သော ရှီထိုက်လုံနှင့် ဦးနှောက်မပါသော ဆာလာပိုင်ကျီကိုပင် လက်ခံနိုင်သေးလျှင် အရည်အချင်းအချို့နှင့် ဉာဏ်ရည်မြင့်မားသော သူကဲ့သို့ သာမန်လူတစ်ယောက်ကိုလည်း လက်ခံသင့်သည် မဟုတ်လော။
မေ့ကျဲ့ရန်က ဝူကျန်းဟွားကို စေ့စေ့ကြည့်၍ ပြောလိုက်၏။ “မင်းကတော့ မဖြစ်နိုင်ဘူး…”
ဝူကျန်းဟွား: “...”
ဝူကျန်းဟွားမှာ အရည်အချင်း မမီကြောင်း ကြားလိုက်ရသောအခါ ဆာလာပိုင်ကျီက ရုတ်တရက် ခုန်ထွက်လာ၏။ “အယ်… သူ့ရဲ့ ဉာဏ်ရည်က သေလောက်တဲ့ အားနည်းချက်ပဲ…”
ထိုအချိန်တွင် ရှီထိုက်လုံကလည်း ဝူကျန်းဟွား၏ ပခုံးကို ပုတ်၍ လေးနက်သော စကားများဖြင့် နှစ်သိမ့်လိုက်သည်။ “စိတ်မပျက်ပါနဲ့… ငါ့လို ကျင့်ကြံခြင်း ပါရမီရှင်တစ်ယောက်ပဲ ဆရာ့ရဲ့ အာရုံစိုက်မှုကို ခံရမယ်လို့ ငါ ခန့်မှန်းမိတယ်…”
ထိုလူနှစ်ယောက် ပြောသည်ကို နားထောင်ရင်း ဝူကျန်းဟွားမှာ သွေးတစ်လုပ် အန်ထုတ်ချင်စိတ် ပေါက်သွားသည်။
‘ငါ့ဉာဏ်ရည်က နိမ့်တယ် ဟုတ်လား… ငါ့မှာ ကျင့်ကြံခြင်း အရည်အချင်း မရှိဘူး ဟုတ်လား… သွားစမ်းပါ… ဘယ်သူပဲဖြစ်ဖြစ် ငါ့ကို ဒီလို ပြောလို့ရတယ်… ဒါပေမဲ့ မင်းတို့နှစ်ယောက်ကတော့…’
ဝူကျန်းဟွားက သူ့စိတ်ထဲတွင် ဒေါသတကြီး ကျိန်ဆဲလိုက်မိသည်။
သူ အလွန် မပျော်မရွှင် ဖြစ်နေသော်လည်း ဝူကျန်းဟွားမှာ များများစားစား မစဉ်းစားမိခဲ့ပေ။ ဖြစ်နိုင်သည်မှာ ဤစိတ်မမှန်သော လူနှစ်ဦးတွင် စီနီယာ မေ့ကျဲ့ရန်က သဘောကျလောက်သည့် အထူး စရိုက်လက္ခဏာ အချို့ အမှန်တကယ် ရှိနေနိုင်၏။
အကယ်၍ မေ့ကျဲ့ရန်က ဝူကျန်းဟွား၏ အတွေးများကို ကြားပါက သူက လက်မတစ်ထောင် ထောင်ပြမည်မှာ သေချာသည်။
“မင်း တကယ် မှန်တယ်… ဒီကောင်နှစ်ကောင်က တစ်သန်းမှာ တစ်ယောက်ပဲရှိတဲ့ ပါရမီရှင်တွေပဲ… မဟာဗျူဟာမြောက်လက်နက်တွေ… အဲဒီလို နျူကလီးယားဗုံးလို ခန္ဓာကိုယ်မျိုးက သာမန်လူတွေမှာ ရှိတာ မဟုတ်ဘူး…”
…
မေ့ကျဲ့ရန်က သက်တော်စောင့်အားလုံး၏ ဒဏ်ရာများကို ကုသပေးပြီးနောက် ဝင်ပေါက်တစ်ခု ဖွင့်၍ လူတိုင်းကို တရုတ်နိုင်ငံ၏ မြို့တော်သို့ ပြန်ခေါ်သွားသည်။