← Chapters

လိုလီမသေမျိုးဧကရာဇ်

Vol. 23 Ch. 319

လိုလီမသေမျိုးဧကရာဇ်

Vol. 23 Ch. 319

အရပ် ၁.၅ မီတာခန့်သာရှိပြီး ရှေးခေတ်ဟန် ဝတ်စုံနှင့် စကတ်ကို ဆင်မြန်းထားသော ဖြူဥနုနယ်သည့် လိုလီလေးတစ်ဦးကို မြင်လိုက်ရသောအခါ ရဲယင်မှာ ကြောင်ငေးမိသွား၏။

သူသည် စိတ်ရှုပ်ထွေးစွာဖြင့် သူ့ရှေ့မှ ကျင့်ကြံသူကို ပခုံးပုတ်လိုက်ကာ “အစ်ကိုကြီး… ဟိုက လိုလီက ဘယ်သူများလဲ…” ဟု မေးလိုက်သည်။

“လိုလီ” ဟူသော ဝေါဟာရမှာ မသေမျိုးကျင့်ကြံရေးကမ္ဘာ၌ မရှိသည်မှာ ဓမ္မတာဖြစ်သော်လည်း ရဲယင်က ကွင်းပြင်ထဲမှ ပုဂ္ဂိုလ်ကို ရည်ညွှန်းနေမှန်း သိလိုက်သည်နှင့် ထိုသူက ရဲယင်၏ လက်ကို အလျင်စလို ဖိချလိုက်၏။

“မင်း အသက်မသေချင်နဲ့… အဲဒါ အမှောင်စွမ်းအင်ဂိုဏ်းရဲ့ ဘိုးဘေးလေ… ဒီအရပ်ကို စောင့်ကြပ်နေတဲ့ မသေမျိုးဧကရာဇ်အဆင့် ပညာရှင်ပဲ…”

ရဲယင်မှာ စကားလုံးများပင် ပျောက်ဆုံးသွားသည်။ “…”

ရဲရှင်းဟွေ့၏ လုပ်ရပ်တစ်ခုက မသေမျိုးဧကရာဇ်အဆင့် ပုဂ္ဂိုလ်တစ်ဦးကို အမှန်တကယ် ဆွဲဆောင်လာလိမ့်မည်ဟု ရဲယင် လုံးဝမျှော်လင့်မထားခဲ့ပေ။ သူ့ကို အကြံအိုက်စေဆုံးအချက်မှာ မသေမျိုးဧကရာဇ်တစ်ပါးသည် မွန်မြတ်ခမ်းနား၍ တန်ခိုးအာဏာ ကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သင့်သည် မဟုတ်လော။ ယခုမူ... အဘယ့်ကြောင့် လိုလီတစ်ဦး ဖြစ်နေရသနည်း။

ရဲယင် အနည်းငယ် တွေဝေသွားသည်ကို မြင်လျှင် ထိုကျင့်ကြံသူက လေသံနှိမ့်၍ ရှင်းပြလာ၏။

“အမှောင်စွမ်းအင်ဂိုဏ်းဆိုတာ အရင်က ဂိုဏ်းသေးသေးလေးတစ်ခုပါပဲ… နောက်ပိုင်းမှာ ဂိုဏ်းချုပ်က ဉာဏ်ရည်မပြည့်မီသေးတဲ့ ဒီဘိုးဘေးကို အရှက်မဲ့တဲ့နည်းတွေနဲ့ လှည့်စားခဲ့ပြီးတော့မှ အမှောင်စွမ်းအင်ဂိုဏ်းက ပထမတန်းစား ဂိုဏ်းတွေရဲ့ အဆင့်အတန်းထဲကို တဖြည်းဖြည်း တိုးဝင်လာနိုင်ခဲ့တာ… ဒီမသေမျိုးဧကရာဇ်က မသေမျိုးဧကရာဇ်ဘုံကို တက်လှမ်းတုန်းက တစ်ခုခု မှားယွင်းသွားပုံပဲ… ဒါကြောင့်မို့ သူ့ရုပ်ရည်နဲ့ ဉာဏ်ပညာက ကလေးတစ်ယောက်လို ဖြစ်ကျန်ခဲ့တာ…”

သူက ဆက်လက်ရှင်းပြ၏။ “ဒီတစ်ကြိမ် ကြယ်တာရာဂိုဏ်းကို တိုက်ခိုက်ဖို့ ဦးဆောင်တာလည်း အမှောင်စွမ်းအင်ဂိုဏ်းပဲ… ဝိညာဉ်စွမ်းအင် စုစည်းပေးနိုင်တဲ့ တန်ခိုးပြလက်နက်ကို လိုချင်လို့ အမှောင်စွမ်းအင်ဂိုဏ်းချုပ်က ဒီဘိုးဘေးကို ဒီနေရာအထိ လိမ်ညာခေါ်ဆောင်လာတာပဲ… ကြယ်တာရာဂိုဏ်းရဲ့ ကောင်းကင်ထက်မှာ ချိတ်ဆွဲထားတဲ့ တန်ခိုးပြလက်နက်ကို ဆွဲချခဲ့တာလည်း ဒီဘိုးဘေးကိုယ်တိုင်ပဲ…”

စကားဆုံးသော် သူက ရဲယင်၏ ပခုံးကို အသာပုတ်၍ သက်ပြင်းချလိုက်သည်။ “ဟင်း… ငါတို့ဂိုဏ်းမှာရော ဘာလို့ ဒီလောက် လှည့်စားလို့ကောင်းတဲ့ မသေမျိုးဧကရာဇ်မျိုးနဲ့ မကြုံရတာပါလိမ့်…”

...

ထိုလူ၏ ရှင်းပြချက်ကို နားထောင်ပြီးသည့်နောက်တွင် ရဲယင်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

သူက ကွင်းပြင်ထဲမှ အခြေအနေကို မော့ကြည့်လိုက်စဉ်မှာပင် ရဲရှင်းဟွေ့၏ အသံက သူ၏ စိတ်အစဉ်ထဲသို့ တိုးဝင်လာခဲ့၏။

‘ငါ့တူ… သုံးပေါင်‌ဆိုတဲ့ ချီးထုပ်… ငါ အကုန်ကြားတယ်…’

ရဲယင်မှာ တစ်ခွန်းမှ မဆိုနိုင်ဘဲ ဆွံ့အနေမိပြန်သည်။ “…”

...

ထိုအချိန်မှာပင် လိုလီမသေမျိုးဧကရာဇ်…

“ဘယ်သူ ငါ့ကို သကြားလုံး ကျွေးချင်လဲ… ဒါ ငါက မင်းတို့ကို မျက်နှာသာပေးနေတာ… သကြားလုံး မကျွေးရင်တော့ အရိုက်ခံရဖို့သာ ပြင်ထား…”

ထိုလိုလီလေးကို မြင်လျှင် ရဲရှင်းဟွေ့မှာ တစ်ခဏမျှ ကြက်သေသေသွား၏။ အဘယ်ကြောင့်ဆိုသော် ထိုလိုလီလေးမှာ အလွန်အမင်း ချစ်စရာကောင်းလှပြီး စကားပြောသံမှာလည်း ကလေးငယ်တစ်ဦး၏ ချိုလွင်သော အသံမျိုး ဖြစ်နေသောကြောင့်တည်း။

တစ်ဖက်လူက သကြားလုံးတောင်းနေသည်ကို ကြားသောအခါ ရဲရှင်းဟွေ့က လက်ဝေ့ယမ်းလိုက်သည်နှင့် သူ့လက်ထဲတွင် ဝမ်ကျိုက် နျိုဘိ သကြားလုံးထုပ်တစ်ထုပ် လျင်မြန်စွာ ပေါ်လာသည်။

“မင်းအတွက် သကြားလုံး ရော့…”

စကားဆုံးသည်နှင့် ရဲရှင်းဟွေ့က ဝမ်ကျိုက် နျိုဘိ သကြားလုံးတစ်ထုပ်လုံးကို လှမ်းပစ်ပေးလိုက်၏။

လိုလီလေးက သကြားလုံးကို ဖမ်းယူလိုက်ပြီးနောက် နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။ “ဒါက ဘာကြီးတုန်း… ငါလိုချင်တဲ့ သကြားလုံးက ဘယ်မှာလဲ…”

ရဲရှင်းဟွေ့က သူ၏အမှားကို သတိပြုမိ၍ နဖူးကို အသာပုတ်လိုက်မိ၏။ သို့သော် သူ၏စကားမှာ မထွက်ရသေးခင်မှာပင် ပုံရိပ်တစ်ခုက ဝှစ်ခနဲ ပြေးထွက်လာသည်။

“ဒါ ငါ့ဟာ…”

ပေါင်ပေါင်းက အပြေးအလွှားဝင်လာ၍ သကြားလုံးကို ပြန်လည် ဆတ်ခနဲ လုယူလိုက်ပြီးနောက် ရဲရှင်းဟွေ့ကို အပြစ်တင်သော မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်၏။

ပေါင်ပေါင်း ပြောသည်မှာ မှန်ကန်လှပေသည်။ ထိုသကြားလုံးမှာ အမှန်စင်စစ် သူမ ပိုင်ဆိုင်သော ပစ္စည်းဖြစ်ပြီး မသေမျိုးကျင့်ကြံရေးကမ္ဘာသို့ မလာရောက်မီ ရဲရှင်းဟွေ့ထံတွင် အပ်နှံသိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

“အမ်… ပေါင်ပေါင်းရယ်… ကလေးတစ်ယောက်နဲ့ လုမနေပါနဲ့တော့… သူ့ကိုပဲ ပေးလိုက်ပါ…”

ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ လိုလီမသေမျိုးဧကရာဇ်က သူမ၏ ပြားချပ်သော ရင်အစုံကို မာနဖြင့် ကော့လိုက်၏။ ရဲရှင်းဟွေ့က သူမကို ကလေးဟု သုံးနှုန်းသည့်အတွက် အလွန် ဂုဏ်ယူနေသည့်ဟန်ပင် ရှိသည်။

ရဲရှင်းဟွေ့၏ စကားကို ကြားပြီးနောက်တွင်မူ ပေါင်ပေါင်းမှာ မတတ်သာတော့ဘဲ သကြားလုံးကို လိုလီမသေမျိုးဧကရာဇ်ထံ ပေးအပ်ကာ အထုပ်ကိုပင် ဖွင့်ပေးလိုက်ရ၏။

ဝမ်ကျိုက် နျိုဘိ သကြားလုံးတစ်လုံးကို စားလိုက်သည်နှင့် လိုလီမသေမျိုးဧကရာဇ်၏ မျက်လုံးများမှာ ရုတ်ခြည်းပင် အရောင်လက်သွားတော့သည်။

“သကြားလုံးလည်း စားပြီးပြီဆိုတော့ ငါ့ကို အကူအညီတစ်ခုလောက် ပေးနိုင်မလား…” ရဲရှင်းဟွေ့က ရွှေငါးလေးများ သွားကြည့်ရန် ကလေးမလေးတစ်ဦးကို ချော့မော့ဖျောင်းဖျနေသည့် လေသံဖြင့် ဆိုလိုက်သည်။

“ရတာပေါ့… ဒါပေမဲ့ ငါ ဒီသကြားလုံးတွေ ထပ်စားချင်သေးတယ်…”

စကားပြောနေသော လိုလီမသေမျိုးဧကရာဇ်က ပေါင်ပေါင်းကို အတုခိုးလျက် သကြားလုံးများကို တစ်လုံးချင်းဖွင့်ကာ ပါးစပ်ထဲသို့ အကုန် ပစ်ထည့်လိုက်၏။

“ဖြစ်စေရမယ်…”

ရဲရှင်းဟွေ့က ပေါင်ပေါင်းကို တောင်းပန်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် လိုလီမသေမျိုးဧကရာဇ်ဘက်သို့ လှည့်၍ ပြောလိုက်သည်။ “နောက်ကျရင် ငါက ငါ့ရဲ့သိုင်းကွက်တွေနဲ့ မင်းကို တိုက်ခိုက်မယ်… မင်းသာ မလဲကျဘဲ မတ်တပ်ရပ်နေနိုင်ရင် ငါ မင်းကို သကြားလုံးတွေ ထပ်ပေးမယ်…”

ထိုစကားကို ကြားသောအခါ လိုလီမသေမျိုးဧကရာဇ်က ဤမျှ လွယ်ကူသောကိစ္စဟု ထင်မှတ်သွား၍ မဆိုင်းမတွပင် သဘောတူလိုက်လေသည်။

.....

ရဲရှင်းဟွေ့၏ စကားများကို ကြားရသောအခါ နောက်မှ ကျင့်ကြံသူများမှာ သည်လူ အဘယ့်ကြောင့် ဤသို့ သေလမ်းကို ကိုယ်တိုင်ရှာနေသနည်းဟု နားမလည်နိုင်အောင် ဖြစ်သွားကြ၏။

ဤကလေးမလေးမှာ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု မရှိသည်မှာ မှန်သော်ငြားလည်း... သောက်ကျိုးနည်း… သူမ၏ လက်ချက်မှာ လုံးဝညှာတာမှုကင်းမဲ့ပြီး သွေးအေးရက်စက်လှသည် မဟုတ်လော။

.....

ရဲရှင်းဟွေ့မှာမူ အခြားသူများ မည်သို့မည်ပုံ တွေးတောနေသည်ကို သိနိုင်စွမ်း မရှိချေ။ သူ စိတ်ဝင်စားသော တစ်ခုတည်းသောအရာမှာ သူ၏ ၁၀၀% လက်ဗလာဖြင့် ဓားဖမ်းဆုပ်ခြင်းစွမ်းရည်က တကယ့်မသေမျိုးဧကရာဇ်တစ်ပါးကို ထိန်းချုပ်နိုင်စွမ်း ရှိ၊ မရှိကိုသာ ဖြစ်သည်။

“ငါ လာပြီ…”

သူက စကားဆိုလျက်နှင့် လက်ကို ဝေ့ယမ်းလိုက်ရာ သူ့လက်ထဲတွင် သစ်သားဓားတစ်ချောင်း ပေါ်ထွက်လာပြီးနောက် လိုလီမသေမျိုးဧကရာဇ်ထံသို့ လွှဲရိုက်ချလိုက်သည်။

ထိုမြင်ကွင်းကို မြင်သော်လည်း လိုလီမသေမျိုးဧကရာဇ်မှာ ရှောင်တိမ်းခြင်း၊ ခုခံကာကွယ်ခြင်းတို့ကို တစ်စိုးတစ်စဉ်မျှ မပြုဘဲ ထိုနေရာမှာပင် မလှုပ်မယှက် ရပ်လျက် သစ်သားဓား ကျဆင်းလာသည်ကိုသာ ကြည့်နေလိုက်၏။

ထိုအခိုက်၌ သူမကိုပင် အံ့အားသင့်သွားစေသော အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

သူမ၏ ခန္ဓာကိုယ်က ထိန်းချုပ်မရတော့ဘဲ မြေပြင်ပေါ်သို့ ဒူးတစ်ဖက် အလိုအလျောက် ထောက်ကျသွားကာ သူမ၏ လက်နှစ်ဖက်မှာလည်း ဓားကို ခံယူရန် အလိုအလျောက် ပူးယှက်သွားကြောင်း သူမ ခံစားလိုက်ရသည်။

လိုလီမသေမျိုးဧကရာဇ်၌ အရှက်တရားဆိုသည်မှာ မရှိသဖြင့် ဒူးတစ်ဖက်ထောက်၍ ဓားကိုခံယူရသော အဖြစ်က သူမအတွက် အလွန် စိတ်ဝင်စားဖွယ်ကောင်းသော ကစားနည်းတစ်ခုဟုသာ ခံစားရစေသည်။

ဒူးတစ်ဖက် ထောက်ထားသော လိုလီမသေမျိုးဧကရာဇ်က ပြုံးရွှင်စွာဖြင့် “ငါသာ မတ်တပ် ပြန်ရပ်နိုင်ခဲ့ရင် သကြားလုံး ရမှာလား…” ဟု မေးလိုက်၏။

“ဟုတ်တယ်… ဟုတ်တယ်… ကဲ… ရပ်ကြည့်စမ်းပါ… ငါ့ကို ရပ်ပြစမ်း…”

“ဒါလေးများ လွယ်လွန်းပါတယ်…”

ပြောရင်း လိုလီမသေမျိုးဧကရာဇ်က မတ်တပ်ထရန် ကြိုးပမ်းလိုက်သည်။

ထိုအခါမှသာ သူမ၏ လက်ရှိဟန်ပန်မှ လွတ်မြောက်ရန် မည်မျှ ခက်ခဲလှသည်ကို သူမ သိမြင်သွားတော့၏။

ထို့နောက်တွင်တော့ လူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေသော ဝိညာဉ်စွမ်းအင်တစ်ခုက လိုလီမသေမျိုးဧကရာဇ်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ထိုစွမ်းအား ကြီးမားစွာ ပေါက်ကွဲထွက်လာသည့်အခါ လိုလီမသေမျိုးဧကရာဇ်၏ ခြေထောက်များက တဖြည်းဖြည်း ပြန်လည်ဆန့်တန်းလာကာ သူမ၏ ခန္ဓာကိုယ်မှာလည်း ဖြည်းညင်းစွာ မတ်တပ်ရပ်တော့မည်ကဲ့သို့ ဖြစ်လာသည်။

ထိုမြင်ကွင်းကို မြင်လိုက်သော ရဲရှင်းဟွေ့က သူ့မျက်လုံးများကို ပြတ်သားစွာ မှိတ်ချလိုက်ကာ သူ၏ ခန္ဓာကိုယ်အတွင်းမှ မသိနိုင်သော စွမ်းအားကို အာရုံခံလိုက်၏။ ထိုစွမ်းအား ရှိနေသည်ကို သူ အရင်ကတည်းက ခံစားသိရှိခဲ့သော်လည်း ၁၀၀% လက်ဗလာဖြင့် ဓားဖမ်းဆုပ်ခြင်းစွမ်းရည်နှင့် ခြေနင်းပစ်ချက်ကဲ့သို့သော နိယာမအခြေခံ စွမ်းရည်များကို အသုံးပြုသည့်အခါမှသာ ထုတ်သုံးနိုင်ခဲ့ခြင်း ဖြစ်သည်။

အစပိုင်းတွင် ထိုစွမ်းအားက သတိပေးခြင်းမရှိဘဲ ပေါ်လာပြီး အလုပ်လုပ်သွားသော်လည်း ဤကာလအတွင်း စူးစမ်းရှာဖွေပြီး အာရုံခံစားပြီးနောက်တွင် ရဲရှင်းဟွေ့မှာ ထိုစွမ်းအားကို တည်ငြိမ်စွာ စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် အာဖရိကမှ ပြန်လာပြီးနောက်တွင် ထိုစွမ်းအားကို ခံစားရန် ပို၍ လွယ်ကူလာသည်ဟု သူ ထင်မြင်မိ၏။ ထိုစွမ်းအားက မည်သည့်အရာ ဖြစ်သည်ကို သူ မသိသော်လည်း ၎င်းမှာ အမှန်တကယ် အသုံးဝင်သည်ဟု သူ ခံစားလိုက်ရသည်။

ရဲရှင်းဟွေ့ မသိရှိသော အချက်မှာ ထိုစွမ်းအား၏ အမည်မှာ... နတ်ဘုရားဇာတိ ဖြစ်သည်ဟူ၍တည်း။

...

ရဲရှင်းဟွေ့က သူ၏ နတ်ဘုရားဇာတိ စွမ်းအားကို စုစည်းလိုက်သောအခါ မတ်တပ်ရပ်တော့မည်ဆဲဆဲ ဖြစ်နေသော လိုလီမသေမျိုးဧကရာဇ်မှာ ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြန်သည်။

လိုလီမသေမျိုးဧကရာဇ် ဒူးထောက်ကျသွားသည်နှင့် သူမကို ဗဟိုပြု၍ မြေပြင်ကြီးတစ်ခုလုံးမှာ မီတာ ဆယ်ဂဏန်းခန့် ရုတ်ခြည်း နိမ့်ကျသွား၏။ ပတ်ဝန်းကျင်မှ တောင်တန်းများမှာလည်း ပြိုကျပျက်စီးသွားပြီး မြေမျက်နှာသွင်ပြင်မှာ တစ်ခဏအတွင်းမှာပင် မှတ်မိနိုင်စရာမရှိအောင် ပြောင်းလဲသွားတော့သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ရဲယင်က တံတွေးကို အသာမျိုချလိုက်ပြီးနောက် “ဒါက… မသေမျိုးဧကရာဇ်တစ်ပါးရဲ့ အစွမ်းတန်ခိုးလား…” ဟု ရေရွတ်လိုက်မိသည်။

ထို့နောက် သူက လေသံတိုးတိုးဖြင့် “…ရဲရှင်းဟွေ့… သူက မသေမျိုးဧကရာဇ်တစ်ပါးကိုတောင် ထိန်းချုပ်ပြီး ဒူးထောက်ခိုင်းနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ…” ဟု ထပ်မံ ရေရွတ်လိုက်၏။

ရဲယင်မှာ ရဲရှင်းဟွေ့၏ ၁၀၀% လက်ဗလာဖြင့် ဓားဖမ်းဆုပ်ခြင်းစွမ်းရည်ကို သူ၏တူဖြစ်သူအား စနောက်ရန်နှင့် အပြစ်ပေးရန်အတွက်သာ ဖန်တီးထားသော ပညာရပ်တစ်ခုဟု အစဉ်သဖြင့် ထင်မှတ်ခဲ့သည်။

သို့သော် ယခုမူ... မသေမျိုးဧကရာဇ်တစ်ပါးပင်လျှင် သူ့ရှေ့တွင် ဒူးထောက်ရလိမ့်မည်ဟု သူ မည်သည့်အခါကမျှ တွေးထင်ခဲ့မိမည် မဟုတ်ချေ။

All Chapters