← Chapters

စစ်ဆင်ရေးတံစဉ်၊ စတင်ခြင်း

Vol. 23 Ch. 321

စစ်ဆင်ရေးတံစဉ်၊ စတင်ခြင်း

Vol. 23 Ch. 321

လိုလီမသေမျိုးဧကရာဇ်က တစ်ဖန် ပြေးဝင်လာသည်ကို မြင်သောအခါ ရဲရှင်းဟွေ့မှာ ပြတ်သားစွာပင် လှုပ်ရှားလိုက်သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် သူက ဓားကို မဝှေ့ယမ်းဘဲ သူ၏ လက်နှစ်ဖက်ဖြင့် မြေကြီးကို ပုတ်ချလိုက်၏။

ရဲရှင်းဟွေ့၏ လက်များက မြေပြင်နှင့် ထိကပ်သွားသောအခါ သူ့ကို ဗဟိုပြု၍ မြေပြင်မှာ ဖန်သားကဲ့သို့ ဖြစ်လာသည်။ မျက်စိတစ်မှိတ်အတွင်း၌ တစ်ကီလိုမီတာ ပတ်လည်အတွင်းမှ မြေပြင်သည် အရောင်အမျိုးမျိုးဖြင့် ပြည့်နေသော ဖန်သားကဲ့သို့သော အရောင်အသွေးအဖြစ်သို့ ပြောင်းလဲသွား၏။

ဤမြင်ကွင်းကြောင့် လိုလီမသေမျိုးဧကရာဇ်မှာ နားမလည်နိုင် ဖြစ်သွားသည်။

သို့သော် မကြာမီပင်… ချိုမြိန်သောရနံ့တစ်ခုက သူမ၏ နှာခေါင်းထဲသို့ တိုးဝင်လာ၏။

“ရနံ့က သိပ်ကို မွှေးတာပဲ ဒါက…”

စကားပြောနေရင်း လိုလီမသေမျိုးဧကရာဇ်က မြေပြင်ပေါ်သို့ လှဲချလိုက်ပြီးနောက် သူမ၏ လျှာငယ်လေးဖြင့် မြေပြင်ကို ညင်သာစွာ လျက်လိုက်သည်။

မကြာမီပင် သူမ၏ မျက်လုံးများက အရောင်တောက်လာ၏။

“ဒါက သကြားလုံးတွေပဲ အရောင်တစ်ခုစီက အရသာ တစ်မျိုးစီ ရှိနေတယ်…”

ဤကလေးမလေးကို လက်သီးတစ်ချက် ပစ်သွင်းတော့မည် ပြင်နေသော ပေါင်ပေါင်းသည် သူမ၏ စကားကို ကြားသောအခါ မြေပြင်ပေါ် လှဲချ၍ လျက်ကြည့်လိုက်သည်။

“ချိုတယ်… စားလို့ကောင်းတယ်…”

စကားဆုံးသည်နှင့် ပေါင်ပေါင်းက မြေပြင်ကို လက်သီးဖြင့် ထိုးချလိုက်၏။

ဘုန်းခနဲ မြည်သံနှင့်အတူ သကြားလုံးအမာများဖြင့် ပြုလုပ်ထားသော မြေပြင်မှာ ကြေမွသွားပြီး ထိုထိုးနှက်ချက်က မီတာဆယ်ချီ နက်သော တွင်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ထိုတွင်းက အလွန်နက်သော်လည်း… သကြားလုံးများဖြင့် ပြည့်နေဆဲ ဖြစ်၏။

ဤမြင်ကွင်းကို မြင်သောအခါ ပေါင်ပေါင်းနှင့် လိုလီမသေမျိုးဧကရာဇ် နှစ်ယောက်စလုံးက ရဲရှင်းဟွေ့ကို ကြည့်လိုက်ကြသည်။

တစ်ဖက်တွင်မူ ရဲရှင်းဟွေ့က သူ၏ ရင်ဘတ်ကို မော့၍ ဂုဏ်ယူစွာ ဆိုလိုက်၏။ “တိုက်ခိုက်ဖို့ မလိုပါဘူး သကြားလုံးတွေက လုံလောက်ပါတယ်…”

ရဲရှင်းဟွေ့၏ မူလအစီအစဉ်မှာ ဤနေရာကို စောင့်ကြပ်နေသော မသေမျိုးဧကရာဇ်နှင့် သူ၏ စွမ်းရည်ကို စမ်းသပ်ရန် ဖြစ်သည်။ မမျှော်လင့်ဘဲ သကြားလုံးစားကြိုက်သော လိုလီမသေမျိုးဧကရာဇ် တစ်ယောက် ပေါ်ထွက်လာခဲ့၏။

ထို့အပြင် ရဲရှင်းဟွေ့ မမျှော်လင့်ထားသည်မှာ… သူ အသစ်ရရှိထားသော စွမ်းရည်က… သကြားလုံးလူသား စွမ်းရည် ဖြစ်နေခြင်းပင်။ တိတိကျကျဆိုရလျှင် ၎င်းသည် Yonko Big Mom ၏ သားဦးဖြစ်သော ရှားလော့ပယ်ရိုစပယ်ရို၏ လျက်-လျက်အသီးပင် ဖြစ်သည်။ ထိုအစွမ်းက သူ့အား သကြားလုံးများကို ပြုလုပ်၍ ပုံသွင်းနိုင်စွမ်း ပေး၏။ ပုံသွင်းထားသော သကြားလုံးများမှာလည်း သံမဏိကဲ့သို့ မာကျောနိုင်သည်။

ဤစွမ်းရည်က အားကောင်းသလားဟု မေးလျှင် အမှန်တကယ်တော့ ထိုမျှ အားမကောင်းလှပေ။ သို့သော် အားမကောင်းဘူးလားဟု မေးပြန်လျှင်လည်း… လက်ရှိ အခြေအနေတွင်တော့ အားနည်းသည်ဟု မဆိုနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် သူ့ရှေ့တွင် ရပ်နေသူမှာ အချိုကြိုက်သော ကလေးမလေး တစ်ယောက် ဖြစ်နေသောကြောင့်ပင်။

မြေကြီးကို သကြားလုံးအဖြစ် ချက်ချင်း ပြောင်းလဲပစ်နိုင်သည့် လှုပ်ရှားမှုမှာ လျက်-လျက်အသီးက ဖော်ဆောင်ပေးသည့် စွမ်းရည်မဟုတ်ဘဲ သူ၏ သက်သွင်းခြင်းစွမ်းအင် အကူအညီဖြင့် လျက်-လျက်အသီး၏ ဝိသေသလက္ခဏာများအပေါ် အခြေခံကာ သူဖန်တီးထားသော ပေါင်းစပ်ကျွမ်းကျင်မှုတစ်ခု ဖြစ်သည်။ သက်သွင်းခြင်းစွမ်းအင်က ကမ္ဘာမြေ၏ ဒြပ်ဂုဏ်သတ္တိများကို တိုက်ရိုက် ပြောင်းလဲပေးပြီး သကြားလုံးအဖြစ် ပြောင်းလဲရန် ပိုမိုလွယ်ကူစေ၏။ ဤမျှ ရိုးရှင်းသော လုပ်ဆောင်မှုပင် ဖြစ်သည်။

…….

ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ လိုလီမသေမျိုးဧကရာဇ်၏ မျက်လုံးများက အနည်းငယ် အရောင်တောက်လာသည်။

“အံ့ဩဖို့ကောင်းလိုက်တာ… ဒီအကွက်ကို ကျွန်မကို သင်ပေးလို့ရမလား… ရှင်သာ သင်ပေးမယ်ဆိုရင် ရှင် ဘယ်သူ့ကို ရိုက်ချင်လဲသာပြော ကျွန်မ ကူညီပေးမယ်…”

လိုလီမသေမျိုးဧကရာဇ်က စကားပြောရင်း သူမ၏ ပြားချပ်သော ရင်ဘတ်ကို ပုတ်၍ ယုံကြည်မှုရှိစွာ ဆိုလိုက်၏။

“အာ…” ဤအခိုက်တွင် ရဲရှင်းဟွေ့က သက်ပြင်းချ၍ ဆိုလိုက်သည်။ “ဒီအကွက်ကိုတော့ မင်းကို ငါ သင်ပေးလို့ မဖြစ်ဘူး ဘာလို့လဲဆိုတော့ ဒါက တာအိုရသေ့အိုကြီးတစ်ပါးရဲ့ မသေခင်က နောက်ဆုံး ဆန္ဒတစ်ခု ဖြစ်နေလို့ပဲ…”

ရဲရှင်းဟွေ့ ပြောသည်ကို ကြားသောအခါ လိုလီမသေမျိုးဧကရာဇ်မှာ ပုံပြင်နားထောင်ချင်နေသော မူလတန်းကျောင်းသူလေး တစ်ယောက်အလား ရဲရှင်းဟွေ့ကို ကြည့်နေ၏။

ထိုမြင်ကွင်းကြောင့် ရဲရှင်းဟွေ့က ဆက်လက်၍ ဇာတ်လမ်းစလိုက်သည်။ “အဲဒါက လေထန်ပြီး မှောင်မည်းနေတဲ့ ညတစ်ညပေါ့ ငါ တစ်ယောက်တည်း လမ်းပေါ်မှာ လျှောက်နေခဲ့တယ်… ရုတ်တရက်… ကုန်တင်ကားကြီးတစ်စီး ဘရိတ်ပေါက်ပြီး ငါတို့ဆီကို…”

“ခဏနေဦး…” လိုလီမသေမျိုးဧကရာဇ်က ရဲရှင်းဟွေ့ကို ဖြတ်ပြော၍ မေးလိုက်သည်။ “ကုန်တင်ကားကြီးဆိုတာ ဘာကြီးလဲ…”

ရဲရှင်းဟွေ့ - “...”

“အလွန်အစွမ်းထက်တဲ့ မှော်လက်နက်တစ်ခုလို့ပဲ မှတ်လိုက်…”

ပေါ့ပေါ့ပါးပါး ရှင်းပြပြီးနောက် ရဲရှင်းဟွေ့က ဆက်ပြောသည်။ “ကုန်တင်ကားက ငါ့ဆီကို အရှိန်နဲ့ ပြေးလာနေခဲ့တယ်… ငါ ရှောင်လို့မရတော့တဲ့အချိန်မှာ ရုတ်တရက် တာအိုဝတ်ရုံ ဝတ်ထားတဲ့ တာအိုရသေ့အိုကြီးတစ်ပါး ပြေးထွက်လာပြီး ငါ့ကို တွန်းထုတ်လိုက်တယ်… ငါ အသက်ရှင်သွားပေမဲ့ တာအိုရသေ့အိုကြီးကတော့ သွေးအန်ပြီး သေတော့မလို ဖြစ်နေခဲ့တယ်… တာအိုရ‌သေ့အိုကြီးက မသေခင်မှာ ငါ့ကို ပြောတယ်… ‘လူလေး မင်းနဲ့ ငါနဲ့က ရေစက်ပါတယ် ဒါကြောင့် ဒီ အရမ်းအရသာရှိတဲ့ သကြားချက်နည်းကို မင်းကို သင်ပေးခဲ့မယ်… တခြားသူတွေကို မသင်ပေးဖို့တော့ မှတ်ထားပါ…’ ဒီလိုပြောပြီးတာနဲ့ တာအိုရသေ့အိုကြီး ဆုံးပါးသွားခဲ့တယ်…”

ဤပုံပြင်ကို နားထောင်ရင်း မျက်နှာသေနှင့် ပေါင်ပေါင်းမှာ မည်သို့မျှ မခံစားရပေ။ သူမက ရဲရှင်းဟွေ့ကို လက်သီးတစ်ချက် ထိုးချင်စိတ်ပင် ပေါက်လာ၏။ အဘယ့်ကြောင့်ဆိုသော် သူမက ဤပုံပြင်ကို အကြိမ်များစွာ ကြားဖူးနေပြီ ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ ပုံစံ အနည်းငယ် ကွဲပြားနေသောကြောင့် ဖြစ်သည်။

တစ်ဖက်တွင်မူ လိုလီမသေမျိုးဧကရာဇ်မှာ ပုံပြင်ကို ကြားပြီးနောက် မျက်နှာပေါ်၌ တမ်းတသော အမူအရာတစ်ခု ထင်ဟပ်လာသည်။

“အရမ်းအရသာရှိတဲ့ သကြားချက်နည်းတဲ့… နာမည်ကြားရုံနဲ့ကို အံ့ဩစရာကောင်းလိုက်တာ…”

“တော်ပြီ…” ရဲရှင်းဟွေ့က လိုလီမသေမျိုးဧကရာဇ်၏ စိတ်ကူးယဉ်မှုကို ဖြတ်တောက်၍ ဆိုလိုက်သည်။ “ငါ့ရဲ့ အရမ်းအရသာရှိတဲ့ သကြားချက်နည်းကို ခိုးသွားတဲ့ အကောင်ကို ငါ သွားဖမ်းရဦးမယ်… မင်းနဲ့ ဒီမှာ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး…”

စကားဆုံးသောအခါ ရဲရှင်းဟွေ့က သူ၏အာရုံကို အခြား ကျင့်ကြံသူများနှင့်အတူ မြေပေါ်မှ သကြားလုံးများ လိုက်ကောက်နေသော ရဲယင်ထံသို့ လွှဲလိုက်သည်။

ရဲရှင်းဟွေ့၏ အကြည့်ကို ခံစားမိသောအခါ ရဲယင်၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရ၏။

“သူခိုးလေး… ဘယ်ပြေးမလို့လဲ…”

စကားပြောရင်း ရဲရှင်းဟွေ့က ရဲယင်ထံသို့ ပြေးဝင်သွားသည်။

ထိုသို့မြင်သောအခါ ရဲယင်က လှည့်၍ ထွက်ပြေး၏။

သို့သော် ခြေလှမ်းအနည်းငယ်မျှ ပြေးပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရဘဲ လอยသွားသည်ကို တွေ့လိုက်ရသည်။ သူ ရုတ်တရက် ပျံတက်သွားရုံသာမက သူ၏ အရှိန်မှာလည်း ပို၍ ပို၍ မြန်ဆန်လာ၏။

မကြာမီပင် ရဲယင်၏ ပုံရိပ်မှာ ကြယ်တစ်စင်းအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။

ထိုအဖြစ်ကို မြင်သောအခါ ရဲရှင်းဟွေ့က ပြုံးလိုက်ပြီးနောက် သူ၏ ကိုယ်ပွားဖြစ်သော မေ့ကျဲ့ရန်ထံသို့ သတင်းစကား ပို့လိုက်သည်။

“စစ်ဆင်ရေး စတင်ပြီ… ပထမဆုံး ဂိုဏ်းနာမည်က အမှောင်စွမ်းအင်ဂိုဏ်း တံစဉ်က နေရာတကျ ရောက်နေပြီ…”

“အမိန့် နာခံပါတယ်…”

မေ့ကျဲ့ရန်က သတင်းစကားကို လက်ခံရရှိပြီးနောက် လူသုံးယောက်ကို နတ်သမီးလေးကိုလန်ထဲမှ ဆွဲထုတ်လိုက်သည်။

ဤအချိန်တွင် ထိုသုံးယောက်မှာ ခွန်အားနှင့် သွေးစွမ်းအင်များစွာ ဆုံးရှုံးနေကြသည်။ သူတို့ကို အမြန်ဆုံး ပြန်လည် နာလန်ထူနိုင်ရန် ကူညီပေးရန်အတွက် မေ့ကျဲ့ရန်က တောင်တန်းနှင့် မြစ်ချောင်းများမြေပုံထဲမှ ခွန်အား၊ သွေးစွမ်းအင်နှင့် ယန်စွမ်းအင်ကို ဖြည့်တင်းပေးသော ဆေးပင်အချို့ကို ထုတ်ယူ၍ သုံးယောက်သားကို စားစေလိုက်သည်။

ဆေးသောက်ပြီးနောက် သုံးယောက်စလုံး နာလန်ထူလာကြ၏။

“ကောင်းပြီ… မင်းတို့ရဲ့ တာဝန် ရောက်လာပြီ… အမှောင်စွမ်းအင်ဂိုဏ်းကို သွားပြီး ဝင်လိုက်ကြ… ပြီးရင် ရဲတံစဉ် ဆိုတဲ့လူကို ပြဿနာရှာ…”

“ရဲတံစဉ် ဟုတ်လား… တော်တော် မိုက်တဲ့ နာမည်ပဲ ဘယ်သူ ပေးထားတာလဲ…”

ဆာလာပိုင်ကျီသည် ရဲတံစဉ်ဟူသော အမည်ကို ကြားသည်နှင့် ချက်ချင်းပင် မှတ်ချက်ပေးလိုက်သည်။

ဆာလာပိုင်ကျီ၏ စကားကို တုံ့ပြန်သည့်အနေဖြင့် မေ့ကျဲ့ရန်၏ နဖူးပေါ်မှ သွေးကြောများ တွန့်သွားပြီး သူက ဆိုလိုက်သည်။ “ငါ ပေးထားတာ… မင်းမှာ ကန့်ကွက်စရာ ရှိလို့လား…”

အမှန်တကယ်တွင်မူ ပင်မကိုယ်က ပေးခဲ့ခြင်းဖြစ်သော်လည်း… မေ့ကျဲ့ရန်ကလည်း ရဲတံစဉ်ဟူသော အမည်မှာ ကောင်းသည်ဟု ထင်မြင်မိ၏။ မည်သို့ပင်ဖြစ်စေ ထိုအမည်ကို အဓိကဂိုဏ်းကြီးများမှ အမြတ်ထုတ်ခံရသူများကို ရိတ်သိမ်းရန် အသုံးပြုမည်ဖြစ်ရာ နာမည်၌ အဓိပ္ပာယ်များစွာ ရှိနေသည်။

ဘော့စ်က ပေးခဲ့မှန်း သိလိုက်ရသောအခါ ဆာလာပိုင်ကျီက ချက်ချင်းပင် လက်ခုပ်တီး၍ အားပေးလိုက်၏။

“ဟား… ဘော့စ် ပေးထားတဲ့ နာမည်ကိုး… နာမည်က တကယ်ကို လန်းဆန်းပြီး သန့်စင်လိုက်တာ သိပ်မိုက်တာပဲ… ဘော့စ်… ကျွန်တော် ဆုံးဖြတ်လိုက်ပြီ အခုကစပြီး ကျွန်တော့်နာမည်ကို ဆာလာဘားဟိုးလို့ ခေါ်တော့မယ် ဘယ်လိုသဘောရလဲ…”

“သွားစမ်း…”

ဆာလာပိုင်ကျီကို ကန်ထုတ်လိုက်ပြီးနောက် မေ့ကျဲ့ရန်က မသေမျိုးကျင့်ကြံရေးကမ္ဘာ၏ မြေပုံကို ထုတ်ယူလိုက်ပြီးနောက် အမှောင်စွမ်းအင်ဂိုဏ်း တည်ရှိရာ တိုက်ကြီး၏ တောင်တန်းကို ရှာဖွေလိုက်သည်။ ထို့နောက် ထိုနေရာမှ အသေးစိတ်မြေပုံကို ထုတ်ယူ၍ အမှောင်စွမ်းအင်ဂိုဏ်း၏ တည်နေရာကို လျင်မြန်စွာ ရှာတွေ့သွား၏။

မေ့ကျဲ့ရန်က အမှောင်စွမ်းအင်ဂိုဏ်း၏ တည်နေရာကို ထောက်ပြ၍ ဆိုလိုက်သည်။ “ဒါက ငါတို့ရဲ့ ပန်းတိုင်ပဲ…”

“ဘော့စ်…” ဤအခိုက်တွင် မုန်ကျစ်ယွီက လက်ထောင်၍ ဆိုလိုက်သည်။ “ကျွန်တော်တို့ကို အမှောင်စွမ်းအင်ဂိုဏ်းကို ဝင်ခိုင်းတယ် ဒါပေမဲ့ ဘယ်လို ဝင်ရမှာလဲ…”

“အမှန်အတိုင်း ပြောရရင်…” ဤသို့ဆိုပြီးနောက် မုန်ကျစ်ယွီက ရှီထိုက်လုံနှင့် ဆာလာပိုင်ကျီကို တစ်ချက် ကြည့်လိုက်ပြီး ဆက်ပြောသည်။ “သူတို့တွေက အရမ်းကို သန့်စင်ပြီး ကျင့်ကြံမှု လုံးဝ မရှိကြဘူး… ဒီလို ပထမတန်းစား ဂိုဏ်းထဲကို ဝင်ဖို့ဆိုတာ အခြေခံအားဖြင့် မဖြစ်နိုင်ဘူး…”

မေ့ကျဲ့ရန်က မုန်ကျစ်ယွီကို တစ်ချက်ကြည့်လိုက်ပြီး မုန်ကျစ်ယွီ မေးသည့်မေးခွန်းအပေါ် အလွန်ကျေနပ်ကြောင်း ပြ၍ ဆိုလိုက်၏။ “မင်းက ငါ ပထမဆုံး ရွေးချယ်ခဲ့တဲ့သူနဲ့ တကယ်ကို ထိုက်တန်တာပဲ…”

မေ့ကျဲ့ရန်က ဂုဏ်ယူစွာ အာမခံလိုက်၏။ “ဒီအတွက်တော့ စိတ်မပူကြနဲ့… ငါ မင်းတို့နဲ့ အတူတူ လိုက်ခဲ့မယ် မင်းတို့ အမှောင်စွမ်းအင်ဂိုဏ်းထဲကို ဝင်ဖို့ကိစ္စကို ငါ့ကိုသာ တာဝန်ပေးထားလိုက်… မင်းတို့ကို ငါ ပေးတဲ့ တာဝန်က အရမ်းကို ရိုးရှင်းတယ်… မင်းတို့ရဲ့ အထက်လူကြီးတွေကို ဖားပြီး ရဲတံစဉ်ဆိုတဲ့ အကောင်ကို သေအောင် ကြံစည်ကြ…”

“ဟုတ်ကဲ့…”

သုံးယောက်သား တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြရာ အဘယ်ကြောင့်မှန်းမသိ အလွန်ပင် ခန့်ညားနေ၏။

All Chapters