← Chapters

အခန်း (၈၈)

Vol. 8 Ch. 88

အခန်း (၈၈)

Vol. 8 Ch. 88

“ဒီမှာ” ကျန့်ခိုင်ပင်းက စာကို သူ့လက်ထဲထည့်ပေးလိုက်ရင်း သိလိုစိတ်ပြင်းပြစွာ မေးလိုက်သည်။

“မင်းဆီကို အနောက်မြောက်ပိုင်းကနေ ဘယ်လိုလုပ် စာရောက်လာတာလဲ။”

“လိုင်ရှီး ဆီက။”

ဖေးကျန့်သည် စာအိတ်ကို ဆွဲဖြဲကာ စာကို အမြန်ဖတ်ရင်း ပြန်ဖြေလိုက်သည်။

စာတစ်ကြောင်းဖတ်လိုက်တိုင်း သူ့မျက်ခုံးများက ပိုတွန့်ချိုးလာပြီး မျက်နှာထားကလည်း တည်ကြည်လေးနက်လာခဲ့သည်။

“ဘာဖြစ်လို့လဲ။ တစ်ခုခုဖြစ်လို့လား။”

ကျန့်ခိုင်ပင်းက မေးလိုက်သည်။

ဖေးကျန့်သည် သက်ပြင်းတစ်ချက်ကို ရှိုက်ကာ ရှင်းပြလိုက်သည်။

“လိုင်ရှီးက အနောက်မြောက်ပိုင်းကို သူ့သဘောနဲ့သူ သွားခဲ့တာမဟုတ်ဘူး။ သူ အစက ရှန်ဟိုင်းမှာရှိတဲ့ သူ့အမေဘက်က အမျိုးတွေကို အလည်သွားဖို့ စီစဉ်ထားတာ၊ ဒါပေမဲ့ ရထားပေါ်မှာ တစ်ယောက်ယောက်က သူ့ကို သတိလစ်သွားအောင် ထိုးလိုက်တယ်။ သူ ပြန်နိုးလာတော့ အနောက်မြောက်ပိုင်းကို ထောက်ပံ့ကူညီဖို့ သွားနေတဲ့ ကျောင်းသားလူငယ်တစ်စုကြားထဲကို ရောက်နေတာကို တွေ့လိုက်ရတယ်တဲ့။ သူဆင်းပြီး အိမ်ပြန်ဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့က သူ့ကို ပြန်မလွှတ်ဘဲ သူ့ကို တခြားတစ်ယောက် နာမည်နဲ့ပါ ခေါ်နေကြတယ်တဲ့။”

စာထဲတွင် စုန့်လိုင်ရှီးက သူသည် သူတို့ထင်နေသောလူမဟုတ်ဘဲ စုန့်လိုင်ရှီး အစစ်ဖြစ်ကြောင်း ရှင်းပြရန် အလွန်အမင်း ကြိုးစားခဲ့ရသည်ဟု ဆက်ရေးသားထားသည်။ သို့သော် နားလည်မှုလွဲခြင်းကို ရှင်းလင်းပြီးသည့်တိုင် သူတို့က သူ့ကိုထွက်သွားခွင့်မပြုခဲ့ပေ။ အကြောင်းမှာ သူသာမရှိလျှင် လူတစ်ယောက်လိုသွားမည်ဖြစ်ပြီး ဖြေရှင်းပေးရန် နည်းလမ်းမရှိဟု ဆိုသောကြောင့်ဖြစ်သည်။

အခက်အခဲများကြားမှ အနောက်မြောက်ပိုင်းကို ကူညီရန် စိတ်ပိုင်းဖြတ်ထားသော ထိုလူငယ်များ၏ ခံနိုင်ရည်ရှိမှုနှင့် ကတိကဝတ်ကို မြင်တွေ့ရသောအခါ စုန့်လိုင်ရှီးသည် နေခဲ့ရန် ဆုံးဖြတ်လိုက်သည်။ သူ့ကို သတိလစ်အောင်လုပ်ရန် စီစဉ်ခဲ့သူမှာ သူ့မိထွေးဖြစ်မည်ဟု သူသံသယရှိခဲ့သည်။ ပေကျင်းတွင်နေပြီး သူမ၏ အကြံအစည်များကို အမြဲတစေ သတိထားကာ ခုခံကာကွယ်နေရမည့်အစား တန်ဖိုးရှိသော အရာတစ်ခုအတွက် သူ့ကိုယ်သူ မြှုပ်နှံလိုက်ခြင်းက ပိုအဓိပ္ပာယ်ရှိမည်ဟု သူတွေးခဲ့သည်။

သူ့မိထွေးသည် သူ့စိတ်နေသဘောထားနှင့် ရွေးချယ်မှုများကို တွက်ချက်ကာ သူ့ကို ပြန်ချောက်ချရန် ကြံစည်ခဲ့ပုံရသည်။ လူတို့၏ စိတ်ခံစားချက်များကို အလွန်တိကျစွာ လှည့်စားနိုင်သည့် ကျောက်ရှင်း၏ စွမ်းရည်ကို ငြင်းပယ်၍မရနိုင်ပေ။

စုန့်လိုင်ရှီးက ဖေးကျန့်အား သူ့မိထွေး ကျောက်ရှင်း သည် အလွန်စဉ်းလဲကောက်ကျစ်သူဖြစ်သောကြောင့် သတိထားရန် သတိပေးခဲ့သည်။ စာထဲတွင် သူ့ကို သတိလစ်အောင် ထိုးသွားခဲ့သော လူ၏ပုံတူပန်းချီစာရွက်ကို ထည့်ပေးလိုက်သည်။

စုန့်လိုင်ရှီးသည် အနောက်မြောက်ပိုင်းသို့ ရောက်သွားပြီးနောက် ထိုလူ၏ မျက်နှာကို အဆက်မပြတ် ပြန်အမှတ်ရနေခဲ့သည်။ တစ်ခုခုကို အသေးစိတ် သတိရတိုင်း ပုံကြမ်းတွင် ထပ်ထည့်လေ့ရှိသည်။ သူ အစက နှစ်အနည်းငယ်အကြာတွင် ပေ့ကျင်းသို့ပြန်လာပြီး ထိုလူကို ဖြည်းဖြည်းချင်း ခြေရာခံကာ ကျောက်ရှင်း၏ ပင်ကိုစရိုက်အမှန်ကို ဖော်ထုတ်ရန် စီစဉ်ထားခဲ့သည်။

သို့သော် ဖေးကျန့်က သူစိမ်းတစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း စာထဲတွင် ဖော်ပြခဲ့သောကြောင့် စုန့်လိုင်ရှီးသည် ပုံတူပန်းချီကို ပို့ပေးခဲ့ခြင်းဖြစ်ပြီး ထိုလူဟုတ်မဟုတ် တိုက်စစ်ဆေးကြည့်စေလိုခဲ့သည်။

ဖေးကျန့်သည် စာအိတ်ထဲမှ ပုံတူပန်းချီကို အလျင်အမြန် ဆွဲထုတ်လိုက်သည်။ ပုံထဲမှ လူသည် ရိုးသားဖြောင့်မတ်ပုံပေါက်သော မျက်နှာရှိပြီး အန္တရာယ်ရှိသော ရာဇဝတ်ကောင်တစ်ယောက်၏ ပုံစံမျိုး လုံးဝမပေါက်ပေ။ လုနန် တိုက်ခိုက်ခံရစဉ်က ညသည် မှောင်မိုက်နေပြီး ဖေးကျန့်က ထိုလူ၏မျက်နှာကို ရှင်းလင်းစွာ မမြင်ခဲ့ရသော်လည်း ဤသူသည် ထိုလူဖြစ်ကြောင်း စိတ်ထဲတွင် ခံစားလိုက်ရသည်။

“မင်း အရင်ပြန်နှင့်တော့။”

ဖေးကျန့်သည် ကျန့်ခိုင်ပင်းကို လျစ်လျူရှုကာ အိမ်ထဲသို့ ပြန်ပြေးဝင်ပြီး ကျောင်းလွယ်အိတ်ကို ဆွဲကာ နောက်တစ်ကြိမ် ပြန်ထွက်သွားခဲ့သည်။ ဤသဲလွန်စသည် အလွန်အရေးကြီးသောကြောင့် သူ့အဖေဆီသို့ ကိုယ်တိုင် ပို့ပေးရန် လိုအပ်သည်။

“ဟဲ့! ကလေး မနက်စာတောင် မစားရသေးဘဲ ဘယ်သွားမလို့လဲ။”

အန်တီဝူသည် သူ့နောက်မှ အမြန်လိုက်လာပြီး တံခါးကို ပိတ်ဆို့လိုက်သည်။

“အဘွားဝူ အရေးကြီးလို့ အရေးကြီးလို့”

ဖေးကျန့်သည် သူမလက်ကို ဖယ်ခွာရင်း ပြောလိုက်သည်။

ထိုစဉ် သူ့လက်ထဲသို့ ကြက်ဥတစ်လုံး ရောက်လာသည်။

အန်တီဝူ - “ဒါကို ယူသွား။”

“ဟုတ်ကဲ့။”

ဖေးကျန့်သည် ကြက်ဥကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ပြေးထွက်သွားတော့သည်။

အန်တီဝူသည် အိမ်ထဲသို့ ပြန်လျှောက်ဝင်လာရင်း သက်ပြင်းချကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

“သူတို့တစ်ယောက်မှ မနက်စာ မစားကြဘူး။ ဒီလိုဘယ်ဖြစ်မလဲ။ လူမှာအစာ၊ သံမှာအားပဲ။ အစာမစားဘဲနေတာက လူကို အားနည်းစေတယ်။ ဘာပဲဖြစ်နေဖြစ်နေ စားတော့စားရမှာပေါ့။ ငါက မနက်အစောကြီးကတည်းက အလုပ်ရှုပ်နေတာ၊ အခု မနက်စာအဆင်သင့်ဖြစ်တော့ အားလုံးထွက်သွားကြပြီ။ ဒီလောက်ပင်ပန်းခံလုပ်ရတာ ဘာအဓိပ္ပာယ်ရှိတော့မလဲ။”

လုနန်သည် သမ်းဝေရင်း ခါးကို ပွတ်သပ်ကာ လှေကားထစ်များမှ ဆင်းလာခဲ့သည်။

“မွေးစားအမေ၊ ဘာတွေ ပွစိပွစိ မြည်တွန်တောက်တီးနေတာလဲ။ ဖေးကျီအန်းနဲ့ ဖေးကျန့်တို့ရော ဘယ်မှာလဲ။”

ဤအချိန်တွင် ဖေးကျီအန်းနှင့် ဖေးကျန့်တို့ နှစ်ယောက်လုံးသည် မနက်စာစားပွဲတွင် ရှိနေလေ့ရှိသော်လည်း ယနေ့တွင်မူ အစားအစာများသာရှိပြီး လူများမရှိချေ။

အန်တီဝူ မော့ကြည့်လိုက်သောအခါ လုနန်သည် သူမ၏ ကြီးမားသော ဗိုက်ကြီးဖြင့် လှေကားပေါ်တွင် ပျင်းရိစွာ ရပ်နေသည်ကို တွေ့လိုက်ရပြီး ချက်ချင်း ထိတ်လန့်သွားသည်။ အန်တီဝူက အပြေးအလွှားသွားကာ သူမကို ကူညီ၍ ဆင်းစေခဲ့သည်။

“နင်တို့တွေအားလုံးက တကယ့်ကို ဒုက္ခပေးတဲ့သူတွေပဲနော်။ ငါဘယ်နှစ်ခါ ပြောရမလဲ၊ တက်မယ်ဆို မြန်မြန်တက်၊ ဆင်းမယ်ဆို မြန်မြန်ဆင်းလေ။ လှေကားအလယ်မှာ ဘာရပ်လုပ်နေတာလဲ။”

“သူတို့ မနက်အစောကြီးကတည်းက အရေးတကြီးကိစ္စရှိတယ်ဆိုပြီး ထွက်သွားကြတယ်။”

အန်တီဝူက သူမ၏ မကျေနပ်မှုကို ဖော်ပြရန် "အရေးတကြီး" ဟူသော စကားလုံးကို လေးနက်စွာ အသံထွက်ရင်း ဆက်ပြောခဲ့သည်။

လုနန် အလွန်သိချင်စိတ်ဖြစ်သွားမိသည်။

“ဖေးကျန့်တောင် အရေးကြီးကိစ္စရှိတယ် ဟုတ်လား။ ဘာကိစ္စကများ ဒီလောက် အရေးကြီးနေရတာလဲ။”

ထိုစကားကို ဖေးကျီအန်း ပြောခဲ့ခြင်း ဖြစ်ဟန်မတူဘဲ ဖေးကျန့် ပြောခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။ သို့သော် သူ့အတွက် အဘယ်အရာက ထိုမျှ အရေးကြီးနေမည်နည်း။

“ငါကတော့ ဘယ်သူမှ နားမထောင်တဲ့ အဘွားကြီးတစ်ယောက်ပဲ။ ငါက ချက်တယ်၊ ဘယ်သူမှ မစားဘူး။ သူတို့အတွက် ဘာက ဒီလောက်အရေးကြီးနေလဲ ငါက ဘယ်လိုသိမှာလဲ။”

အန်တီဝူက နှုတ်ခမ်း စူလိုက်သည်။

သူမသည် အလွန်စိတ်ပျက်နေပုံရသဖြင့် လုနန်ပင် သူမနှင့် ဆက်၍ အငြင်းမပွားချင်တော့ပေ။

“…”

လုနန်က အပြစ်ကို အမြန်လွှဲချလိုက်သည်။

“စိတ်ဆိုးနေတာလား။ မနက်အစောကြီး ဘယ်သူက စိတ်အနှောင့်အယှက်ပေးသွားလို့လဲ။ ဖေးကျန့်ပဲဖြစ်ရမယ်၊ အဲ့ကောင်စုတ်လေး။ သူပြန်လာရင် ကျွန်မ ဆူလိုက်မယ်။ စိတ်မဆိုးနဲ့တော့နော်။”

အန်တီဝူသည် ထိုအကွက်ထဲသို့ မဝင်ခဲ့ပေ။

“အပြစ်ရှိသမျှကို ရှောင်ကျန့်ခေါင်းပေါ်ပဲ မပုံချနဲ့။ သူက ကလေးကောင်းတစ်ယောက်ပဲ။ ငါပြောနေတာ နင့်ကို။ လှေကားတွေက အန္တရာယ်များတယ်လို့ ငါဘယ်နှစ်ခါ ပြောရမလဲ၊ ဒါပေမဲ့ နင်က ဘယ်တော့မှ နားမထောင်ဘူး။ နင်က ဒီအဘွားကြီးကို နှလုံးရောဂါနဲ့ သေအောင်လုပ်နေတာပဲ! အို၊ ငါ့နှလုံး၊ နာလိုက်တာ…”

လုနန် - “…” ခုနကပဲ ဖေးကျန့် မနက်စာမစားလို့ စိတ်ဆိုးနေတာမဟုတ်ဘူးလား။ ဘာလို့ အခုကျ ကျွန်မဘက်လှည့်လာတာလဲ။

လုနန်က ထောက်ပြလိုက်သည်။ “ဒါနဲ့ မွေးစားအမေ၊ ကိုင်ထားတာ မှားနေတယ်၊ ဘယ်ဘက်ရင်အုံမှာ။”

အန်တီဝူ၏ မျက်နှာသည် ခဏတာ ကြောင်သွားပြီးနောက် သူမလက်ကို ဘယ်ဘက်သို့ အလျင်အမြန် ရွှေ့လိုက်သည်။

“အို၊ ငါ့နှလုံး! နင်က နင့်မွေးစားအမေကို စိတ်ရှုပ်အောင်လုပ်လွန်းလို့ ငါ့နှလုံး ဘယ်ဘက်မှာရှိလဲတောင် မသိတော့ဘူး။”

လုနန်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“မွေးစားအမေရယ်၊ တောင်းပန်ပါတယ်။ ကျွန်မ မွေးစားအမေကို နောက်ထပ် စိတ်မဆိုးစေရတော့ဘူးနော်၊ ဟုတ်ပြီလား။”

“ဒါဆိုရင် နင် နောက်တစ်ခါ လှေကားအလယ်မှာ ယိမ်းထိုးပြီး မဆင်းဘဲ ရပ်မနေတော့ဘူးလို့ သစ္စာဆိုစမ်း။”

ကောင်းပြီလေ၊ လုနန် လက်သုံးချောင်းကို မြှောက်ကာ ထိုမနက် မနက်စာစားပွဲတွင် သစ္စာဆိုရသည့် ဒုတိယမြောက်လူ ဖြစ်လာခဲ့သည်။

“ကျွန်မ သစ္စာဆိုပါတယ်၊ လှေကားအလယ်မှာ ဘယ်တော့မှ ရပ်မနေတော့ပါဘူး။ ကျေနပ်ပြီလား။”

အန်တီဝူသည် နောက်ဆုံးတွင် သူမရင်ဘတ်ကို လွှတ်လိုက်ပြီး ပြုံးလိုက်သည်။

“ဒါမှ ငါ့သမီးလိမ္မာလေးပေါ့။ ကဲ မြန်မြန် မနက်စာစားတော့၊ မဟုတ်ရင် နင့်ဆန်ပြုတ်တွေ အေးကုန်လိမ့်မယ်။ ငါ အပေါ်ထပ်တက်ပြီး ဟွိုက်ဟွိုက်ကို သွားနှိုးလိုက်ဦးမယ်။”

“မွေးစားအမေ၊ အရင်စားလိုက်ပါ၊ စားပြီးမှ သူ့ကို ခေါ်ပေါ့။” လုနန်က အန်တီဝူကို ထိုင်စေရန် ကြိုးစားရင်း အကြံပြုလိုက်သည်။ သို့သော် အန်တီဝူသည် အငြိမ်မနေနိုင်ဘဲ ဟွိုက်ဟွိုက်ကို မနက်စာစားဖို့ ခေါ်ရန် အပေါ်ထပ်သို့ တက်သွားရန်သာ တောင်းဆိုခဲ့သည်။

လုနန်မှာ ရွေးချယ်စရာမရှိတော့ပေ။ သူမသည် ကိုယ်ဝန်ဆောင်နေပြီး သွားလာရ အဆင်မပြေသောကြောင့် သူမသဘောအတိုင်းသာ လွှတ်ထားလိုက်ရသည်။

မနက်စာတွင် ကောက်ညှင်းဆန်ပြုတ်၊ ပေါက်စီ၊ ကင်မ်ချီနှင့် အာလူးသုပ်တို့ ပါဝင်သည်။ လူတစ်ဦးစီအတွက် ကြက်ဥတစ်လုံးနှင့် နွားနို့တစ်ခွက်စီပါရှိပြီး လုနန်နှင့် ဟွိုက်ဟွိုက်အတွက်မူ ကြက်ဥပေါင်း ရှိသည်။ အန်တီဝူသည် လုနန်အတွက် ငှက်သိုက်ပေါင်းတစ်ခွက်ကို အထူးပြင်ဆင်ပေးထားသည်။ စားပွဲပေါ်တွင် စွန်ပလွံသီးခြောက်၊ ပန်းသီးနှင့် ခရမ်းချဉ်သီး ပန်းကန်ပြားများအပြင် သစ်ကြားသီး၊ မြေပဲ၊ ယိုစုံနှင့် ပဲလှော်စုံတို့လည်း ရှိနေသည်။ ဒါတွေမှာ လုနန်၏ ပုံမှန်စားနေကျ သရေစာများဖြစ်သည်။

ကော်ဖီနှင့် အချိုပွဲများမှာမူ အန်တီဝူက အားလုံးကို ဖယ်ရှားထားခဲ့ပြီး လုနန်အား စိတ်အလိုလိုက်ရန် အခွင့်အရေးမပေးခဲ့ပေ။ သူမ၏ အဝတ်အစားနှင့် မိတ်ကပ်များကို စတိုင်လ်ကျမှုထက် နွေးထွေးမှုကို ဦးစားပေးကာ တင်းကြပ်စွာ စီမံခန့်ခွဲထားသည်။ သူမ၏ အလှကုန်ပစ္စည်းများပင် သိမ်းဆည်းခံထားရပြီး အစိုဓာတ်ထိန်းပေးသော လိုးရှင်းနှင့် ခရင်မ်များသာ ကျန်တော့သည်။

လုနန်သည် ဒါတွေအားလုံးသည် ကလေးအတွက်ဖြစ်ကြောင်း သိသောကြောင့် အန်တီဝူ၏ ညွှန်ကြားချက်များကို လိမ်လိမ်မာမာ လိုက်နာခဲ့သော်လည်း ရံဖန်ရံခါ အချိုများနှင့် ကော်ဖီကို တောင့်တမိသည်။

မနက်စာစားပြီးနောက် အန်တီဝူသည် ကလေးငယ် ဟွိုက်ဟွိုက်နှင့် ခွေးဖြူလေးကို အောက်ထပ်သို့ ခေါ်ဆောင်လာခဲ့သည်။ ဟွိုက်ဟွိုက်သည် ပုံမှန်အတိုင်း လုနန်ဆီသို့ လျှောက်သွားကာ သူမဗိုက်ကို ပုတ်ပြီး ချိုသာသောအသံလေးဖြင့် ပြောလိုက်သည်။

“ကောင်းသောနံနက်ခင်းပါ ကလေးလေး။ ဒီနေ့ လိမ်လိမ်မာမာနဲ့ ငြိမ်ငြိမ်နေနော်။”

လုနန်သည် ကုရှောင်ဟွိုက်၏ နူးညံ့သောဆံပင်ကို တို့ထိကာ ပြောလိုက်သည်။

“ကောင်းသောနံနက်ခင်းပါ ကလေး။”

“ကောင်းသောနံနက်ခင်းပါ မေမေ။” ဟွိုက်ဟွိုက်က လေးလေးနက်နက် ပြန်ဖြေခဲ့သည်။

အန်တီဝူက ဟွိုက်ဟွိုက်ကို ကုလားထိုင်ပေါ်သို့ မတင်ပေးပြီး လည်ပင်းတွင် ကလေးသွားရည်ခံကို ပတ်ပေးလိုက်သည်။

“ကဲ စားတော့။ အဘွားက သားအကြိုက်ဆုံး ကြက်ဥပေါင်းနဲ့ အသားပေါင်း လုပ်ထားတယ်။”

ရှောင်ပိုင်သည် အန်တီဝူ၏ ခြေထောက်ကို တွန်းထိုးလိုက်ရာ အန်တီဝူက ဘေးသို့ရွှေ့ပေးလိုက်သည်။

“ကောင်းပြီ၊ ကောင်းပြီ၊ နင်လည်း ဗိုက်ဆာနေမှန်း ငါသိပါတယ်။ ငါ မီးဖိုချောင်ထဲက နင့်အစာ သွားယူပေးမယ်။”

ခွေးဖြူလေးသည် သူမနောက်မှ မီးဖိုချောင်ထဲသို့ အမြန်လိုက်ပါသွားသည်။

“မွေးစားအမေ၊ အလုပ်လုပ်တာ ခဏရပ်ပြီး ကျွန်မတို့နဲ့အတူ လာထိုင်စားပါဦး။” လုနန်က သူမဘေးရှိ ကုလားထိုင်ကို ဆွဲထုတ်ရင်း လှမ်းခေါ်လိုက်သည်။

သို့သော် အန်တီဝူသည် ခေါင်းမာခဲ့သည်။ သူမသည် ဟွိုက်ဟွိုက် ဘေးရှိ ကုလားထိုင်ကိုသာ ဆွဲထုတ်လိုက်သည်။

“ပုံမှန်ဆိုရင် နင့်ဘေးက ထိုင်ခုံမှာ ဖေးကျီအန်း ထိုင်နေကျ။ ငါက အဲ့နေရာမှာထိုင်ရင် တစ်မျိုးကြီးပဲ။”

လုနန် - “…” ဖေးကျန့်က အဲ့ထိုင်ခုံမှာ ဘယ်တော့မှ မထိုင်တာ အံ့ဩစရာမရှိတော့ဘူး။

မနက်စာစားပြီးနောက် လုနန်သည် ဟွိုက်ဟွိုက်နှင့် ခွေးဖြူလေးကို အပေါ်ထပ်သို့ ခေါ်သွားခဲ့သည်။

အားလပ်ရက်ရခဲသောကြောင့် လုနန်သည် ထိုနေ့ကို ဟွိုက်ဟွိုက်နှင့်အတူ ပန်းချီဆွဲရင်း ကုန်ဆုံးရန် စီစဉ်ထားသည်။

ဟွိုက်ဟွိုက်၏ လာမည့်မွေးနေ့ပြီးလျှင် သူသည် သုံးနှစ်ပြည့်မည်ဖြစ်သည်။ သူသည် ဉာဏ်ရည်ထက်မြက်သူဖြစ်ပြီး အရာအားလုံးကို စူးစမ်းလိုစိတ်ရှိသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဖေးကျန့်သည် သူ့ရှေ့တွင် ဘတ်စကက်ဘောကျွမ်းကျင်မှုကို ပြသခဲ့ရာ ကလေးငယ်သည် တစ်နေ့လုံး ဖေးကျန့်၏ ဘတ်စကက်ဘောကို ပုတ်ရန် ကြိုးစားနေခဲ့သည်။

လုနန် ညနေပိုင်း အိမ်ပြန်ရောက်သောအခါ ဟွိုက်ဟွိုက်၏ လက်များသည် ဘောလုံးပုတ်ထား၍ နီရဲနေသည်ကို တွေ့ရသော်လည်း သူသည် လက်မလျှော့ဘဲ သူ့အစ်ကိုကဲ့သို့ ကျွမ်းကျင်အောင်လုပ်မည်ဟုသာ အလျှော့မပေးဘဲ ပြောနေခဲ့သည်။

ဖေးကျန့်သည် နောက်ဆုံးတွင် သူ့ကိုယ်သူ ဒုက္ခရှာမိသလို ဖြစ်သွားခဲ့သည်။ သူ့ညီလေး အလွန်အကျွံလေ့ကျင့်ခြင်းကို တားဆီးရန်အတွက် ဖေးကျန့် ဘတ်စကက်ဘောကစားရန် သွားတိုင်း သူ့ကိုပါ ခေါ်သွားခဲ့ရသည်။

ကစားကွင်းတွင် ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း ကလေးငယ် ဟွိုက်ဟွိုက်သည် ဘောလုံးကို ခုနစ်ကြိမ်၊ ရှစ်ကြိမ်ဆက်တိုက် ခုန်အောင်ပြုလုပ်နိုင်နေပြီဖြစ်ရာ သုံးနှစ်အရွယ်ကလေးတစ်ယောက်အတွက် အလွန်အထင်ကြီးစရာကောင်းလှသည်။

ပန်းချီဆွဲခြင်းသည် လုနန် နှစ်သက်သော အရာဖြစ်သည်။ ဟွိုက်ဟွိုက်က ပန်းချီဆွဲတာကို ကြိုက်မကြိုက် သူမ မသိသော်လည်း ကြိုးစားကြည့်လျှင် မထိခိုက်နိုင်ဟု ထင်ခဲ့သည်။ ကြိုးစားကြည့်ပြီးနောက် သူမ၏ သား၊ ဝတ္ထုတစ်ပုဒ်တွင် အဓိကဗီလိန်ဖြစ်လာရန် ကံကြမ္မာပါလာသူသည် အမှန်တကယ်ပင် နေရာများစွာတွင် ပါရမီပါကြောင်း သူမ သိရှိလိုက်ရသည်။

သူ့ပန်းချီကားများသည် ပြီးပြည့်စုံခြင်းမရှိသော်လည်း စိတ်ကူးဉာဏ်ကောင်းပြီး တီထွင်ဖန်တီးနိုင်စွမ်းများဖြင့် ပြည့်နှက်နေခဲ့သည်။

စကားပုံတစ်ခုသည် လုနန်စိတ်ထဲသို့ ဝင်ရောက်လာသည် - "ပါရမီရှင်များ၏ ရှေ့မှောက်တွင် ကြိုးစားအားထုတ်မှုသည် အများအားဖြင့် အချည်းနှီးပင်ဖြစ်သည်။"

စာကြည့်ခန်းထဲရှိ သားအမိနှစ်ယောက်သည် တစ်ဦးနှင့်တစ်ဦး အနှောင့်အယှက်မပေးဘဲ တိတ်ဆိတ်စွာ အလုပ်လုပ်ရင်း ပန်းချီဆွဲရန် ကိုယ်ပိုင်နေရာတစ်ခုစီကို ရှာဖွေခဲ့ကြသည်။

နွေးထွေးသော ဆောင်းရာသီ နေရောင်ခြည်သည် စားပွဲခုံပေါ်သို့ ကျရောက်နေပြီး လုနန်က ဟွိုက်ဟွိုက်ကို ချီထားသော ဓာတ်ပုံတစ်ပုံကို ထွန်းလင်းတောက်ပစေသည်။ ပန်းချီဆွဲပြီး ခဏအကြာတွင် ဟွိုက်ဟွိုက်သည် မော့ကြည့်လိုက်ရာ သူ့အာရုံကို ထိုဓာတ်ပုံက ဖမ်းစားသွားခဲ့သည်။ သူသည် ဘောင်ကို ကောက်ယူပြီး ခဏတာ ဆော့ကစားနေခဲ့သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အံဆွဲတစ်ခုကို ဖွင့်ကာ မွှေနှောက်ရှာဖွေပြီး လူနှစ်ယောက်ပါသော နောက်ထပ်ဓာတ်ပုံတစ်ပုံကို ဆွဲထုတ်လိုက်သည်။

“မေမေ၊ ဦးဦး၊ ပြုံးပြုံး။”

လုနန်သည် ဟွိုက်ဟွိုက် လက်ထဲမှ ဓာတ်ပုံကို ယူလိုက်သည်။

“ဘာလဲ။”

ထိုပုံသည် သူမနှင့် ဖေးကျီအန်း၏ မင်္ဂလာဆောင်ဓာတ်ပုံဖြစ်သည်။ ပုံထုတ်ပြီးနောက် သူမသည် အခြားဓာတ်ပုံများကြားတွင် ထိုးထည့်ထားခဲ့ပြီး အနီးကပ် သေချာကြည့်ရှုခြင်း မပြုခဲ့ဖူးချေ။

ဓာတ်ပုံထဲတွင် လုနန်သည် ကင်မရာကို တည့်တည့်စိုက်ကြည့်နေပြီး ဖေးကျီအန်းကမူ သူမဘက်သို့ နူးညံ့ကြင်နာစွာ စိုက်ကြည့်နေကာ သူ့မျက်လုံးများသည် စကားလုံးမဲ့ ဝန်ခံချက်တစ်ခုဖြင့် ပြည့်နှက်နေခဲ့သည်။

လုနန် ကြက်သေသေသွားခဲ့သည်။ သူမသည် ထိုအချိန်က ဖေးကျီအန်းကို ကောင်းစွာမသိသေးပေ။

သူမ၏ တွေဝေမှုမှ ရုတ်တရက် သတိပြန်ဝင်လာပြီး ဟွိုက်ဟွိုက်ကို မေးလိုက်သည်။

“ဒါပေမဲ့ ဓာတ်ပုံထဲမှာ ဘယ်သူမှ ပြုံးမနေဘူးလေ၊ ရှောင်ဟွိုက်က မှားမြင်တာလား။”

ဟွိုက်ဟွိုက် သည် ခေါင်းခါကာ သူနှင့်သူ့မိခင်၏ ဓာတ်ပုံကို ထိုးပြလိုက်သည်။

“မားမားက ပြုံးနေတယ်၊ ဦးဦးက ပြုံးနေတယ်။”

လုနန်သည် အလိုအလျောက်ပင် သူမတို့သားအမိ ဓာတ်ပုံကို ကြည့်လိုက်ရာ ထိုဓာတ်ပုံတွင် သူမသည် ဟွိုက်ဟွိုက်ကို အမှန်တကယ် ပြုံးပြနေကြောင်း သိရှိလိုက်ရသည်။ သို့သော် မင်္ဂလာဆောင်ဓာတ်ပုံတွင် ဖေးကျီအန်းသည် ပြုံးမနေခဲ့ပေ။

သို့ဆိုလျှင် ဟွိုက်ဟွိုက်က ဖေးကျီအန်းလည်း ပြုံးနေသည်ဟု အဘယ်ကြောင့် ပြောရသနည်း။

လုနန် သည် ဓာတ်ပုံများကို သေချာလေ့လာကြည့်လိုက်ပြီးနောက် သူမ သဘောပေါက်သွားတော့သည်။

ထိုအရာသည် သူတို့၏ မျက်လုံးများထဲတွင် ရှိနေခဲ့သည်။ အမူအရာများက ကွဲပြားသော်လည်း ဓာတ်ပုံနှစ်ပုံလုံးရှိ အကြည့်များမှာမူ တူညီစွာ နွေးထွေးနေခဲ့သည်။

All Chapters