← Chapters

အခန်း (၁၅၇၆-၁၅၇၈)

Vol. 106 Ch. 1576-1578

အခန်း (၁၅၇၆-၁၅၇၈)

Vol. 106 Ch. 1576-1578

အဆတစ်ရာစနစ် စာစဥ်(၁၀၆)

အခန်း(၁၅၇၆)

"ဘယ်သူစကားပြောနေတာလဲ"

ရုတ်တရက် ထွက်ပေါ်လာသော အသံက ကျန်းချန်ကို အံ့အားသင့်သွားစေခဲ့သည်။

မာန နဂါးအဆင့် တပည့်များသည် လေထဲတွင် တည်တံ့နေသော တောင်ထွတ်များပေါ်တွင် နေထိုင်ကြ၏။

ထိုတောင်ထွတ်က ရှေးဟောင်းနဂါး မျိုးနွယ်စုမှ နယ်မြေနတ်ဘုရားကိုယ်တိုင် ဖန်တီးထားသောအရာ ဖြစ်၍ သာမန်လူများ တောင်ထွတ်ပေါ်တွင် ပေါ်လာရန် မဖြစ်နိုင်ပေ။

"ကောင်လေး မင်းနဲ့ငါက မှော်နဂါးနန်းတော်မှာ ဆုံတွေ့ဖူးတယ်လေ.. ဒီလောက်အထိ မြန်မြန် ငါ့ကို မမှတ်မိတော့ဘူးလား"

လေထုထဲကနေ အပြာရောင်ဓားအလင်းတန်း တစ်ခုသည် ဆင်းသက်လာခဲ့၏။

အဆုံးသတ်တွင် ထိုအပြာရောင် ဓားအလင်းတန်းသည် ကျန်းချန်၏ ရှေ့တွင် ခန့်ညားသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"မှော်နဂါးနန်းတော်က အကြီးအကဲပါလား"

သူ၏ ရှေ့တွင်ရှိနေသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကိုမြင်လျှင် ကျန်းချန်၏ မျက်ဝန်းထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဤလူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် မှော်နဂါးနန်းတော်တွင် သူနှင့် တွေ့ဆုံခဲ့သော နက်ပြာရောင် ဝတ်စုံဝတ် အကြီးအကဲ ဖြစ်သည်မှာ သေချာ၏။

ထို့အပြင် ထိုလူလတ်ပိုင်းအရွယ် ကျင့်ကြံသူထံမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် မကြာသေးမီက ယွီချီကြွယ်ကို သတ်ဖြတ်ခဲ့သော ဓားအရှိန်အဝါနှင့် အလွန်တရာ ဆင်တူသည်ကို ခပ်ရေးရေး ခံစားမိခဲ့သည်။

ထို့ကြောင့် သူ့ကို အနက်ရောင်ဆံချည်မျှင် ပေးအပ်ခဲ့သော အကြီးအကဲသည် သူ၏ရှေ့တွင်ရှိသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသာ ဖြစ်မည်မှာ ထင်ရှားနေ၏။

"ကျန်းချန် ငါက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ တတိယမြောက် အကြီးအကဲချုပ် လုံကျန့်ရှင်းပဲ.. ငါဒီနေ့ ကောင်းကင်နဂါးမြို့တော်ကို လာခဲ့တာက မင်းကို ကိစ္စတချို့ အသိပေးချင်လို့ပဲ"

ထိုစကားကို ပြောပြီးနောက်တွင် လုံကျန့်ရှင်းက သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ဆန်းကြယ်သော ကျောက်စိမ်းတံဆိပ်ပြား တစ်ခုသည် ကျန်းချန်၏ ရှေ့တွင် တိုက်ရိုက်ပေါ်လာခဲ့သည်။

ထိုကျောက်စိမ်းပြားသည် လက်တစ်ဝါးစာ အရွယ်အစားခန့် ရှိပြီး ကျောက်စိမ်းပြားပေါ်တွင် နဂါးပုံကို ထွင်းထုထား၏။

ကျောက်စိမ်းတံဆိပ်ပြားက ကြည်လင်နေပြီး မြင့်မြတ်သောအရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။

တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သာမန်တံဆိပ်ပြား မဟုတ်မှန်း ထင်ရှားနေသည်။

ကျန်းချန်က သူ၏ရှေ့တွင်ရှိသော ကျောက်စိမ်း တံဆိပ်ပြားကို ကြည့်ကာ အံ့အားမသင့်ဘဲ မနေနိုင်တော့ပေ။

"အကြီးအကဲ ဒါက.."

"ဒါက မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားပဲ.. ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ အတွက် ဝင်ခွင့်တံဆိပ်ပြားလည်းဖြစ်တယ်.. နှစ်၁၀၀၀မှာ ၁ကြိမ်ဖွင့်တဲ့ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက နောက်ထပ် ၂နှစ်၃နှစ် အတွင်းမှာ ဖွင့်လိမ့်မယ်.. ဒီအမွေအနှစ်နယ်မြေထဲကို ဝင်ဖို့ ကောင်းကင်နဂါးမြို့တော်က ခွဲတမ်း၃နေရာကို ရရှိတယ်.. ငါက ဖိအားတွေအများကြီးကို ခံယူပြီး အဲဒီ ခွဲတမ်းနေရာထဲက ၁နေရာ မင်းကိုပေးလိုက်တာပဲ"

လုံကျန့်ရှင်းက ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်သည်။

လုံကျန့်ရှင်း၏ စကားကိုကြားလျှင် ကျန်းချန်သည်အနည်းငယ် မအံ့သြဘဲ မနေနိုင်တော့ပေ။

"အကြီးအကဲ ဒီရှေးဟောင်းအမွေအနှစ် နယ်မြေက ဘယ်လိုမျိုး နယ်မြေလဲ"

ကျန်းချန်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေနှင့်ပတ်သက်၍ တစ်ခါမှ မကြားဖူးခဲ့ပေ။

သို့သော် ကောင်းကင်နဂါးမြို့တော်ပင် ခွဲတမ်းနေရာ ၃နေရာသာ ရရှိသည်ဟူသော အချက်ကပင် ဤရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေက လုံးဝ ထူးခြားမှန်း မြင်နိုင်နေပြီ ဖြစ်၏။

"ဒီကျောက်စိမ်း တံဆိပ်ပြားထဲမှာ ရှေးဟောင်းနဂါးအမွေအနှစ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ရှိတယ်.. မင်း ကိုယ့်ဘာသာကိုယ်ပဲ လေ့လာလိုက်ပါ"

လုံကျန့်ရှင်းက သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး ကျောက်စိမ်းပြားကို ကျန်းချန်ထံ ပစ်ပေးလိုက်သည်။

သူ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာ ရှိနေခဲ့၏။

"ကျန်းချန်.. ဆရာဖန်းက မင်းအပေါ်မှာ မျှော်လင့်ချက် အရမ်းကြီးမားတယ်.. မင်းသူ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်"

"အကြီးအကဲဖန်းလား.. သူအခု အဆင်ပြေရဲ့လား"

လုံကျန့်ရှင်း၏ စကားထဲမှ ဆရာဖန်းသည် ဖန်းချင်းယွမ်ကို ရည်ညွှန်းမှန်း ကျန်းချန် သိခဲ့သည်။

မြေကမ္ဘာနဂါးမြို့တော်သို့ ဝင်ရောက်ပြီးကတည်းကပင် ကျန်းချန်သည် ဖန်းချင်းယွမ်ကို ထပ်မတွေ့ခဲ့ရပေ။

ယခုမှသာ လုံကျန့်ရှင်း၏ နှုတ်ကနေ ဖန်းချင်းယွမ်၏ သတင်းကို ကြားလိုက်ရခြင်းပင်။

ကျန်းချန်ကို အံ့အားအသင့်စေဆုံး အရာမှာ သူ၏ရှေ့တွင် ရှိနေသော ရှေးဟောင်းနဂါးမျိုးနွယ်စု၏ တတိယမြောက်အကြီးအကဲချုပ် ပင်လျှင် ဖန်းချင်းယွမ်ကို ဆရာဖန်းဟု ခေါ်ဆိုနေခြင်း ဖြစ်၏။

ထိုအချက်ကပင် ဖန်းချင်းယွမ်၏ အဆင့်အတန်းသည် ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် သာမန်မဟုတ်မှန်း ဖော်ပြနေခဲ့သည်။

ဖန်းချင်းယွမ်က သူ့ကို နတ်ဘုရားနယ်မြေသို့ ခေါ်လာခဲ့စဥ်တွင် ရည်ရွယ်ချက်တစ်ခု ရှိမှန်း ကျန်းချန် ရိပ်စားမိခဲ့သည်။

ကျန်းချန်၏ မျက်လုံးများက အနည်းငယ် လင်းလက်သွားခဲ့သည်။

ဖန်းချင်းယွမ်၏ ရည်ရွယ်ချက်သည် မကြာမီ ဖွင့်လှစ်တော့မည့် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေနှင့် ဆက်စပ်မှုများ ရှိနေနိုင်ပါသလော။

"ဆရာဖန်းက ငါတို့ ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး နယ်မြေနတ်ဘုရားအဆင့်အောက်မှာ ပြိုင်ဘက်ကင်းတစ်ယောက်ပဲ.. ရှေးဟောင်းနဂါး မျိုးနွယ်စုမှာ ခေါင်းဆောင် ကုလုံ ပြီးရင် ဆရာဖန်းက ရာထူးအကြီးဆုံးပဲ.. ဟားဟား ငါကတော့ တတိယမြောက် ပုဂ္ဂိုလ်ပေါ့.. လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ကျော်က နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ဖို့အတွက် ဆရာဖန်းက ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲကို ဝင်ရောက်ခဲ့တယ်.. အဆုံးသတ်မှာတော့ အကြီးအကျယ် ဆုံးရှုံးခဲ့ရပြီး သူ့ရဲ့ ကမ္ဘာ့စွမ်းအားပါ ပျက်စီးသွားခဲ့တယ်.. သူ အောက်နယ်မြေမှာ ရှိနေရတဲ့ အကြောင်းအရင်းက သူ့ကို ထိပ်ဆုံးဆီ ပြန်ပို့ပေးနိုင်မဲ့ ပါရမီရှင် တစ်ယောက်ကို ရှာ‌ဖွေဖို့ပဲ"

ဤအခိုက်အတန့်တွင် လုံကျန့်ရှင်းသည် ကျန်းချန်၏ အတွေးကို ရိပ်စားမိခဲ့ပြီး ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်သည်။

ကျန်းချန်က တစ်ခဏမျှ အံ့အားသင့်သွားခဲ့၏။

"ဒါဆို ကျွန်တော်က ဆရာဖန်းကို ထိပ်ဆုံးဆီ ပြန်ရောက်ဖို့ အကူအညီပေးနိုင်မဲ့ လူတစ်ယောက် ဖြစ်နေတာလား"

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ ကံကြမ္မာက ကြိုတင်ခန့်မှန်းလို့မရဘူး.. အဲဒီလူက မင်းဖြစ်နေမယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ"

လုံကျန့်ရှင်းက ခေါင်းခါရမ်းလိုက်ပြီး ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

"ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေမှာ ကမ္ဘာ့စွမ်းအားကို ပြန်လည်ရရှိစေတဲ့ အမွေအနှစ်တွေရှိတယ်.. ဒါကို သာမန်လူတွေ ရယူနိုင်မှာ မဟုတ်ဘူး.. ဒီနှစ်ထောင်ပေါင်း များစွာအတွင်းမှာ ငါတို့ ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အရှင်ကုလုံ ကိုယ်တိုင် ကြိုးစားခဲ့ပေမဲ့ အဆုံးသတ်မှာ အောင်မြင်မှုမရခဲ့ဘူး"

ထိုစကားကိုကြားလျှင် ကျန်းချန်က တအံ့တသြ ပြန်မေးလိုက်သည်။

"ဒီရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေမှာ ကျင့်ကြံခြင်းအဆင့် ကန့်သတ်ချက်တွေ မရှိဘူးလား.. လူတိုင်း ဝင်ရောက်နိုင်တာလား"

လုံကျန့်ရှင်း၏ စကားအရ ဤရှေးဟောင်းနဂါးအမွေအနှစ်နယ်မြေထဲတွင် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်နှင့် နယ်မြေ နတ်ဘုရား အဆင့်ပင် ဝင်ရောက်နိုင်သည်ကို သူ သတိပြုမိခဲ့သည်။

သို့ဖြစ်ရာ သူကဲ့သို့ အလယ်အလတ် ပကတိနတ်ဘုရား တစ်ပါးသည် ထိုအထဲကို ဝင်ရောက်ခဲ့လျှင်ပင် မည်သည့်အရာကို လုပ်ဆောင်နိုင်ပါမည်နည်း။

"မင်း ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေရဲ့ အချက်အလက်တွေကို လေ့လာပြီးတဲ့အခါ ဒီကိစ္စကို နားလည်သွားပါလိမ့်မယ်"

လုံကျန့်ရှင်းက ပြုံး၍ ပြန်ဖြေလိုက်သည်။

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူကာ ပြောလိုက်၏။

"အကြီးအကဲ ကျေးဇူးပြုပြီး ဆရာဖန်းကို ပြောပေးပါ.. ကျန်းချန်က သူ့အတွက် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"

"ဒါနဲ့ ကျန်းချန်.. ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ အတွက် ခွဲတမ်းက ၃နေရာပဲရှိတယ်.. ဒီထဲမှာ မင်းကို ငါက ၁နေရာပေးခဲ့တယ်.. ဒါကြောင့် မာန နဂါးအဆင့် တပည့်၁၀ဦးထဲမှာ ကျန်တဲ့ ၇ယောက်က မင်းကို ပြဿနာရှာမှာ ငါစိုးရိမ်မိတယ်"

လုံကျန့်ရှင်းက သတိပေးလိုက်သည်။

"မင်းအခုလုပ်ရမဲ့ ပထမဆုံးအရာက မဟာနဂါး ကျောက်စိမ်း တံဆိပ်ပြားကို ထိန်းသိမ်းထားဖို့ပဲ.. ဒီတံဆိပ်ပြားရှိမှ မင်းအနေနဲ့ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲကို ချောချောမွေ့မွေ့ ဝင်ရောက်နိုင်လိမ့်မယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်လုံးများက လင်းလက်သွားခဲ့ပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"အကြီးအကဲ စိတ်မပူပါနဲ့.. ကျွန်တော်ကျန်းချန်ရဲ့ ပစ္စည်းကို ဘယ်သူ့ကိုမှ လုယူခွင့်ပေးမှာ မဟုတ်ဘူး"

"ကျန်းချန်.. ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက ဆရာဖန်းအတွက် အရေးပါသလို မင်းအတွက်လည်း အရမ်းအရေးပါတယ်.. မင်းကျင့်ကြံခဲ့တဲ့ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ရဲ့ မပြည့်စုံတဲ့ ဗားရှင်းကို ဆရာဖန်းက ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကနေ ယူလာခဲ့တာပဲ.. မင်းအနေနဲ့‌ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲ ဝင်ရောက်ခဲ့ရင် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ် တစ်ခုလုံးကို အပြည့်အစုံရရှိဖို့ အခွင့်အရေးရလိမ့်မယ်"

"ရော့ ဒါကတော့ ငါနဲ့ ဆရာဖန်းက မင်းအတွက် ပြင်ဆင်ပေးထားတဲ့ နတ်ခရစ္စတယ် ၁သန်းပဲ.. ဒီနတ်ခရစ္စတယ်တွေက မင်းရဲ့အချိန်တွေကို ချွေတာပေးလိမ့်မယ်"

စကားဆုံးသည်နှင့် သောင်ငယ်တစ်ခုကဲ့သို့ စုပုံနေသော နတ်ခရစ္စတယ်များသည် ကျန်းချန်၏ ရှေ့တွင် တိုက်ရိုက် ပေါ်ထွက်လာခဲ့သည်။

ထို့နောက်တွင် လုံကျန့်ရှင်း၏ ပုံရိပ်သည် ဓားအလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လေထုထဲကနေ ပျောက်ကွယ်သွားခဲ့သည်။

"ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲမှာ ကမ္ဘာ့စွမ်းအားကို ပြန်လည်တည်ထောင်နိုင်တဲ့ ရတနာကို ငါရအောင် ရှာရမယ်"

လုံကျန့်ရှင်း ပျောက်ကွယ်သွားသောနေရာကို ငေးကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် ပြင်းထန်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

လုံကျန့်ရှင်းက သူ့ကို ဤတံဆိပ်ပြားအား ထိန်းသိမ်းရန် သတိပေးခဲ့သည်။

ထို့ကြောင့် ဤတံဆိပ်ပြားကို လုယူချင်သူ မည်သူမဆို သူက သနားညှာတာမှု ရှိနေမည် မဟုတ်ပေ။

"အကြီးအကဲလုံနဲ့ အကြီးအကဲဖန်း တို့က ငါ့ကို အတော်လေးဂရုစိုက်တာပဲ.. ငါ့ကို နတ်ခရစ္စတယ် အများအပြား လက်ဆောင်ပေးခဲ့တယ်"

ကျန်းချန်က တောင်ငယ်လေးကဲ့သို့ စုပုံနေသော နတ်ခရစ္စတယ်များကို ကြည့်ရင်း စိတ်နှလုံးထဲတွင် ကူကယ်ရာမဲ့ ဖြစ်နေခဲ့သည်။

သူ့အနေဖြင့် နတ်ခရစ္စတယ်ကို အသုံးပြုပြီး ကျင့်ကြံရခြင်းမှာ နတ်ခရစ္စတယ်ဖြင့် ကျင့်ကြံခြင်းသည် ကုန်ကျစရိတ်ကို များစွာ သက်သာစေသောကြောင့် ဖြစ်သည်။

လုံကျန့်ရှင်းအနေဖြင့် ဤနတ်ခရစ္စတယ် ၁သန်းကို နတ်ဆေးလုံးများဖြင့် အစားထိုးပေးလျှင် ကောင်းမည်ဟု သူတွေးမိခဲ့သည်။

ထိုသို့ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် အလွန်တိုတောင်းသော အချိန်အတွင်း အခြားအဆင့် တစ်ခုသို့ တက်လှမ်းနိုင်လိမ့်မည် ဖြစ်၏။

သို့သော်လည်း ကျန်းချန်က စိတ်နှလုံးထဲတွင် လုံကျန့်ရှင်းနှင့် ဖန်းချင်းယွမ်ကို အလွန်တရာ ကျေးဇူးတင်ခဲ့သည်။

လုံကျန့်ရှင်း၏ ပြောစကားအရ ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေသည် အနည်းဆုံး ၂နှစ်အကြာတွင်ဖွင့်လှစ်မည်ဖြစ်၏။

ဤနတ်ခရစ္စတယ် ၁သန်းဖြင့် ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အနည်းဆုံး နယ်ပယ်အဆင့်ငယ် တစ်ဆင့်သို့ မြှင့်တင်နိုင်လိမ့်မည် မဟုတ်ပါလော။

"ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ အကြောင်းကို လေ့လာပြီးမှပဲ ကျင့်ကြံမှုကို ဆက်လုပ်တော့မယ်"

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး သူ၏လက်ထဲတွင်ရှိသော ကျောက်စိမ်းတံဆိပ်ပြား ထဲမှ အကြောင်းအရာများကို ချက်ချင်းပင် လေ့လာလိုက်တော့သည်။

အခန်း(၁၅၇၆)ပြီး၏။

အခန်း(၁၅၇၇)

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေသည် ရှေးဟောင်းနဂါးမျိုးနွယ်စုကို စတင် တည်ထောင်ကတည်းကပင် ရှိနှင့်ခဲ့သော အမွေအနှစ် နယ်မြေတစ်ခု ဖြစ်သည်။

ထိုအမွေအနှစ်နယ်မြေကြောင့်ပင် ရှေးဟောင်းနဂါး မျိုးနွယ်စုသည် နယ်မြေနတ်ဘုရားအဆင့် အင်အားစု ဖြစ်လာခဲ့၏။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေတွင် အခွင့်အလမ်းများစွာ ရှိပြီး ပြင်ပကမ္ဘာတွင် ရှားပါးသော မှော်ဆေးဝါးများနှင့် မှော်လက်နက်များ သာမက ရှေးခေတ်မှ အင်အားကြီးမားသူများ ထားရစ်ခဲ့သည့် ပြိုင်ဘက်ကင်း အမွေအနှစ် အချို့ပင် ရှိ၏။

ဆိုရလျှင်‌ ရှေးဟောင်းနဂါး မျိုးနွယ်စုသည် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေကို အားကိုး၍ တည်ဆောက်ထားခြင်းဖြစ်သည်။

ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေသည် နှစ်၁၀၀၀တွင် ၁ကြိမ်သာ ဖွင့်လှစ်သော်လည်း ဖွင့်လှစ်သည့် အကြိမ်တိုင်းတွင် ဝင်ခွင့် အခြေအနေများသည် ပြောင်းလဲသွားလေ့ရှိ၏။

ဥပမာအားဖြင့် ပထမနှစ် ၁၀၀၀ကို ပကတိနတ်ဘုရားနယ်ပယ်အဆင့် အတွက် ဖွင့်လှစ်ခဲ့လျှင် ဒုတိယနှစ် ၁၀၀၀ကို ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် အတွက်သာ ဖွင့်လှစ်မည် ဖြစ်သည်။

တတိယနှစ် ၁၀၀၀တွင်မူ နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူများသာ ဝင်ရောက်နိုင်လိမ့်မည် ဖြစ်၏။

ရှင်းလင်းစွာဆိုရလျှင် ကျင့်ကြံခြင်း အဆင့်များကို လိုက်၍ နှစ်၁၀၀၀တွင် ၁ကြိမ် အလှည့်ကျ ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။

ဤနှစ်၁၀၀၀သည် ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူများအတွက် ဖွင့်လှစ်ပေးသောအလှည့် ဖြစ်၏။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်သောအခါတွင် ရှေးဟောင်းနဂါး မျိုးနွယ်စုသည် လူ၁၀ဦးကိုသာ အများဆုံး ပို့ဆောင်နိုင်သည်။

ဝင်ခွင့်၁၀နေရာ အတွက် ရှန်လုံမြို့သည် ၇နေရာကို ရရှိမည်ဖြစ်ကာ ကောင်းကင်နဂါး မြို့တော်ကမူ ၃နေရာသာ ရရှိမည်ဖြစ်သည်။

ထိုနေရာ ၃နေရာကို ကောင်းကင်နဂါး မြို့တော်၏ မာနနဂါးအဆင့် တပည့် ၁၀ဦးထဲမှသာ ရွေးချယ်ပေးလေ့ ရှိသည်။

မာနနဂါးအဆင့် တပည့်၁၀ဦးသည် ဝင်ခွင့်နေရာ ၃နေရာအတွက် အကြိတ်အနယ် ရင်ဆိုင်ကြလေ့ရှိပြီး ပြိုင်ဆိုင်မှုက အလွန်ပင် ပြင်းထန်၏။

"အကယ်၍ နေရာ ၃နေရာကို အဆင့် သတ်မှတ်ချက်အရ ခွဲဝေမယ်ဆိုရင် ငါ့ရဲ့လက်ထဲမှာရှိတဲ့ ဝင်ခွင့်နေရာက လုံကျီအတွက်ပဲ.. ငါ့ဆီကနေ လုံကျီ လုယူဖို့က ဖြစ်နိုင်ခြေ အရမ်းများတယ်"

ကျန်းချန်၏ မျက်လုံးများက အနည်းငယ် လေးနက်သွားခဲ့သည်။

သူနှင့်လုံကျီသည် ရန်ဘက်များ ဖြစ်ရန် ကံကြမ္မာပါလာပုံရ၏။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေနှင့် ပတ်သက်သည့် အချက်အလက်များကို ဖတ်ရှုပြီးနောက်တွင် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်ရန် ပြင်လိုက်သည်။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေတွင် အခွင့်အလမ်းများစွာ ရှိနေသော်လည်း အခက်အခဲများစွာလည်း ရှိ၏။

ထို့အပြင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်သည့်အခါတွင် အခြားသော နယ်မြေများမှ ထိပ်တန်းပါရမီရှင် အချို့လည်း ဝင်ရောက်ကြလေ့ ရှိသည်။

ထိုအချက်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ ဝင်ရောက်သည်နှင့် အခြားသော နယ်မြေများမှ ထိပ်တန်းပါရမီရှင်များနှင့် ယှဥ်ပြိုင်ရမည်ဟု ဆိုလိုနေခြင်းပင် မဟုတ်ပါလော။

အခြားသော နယ်မြေများမှ ပါရမီရှင်များကို ထည့်တွက်ခြင်း မပြုလျှင်ပင် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲသို့ ဝင်ရောက်မည့် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ကျင့်ကြံသူ ၁၀ယောက်သည် သာမန် မဟုတ်ပေ။

ဝင်ခွင့်၁၀ နေရာတွင် ကောင်းကင်နဂါးမြို့တော်သည် ၃နေရာကိုသာ ရရှိထား၏။

ကျန်၇နေရာကို သိမ်းပိုက်ထားသော ရှန်လုံမြို့မှ ကျင့်ကြံသူ၇ဦးသည် မာနနဂါးအဆင့် တပည့် ၃ဦးထက် ပို၍ အစွမ်းထက်မည်မှာ သံသယဝင်စရာ မလိုပေ။

ကျန်းချန်၏ တိုက်ခိုက်ရေး စွမ်းရည်သည် လက်ရှိအချိန်တွင် အားမနည်းသော်လည်း သူ၏ ကျင့်ကြံခြင်း လမ်းစဥ်ကို လျှောက်လှမ်းခဲ့သော အချိန်သည် အလွန်ပင် တိုတောင်းနေခဲ့၏။

နှစ်ထောင်ပေါင်းများစွာ နတ်ဘုရား နယ်မြေတွင် ကျင့်ကြံခဲ့‌သော ပါရမီရှင်များနှင့် နှိုင်းယှဥ်လျှင် ကျန်းချန်သည် သံသယဝင်စရာ မလိုလောက်အောင်ပင် အလွန်တရာ နောက်ကျနေခဲ့သည် မဟုတ်ပါလား။

သူယခု လုပ်‌ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ မဖွင့်လှစ်ခင်အချိန်အတွင်း သူ၏ ကျင့်ကြံမှုကို တတ်နိုင်သမျှ ပိုမိုမြင့်မားသော အဆင့်အထိ မြှင့်တင်ရန် ကြိုးစားခြင်းပင် ဖြစ်သည်။

ထိုအတွေးကို ရရှိလိုက်သည်နှင့် ကျန်းချန်သည် အချိန်ကို ထပ်မဖြုန်းတော့ဘဲ သူ၏ရှေ့ရှိ နတ်ခရစ္စတယ်များကို အရူးအမူး ဆက်လက်စုပ်ယူကာ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

ကျန်းချန်က အရူးအမူး ကျင့်ကြံနေသော အချိန်မှာပင် ကောင်းကင်နဂါး မြို့တော်၏ တတိယမြောက် တောင်ထွတ်တွင် အိမ်တော်ထိန်း ဝတ်ရုံကို ဝတ်ဆင်ထားသော အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးသည် တတိယမြောက်တောင်ထွတ်၏ အလယ်ဗဟိုရှိ တောင်တစ်လုံး၏ အပြင်ဘက်သို့ လျင်မြန်စွာပင် ရောက်ရှိလာခဲ့သည်။

သူက ဤတောင်ထဲသို့ မဝင်ရောက်ရဲပေ။

အကြောင်းအရင်းမှာ တောင်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီခြင်း ဥပဒေသများ ရှိနေသောကြောင့်ပင်။

သူက အဆင့်မြင့် ပကတိနတ်ဘုရား ဖြစ်သည့်တိုင် ထိုတောင်ထဲကို ဝင်ရောက်ရန် မဝံ့ရဲခဲ့ပေ။

သူက ‌တောင်အပြင်ဘက်တွင် ရပ်နေပြီး တလေးတစားဖြင့် ပြောလိုက်သည်။

"သခင်လုံကျီ.. ကျွန်တော်မျိုး သတင်းပို့စရာရှိလို့ပါ"

"ဘာသတင်းလဲ"

တောင်အတွင်းမှ အသံတစ်သံက ပဲ့တင်ထပ်လာခဲ့သည်။

မကြာမီမှာပင် ဖျက်ဆီးခြင်း ဥပဒေသ စွမ်းအားများကို ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နေသည့် အေးစက်စက် လူတစ်ယောက်သည် တောင်ပေါ်ကနေ ဆင်းသက်လာခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက လျင်မြန်စွာပင် တင်ပြလိုက်သည်။

"သခင်ကြီး.. နှစ်၁၀၀၀မှာ ၁ကြိမ်သာ ဖွင့်လှစ်တဲ့ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက ဒီ၁ကြိမ်မှာ စောပြီးဖွင့်လှစ်မယ်လို့ကြားတယ်.. ဒီသတင်းက ကောင်းကင်နဂါး မြို့တော်မှာ အတော်လေး ပျံ့နှံ့နေခဲ့ပြီ"

"ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက စောပြီးဖွင့်လှစ်မယ်လား"

လုံကျီ၏ မျက်ဝန်းများတွင် ချက်ချင်းဆိုသလို ပြင်းထန်သော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ငါမှတ်မိသလောက်ဆိုရင် ဒီတစ်ကြိမ်က ပကတိနတ်ဘုရားတွေအတွက် အလှည့်မဟုတ်လား"

"ဟုတ်ပါတယ်.. အကြီးအကဲချုပ် လုံကျန့်ရှင်းက ကောင်းကင်နဂါး မြို့တော်ကို ရောက်လာပြီး ဝင်ခွင့်နေရာအတွက် အတည်ပြုပြီးပြီလို့ ကြားတယ်"

အနက်ရောင်ဝတ်စုံဝတ် အိမ်တော်ထိန်းက ခေါင်းကို ငုံ့လိုက်ပြီး သူကြားသိခဲ့သော သတင်းများကို တင်ပြလိုက်သည်။

လုံကျီက အံ့အားသင့်သွားပြီး ချက်ချင်းဆိုသလိုပင် အနက်ရောင်ဝတ်စုံဝတ် အိမ်တော်ထိန်းကို စောင့်ကြည့်လိုက်၏။

သူ၏ မျက်ဝန်းများတွင် ဖျက်ဆီးခြင်း အလင်းတန်းများ ခပ်ရေးရေး လင်းလက်နေခဲ့၏။

"မင်းရထားတဲ့သတင်းက မမှားဘူးဆိုတာ သေချာရဲ့လား"

သူသိထားသလောက် ရှေးဟောင်းနဂါး မျိုးနွယ်စုသည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်သောအခါတွင် ဝင်ခွင့်နေရာ ၁၀နေရာကို ပိုင်ဆိုင်ထား၏။

ထို၁၀နေရာတွင် ရှန်လုံမြို့သည် ၇နေရာကို ရရှိပြီး သူတို့ကောင်းကင်နဂါး မြို့တော်သည် ၃နေရာသာ ရရှိသည်။

ထို့ကြောင့် ကောင်းကင်နဂါးမြို့တော်၏ မာနနဂါးအဆင့်တပည့်များ ထဲတွင် တတိယအဆင့် ရှိသည့် သူသည် ဝင်ခွင့်နေရာ တစ်နေရာကို ရထိုက်သည် မဟုတ်ပါလော။

"အကြီးအကဲ လုံကျန့်ရှင်းက ဘာလို့ ငါ့ရဲ့ တောင်ထွတ်ကို မလာသေးတာလဲ"

လုံကျီ၏ ပြင်းထန်သော စိတ်ခံစားမှု အပြောင်းအလဲများကို ခံစားမိလျှင် အနက်ရောင်ဝတ်စုံဝတ် အိမ်တော်ထိန်းသည် ထိတ်လန့်နေသော်လည်း သတ္တိမွေးကာ ပြောလိုက်သည်။

"အကြီးအကဲချုပ် လုံကျန့်ရှင်းက ကောင်းကင်နဂါးမြို့တော်ကို ‌ရောက်လာပြီးတဲ့နောက်မှာ ပထမ၊ ဒုတိယနဲ့ ဒသမမြောက် တောင်ထွတ်တွေကို သွားခဲ့တယ်လို့ သိရတယ်"

"ဒသမမြောက် တောင်ထွတ်က ကျန်းချန်လား.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လုံကျီက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ကနေ ဖျက်ဆီးခြင်း ဥပဒေသစွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင် လေထုကိုပင် ပေါက်ကွဲသွားစေခဲ့သည်။

"သခင်ကြီးလုံကျီ.. စိတ်ကိုထိန်းပါ"

အနက်ရောင်ဝတ်စုံဝတ် အိမ်တော်ထိန်းက မျက်နှာဖြူဖျော့သွားသော်လည်း လုံကျီကို ဖျောင်းဖျလိုက်သည်။

"ကျန်းချန်"

လုံကျီက သွားများကို အံကြိတ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကနေ အမျက်ဒေါသများ ပေါက်ကွဲထွက်လာခဲ့၏။

သူက ကောင်းကင်နဂါး မြို့တော်၏ မာနနဂါးအဆင့် တပည့်များ ထဲတွင် တတိယနေရာတွင် ရှိပြီး ကျန်းချန်ကမူ ဒသမမြောက်နေရာတွင်သာ ရှိသည်။

ဤမလောက်လေး မလောက်စားကောင်သည် သူ၏ နေရာကို အဘယ်ကြောင့် ခိုးယူခဲ့ပါသနည်း။

လုံကျီ၏ မျက်ဝန်းများက ဓားတစ်လက်ကဲ့သို့ အေးစက်နေခဲ့၏။

လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ကျော်က လုံကျီသည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်သည်ကို မြင်ခဲ့ရသည်။

သို့သော် ထိုအချိန်က လုံကျီသည် ကောင်းကင်နဂါး မြို့တော်သို့ ဝင်ရောက်သည်မှာ မကြာသေးသောကြောင့် ကောင်းကင်နဂါး မြို့တော်၏ ထိပ်တန်း ပါရမီရှင်များနှင့် ဝင်ခွင့်နေရာအတွက် ယှဥ်ပြိုင်ရန် မဖြစ်နိုင်ခဲ့ပေ။

ယခု နှစ်ပေါင်း ၃၀၀၀ကြာပြီးနောက်တွင်မူ သူသည် ကောင်းကင်နဂါးမြို့တော်၏ တတိယမြောက် မာနနဂါးအဆင့်တပည့် ဖြစ်လာခဲ့သည်။

သို့တိုင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ၏ ခွဲတမ်း ၃နေရာတွင် သူ မပါဝင်သေးပေ။

ဤတစ်ကြိမ် ဖွင့်လှစ်မည့် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေသည် သူ့အတွက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်မည့် အခွင့်အရေးပင် ဖြစ်လာနိုင်၏။

သို့ဖြစ်ရာ လုံကျီက အဘယ်ကဲ့သို့ အလွယ်တကူ လက်လွှတ်ခံနိုင်ပါမည်နည်း။

သူက သူ၏ ဝင်ခွင့်နေရာအတွက် ကျန်းချန်ထံမှ ရယူရန် ကြိုးစားရပေလိမ့်မည် မဟုတ်ပါလော။

လုံကျီက တတိယမြောက် တောင်ထွတ်ကနေ ထွက်လာခဲ့ပြီး ဖျက်ဆီးခြင်း ဥပဒေသ၏ လွှမ်းမိုးနိုင်သော အရှိန်အဝါနှင့်အတူ ကျန်းချန်၏ ဒသမမြောက်တောင်ထွတ် ဆီသို့ ပျံသန်းလာခဲ့သည်။

"ဒါက တတိယမြောက် မာနနဂါးအဆင့် လုံကျီရဲ့ အရှိန်အဝါပဲ.. ဒီနတ်ဆိုးကို ဘယ်သူက စိတ်ဆိုးအောင်လုပ်ခဲ့တာလဲ"

"လုံကျီ ဦးတည်နေတာက ဒသမမြောက် တောင်ထွတ်ပဲ ဖြစ်ရမယ်.. ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက ဒီတစ်ကြိမ် ခပ်စောစော ဖွင့်လှစ်မယ်လို့ သိရတယ်.. ကောင်းကင်နဂါးမြို့တော်က ခွဲတမ်း၃နေရာကို ရရှိတယ်.. အဲဒီထဲက ၁နေရာကို ဒသမမြောက် မာနနဂါးအဆင့် တပည့် ကျန်းချန်က ရရှိသွားမှတော့ ဒီနတ်ဆိုးက ဘယ်လိုလုပ်ပြီး အလျှော့ပေးနိုင်မှာလဲ.. ကြည့်ရတာ ကောင်းကင်နဂါးမြို့တော်မှာ မတွေ့ရတာ အတော်ကြာပြီဖြစ်တဲ့ မာနနဂါးအဆင့် တပည့်တွေရဲ့ တိုက်ပွဲက ထပ်မံပေါ်ပေါက်လာတော့မယ် ထင်တယ်"

"............."

ကောင်းကင်နဂါးမြို့‌တော်မှ တပည့်များစွာသည် လုံကျီ၏ အရှိန်အဝါကို ခံစားမိလျှင် ထိုအကြောင်းကိုသာ ဆွေးနွေးပြောဆိုနေခဲ့ကြသည်။

အခန်း(၁၅၇၇)ပြီး၏။

အခန်း(၁၅၇၈)

ဒသမမြောက်တောင်ထွတ်တွင် ကျန်းချန်သည် နတ်ခရစ္စတယ်များ တောင်ပုံရာပုံ စုပုံထားသော အရှေ့တွင် ထိုင်၍ နတ်ခရစ္စတယ်၏ စွမ်းအင်ကို စနစ်တကျ စုပ်ယူနေခဲ့သည်။

နတ်ခရစ္စတယ်များသည် ကျန်းချန်၏ လက်ဖဝါးထဲတွင် လျင်မြန်စွာ လျော့နည်းလာခဲ့ပြီး လုံးဝ ပျောက်ကွယ်သွားခဲ့၏။

ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည်လည်း ဆက်လက် တိုးတက်လာခဲ့သည်။

"ဝုန်း.."

ကျန်းချန်က အပတ်တကုတ် ကျင့်ကြံနေစဥ်မှာပင် ဒသမမြောက် တောင်ထွတ်တစ်ခုလုံးသည် ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့သည်။

ချက်ချင်းဆိုသလို ဒေါသတကြီး ကြုံးဝါးသံသည် ဒသမတောင်ထွတ်၏ အပြင်ဘက်ကနေ ဝင်ရောက်လာခဲ့၏။

"ကျန်းချန် ထွက်လာခဲ့စမ်း"

"ကျန်းချန် ထွက်လာခဲ့စမ်း"

ဒေါသတကြီး ကြုံးဝါးသံသည် ဒသမတောင်ထွတ်တွင် ပဲ့တင်ထပ်သွားခဲ့၏။

"တတိယမြောက် မာနနဂါးအဆင့် တပည့် လုံကျီပါလား.. ဒီလူက အရမ်းကို မြန်မြန်ဆန်ဆန် ရောက်လာတာပဲ"

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

လုံကျန့်ရှင်းက သူ့ကို ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေ၏ ဝင်ခွင့် တစ်နေရာအား ပေးအပ်လိုက်ကတည်းက စပြီး လုံကျီက အလျော့ပေးမည် မဟုတ်ကြောင်း ကျန်းချန် သိခဲ့သည်။

သို့ရာတွင် လုံကျီက ဤမျှအထိ လျင်မြန်စွာ ရောက်ရှိလာမည်ဟု ကျန်းချန် မမျှော်လင့်ထားခဲ့ပေ။

မာနနဂါးအဆင့် တပည့်များ နေထိုင်သည့် တောင်ထွတ်သည် နယ်မြေနတ်ဘုရား ကိုယ်တိုင် ဖန်တီးထားသော တောင်ထွတ် ဖြစ်သောကြောင့် လုံကျီ အနေဖြင့် အထဲသို့ လုံးဝ ဖောက်ထွင်းဝင်ရောက်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း လုံကျီကို အပြင်ဘက်တွင် စိတ်လွတ်ကိုယ်လွတ် သောင်းကျန်းခွင့် ပြုထားပါက သူ့အနေဖြင့် စိတ်ချမ်းမြေ့စွာ ကျင့်ကြံနိုင်မည် မဟုတ်ချေ။

တကယ်တမ်းတွင် ကျန်းချန်သည် သူ၏ လက်ရည်ကို စမ်းသပ်ရန် တစ်စုံတစ်ယောက်အား ရှာဖွေချင်ခဲ့သည်။

ယခု လုံကျီက သူ၏ တံခါးဝသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာပြီ ဖြစ်ရာ သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်က မည်မျှအထိ ရှိသည်ကို စမ်းသပ်နိုင်တော့မည် မဟုတ်ပါလား။

ကျန်းချန်၏ ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီး ဒသမတောင်ထွတ်၏ အပြင်ဘက်ရှိ လေထုထဲတွင် ပေါ်ထွက်လာခဲ့သည်။

သူက ပေ၁၀၀၀ကျော် အကွာအဝေးမှ လုံကျီကို စူးစိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်၏။

"လုံကျီ မင်းဒါဘာလုပ်တာလဲ"

"ကျန်းချန် မင်းက သတ္တိတော့ရှိသားပဲ"

လုံကျီက လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။

"မင်းက လိပ်လို ခေါင်းဝှက်နေမယ်လို့ ငါထင်ခဲ့တာ.. ငါ့ကိုထွက်တွေ့ရဲလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"

"လုံကျီ.. ငါ့ရဲ့ ဒသမတောင်ထွတ်က မင်းသောင်းကျန်းချင်တိုင်း သောင်းကျန်းလို့ရတဲ့ နေရာမဟုတ်ဘူး"

ကျန်းချန်က အရေးမစိုက်သော အမူအရာဖြင့် ပြောလိုက်သည်။

"မင်းက အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်.. အဲဒီအချိန်အတွင်း ငါ့ရှေ့ကနေ ချက်ချင်း ပျောက်ကွယ်သွားလိုက်.. မဟုတ်ရင်တော့ ငါ့ကို ယဥ်ကျေးမှုမရှိဘူး ဆိုပြီး မင်းအပြစ်မတင်နဲ့"

"ဟားဟား မင်းက ငါနဲ့ တိုက်ခိုက်ချင်တာလား.. ကျန်းချန် အပိုတွေ ပြောမနေတော့ဘူး ဒီနေ့ ငါဒီကို လာခဲ့တာ ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေရဲ့ ဝင်ခွင့်နေရာ အတွက်ပဲ.. မင်းအနေနဲ့ အခြေအနေကို နားလည်သဘောပေါက်တယ် ဆိုရင် မင်း ရရှိထားတဲ့ မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားကို ငါ့ဆီလိမ်လိမ်မာမာ လွှဲပေးလိုက်"

လုံကျီက မထီမဲ့မြင် အမူအရာဖြင့် ရေရွတ်လိုက်သည်။

သူ၏ခန္ဓာကိုယ်မှ ဖျက်ဆီးခြင်း အရှိန်အဝါသည် လေထုထဲတွင် ပျံ့နှံ့နေခဲ့၏။

ကျန်းချန်က တည်ငြိမ်စွာပင် တုံ့ပြန် ပြောဆိုလိုက်သည်။

"မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားက အကြီးအကဲချုပ် လုံကျန့်ရှင်း ကိုယ်တိုင် ငါ့ကို ပေးထားခဲ့တာပဲ.. ငါက ဘာလို့ မင်းကို လွှဲပေးရမှာလဲ"

"ဘာလို့လဲဆိုတော့ ငါက ကောင်းကင်နဂါး မြို့တော်ရဲ့ မာနနဂါးအဆင့် တပည့်တွေထဲမှာ တတိယအဆင့်မှာ ရှိနေလို့ပဲ"

လုံကျီက ဝင့်ကြွား‌သော အမူအရာဖြင့် ပြောလိုက်သည်။

"ဒီမဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားက အစကတည်းက ငါ ပိုင်ဆိုင်ရမဲ့ အရာပဲ.. ငါ့လို အနှိုင်းမဲ့ပါရမီရှင်ကပဲ ဒီတံဆိပ်ပြားကို ပိုင်ဆိုင်ခွင့် ရှိတယ်"

"လုံကျီ.. ကောင်းကင်နဂါးမြို့တော်မှာ နှစ်၃၀၀၀ကျော် ကျင့်ကြံနေတာတောင် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို မထိုးဖောက်နိုင်သေးတဲ့ မင်းလိုကောင်က အနှိုင်းမဲ့ပါရမီရှင်လို့ ကိုယ့်ကိုယ်ကိုယ် ပြောရဲတာ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ.. ငါကျန်းချန်က ကျင့်ကြံခြင်းလမ်းစဥ်တစ်လျှောက်မှာ ပါရမီရှင် အများအပြားကို နင်းခြေခဲ့တယ်.. ငါ့လို ပါရမီရှင် ရှေ့မှာ မင်းမို့လို့ အနှိုင်းမဲ့ပါရမီရှင်လို့ ကိုယ့်ကိုယ်ကိုယ် ပြောရဲတယ်"

ကျန်းချန်က မဲ့ပြုံးပြုံးကာ လှောင်ပြောင်လိုက်သည်။

"မင်းသေချင်နေပြီလား"

လုံကျီက ဒေါသအိုး ပေါက်ကွဲသွားခဲ့ပြီး ကျယ်လောင်စွာကြုံးဝါးလိုက်သည်။

ထို့နောက် သူက ဖျက်ဆီးခြင်း ဥပဒေသ၏ တတိယအဆင့်စွမ်းအားကို ထုတ်ဖော်လိုက်ရာ ဖျက်ဆီးခြင်း စွမ်းအားများ ပါဝင်နေသော အလင်းတန်းသည် ပေ၁၀၀၀ကျော် နေရာလွတ်ကို တိုက်ရိုက် ထိုးဖောက်ကယ ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။

ကျန်းချန်က သူ၏လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး ဓားဥပဒေသ တတိယအဆင့် စွမ်းအားကို ထုတ်လွှတ်ကာ လုံကျီ၏ ဖျက်ဆီးခြင်းအလင်းတန်းကို ချေဖျက်ပစ်လိုက်၏။

"ဝုန်း.."

မတူညီသော ဥပဒေသ၂မျိုး ထိပ်တိုက် တွေ့ဆုံပြီးနောက်တွင် ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ပေါ်လာခဲ့သည်။

ထိုပေါက်ကွဲမှုကို ဗဟိုပြု၍ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း စွမ်းအင်မုန်တိုင်းသည် ပေ၁၀၀ ပတ်ပတ်လည်ရှိ နေရာလွတ်များကိုပင် ပြိုကျသွားစေခဲ့သည်။

ကျန်းချန်က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။

သူ၏ ဆန့်ကျင်ဘက်မှ လုံကျီကမူ ခြေလှမ်း၁လှမ်းမျှသာ ဆုတ်လိုက်ရပြီး ခန္ဓာကိုယ်ဟန်ချက်အား ပြန်လည် ထိန်းချုပ်လိုက်သည်ကို တွေ့လိုက်ရ၏။

ထိုမြင်ကွင်းကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

သူ၏ရှေ့တွင် ရှိနေသော ကောင်းကင်နဂါးမြို့တော်၏ တတိယမြောက် မာနနဂါးအဆင့် တပည့်သည် အမှန်တကယ်ပင် အားကောင်းလှသည် မဟုတ်ပါလော။

"ကျန်းချန်.. ကောင်းကင်နဂါးမြို့‌တော်ကို ရောက်တာ နှစ်အနည်းငယ်ပဲ ရှိသေးတဲ့ မင်းက ငါ့ရဲ့ မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားကို လုယူရဲတယ် ဆိုမှတော့ ဒီနေ့ မင်းနဲ့ ငါ့ရဲ့ ကြားက ကွာဟချက် ဘယ်လောက်တောင် ကြီးမားလဲဆိုတာ မင်းကို ပြသပေးမယ်"

ထို့နောက်တွင် လုံကျီ၏ မျက်ဝန်းကနေ ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်သော စွမ်းအား တစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ထုတ်ဖော်လိုက်ပြီး လုံကျီ၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။

ဤသို့ဖြင့် ကျန်းချန်နှင့် လုံကျီတို့ တစ်ဦးကို တစ်ဦး အကျိတ်အနယ် တိုက်ခိုက်နေသော အချိန်တွင် တပည့်များစွာသည် ဒသမမြောက် တောင်ထွတ်၏ အပြင်ဘက်တွင် ပေါက်ကွဲထွက်နေသည့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်လှိုင်းများကို ကြည့်ကာ အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"တိုက်ပွဲဖြစ်နေပြီဟ.. ဒီနှစ်ယောက်ထဲမှာ ဘယ်သူအနိုင်ရမယ်လို့ မင်းတို့ထင်လဲ"

"ပြောနေစရာ လိုသေးလို့လား.. လုံကျီပဲ အနိုင်ရလိမ့်မယ်.. မာနနဂါးအဆင့် တပည့် ဖြစ်တာ သိပ်မကြာသေးတဲ့ ကျန်းချန်က ဘယ်လိုလုပ်ပြီး မာနနဂါးအဆင့် တပည့်တွေထဲမှာ တတိယနေရာမှာ ရှိတဲ့ လုံကျီကို ယှဥ်နိုင်မှာလဲ"

"ဒါတော့ တပ်အပ်ပြောလို့မရဘူး.. အကြီးအကဲချုပ် လုံကျန့်ရှင်းက ဘယ်လိုလူမျိုးလဲ မင်းတို့လည်း သိတာပဲ.. သူက မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားကို ကျန်းချန်ကို ပေးဖို့ ရွေးချယ်ခဲ့ကတည်းက ကျန်းချန်က သာမန်မဟုတ်ဘူး ဆိုတာ သက်သေပြဖို့ လုံလောက်နေပြီ.. ငါ့အထင်တော့ ဒီတိုက်ပွဲမှာ ကျန်းချန်က မနိုင်ရင်တောင် မရှုံးနိမ့်လောက်ဘူး"

"............."

လူတိုင်းက ကျန်းချန်တို့နှစ်ဦး၏ အကြောင်းကို ပြောဆိုဆွေးနွေးနေခဲ့ကြသည်။

ထို့နောက်တွင် သူတို့အားလုံးသည် ဒသမမြောက် တောင်ထွတ်ဆီသို့ အပြေးအလွှားပင် သွားရောက်ခဲ့ကြ၏။

သူတို့က ကောင်းကင်နဂါး မြို့တော်တွင် အချိန်အတော်ကြာပေါ်ပေါက်မလာခဲ့သည့် မာနနဂါးအဆင့် တပည့်များ၏တိုက်ပွဲကို ကြည့်ချင်ခဲ့ကြသည်။

-------------------

ရှန်လုံမြို့တော်။

လုံကျန့်ရှင်းသည် ဖန်းချင်းယွမ်၏ ခြံဝန်းသို့ ပြန်လည် ရောက်ရှိသည်နှင့် ကောင်းကင်နဂါးမြို့တော်မှ အခြေအနေကို ခံစားမိပြီး ခေါင်းမကိုက်ဘဲ မနေနိုင်တော့ပေ။

"အဘိုးကြီးဖန်း.. မင်းရဲ့ကောင်လေးက လူတွေကို စိတ်ပူအောင် မလုပ်ဘဲ မနေနိုင်ဘူးလား"

ထိုစကားကိုကြားလျှင် ဖန်းချင်းယွမ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ကျန့်ရှင်း သူက မင်းစိတ်ပူအောင် ဘာတွေများ လုပ်ခဲ့လို့လဲ"

"သူက လုံကျီရဲ့ စိန်ခေါ်မှုကို သည်းမခံနိုင်ဘဲ ဒသမမြောက်တောင်ထွတ်ကနေ ထွက်လာပြီး လုံကျီနဲ့ တိုက်ခိုက်နေတယ်လေ"

လုံကျန့်ရှင်းက မျက်မှောင်ကြုတ်ကာ ဖန်းချင်းယွမ်ကို ရှင်းပြလိုက်သည်။

"အဘိုးကြီးဖန်း.. ငါ ရွှေလင်းလုံကို ရပ်ခိုင်းလိုက်ရမလား"

ယခုအခါတွင် ကျန်းချန်က အလယ်အလတ် ပကတိနတ်ဘုရား အဆင့်ကို ရောက်ရှိနေပြီး ကိုယ်ခံပညာ ဥပဒေသများအပေါ် နားလည်မှုအပြင် နတ်ခန္ဓာပုံရိပ်သည်လည်း ထူးခြား၍ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

သို့သော်လည်း လုံကျီက သာမန် ကျင့်ကြံသူမဟုတ်ဘဲ ကောင်းကင်နဂါးမြို့တော်၏ တတိယမြောက် မာနနဂါးအဆင့်တပည့် ဖြစ်နေခဲ့၏။

ကျန်းချန်သည် အမှန်တကယ်ပင် လုံကျီ၏ ပြိုင်ဘက် ဖြစ်နိုင်ပါသလော။

"ဒီလောက်အထိ မလိုသေးဘူး.. ကျန်းချန်ကို မဟာနဂါးကျောက်စိမ်းတံဆိပ်ပြား ပေးအပ်လိုက်ကတည်းက ဒီလိုကိစ္စမျိုး ဖြစ်လာမယ်ဆိုတာ ငါခန့်မှန်းပြီးသားပဲ.. ဒီတစ်ကြိမ် ဖွင့်လှစ်တဲ့ ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေက ပကတိနတ်ဘုရားတွေ အတွက်ပဲ.. မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြား အတွက် တိုက်ပွဲကို ပကတိနတ်ဘုရားတွေ မဟုတ်ရင် ဝင်ရောက် စွက်ဖက်ခွင့်မရှိဘူး.. ငါတို့တွေ စည်းမျဥ်းအတိုင်းပဲ လိုက်နာကြစို့.. ငါမင်းကို ပြောခဲ့တာ မေ့နေပြီလား ကျန့်ရှင်း.. အရာအားလုံးက ဘုရားသခင်ရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်ပါတယ်"

ဖန်းချင်းယွမ်က ခေါင်းခါရမ်းလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ဒါ့အပြင် ဒီကောင်လေးရဲ့ အကြောင်းကို ငါသိသလောက်တော့ သူက လုံကျီကို တိုက်ခိုက်ရဲတယ် ဆိုရင် သူ့မှာသေချာပေါက် အနိုင်ရနိုင်တဲ့ အခွင့်အလမ်း ရှိလို့ပဲ"

"ဒါဆို သူ လုံကျီနဲ့ ဘယ်လိုရင်ဆိုင်မလဲ ဆိုတာ ငါအကဲခတ်ကြည့်လိုက်ဦးမယ်"

လုံကျန့်ရှင်းက သူ၏မျက်ခုံးများကို ပင့်ကာ ပြောလိုက်သည်။

ထို့နောက်တွင် သူ၏အကြည့်သည် အဆုံးမဲ့ နေရာလွတ်ကို ထိုးဖောက်ကာ ကောင်းကင်နဂါးမြို့တော်ရှိ တိုက်ပွဲဆီသို့ ရောက်ရှိသွားခဲ့သည်။

ကောင်းကင်နဂါးမြို့တော်၏ မာနနဂါးအဆင့်တပည့်များသည် ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည်များ ရှိကြသည်။

မာနနဂါးအဆင့် ပါရမီရှင်အချင်းချင်း တိုက်ခိုက်ကြလျှင် နယ်ပယ်အဆင့်ကို ဖြတ်ကျော်ပြီး အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်ပင်။

တတိယမြောက် မာနနဂါးအဆင့် တပည့်ဖြစ်သည့် လုံကျီသည် အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေပြီး ကျန်းချန်ကမူ အလယ်အလတ် ပကတိနတ်ဘုရား အဆင့်ကို ယခုမှသာ ထိုးဖောက်ခဲ့ခြင်း ဖြစ်သည်။

ကျန်းချန်က ဤမျှအထိ ကြီးမားသော နယ်ပယ်အဆင့်ကွာဟချက်ကို ဖြတ်ကျော်ကာ လုံကျီကိုသာ အနိုင်ယူနိုင်ခဲ့လျှင် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ပါရမီရှင်ဟု ညွှန်းဆိုရတော့မည် မဟုတ်ပါလား။

အခန်း(၁၅၇၈)ပြီး၏။

All Chapters