အခန်း (၁၅၇၉-၁၅၈၁)
Vol. 106 Ch. 1579-1581
အခန်း(၁၅၇၉)
ကောင်းကင်နဂါးမြို့တော်၏ ဒသမမြောက် တောင်ထွတ်အပြင်ဘက်တွင် ဧရာမ အနက်ရောင်လက်ဖဝါးနှင့် လူသားဧကရာဇ် စည်းတံဆိပ်၏ တတိယမြောက် စည်းတံဆိပ် ဖြစ်သော ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်တို့သည် လေထဲတွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့ကြသည်။
"ဝုန်း.."
ထိုပေါက်ကွဲမှုကို ဗဟိုပြု၍ ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအင် မုန်တိုင်းသည် အရပ် လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့သည်။
"ဒီကောင်က ဒီလောက်ထိတောင် အားကောင်းတယ်လား"
လုံကျီက သူ၏ ဟန်ချက်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် အံ့အားသင့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အလယ်အလတ် ပကတိနတ်ဘုရား အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း ခန္ဓာကိုယ်ထဲရှိ နတ်စွမ်းအားကမူ အလွန်တရာပင် အားကောင်းသောကြောင့် အချို့သော အဆင့်မြင့် ပကတိ နတ်ဘုရားများထက် မနိမ့်ကျပေ။
အလယ်အလတ် ပကတိနတ်ဘုရား အစောပိုင်းအဆင့် ကျင့်ကြံမှုဖြင့် ဤမျှအားကောင်းသော နတ်စွမ်းအားကို မည်ကဲ့သို့ စုစည်းနိုင်ခဲ့မှန်း လုံကျီ အမှန်တကယ် နားမလည်နိုင်တော့ချေ။
သိထားရမည့်အချက်မှာ သူကျင့်ကြံထားသော နည်းစနစ်သည် ရှေးဟောင်းနဂါးမျိုးနွယ်စုတွင် အားအကောင်းဆုံးနည်းစနစ် ၃ခုအနက်မှ ၁ခုဖြစ်သော ကောင်းကင်နတ်ဘုရားအဆင့် နည်းစနစ်ဖြစ်သည်။
သို့သော်လည်း ထိုနည်းစနစ်ဖြင့်ပင် အလယ်အလတ် ပကတိနတ်ဘုရားအဆင့်ဖြင့် ဤမျှအားကောင်းသော နတ်စွမ်းအားကို စုစည်းရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ထို့အပြင် ကျန်းချန်သည် အလွန်တရာ အားကောင်းသော ကိုယ်ခံပညာ ဥပဒေသများကိုလည်း နားလည်ထားခဲ့၏။
ယခုလေးတင် သူနှင့်ကျန်းချန်တို့သည် တိုက်ကွက်သုံးကွက် ဆက်တိုက်ဆိုသလို တိုက်ခိုက်ခဲ့ကြသည်။
ကျန်းချန် ထုတ်ဖော်ခဲ့သော တိုက်ကွက်များသည် တစ်ကွက်ထက် တစ်ကွက် ပို၍ အားကောင်းလာခဲ့၏။
တိုက်ကွက်သုံးကွက် ရင်ဆိုင်ပြီးသည့်တိုင် သူ့အနေဖြင့် ကျန်းချန်ကို အသာစီး မရရှိသေးပေ။
"ကျန်းချန်.. မင်းရဲ့စွမ်းအားက ငါထင်ထားတာထက် အနည်းငယ် သာလွန်နေတာပဲ.. ဒါပေမဲ့ မင်းဘယ်လိုပဲ ရုန်းကန်နေပါစေ.. ဒီနေ့ မင်းငါ့ကို အရှုံးပေးရလိမ့်မယ်.. နဂါးနက်ပုံရိပ် ထွက်လာခဲ့စမ်း"
လုံကျီ၏ မျက်ဝန်းတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် အနက်ရောင် နတ်ဆိုးစွမ်းအင်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကနေ ပေါက်ကွဲထွက်လာခဲ့၏။
အဆုံးသတ်တွင် အနက်ရောင် စွမ်းအင်သည် သူ၏ ကျောဘက်၌ ဧရာမ နဂါးနက် ပုံရိပ်တစ်ခု အဖြစ်သို့ စုစည်းသွားခဲ့သည်။
ထိုနဂါးနက်ပုံရိပ် ထံကနေ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်လောက်သည့် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။
ကျန်းချန်ကလည်း ချက်ချင်းဆိုသလိုပင် သူ၏ နတ်ခန္ဓာပုံရိပ်ကို ထုတ်ဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းများ ထွက်ပေါ်လာခဲ့ပြီး သူ၏ ကျောဘက်ရှိ လေထုထဲတွင် ရွှေရောင်ဓားပုံရိပ် တစ်ခု အဖြစ် စုစည်းသွားခဲ့သည်။
"ပိုင်းဖြတ်စမ်း"
ကျန်းချန်က နဂါးနက်ပုံရိပ်ကို စူးစိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ ကြုံးဝါးလိုက်၏။
ဤအချိန်တွင် ရွှေရောင်ဓားပုံရိပ်သည် ကမ္ဘာကိုပင် ပိုင်းဖြတ်နိုင်သော နတ်ဓားတစ်လက်နှင့် ဆင်တူနေခဲ့ပြီး နဂါးနက်ပုံရိပ်ကို ရင်ဆိုင်လိုက်၏။
"ဝုန်း.."
နတ်ခန္ဓာပုံရိပ် နှစ်ခု ထိပ်တိုက် တွေ့ဆုံမှုသည် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့ပြီး ပေါက်ကွဲသံသည် ကောင်းကင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
မျက်စိကျိန်းလောက်သော ရွှေရောင်ဓားပုံရိပ်နှင့် နဂါးနက်ပုံရိပ်သည် ထိပ်တိုက် ရင်ဆိုင်နေခဲ့ကြ၏။
နတ်ခန္ဓာပုံရိပ်နှစ်ခု ထိပ်တိုက် တွေ့ဆုံသော နေရာလွတ်သည်ပင် ဧရာမ အနက်ရောင်နေရာလွတ် အပေါက်ကြီးအဖြစ် ပျက်စီးသွားခဲ့သည်။
ထိုအခြေအနေက ၂မိနစ်ခန့် ကြာမြင့်ပြီးနောက်တွင် ရွှေရောင်ဓားပုံရိပ်၏ ကြောက်မက်ဖွယ် ဓားအလင်းအောက်တွင် လုံကျီ၏ နဂါးနက်ပုံရိပ်သည် တဖြည်းဖြည်း မှိန်ဖျော့လာခဲ့ပြီး အဆုံးသတ်တွင် အနက်ရောင်မြူခိုးတစ်ခု အဖြစ်သို့ ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
နဂါးနက်ပုံရိပ် ပျောက်ကွယ်သွားပြီးနောက်တွင် ရွှေရောင်ဓားပုံရိပ်သည် လေထုကို အတားအဆီးမရှိ ထိုးဖောက်သွားခဲ့ပြီး ကြောက်မက်ဖွယ်စွမ်းအားကို သယ်ဆောင်ကာ လုံကျီကို ခုတ်ချလိုက်၏။
သူ့ထံသို့ သက်ရောက်လာသော ရွှေရောင်ဓားပုံရိပ်ကို ကြည့်ရင်း လုံကျီ၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
သူက ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်လိုက်ရာ အနက်ရောင် နတ်စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာခဲ့ပြီး အနက်ရောင် အကာအကွယ် အဖြစ်သို့ ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်သွားခဲ့သည်။
"ဝုန်း.."
ထိုအချိန်မှာပင် ရွှေရောင်ဓားအလင်းသည် အနက်ရောင်အကာအကွယ် ပေါ်သို့ ကျရောက်လာခဲ့၏။
စွမ်းအင်ပေါက်ကွဲမှုများသည် မီးရှုးမီးပန်းများ ကဲ့သို့ လေထဲတွင် ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်တွင် အနက်ရောင် အကာအကွယ်သည် ရွှေရောင်ဓားပုံရိပ်၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံနိုင်ရည်မရှိတော့ဘဲ ကျယ်လောင်သော အသံဖြင့် ပေါက်ကွဲသွားခဲ့သည်။
သူ၏ အကာအကွယ် ပေါက်ကွဲသွားပြီးနောက်တွင် လုံကျီ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြောက်မက်ဖွယ်စွမ်းအား၏ သက်ရောက်မှုကြောင့် တုန်ယင်သွားခဲ့ပြီး ပေရာပေါင်းများစွာ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။
"မဖြစ်နိုင်ဘူး.. ဒီကောင်လေးရဲ့ နတ်ခန္ဓာပုံရိပ်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အားကောင်းနေရတာလဲ"
လုံကျီက စိတ်နှလုံးထဲကနေ ကြောက်လန့်သွားခဲ့ပြီး ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် မယုံကြည်နိုင်သောအမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ကျန်းချန်၏ ကျင့်ကြံခြင်း နည်းစနစ်သည် သူ၏ ကောင်းကင်နတ်ဘုရား ကျင့်ကြံခြင်းနည်းစနစ်ကို လုံးဝ အသာရခဲ့ပြီး အလယ်အလတ် ပကတိနတ်ဘုရား အဆင့်ဖြင့်ပင် သူ့ကို ယှဥ်ပြိုင်နိုင်စေခဲ့သည်။
ထို့အပြင် ကျန်းချန်၏ နတ်ခန္ဓာပုံရိပ်က သူ၏ နတ်ခန္ဓာပုံရိပ်ကို ချက်ချင်းဆိုသလို အမှုန့်ဖြစ်အောင် ဖျက်ဆီးနိုင်ခဲ့၍ နတ်ဘုရင်အဆင့်သို့ အနည်းဆုံး ရောက်ရှိနေလောက်ပြီ ဖြစ်၏။
သိထားရမည့်အချက်မှာ သူသည် ကောင်းကင်နဂါးမြို့တော်၏ တတိယမြောက် မာန နဂါးအဆင့် တပည့်ဖြစ်သည်။
သူက ကျင့်ကြံခြင်းအဆင့်မှ လွဲ၍ အခြားသော ကဏ္ဍအားလုံးတွင် ကျန်းချန်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"လခွမ်း.. လုံကျီက ကျန်းချန်ရဲ့ ဖိအားပေးခြင်းကို ခံနေရတယ်ဟ"
"ကျန်းချန်က တကယ့်ကို အနှိုင်းမဲ့ပါရမီရှင်ပဲ.. သူထုတ်ဖော်ထားတဲ့ နတ်ခန္ဓာပုံရိပ်က အနည်းဆုံး နတ်ဘုရင်အဆင့်ကို ရောက်ရှိနေလောက်ပြီ.. အကြီးအကဲချုပ် လုံကျန့်ရှင်းက မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားကို သူ့ဆီ ပေးခဲ့တာ အံ့သြစရာမရှိတော့ဘူး.. ဒီလူက မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားကို ရရှိဖို့ တကယ်ကို အရည်အချင်း ပြည့်မီတယ်"
"............"
ဒသမမြောက် တောင်ထွတ်သို့ အပြေးအလွှား သွားရောက်ကာ တိုက်ပွဲကို ကြည့်ရှုနေကြသော ကောင်းကင်နဂါးမြို့တော်မှ တပည့် များစွာသည် ဤအခိုက်အတန့်တွင် အံ့အားသင့်နေခဲ့ကြသည်။
လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့ကြသည့် အခြားသော မာနနဂါးအဆင့် တပည့်များ၏ မျက်ဝန်းများတွင်လည်း လေးနက်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ကျန်းချန်က မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားအား ရရှိခဲ့သည် ဟူသောသတင်းသည် ကောင်းကင်နဂါးမြို့တော်တွင် ပျံ့နှံ့သွားကတည်းကပင် သူတို့သည် ကျန်းချန်ထံမှ မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားကို ယူဆောင်ရန် အဆင်သင့် ဖြစ်နေခဲ့ကြသည်။
သို့သော် သူတို့က စိတ်ကူးရုံသာ ရှိသေးသော အချိန်မှာပင် လုံကျီက လက်တွေ့ အကောင်အထည်ဖော်ခဲ့သည်။
သူတို့က ကျန်းချန်ထံမှ မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားကို ရယူရန်မှာ လုံကျီအတွက် အလွန်တရာ လွယ်ကူလိမ့်မည်ဟု မူလက ထင်ခဲ့ကြသည်။
သို့သော် အဖြစ်မှန်ကမူ သူတို့ကို လုံးဝ အံ့အားသင့်စေခဲ့၏။
ကျန်းချန်သည် လုံကျီကို အလျင်အမြန် မရှုံးနိမ့်ခဲ့ရုံသာမက ယခုလေးတင် ထိပ်တိုက် ရင်ဆိုင်ခဲ့သည့် နတ်ခန္ဓာပုံရိပ် တိုက်ပွဲတွင်လည်း လုံးဝ အသာစီးရနေခဲ့သည်။
ဤအခိုက်အတန့်တွင် သူတို့သည် ကျန်းချန်က အကြီးအကဲချုပ် လုံကျန့်ရှင်း၏ နှစ်သက်မှုကို အဘယ်ကြောင့် ခံခဲ့ရသလဲဆိုသည်ကို အဆုံးသတ်တွင် နားလည်သွားခဲ့ကြသည်။
ထိုကောင်လေးသည် အမှန်တကယ်ပင် သာမန် မွန်းစတားတစ်ကောင် မဟုတ်ပေ။
---------------
ဖန်းချင်းယွမ်၏ ခြံဝန်းထဲတွင်ရှိနေသော လုံကျန့်ရှင်းသည် ကျန်းချန်နှင့် လုံကျီတို့၏ တိုက်ပွဲကို နေရာလွတ်ကို ထိုးဖောက်ကာ ကြည့်ရှုနေခဲ့သည်။
သူ၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများလည်း ဖြစ်ပေါ်လာခဲ့၏။
"အဘိုးကြီးဖန်း.. ဒီကောင်လေးရဲ့ တိုက်ခိုက်ရေးစွမ်းအားက တကယ်ကို ကြောက်စရာပဲ.. ကျန်းချန်က တကယ်ပဲ လုံကျီကို အနိုင်ယူနိုင်စွမ်း ရှိတယ်ဆိုတာ ငါယုံကြည်သွားခဲ့ပြီ"
ထိုစကားကိုကြားလျှင် ဖန်းချင်းယွမ်က လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး ပြုံးရွှင်ကာ ပြောလိုက်သည်။
"မင်းရဲ့စကားအရဆိုရင် ဒီတိုက်ပွဲမှာ ကျန်းချန်က အသာစီးရနေတဲ့ပုံပဲ"
ဖန်းချင်းယွမ်သည် ယခင်က နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် ကျင့်ကြံသူဖြစ်သော်လည်း ကမ္ဘာ့စွမ်းအား ပျက်စီးသွားပြီးနောက်တွင် သူ၏ စွမ်းအားသည် အကြီးအကျယ် ကျဆင်းသွားခဲ့သည်။
ထို့ကြောင့် ကောင်းကင်နဂါးမြို့တော်မှ တိုက်ပွဲကို ရှန်လုံမြို့ကနေ မြင်နိုင်စွမ်း မရှိတော့ပေ။
သို့ဖြစ်ရာ သူက ကျန်းချန်တို့ တိုက်ပွဲနှင့်ပတ်သက်၍ လုံကျန့်ရှင်းကိုသာ မေးနေခဲ့ရသည်။
"မင်း ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲကနေ ယူလာခဲ့တဲ့ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်က ငါတို့တွေ ထင်ထားတာထက် ပိုပြီးတော့ အဆင့်မြင့်နေတယ်ထင်တယ်.. ကျန်းချန်ရဲ့စွမ်းအား တိုးတက်လာတာနဲ့အတူ ဒီနည်းစနစ်ရဲ့ စွမ်းအားက ပိုပြီးတော့ ကြောက်မက်ဖွယ်ကောင်းလာသလိုပဲ.. အလယ်အလတ် ပကတိနတ်ဘုရား အစောပိုင်းအဆင့် ကျင့်ကြံသူရဲ့ နတ်စွမ်းအားက အဆင့်မြင့်ပကတိနတ်ဘုရား များစွာထက်တောင် ပိုပြီးတော့ အားကောင်းနေခဲ့တယ်.. ဒါ့အပြင် ဒီကောင်လေးရဲ့ နတ်ခန္ဓာပုံရိပ်ကလည်း အရည်အသွေး အရမ်းမြင့်မားတယ်.. လုံကျီရဲ့ နတ်ခန္ဓာပုံရိပ်ကိုတောင် အမှုန့်အဖြစ် ချေမှုန်းလိုက်တယ်"
ထိုစကားကို ပြောနေချိန်တွင် လုံကျန့်ရှင်း၏ မျက်နှာထက်တွင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
ကျန်းချန်၏ အားကောင်းသော နည်းစနစ်များနှင့် နတ်ခန္ဓာပုံရိပ်သည် လုံကျီနှင့် သူနှင့်ကြားမှ ကြီးမားသော ကွာဟချက်ကို ဖြည့်ဆည်းပေးခဲ့သည်။
ယင်းအပြင် ကျန်းချန်သည် ကိုယ်ခံပညာ ဥပဒေသများအပေါ် နားလည်မှုတွင်လည်း တစ်ဖက်ကမ်းခပ်သည်ဟုပင် ဆို၍ ရ၏။
သူ၏အမြင်တွင် ဤတိုက်ပွဲ၌ လုံကျီသည် ကျန်းချန်၏ လက်ထဲတွင် အမှန်တကယ် ကျရှုံးတော့မည် ဖြစ်သည်။
အခန်း(၁၅၇၉)ပြီး၏။
အခန်း(၁၅၈၀)
ရွှေလင်းလုံဦးဆောင်သော ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် အကြီးအကဲ သုံးဦးသည် တိမ်တိုက်များ၏ အထက်ကနေ အောက်ဘက်ရှိ တိုက်ပွဲကို တိတ်တဆိတ် ကြည့်ရှုနေခဲ့ကြသည်။
"အကြီးအကဲ လင်းလုံ.. သူတို့နှစ်ယောက်က အသေအကြေတိုက်ခိုက်နေကြတယ်...အကြီးအကဲ သူတို့ တိုက်ပွဲကို ရပ်တန့်ဖို့ မစဥ်းစားတော့ဘူးလား"
ကျင်းချိုးယန်က အောက်ဘက်ရှိ တိုက်ပွဲကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ကျန်းချန်က သူ၏အားကောင်းသော နတ်ခန္ဓာပုံရိပ်ကို အားကိုး၍ လုံကျီကို ယာယီ အသာစီးရထားသော်လည်း သူတို့နှစ်ဦး၏ ကျင့်ကြံခြင်းအဆင့် ကွာဟချက်သည် အမှန်တကယ်ပင် ကြီးမားသည်။
လုံကျီက အမှန်အကန် တိုက်ခိုက်လာသည်နှင့် ကျန်းချန်သည် လုံကျီကို ယှဥ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။
"ကျင်းချိုးယန် ရှင်က စည်းမျဥ်းစည်းကမ်းတွေကို မေ့နေပြီလား"
ယန်ချန်က မဲ့ပြုံးပြုံးကာ အေးစက်စက် ပြောလိုက်သည်။
"ဒါက မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြား အတွက် တိုက်ပွဲပဲ.. ပကတိနတ်ဘုရား နယ်ပယ်အဆင့် မဟုတ်ရင် ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူး"
"မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြား အတွက် တိုက်ပွဲဖြစ်ရင်တောင် သူတို့ကို ဒီလိုမျိုး တိုက်ခိုက်ခွင့် ဆက်လက် ပေးထားမယ်ဆိုရင် ကောင်းကင်နဂါးမြို့တော်တောင် ပျက်စီးသွားမှာ စိုးရိမ်ရတယ်"
"ကိစ္စမရှိပါဘူး.. သူတို့တွေ လွတ်လွတ်လပ်လပ် တိုက်ခိုက်ပါစေ.. ငါ့အနေနဲ့ အနည်းငယ် အပင်ပန်းခံလိုက်ရုံပါပဲ"
စကားဆုံးသည်နှင့် ရွှေလင်းလုံက အပြာနုရောင် အတားအဆီးတစ်ခုကို ကျန်းချန်တို့ နှစ်ဦးအား ဗဟိုပြု၍ ပေ၁၀၀ ပတ်လည်ရှိ လေထုထဲတွင် ဖန်တီးလိုက်သည်။
ထိုမြင်ကွင်းကို မြင်လျှင် ကျင်းချိုးယန်သည် စိတ်နှလုံးထဲကနေ သက်ပြင်းချလိုက်၏။
မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြား အတွက် တိုက်ပွဲကို ရပ်တန့်ရန် သူ့တွင် အင်အားမရှိကြောင်း ကျင်းချိုးယန် သိခဲ့သည်။
ကျန်းချန်အနေဖြင့် မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားကို ထိန်းသိမ်းကာ ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲကို ဝင်ရောက်ဖို့ အရည်အချင်းရှိမရှိ ဆိုသည်မှာ ကျန်းချန်အပေါ်တွင်သာ မူတည်တော့၏။
သူတို့သုံးဦးသား စကားပြောဆိုနေစဥ်မှာပင် အောက်ဘက်ရှိ လုံကျီသည် ကျန်းချန်ကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။
"ကျန်းချန် မင်းက တကယ်ပဲ ငါ့ကို အံ့အားသင့်စေတယ်"
"ငါက မင်းကို အံ့အားသင့်စေတယ်လား.. ဒါပေမဲ့ ဒီထက်ပိုပြီး မင်းကို အံ့အားသင့်အောင် လုပ်နိုင်ပါသေးတယ်"
ကျန်းချန်က ထီမထင်သော အမူအရာဖြင့် ပြုံးကာ ပြောလိုက်သည်။
"လုံကျီ.. မင်းမှာ ဝှက်ဖဲတွေ ရှိသေးတယ်ဆိုရင် အကုန်သာ ထုတ်သုံးလိုက်ပါ"
"ကောင်းပြီလေ မင်းရဲ့ဆန္ဒ ပြည့်စေရမယ်"
လုံကျီက အေးစက်စက် ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ၏ အရှိန်အဝါသည် အကန့်အသတ်အထိ ပေါက်ကွဲထွက်လာခဲ့သည်။
မကြာခင်မှာပင် ဖျက်ဆီးခြင်း ဥပဒေသ၏ တတိယအဆင့်စွမ်းအား၊ ဓားဥပဒေသ၏ တတိယအဆင့် စွမ်းအားနှင့် မိုးကြိုးဥပဒေသ၏ တတိယအဆင့် စွမ်းအားတို့သည် တစ်ချိန်တည်းမှာပင် ပေါင်းစပ်သွားခဲ့ပြီး မိုးကြိုးဓားအလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထို မိုးကြိုးဓားအလင်းတန်းက ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအားဖြင့် ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။
"ဟားဟား တတိယအဆင့်ကို ရောက်နေတဲ့ ဥပဒေသ၃မျိုးလောက်နဲ့ ငါ့ရဲ့ရှေ့မှာ ဟန်ရေးပြရဲတယ်လား"
ကျန်းချန်က အထင်သေးစွာ ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်ကနေ တတိယအဆင့်ကို ရောက်ရှိနေသည့် ဥပဒေသ ၆မျိုးကို ထုတ်ဖော်လိုက်သည်။
ဥပဒေသ ၆မျိုး၏ တတိယအဆင့်စွမ်းအားသည် ကျန်းချန်၏ ထိန်းချုပ်မှုအောက်တွင် ပေါင်းစပ်သွားခဲ့ပြီး ၆ရောင်ခြယ်မီးတောက် အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားကာ လုံကျီ၏ မိုးကြိုးဓားအလင်းတန်း ပေါ်သို့ ကျရောက်သွားခဲ့သည်။
ဥပဒေသ စွမ်းအားများက လေထဲတွင် ထိပ်တိုက် ဆုံတွေ့ခဲ့သော်လည်း ပေါက်ကွဲသံများ ထွက်ပေါ်မလာခဲ့ပေ။
လုံကျီ၏ တတိယအဆင့်ကို ရောက်နေသည့် ဥပဒေသ၃မျိုးပေါင်းစပ်စွမ်းအားသည် အလွန်တရာ အားကောင်းသော်လည်း ကျန်းချန်၏ တတိယအဆင့်ကို ရောက်ရှိနေသည့် ဥပဒေသ ၆မျိုးပေါင်းစပ်စွမ်းအားနှင့် နှိုင်းယှဥ်လျှင် ကြယ်နှင့်လပမာ ကွာခြားလွန်းနေခဲ့၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် လုံကျီ၏ ဖျက်ဆီးခြင်းဥပဒေသများ ပါဝင်နေသော မိုးကြိုးဓားအလင်းတန်းကို ကျန်းချန်၏ ၆ရောင်ခြယ် မီးတောက်က အမှုန့်အဖြစ်သို့ လောင်ကျွမ်းသွားစေခဲ့သည်။
"ဝုန်း.."
၆ရောင်ခြယ်မီးတောက်က မိုးကြိုးဓားအလင်းတန်းကို ဖျက်ဆီးပြီးနောက်တွင် ကျန်ရှိသော စွမ်းအားသည် ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် လုံကျီဆီသို့ ပျံ့နှံ့လာခဲ့သည်။
လုံကျီက တုံ့ပြန်ရန် လုံးဝ အချိန်မရလိုက်ပေ။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ၆ရောင်ခြယ်မီးတောက်ထဲတွင် နစ်မြုပ်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ၆ရောင်ခြယ် မီးတောက်ထဲမှ တိုးညင်းသော ညည်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် လုံကျီ၏ စုတ်ပြတ်သတ်နေသော ပုံရိပ်သည် ၆ရောင်ခြယ်မီးတောက်ထဲကနေ ပျံသန်းကာ ထွက်လာခဲ့သည်။
ဤအချိန်တွင် လုံကျီ၏ မျက်နှာသည် ဖြူဖျော့နေခဲ့ပြီး သူ၏ သံချပ်ဝတ်စုံသည်လည်း ၆ရောင်ခြယ်မီးတောက်၏ လက်ချက်ဖြင့် လောင်ကျွမ်းနေခဲ့၏။
ထို့အပြင် သူ၏ နှုတ်ခမ်းထောင့်ကလည်း သွေးများသည် အဆက်မပြတ် စီးကျနေခဲ့သည်။
"မဖြစ်နိုင်ဘူး.. ဒါလုံးဝ မဖြစ်နိုင်ဘူး"
ကျန်းချန်ကို ထပ်မံ ရှုံးနိမ့်ခဲ့သောကြောင့် လုံကျီ၏ မျက်လုံးများက မှုန်မှိုင်းသွားခဲ့ပြီး နှုတ်ကနေလည်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
လုံကျီက အမှန်တကယ်ပင် မယုံကြည်နိုင် ဖြစ်နေခဲ့၏။
သူက ဥပဒေသ ၃မျိုး၏ တတိယအဆင့် စွမ်းအားများကို ပေါင်းစည်းကာ တိုက်ခိုက်ခဲ့သော်လည်း ကျန်းချန်၏ ဥပဒေသ ၆မျိုးဖြင့် ပေါင်းစည်းထားသော စွမ်းအားအောက်တွင် ချက်ချင်းဆိုသလို ရှုံးနိမ့်ခဲ့ရသည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သာ ကျန်းချန်ထက် များစွာ မြင့်မားခြင်း မရှိလျှင် ကျန်းချန်၏ တိုက်ခိုက်မှုကြောင့် အသက်ခံရနိုင်ခြေပင် ရှိ၏။
ဤအချိန်တွင် လုံကျီ၏ မျက်နှာသည် သုန်မှုန်နေခဲ့သည်။
သူက ကောင်းကင်နဂါး မြို့တော်၏ တတိယမြောက် မာနနဂါးအဆင့် တပည့် ဖြစ်ပြီး ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်သည်။
ကျန်းချန်ကမူ အလယ်အလတ် ပကတိနတ်ဘုရား အစောပိုင်းတွင်သာရှိသော နို့နံ့ပင်မစင်သေးသည့် ကောင်လေးတစ်ယောက်သာ ဖြစ်၏။
ထိုကဲ့သို့သော ကောင်လေးတွင် သူ့ကို အနိုင်ယူနိုင်မည့်စွမ်းအား မည်ကဲ့သို့ ရှိနိုင်ပါအံ့နည်း။
"လုံကျီက ဒီလိုပဲ ရှုံးနိမ့်သွားပြီလား"
ကောင်းကင်နဂါးမြို့တော်မှ တပည့်များစွာသည် လုံကျီ၏ စုတ်ပြတ်သတ်နေသော ပုံစံကို ကြည့်ကာ အံ့အားသင့်မှုကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ဂုဏ်သိက္ခာကြီးမားသော တတိယမြောက် မာနနဂါးအဆင့်တပည့် လုံကျီသည် အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်တွင် ရှိသော်လည်း အလယ်အလတ် ပကတိနတ်ဘုရား အစောပိုင်းအဆင့်တွင် ရှိသော ဒသမမြောက် မာနနဂါးအဆင့်တပည့် ဖြစ်သည့် ကျန်းချန်၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။
ကောင်းကင်နဂါးမြို့တော်မှ တပည့်များသည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ဂရုတစိုက် ရွေးချယ်ခြင်းကို ခံထားရသော ပါရမီရှင်များ ဖြစ်၍ တစ်ဦးချင်းစီသည် နယ်ပယ်အဆင့်ကို ကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။
သို့သော်လည်း ယင်းမှာ သာမန် ပကတိနတ်ဘုရားများ အတွက်သာ ဖြစ်၏။
ကျန်းချန်ကဲ့သို့ နယ်ပယ် အဆင့်များစွာကို ကျော်ဖြတ်ကာ ပြိုင်ဘက်များကို အနိုင်ယူနိုင်သူမှာ အနည်းငယ်မျှသာ ရှိ၏။
ပြောနေစရာ မလိုလောက်အောင်ပင် လုံကျီသည် သာမန်အဆင့်မြင့် ပကတိနတ်ဘုရားတစ်ပါး မဟုတ်ဘဲ ကောင်းကင်နဂါးမြို့တော်ရှိ မာနနဂါးအဆင့် တပည့်များထဲတွင် တတိယအဆင့်တွင် ရပ်တည်နေသော ကျင့်ကြံသူ ဖြစ်သည်။
ကျန်းချန်သည် နယ်ပယ်အဆင့်ကြီး တစ်ဆင့်လုံးကို ကျော်ဖြတ်ကာ သို့မဟုတ် နယ်ပယ်အဆင့်ငယ် ငါးဆင့်ကို ကျော်ဖြတ်ကာ မာနနဂါးအဆင့် တပည့် ဖြစ်သည့် ပြိုင်ဘက်ကင်းပါရမီရှင်ကိုပင် အနိုင်ယူပြခဲ့သည်။
ဤသည်က အရမ်းကို ထိတ်လန့်စရာကောင်းသော စွမ်းဆောင်ရည်ပင် မဟုတ်ပါလား။
"လုံကျီ ငါ့အတွက်တော့ မင်းရဲ့ စွမ်းရည်က သာမန်ပါပဲ"
ကျန်းချန်က လက်ပိုက်၍ ရပ်နေရင်း လုံကျီကို ကြည့်ကာ ပြောလိုက်သည်။
"ငါ့ရဲ့လက်ထဲက မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားကို မင်းဘယ်လိုမှ ရနိုင်မှာမဟုတ်ဘူး.. အသားမနာချင်ဘူးဆိုရင် ငါနဲ့တတ်နိုင်သလောက် ဝေးဝေးကို ထွက်သွားလိုက်ပါ"
"မဖြစ်နိုင်ဘူး.. ငါက ကောင်းကင်နဂါးမြို့တော်ရဲ့ တတိယမြောက် မာနနဂါးအဆင့် တပည့်ပဲ.. ငါက ဘယ်လိုလုပ်ပြီး မင်းလို ခွေးသားကို ရှုံးနိမ့်ရမှာလဲ"
ကျန်းချန်၏ မထီမဲ့မမြင် လှောင်ပြောင်သံကို ကြားလျှင် လုံကျီက ဒေါသအိုး ပေါက်ကွဲသွားခဲ့ပြီး နှုတ်ကနေလည်း ကျန်းချန်ကို ဆဲဆို ကြိမ်းမောင်းလိုက်သည်။
ထို့နောက်တွင် လုံကျီသည် သူ၏ နတ်စွမ်းအားကို အကန့်အသတ် အထိ မြှင့်တင်လိုက်ပြီး ဥပဒေသ ၃မျိုး၏ စွမ်းအားကို ထုတ်ဖော်ကာ မိုးကြိုးဓားအလင်းများဖြင့် ပြည့်နှက်နေသော အနက်ရောင် ကမ္ဘာငယ်လေး တစ်ခုကို ဖန်တီးလိုက်၏။
ထိုအနက်ရောင် ကမ္ဘာငယ်လေးသည် ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအားဖြင့် ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။
ထိုအနက်ရောင်ကမ္ဘာငယ်လေး ဖြတ်သန်းသွားသော နေရာတိုင်းတွင် အရာအားလုံးသည် ချက်ချင်းဆိုသလို ဘာမှမကျန်ရှိတော့ပေ။
သူ့ကို ထပ်မံ တိုက်ခိုက်လာသော လုံကျီကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများသည် အေးစက်သွားခဲ့သည်။
သူက ခန္ဓာကိုယ်မှ နတ်စွမ်းအားနှင့် ကိုယ်ခံပညာ ဥပဒေသများကို အပြည့်အဝ ထုတ်ဖော်ကာ ရောင်စုံကမ္ဘာငယ်လေး တစ်ခု အဖြစ်သို့ ပြောင်းလဲလိုက်သည်။
ဤသို့ဖြင့် ရောင်စုံကမ္ဘာငယ်လေးနှင့် အနက်ရောင်ကမ္ဘာငယ်လေးသည် လေထဲတွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေသော အသံတစ်သံသည် ကောင်းကင်နဂါးမြို့တော်၏ အထက်တွင် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
ကြောက်မက်ဖွယ် အသံလှိုင်းသည် ထိပ်တိုက် ဆုံတွေ့သော နေရာကို ဗဟိုပြု၍ နေရာအနှံ့သို့ အရူးအမူး ပျံ့နှံ့သွားခဲ့ပြီး ၁၀မိုင် အကွာရှိ နေရာလွတ်ကိုပင် ပျက်ယွင်းစေခဲ့သည်။
အောက်ဘက်ရှိ ကောင်းကင်နဂါးမြို့တော်မှ တပည့်များစွာသည် ထိုအသံလှိုင်း၏ သက်ရောက်မှုအောက်တွင် တုန်လှုပ်သွားခဲ့ပြီး သူတို့၏ မျက်နှာများပင် ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့ကြသည်။
သူတို့က လေထဲတွင် ထိပ်တိုက် ဆုံတွေ့နေသော ပကတိနတ်ဘုရား ကမ္ဘာငယ်နှစ်ခုကို ကြည့်ကာ အလွန်အမင်း တုန်လှုပ်နေခဲ့ကြ၏။
မာနနဂါးအဆင့် တပည့်များသည် ကောင်းကင်နဂါး မြို့တော်၏ ထိပ်တန်းပါရမီရှင် ဖြစ်ထိုက်၏။
အဘယ်ကြောင့်ဆိုသော် မာနနဂါးအဆင့် တပည့်နှစ်ဦး ထုတ်ဖော်လိုက်သော စွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းသောကြောင့်ပင်။
အခန်း(၁၅၈၀)ပြီး၏။
အခန်း(၁၅၈၁)
လူတိုင်းက ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့ကြသည်။
ကောင်းကင်နဂါးမြို့တော် အထက်တွင် ကြည်လင်ပြတ်သားသော အသံတစ်သံသည် ထွက်ပေါ်လာခဲ့သည်။
အားလုံးက လေထဲတွင် ထိပ်တိုက် တွေ့ဆုံနေသော ပကတိနတ်ဘုရား ကမ္ဘာငယ်လေး၂ခုကို ကြည့်ရှုနေခဲ့ကြသည်။
လုံကျီ၏ အနက်ရောင် ကမ္ဘာငယ်လေးသည် မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် အက်ကွဲကြောင်းများ လျင်မြန်စွာ ပျံ့နှံ့လာခဲ့၏။
အက်ကွဲသံများသည် လေထုထဲကနေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
သိပ်မကြာခင်မှာပင် လုံကျီ၏ အနက်ရောင် ကမ္ဘာငယ်လေးတွင် အက်ကွဲကြောင်းများသည် ပင့်ကူမျှင်ကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
ထိုအချိန်တွင် မိုးကြိုးဓားအလင်းများသည် အနက်ရောင် ကမ္ဘာငယ်လေး၏ အက်ကွဲကြောင်းကနေ အဆက်မပြတ် စိမ့်ထွက်လာခဲ့၏။
ထို့နောက်တွင်မူ လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး အနက်ရောင် ကမ္ဘာငယ်လေးသည် လုံးဝ ပျက်စီးသွားခဲ့သည်။
နောက်ဆက်တွဲ ရလဒ်အနေဖြင့် အနက်ရောင်စွမ်းအင်အပိုင်းအစများသည် အရပ်လေးမျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့၏။
ထိုအပိုင်းအစ တစ်ခုစီပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအင် ပါရှိနေ၍ လေထုထဲတွင် နေရာလွတ် အက်ကွဲကြောင်းများစွာကို ဖြစ်ပေါ်စေခဲ့သည်။
လုံကျီ၏ အနက်ရောင်ကမ္ဘာငယ်လေး ပေါက်ကွဲသွားပြီးနောက်တွင် ကျန်းချန်၏ ရောင်စုံကမ္ဘာငယ်လေးသည် ကြောက်မက်ဖွယ် စွမ်းအားကို သယ်ဆောင်ကာ လုံကျီထံသို့ ဦးတည်လာခဲ့သည်။
ယင်းအချိန်တွင် လုံကျီသည် ခုခံနိုင်စွမ်း မရှိတော့ပေ။
သူက ကျန်းချန်၏ ရောင်စုံကမ္ဘာငယ်လေးကို ငေးကြည့်ရုံသာတတ်နိုင်ခဲ့၏။
"ငါ မသေချင်သေးဘူး"
လုံကျီ၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး သေခြင်းတရား၏ အရိပ်အငွေ့တစ်ခုသည် သူ၏ စိတ်နှလုံးကို လွှမ်းခြုံသွားခဲ့သည်။
သူ၏ အမူအရာက ချက်ချင်းဆိုသလိုပင် အလွန်တရာ စိတ်ပျက်အားငယ်သော အမူအရာမျိုး ဖြစ်သွားခဲ့၏။
"ကျန်းချန် ရပ်လိုက်တော့"
ရောင်စုံကမ္ဘာငယ်လေးက လုံကျီကို သတ်ဖြတ်တော့မည့်အချိန်မှာပင် လေထုထဲကနေ ပြတ်သားသော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုအသံ ထွက်ပေါ်လာသည်နှင့်အမျှ လုံကျီထံသို့ ဦးတည်နေသော ရောင်စုံကမ္ဘာငယ်လေးသည် လေထုထဲတွင် တိုက်ရိုက်ပင် ခဲသွားခဲ့၏။
မကြာမီမှာပင် ရွှေရောင်တောက်ပသော ပုံရိပ်တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရောင်စုံကမ္ဘာငယ်လေးသည် လေထဲတွင် တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သည်။
ထိုရွှေရောင်ပုံရိပ်မှာ တခြားသူ မဟုတ်ပေ။
ကောင်းကင်နဂါးမြို့တော်၏ ပထမအကြီးအကဲ ရွှေလင်းလုံပင် ဖြစ်၏။
"ကျန်းချန်.. ကောင်းကင်နဂါးမြို့တော်မှာ တပည့်အချင်းချင်းသတ်ဖြတ်တာကို တားမြစ်ထားတယ်.. ဒီတိုက်ပွဲမှာ မင်းအနိုင်ရပြီးပြီဆိုတော့.. ဒီမှာပဲ တော်လိုက်ကြရအောင်"
ရွှေလင်းလုံက ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
အကြီးအကဲချုပ် လုံကျန့်ရှင်းက မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားကို ကျန်းချန်အား ပေးအပ်ခဲ့စဥ်တွင် ရွှေလင်းလုံသည် ကျန်းချန်က မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားကို ထိန်းသိမ်းရန် ခက်ခဲလိမ့်မည်ဟု ထင်မြင်ခဲ့သည်။
သို့သော် ယခုအခါတွင် သူမသည် ကျန်းချန်ကို အထင်သေးမိခဲ့ကြောင်း သိလိုက်ရ၏။
ကျန်းချန်သည် အလယ်အလတ် ပကတိနတ်ဘုရား အစောပိုင်းအဆင့်ဖြင့်ပင် အဆင့်မြင့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်ဖြစ်သော လုံကျီကို အပြတ်အသတ် အနိုင်ယူခဲ့သည် မဟုတ်ပါလား။
အကယ်၍ ကျန်းချန်သာ လုံကျီနှင့် ကျင့်ကြံခြင်း အဆင့် တူညီခဲ့မည်ဆိုလျှင် မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ရေး စွမ်းအား ထုတ်ဖော်နိုင်မလဲ ဆိုသည်ကို ရွှေလင်းလုံ တွေးပင်မတွေးဝံ့ပေ။
ဒဏ္ဍာရီအရ ကောင်းကင်နတ်ဘုရားအဆင့် ပြိုင်ဘက်ကင်းပါရမီရှင် တချို့သည် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူများကိုပင် သတ်ဖြတ်နိုင်သည်ဟု ဆိုကြသည်။
ထိုကောင်လေးသည် အနာဂတ်တွင် ထိုကဲ့သို့ အနှိုင်းမဲ့အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် အခွင့်အရေး ရှိနေခဲ့၏။
"မဖြစ်နိုင်ဘူး ငါမရှုံးသေးဘူး.. ငါက ကောင်းကင်နဂါးမြို့တော်ရဲ့ တတိယမြောက် မာနနဂါးအဆင့် တပည့်ပဲ.. ငါက ဘယ်လိုလုပ်ပြီး သူ့ကို ရှုံးနိမ့်ရမှာလဲ"
လုံကျီက လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ကာ အရူးတစ်ယောက်လို အော်ဟစ်လိုက်သည်။
"အရှုံးအနိုင်က ပဓာနမကျဘူး.. မင်းက အရှုံးကိုတောင် ဝန်ခံဖို့သတ္တိမရှိဘူး ဆိုရင်တော့ ကောင်းကင်နဂါးမြို့တော်ရဲ့ မာနနဂါးအဆင့် တပည့်တစ်ဦးဖြစ်ဖို့ အရည်အချင်း မပြည့်မီတော့ဘူး"
ရွှေလင်းလုံက အေးစက်စက် ပြောလိုက်သည်။
"မင်းသိထားရမှာက ငါသာ ခုနက မင်းကို အကာအကွယ် မပေးခဲ့ရင် အခုအချိန် မင်းဒီနေရာမှာတောင် ရပ်နေနိုင်မှာ မဟုတ်ဘူး"
ထိုစကားကိုကြားလျှင် လုံကျီသည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
တကယ်လည်း ရွှေလင်းလုံသာ အစောပိုင်းက သူ့ကိုအကာအကွယ် မပေးခဲ့လျှင် တစ်ခုတည်းသော ရလဒ်အနေဖြင့် ကျန်းချန်၏ ရောင်စုံကမ္ဘာငယ်လေးသည် သူ့ကို သတ်ဖြတ်လိမ့်မည် ဖြစ်ကြောင်း သူကောင်းစွာ သိခဲ့သည်။
သို့ရာတွင် လုံကျီသည် အလွန်တရာ မာနကြီးသူ ဖြစ်၍ သူ၏ ရှေ့မှ အမှန်တရားကို လက်ခံရန် အတော်လေး ခက်ခဲနေခဲ့၏။
သူရှုံးနိမ့်ခဲ့လေပြီ။
ထို့အပြင် သူက သိပ်မကြာခင်ကမှ မာနနဂါးအဆင့် တပည့်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသော ကျန်းချန်ကိုမှ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
"ကျန်းချန် မင်းဒီတိုက်ပွဲမှာ အနိုင်ရတယ်.. ဒါပေမဲ့ ငါ လုံကျီက မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြား အတွက် တိုက်ပွဲကို လွယ်လွယ်နဲ့ လက်လွှတ်မှာမဟုတ်ဘူး.. နောက်တစ်ကြိမ် တိုက်ခိုက်ကျရင် ငါမင်းကို အနိုင်ယူပြီး မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားကို မင်းရဲ့ လက်ထဲကနေ သေချာပေါက် ပြန်ယူမယ်"
လုံကျီက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကျန်းချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားက အရည်အချင်း ရှိတဲ့သူတွေ အတွက်ပဲ.. ဘယ်သူမဆို ကိုယ့်ရဲ့စွမ်းရည်ကို ယုံကြည်တယ်ဆိုရင် ကျုပ်ကို စိန်ခေါ်နိုင်တယ်.. ငါကျန်းချန်က စိန်ခေါ်လာသမျှ တိုက်ပွဲတိုင်းကို ရင်ဆိုင်ပေးမယ်"
ထိုစကားကို ပြောနေရင်း ကျန်းချန်က ပတ်ဝန်းကျင်ရှိ မာနနဂါးအဆင့် တပည့်များကို ဝေ့ကြည့်လိုက်သည်။
မာနနဂါးအဆင့် တပည့်အချို့သည် မူလက မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားနှင့် ပတ်သက်၍ လုယူရန် ဆန္ဒ ရှိခဲ့ကြသည်။
သို့သော်လည်း ကျန်းချန်က လုံကျီကို အနိုင်ယူပြပြီးနောက်တွင် သူတို့အနေဖြင့် ကျန်းချန်ကို စိန်ခေါ်ရန် သတ္တိမရှိကြတော့ပေ။
ဆိုရလျှင် တတိယမြောက် မာနနဂါးအဆင့်တပည့် လုံကျီသည် သူတို့ထက် ပို၍ အားကောင်းသော ကျင့်ကြံသူ ဖြစ်သည်။
ထိုကဲ့သို့ အစွမ်းထက်သော လုံကျီပင်လျှင် ကျန်းချန်၏ လက်ထဲတွင် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရ၏။
သို့ဖြစ်ရာ သူတို့အနေဖြင့် ကျန်းချန်ကို စိန်ခေါ်တိုက်ခိုက်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် ဘာမှ မကွာခြားပေ။
ကျန်းချန်၏ အကြည့်အောက်တွင် သူတို့ အားလုံးသည် စကားတစ်ခွန်းမှ မပြောကြတော့ဘဲ သက်ဆိုင်ရာ တောင်ထွတ်များဆီသို့ အသီးသီး ပျံသန်းသွားခဲ့ကြသည်။
သူနှင့် တိုက်ခိုက်ဖို့ မည်သူမျှ ရှေ့ထွက်မလာသည်ကို မြင်လျှင် ကျန်းချန်သည် ရွှေလင်းလုံကို နှုတ်ဆက်လိုက်ကာ ဒသမမြောက် တောင်ထွတ် ဆီသို့ ပြန်ရန် ပြင်လိုက်၏။
"ကျန်းချန် ခဏလေးနေပါဦး"
ထိုအခိုက်အတန့်တွင် ရွှေလင်းလုံသည် သူ့ကို ရုတ်တရက် ဟန့်တားလိုက်သည်။
ကျန်းချန်က ရပ်တန့်လိုက်ပြီး ရွှေလင်းလုံကို စိတ်ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"အကြီးအကဲ ဘာကိစ္စရှိသေးလို့လဲ"
ရွှေလင်းလုံက သူ၏အမေးကို ပြန်မဖြေဘဲ ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူကာ ကျန်းချန် ဆီသို့ ပစ်ပေးလိုက်သည်။
"ဒါက ရှေးဟောင်းနဂါးရဲ့ သွေးအဆီအနှစ်ပဲ"
ကျန်းချန်က သူ၏လက်ထဲမှ အနည်းငယ် ရင်းနှီးသော ကျောက်စိမ်းပုလင်းကို မြင်လျှင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ရွှေလင်းလုံက ခေါင်းညိတ်ကာ ပြောလိုက်၏။
"အတိတ်က လုပ်ထုံးလုပ်နည်းတွေ အရ ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေ ဖွင့်လှစ်တဲ့အခါတိုင်းမှာ မဟာနဂါးကျောက်စိမ်းတံဆိပ်ပြားကို ရရှိတဲ့ ကောင်းကင်နဂါးမြို့တော်ရဲ့ တပည့်သုံးဦးက ရှေးဟောင်းနဂါး သွေးအဆီအနှစ် သုံးစက်စီကို ရရှိလိမ့်မယ်"
"ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၃စက်တောင်လား"
ရွှေလင်းလုံ၏စကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာထက်တွင် ရုတ်တရက် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ရှေးဟောင်းနဂါး သွေးအဆီအနှစ်သည် ကျန်းချန် အလိုချင် အတောင့်တဆုံး ရတနာ ဖြစ်သည်။
မစ်ရှင်ဆောင်ရွက်ရာမှ သူရရှိခဲ့သော ရှေးဟောင်းနဂါးသွေးအဆီအနှစ် တစ်စက်သည် သူ၏ နတ်ခန္ဓာပုံရိပ်ကို တိုက်ရိုက်ပင် အဆင့်တစ်ဆင့် တက်စေခဲ့ပြီး ကျင့်ကြံခြင်းအဆင့်ကိုလည်း အဆင့်ငယ်တစ်ဆင့် ထိုးဖောက်သွားစေခဲ့သည်။
ဤရှေးဟောင်းနဂါး သွေးအဆီအနှစ် ၃စက်ဖြင့် ဆိုလျှင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ မဖွင့်လှစ်မီတွင် သူ့စွမ်းအားသည် များစွာ တိုးတက်လာလိမ့်မည် ဖြစ်၏။
"ကျန်းချန်.. ရှေးဟောင်နဂါး သွေးအဆီအနှစ်က ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ အဖိုးအတန်ဆုံး ရတနာပဲ ဒါက မင်းကိုအရမ်း အထောက်အကူပေးလိမ့်မယ်"
ရွှေလင်းလုံက ပြုံး၍ ပြောလိုက်သည်။
"မင်းအနေနဲ့ ရှေးဟောင်းနဂါး သွေးအဆီအနှစ်တွေ ထပ်မံအလိုရှိတယ် ဆိုရင်တော့ ကောင်းကင်နဂါးနန်းတော်ကို သွားနိုင်တယ်.. ကောင်းကင်နဂါးနန်းတော်ရဲ့ အသက်ရှူကြိမ် ၃၀ကြိမ် ပြီးတဲ့နောက်မှာ မင်းထိန်းထားနိုင်တဲ့ အသက်ရှူကြိမ်တိုင်း အတွက် ရှေးဟောင်းနဂါး သွေးအဆီအနှစ် တစ်စက်စီကို ရရှိလိမ့်မယ်"
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တောက်ပလာခဲ့သည်။
ကောင်းကင်နဂါးနန်းတော်တွင် အသက်ရှူကြိမ် ၃၀ကြိမ် ပြီးနောက်တွင် ထိန်းထားနိုင်သည့် အသက်ရှူကြိမ်တိုင်း အတွက် ရှေးဟောင်းနဂါး သွေးအဆီအနှစ်ကို ရရှိနိုင်သည် ဖြစ်ရာ သူ့အနေဖြင့် မဖြစ်မနေ သွားရပေလိမ့်မည်။
အကယ်၍ သူသာ ရှေးဟောင်းနဂါး သွေးအဆီအနှစ်အနည်းငယ် ထပ်မံရရှိခဲ့လျှင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ မဖွင့်လှစ်မီတွင် နယ်ပယ်အဆင့်ငယ် နှစ်ဆင့်ထို ထိုးဖောက်နိုင်ရန်ပင် မျှော်လင့်နိုင်မည် ဖြစ်၏။
"အကြီးအကဲရဲ့ ညွှန်ကြားပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
ကျန်းချန်က ရွှေလင်းလုံကို အရိုအသေ ပေးလိုက်ပြီးနောက်တွင် ကောင်းကင်နဂါး နန်းတော် ဆီသို့ တန်းတန်းမတ်မတ်ပင် ဦးတည်၍ သွားခဲ့သည်။
အခန်း(၁၅၈၁)ပြီး၏။