← Chapters

အခန်း (၁၅၈၂-၁၅၈၄)

Vol. 106 Ch. 1582-1584

အခန်း (၁၅၈၂-၁၅၈၄)

Vol. 106 Ch. 1582-1584

အခန်း(၁၅၈၂)

ကောင်းကင်နဂါးနန်းတော်၏ အပြင်ဘက်တွင် ကျန်းချန်သည် ဥက္ကာပျံတစ်စင်း ကဲ့သို့ ကောင်းကင်ကို ဖြတ်သန်းကာ ကောင်းကင်နဂါးနန်းတော်၏ တံခါးဝတွင် ဆင်းသက်လိုက်သည်။

သူက ကောင်းကင်နဂါးနန်းတော်၏ အခြေအနေကို အကဲခတ်လိုက်ရာ တစ်စုံတစ်ယောက်က အတားအဆီးအား ထိုးဖောက်နေသည်ကို တွေ့လိုက်ရ၏။

ဤအခိုက်အတန့်တွင် အတားအဆီးကို ထိုးဖောက်ဖို့ စောင့်ဆိုင်းနေ‌သော ကောင်းကင်နဂါးနန်းတော်မှ တပည့်များသည် ရုတ်တရက် ရောက်ရှိလာသော ကျန်းချန်ကို တွေ့ရှိလိုက်ရ၍ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

"ဒသမမြောက် မာနနဂါးအဆင့် တပည့် ကျန်းချန်ပါလား.. သူက ဘယ်လိုကြောင့် ကောင်းကင်နဂါး နန်းတော်ကို ‌ရောက်နေရတာလဲ"

ကောင်းကင်နဂါးမြို့တော်မှ တပည့်တစ်ဦးက အံ့အားသင့်သောအကြည့်ဖြင့် ကျန်းချန်ကို ကြည့်ကာ ရေရွတ်လိုက်သည်။

"တတိယမြောက် မာနနဂါးအဆင့် တပည့် လုံကျီက ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေရဲ့ ခွဲတမ်းနေရာအတွက် တိုက်ပွဲဝင်ဖို့ ဒသမမြောက် တောင်ထွတ်ကို သွားတယ်လို ငါကြားခဲ့တယ်.. ကျန်းချန်က ဒီကို ရောက်လာပြီ ဆိုတော့ အဲဒီတိုက်ပွဲမှာ ဘယ်သူ အနိုင်ရသွားလဲ မသိဘူး"

ထိုအချိန်တွင် သူ၏ဘေးမှ လူတစ်ယောက်သည် ရုတ်တရက် တစ်စုံတစ်ရာကို သိရှိလိုက်သည်။

ထိုလူ၏ အမူအရာက ချက်ချင်းဆိုသလိုပင် အံ့အားသင့်သောအမူအရာမျိုး ဖြစ်သွားခဲ့၏။

"တတိယမြောက် မာနနဂါးအဆင့် တပည့်လုံကျီကို ကျန်းချန်က အနိုင်ယူလိုက်ပြီ ဆိုတဲ့သတင်းကို အခုပဲ ငါရရှိခဲ့တယ်"

ထိုစကားကို ကြားသည်နှင့် ပတ်ဝန်းကျင်မှ လူတိုင်းသည် အေးစက်သောခံစားချက်ကို ခံစားလိုက်ရသည်။

သူတို့ရှေ့မှ လူငယ်သည် လုံကျီကို အနိုင်ယူနိုင်သည်အထိ အစွမ်းထက်နေပါသလော။

ကောင်းကင်နဂါးမြို့တော်မှ တပည့်များက ကျန်းချန်ကို အံ့သြထိတ်လန့်စွာ ကြည့်နေစဥ်မှာပင် ကောင်းကင်နဂါး နန်းတော်ထဲကနေ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ဖြူဖျော့သော မျက်နှာထားဖြင့် ထွက်လာခဲ့သည်။

ထိုလူငယ်က ကောင်းကင်နဂါး နန်းတော်ထဲတွင် အသက်ရှူကြိမ်၂၇ကြိမ် နေနိုင်ခဲ့သည်။

၎င်းက တခြားသူ မဟုတ်ပေ။

ကျန်းချန်နှင့် မစိမ်းသော မီးဘုရင်ယန်ယွိပင် ဖြစ်သည်။

"၂နှစ်အတွင်းမှာ အသက်ရှူကြိမ်၂ကြိမ် ထပ်ပြီး ခံနိုင်ရည်ရှိခဲ့တယ်.. နောက်ထပ် ဆယ်စုနှစ် အနည်းငယ် အချိန်ပေးလိုက်ရင် အသက်ရှူကြိမ် ၃၀ကြိမ်ကို အောင်မြင်စွာ ထိုးဖောက်ပြီး ကောင်းကင်နဂါး မြို့တော်ရဲ့ မာနနဂါးအဆင့် တပည့်အဖြစ် ရာထူးတိုးမြှင့်နိုင်မှာပဲ"

ယန်ယွိက ယုံကြည်မှုရှိသော အပြုံးဖြင့် ကောင်းကင်နဂါးနန်းတော်ထဲကနေ ထွက်လာခဲ့သည်။

အသက်ရှူကြိမ် ၂၇ကြိမ် ဆိုသည်မှာ အမှန်တကယ်ကိုပင် ကောင်းမွန်သော ရလဒ်တစ်ခု ဖြစ်သည်။

ကောင်းကင်နဂါး မြို့တော်တစ်ခုလုံးကို ကြည့်လျှင်ပင် ဤအဆင့်ကို ရောက်ရှိနိုင်သည့် ထိပ်တန်းတပည့်များသည် အလွန်တရာ ရှားပါး၏။

မီးဘုရင် ယန်ယွိကမူ ကောင်းကင်နဂါး မြို့တော်ကို ဝင်ရောက်ပြီး ၃နှစ်အတွင်းမှာပင် ထိုကဲ့သို့သော ရလဒ်ကို ရရှိနိုင်ခဲ့သည်။

ဤသည်ကပင် ကောင်းကင်နဂါးမြို့တော်၏ ပါရမီရှင်အများစုကို တောက်ချရန် လုံလောက်နေပြီ ဖြစ်၏။

သို့သော်လည်း ယန်ယွိ၏ မျက်နှာပေါ်ရှိ အပြုံးသည် ကြာကြာမခံခဲ့ပေ။

သူ့ဆီသို့ လျှောက်လာနေသော ကျန်းချန်ကို မြင်လျှင် သူ၏ တစ်ကိုယ်လုံးသည် နေရာမှာပင် အေးခဲသွားခဲ့သည်။

ကောင်းကင်နဂါးနန်းတော်ရှိ သူ၏ အောင်မြင်မှုများသည် ကောင်းကင်နဂါးမြို့တော်၏ တပည့်အများစု ကြားတွင် အလွန်တရာ တောက်ပသော်လည်း သူ့ကို အမှိုက်အဖြစ်သို့ ပြောင်းလဲခဲ့သော တစ်ဦးတည်းသောသူမှာ ကျန်းချန်ပင် ဖြစ်သည်။

ယခုအခါ ၂နှစ် ကုန်ဆုံးသွားသော်လည်း သူက မာနနဂါးအဆင့်တပည့် ဖြစ်လာရန် ကြိုးစားနေရဆဲ ဖြစ်သည်။

သို့ရာတွင် ကျန်းချန်ကမူ မာနနဂါးအဆင့် တပည့် ဖြစ်လာပြီး မာနနဂါးအဆင့် တပည့်၁၀ယောက်ထဲတွင် အထူး ထင်ရှားလာခဲ့သည်။

ထို့အပြင် ဤတစ်ကြိမ် ဖွင့်လှစ်မည့် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေဝင်ခွင့်အတွက် ခွဲတမ်း တစ်နေရာကိုလည်း ကျန်းချန်သည် မာနနဂါးအဆင့် တပည့်၇ယောက်ကို ကျော်ဖြတ်ကာ အောင်မြင်စွာ ရရှိခဲ့၏။

သူက ကျန်းချန်နှင့် အတူ ကောင်းကင်နဂါးမြို့တော်ကို ဝင်ရောက်ခဲ့သော်လည်း ယခုအချိန်တွင် ကျန်းချန်၏ အဆင့်အတန်းသည် သူနှင့် လုံးဝကွဲပြားနေပြီ ဖြစ်သည်။

ကျန်းချန်က ယန်ယွိကို လုံးဝပင် မကြည့်ခဲ့ပေ။

သူက တည်ငြိမ်စွာဖြင့်ပင် ကောင်းကင်နဂါး နန်းတော်၏ အတွင်းဘက်သို့ လျှောက်လှမ်းသွားခဲ့သည်။

"ကျန်းချန်"

ကျန်းချန်က သူ့အား အ‌ရေးမစိုက်သည်ကို မြင်လျှင် ယန်ယွိသည် ဒေါသထွက်လာခဲ့ပြီး လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။

"ကျန်းချန်က ကောင်းကင်နဂါးနန်းတော်ကို ဝင်ပြီး စမ်းသပ်တော့မယ်ဟ.. ကောင်းကင်နဂါးနန်းတော်မှာ အသက်ရှူကြိမ် ၃၀ကြိမ် ပြီးတာနဲ့ တောင့်ခံနိုင်တဲ့ အသက်ရှူကြိမ် အလိုက် ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၁စက်ကို ရရှိနိုင်တယ်.. သူက ရှေးဟောင်းနဂါး သွေးအဆီအနှစ် အတွက် ရောက်လာတာပဲ ဖြစ်ရမယ်"

"သူက အသက်ရှူကြိမ် ဘယ်နှစ်ကြိမ်ထိ ခံနိုင်ရည်ရှိမယ်လို့ ထင်လဲ"

"တတိယမြောက် မာနနဂါးအဆင့် တပည့်လုံကျီက အသက်ရှူကြိမ် ၃၃ကြိမ် ခံနိုင်ရည်ရှိခဲ့တယ်.. သူက လုံကျီကိုတောင် အနိုင်ယူနိုင်တယ် ဆိုတော့ အနည်းဆုံး အသက်ရှူကြိမ် ၃၃ကြိမ်ကို ကျော်လွန်နိုင်လောက်တယ်"

"............"

လူတိုင်းက ကောင်းကင်နဂါး နန်းတော်ထဲသို့ ဝင်ရောက်သွားသော ကျန်းချန်၏ အကြောင်းကို ဆွေးနွေးပြောဆိုနေခဲ့ကြသည်။

"မင်းတို့ ဘာတွေပြောနေတာလဲ...ကျန်းချန်က တတိယမြောက်မာနနဂါးအဆင့် တပည့်လုံကျီကို အနိုင်ယူခဲ့တယ်.. ဟုတ်လား.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

သူတို့၏ ဘေးမှ ယန်ယွိက မှတ်ချက်များကို ကြားလျှင် မျက်လုံးထဲတွင် မယုံကြည်နိုင်‌သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"ငါလည်း မဖြစ်နိုင်ဘူးလို့ ထင်တာပဲ.. ဒါပေမဲ့ ဒါက တကယ့်အမှန်တရားပဲ"

ကောင်းကင်နဂါးမြို့တော်မှ တပည့်တစ်ဦးက ယန်ယွိကို ကြည့်ကာ ပြောလိုက်သည်။

"ခုနကပဲ လုံကျီက ဒသမမြောက် တောင်ထွတ်ကို သွားပြီး မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြား အတွက် ယှဥ်ပြိုင်ဖို့ကြိုးစားခဲ့ပေမဲ့ ကျန်းချန်ရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရတယ်.. ဒီသတင်းက ကောင်းကင်နဂါး မြို့တော်မှာ ပျံ့နှံ့နေခဲ့ပြီ"

ထိုစကားကိုကြားလျှင် ယန်ယွိ၏ မျက်နှာသည် အလွန်တရာ ဖြူဖျော့သွားခဲ့သည်။

၂နှစ်အတွင်း ယန်ယွိသည် တစ်နေ့နေ့တွင် ကျန်းချန်ကို အမီလိုက်ရန်နှင့် ကျန်းချန်ဆီကနေ အရာအားလုံးကို ပြန်လည်ရရှိရန်အတွက် အရူးအမူး ကျင့်ကြံခဲ့သည်။

သို့သော်လည်း ယန်ယွိသည် သူနှင့် ကျန်းချန်ကြားမှ ကွာဟချက်က ပို၍ပင် ကြီးမားလာသည်ကို ယခုမှ သတိပြုမိလိုက်၏။

လက်ရှိအချိန်တွင် သူ့အနေဖြင့် ကျန်းချန်ကို မော့ကြည့်ရန်ပင် အရည်အချင်း မရှိတော့ပေ။

လူတိုင်းက ကျန်းချန် အကြောင်းကို ဆွေးနွေးပြောဆိုနေစဥ်မှာပင် အချိန်သည် တစ်စထက်တစ်စ ကုန်ဆုံးသွားခဲ့သည်။

မသိလိုက် မသိဘာသာဖြင့်ပင် ကောင်းကင်နဂါးနန်းတော်ကို ကျန်းချန် ဝင်ရောက်ခဲ့သော အချိန်သည် အသက်ရှူကြိမ် ၃၀ကြိမ်ကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။

အသက်ရှူကြိမ် ၃၁ကြိမ်၊ အသက်ရှူကြိမ် ၃၂ကြိမ်၊ ၃၃ကြိမ်၊အသက်ရှူကြိမ် ၃၅ကြိမ် ပြီးနောက်တွင် အလင်းတန်းတစ်ခုသည် ကောင်းကင်နဂါးနန်းတော်၏ အထက်တွင် အဆုံးသတ်၌ လင်းလက်လာခဲ့ပြီး ကျန်းချန်၏ ပုံရိပ်သည်လည်း ကောင်းကင်နဂါးနန်းတော် ထဲကနေ အလျင်အမြန်ပင်ထွက်လာခဲ့သည်။

"အသက်ရှူကြိမ် ၃၅ကြိမ်တောင်ပါလား.. ဒါက ကောင်းကင်နဂါးနန်းတော်ရဲ့ အမြင့်ဆုံး အောင်မြင်မှုပဲ"

ဤမြင်ကွင်းကို မြင်လျှင် ကောင်းကင်နဂါးမြို့တော်မှ တပည့်တစ်ဦးသည် အံ့သြစွာ ငေးကြည့်နေခဲ့ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"အမှန်ပဲ.. ကောင်းကင်နဂါးနန်းတော်မှာ အသက်ရှူကြိမ် ၃၅ကြိမ်ကို ခံနိုင်ရည်ရှိခဲ့တဲ့ တစ်ဦးတည်းသော တပည့်က မာနနဂါးအဆင့် တပည့်တွေထဲမှာ ပထမနေရာကို ရရှိထားတဲ့ လုံဟောင်စန်းပဲ"

နောက်တစ်ဦးကလည်း တအံ့တသြ အမူအရာဖြင့် ဝင်ပြောလိုက်သည်။

ကျန်းချန်က တတိယမြောက် မာနနဂါးအဆင့် တပည့် လုံကျီကို အနိုင်ယူခဲ့မှန်း သူတို့ သိကြသော်လည်း ကျန်းချန်က အသက်ရှူကြိမ် ၃၅ကြိမ် အထိ ခံနိုင်ရည် ရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

ကောင်းကင်နဂါးနန်းတော်၏ အသက်ရှူကြိမ် ၃၀ကြိမ် ပြီးနောက်တွင် မည်မျှခက်ခဲသည်ကို သူတို့အားလုံး ခန့်မှန်းမိကြသည်။

ကောင်းကင်နဂါး နန်းတော်ရှိ မာနနဂါးအဆင့်တပည့် ၁၀ယောက်၏ အောင်မြင်မှုကိုကြည့်လျှင် သဲလွန်စ အချို့ကို မြင်နိုင်မည် ဖြစ်၏။

ဒသမမြောက် မာနနဂါးအဆင့် တပည့်ဖြစ်သည့် ကျန်းချန်မှလွဲလျှင် ကျန်၉ယောက်သည် ကောင်းကင်နဂါး မြို့တော်တွင် အနည်းဆုံး နှစ်ပေါင်းထောင်ချီ ကျင့်ကြံခဲ့ကြသည်။

အထူးသဖြင့် ထိပ်ဆုံး ၃ယောက်သည် အနည်းဆုံး နှစ် ၃၀၀၀ကြာ ကျင့်ကြံခဲ့ကြ၏။

သို့သော်လည်း တတိယမြောက် မာနနဂါးအဆင့် တပည့် လုံကျီသည် အသက်ရှူကြိမ် ၃၃ကြိမ်ကိုသာ ရရှိခဲ့သည်။

မာနနဂါးအဆင့် တပည့်များထဲတွင် ပထမနေရာ၌ ရှိသော လုံဟောင်စန်းကမူ အသက်ရှူကြိမ် ၃၅ကြိမ် ရရှိခဲ့သည်။

ယခုအခါတွင် ကောင်းကင်နဂါးမြို့တော်၌ နှစ်အနည်းငယ်သာ နေထိုင်ရသေးသည့် ဒသမမြောက် မာနနဂါးအဆင့် တပည့် ကျန်းချန်သည် လုံဟောင်စန်းနှင့် အတူ ကောင်းကင်နဂါးနန်းတော်၏ စံချိန်တွင် ပထမနေရာ၌ ပူးတွဲ ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။

"ဒီကောင်က တကယ့်ကို မွန်းစတားပဲ"

---------------

"ဟူး.. ကောင်းကင်နဂါးနန်းတော်ရဲ့ အသက်ရှူကြိမ် ၃၀ကြိမ် ပြီးနောက်မှာ အသက်ရှူကြိမ် ၁ကြိမ်စီတိုင်းက အရမ်းကို ခက်ခဲတာပဲ"

ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး မချိုပြုံး ပြုံးလိုက်သည်။

ကောင်းကင်နဂါးနန်းတော်၏ အသက်ရှူကြိမ် ၃၁ကြိမ်တွင် ရင်ဆိုင်ရသော ပြိုင်ဘက်သည် သာမန် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်နှင့် ယှဥ်နိုင်နေပြီ ဖြစ်သည်။

အသက်ရှူကြိမ်၃၂ကြိမ်တွင် ရင်ဆိုင်ရသော ပြိုင်ဘက်ကမူ ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကိုပါ နားလည်နေပြီဖြစ်၏။

ကျန်းချန်ပင်လျှင် တစ်ခဏအတွင်း အနိုင်ယူနိုင်ခြင်း မရှိခဲ့ပေ။

သို့သော်လည်း အဆုံးသတ်တွင်မူ သူသည် အသက်ရှူကြိမ် ၃၅ကြိမ်အထိ ခံနိုင်ရည် ရှိခဲ့သည်။

ကျန်းချန်က ဤတစ်ကြိမ်တွင် အသက်ရှူကြိမ် ၅ကြိမ်ဆက်တိုက် တိုးတက်လာခဲ့၍ ရှေးဟောင်းနဂါးသွေးအဆီအနှစ် ၅စက်ကို ရရှိခဲ့ရာ အလွန်တရာပင် ကျေနပ်နေခဲ့သည်။

သူ အစောပိုင်းက ရရှိထားသော ဆုလာဘ်များအပြင် သူ၏ လက်ထဲတွင် ယခုအခါ ရှေးဟောင်းနဂါး သွေးအဆီအနှစ် စုစုပေါင်း ရှစ်စက် ရှိနေခဲ့ပြီ ဖြစ်၏။

ဤရှေးဟောင်နဂါး သွေးအဆီအနှစ် ရှစ်စက်ကို မျိုချလိုက်သည်နှင့် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ချက်ချင်းဆိုသလို အဆင့်ငယ် တစ်ဆင့်သို့ မြှင့်တင်ဖို့ လုံလောက်သည် မဟုတ်ပါလော။

အခန်း(၁၅၈၂)ပြီး၏။

အခန်း(၁၅၈၃)

ကောင်းကင်နဂါးနန်းတော်၏ စမ်းသပ်မှုကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် ရှေးဟောင်းနဂါး သွေးအဆီအနှစ်ကို ရရှိခဲ့သည်။

သူက အချိန်မဖြုန်းတော့ဘဲ ဒသမမြောက် တောင်ထွတ် ဆီသို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့ပြီး ကျင့်ကြံရန် စတင်ခဲ့သည်။

သူ၏ လက်ထဲမှ ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၈စက်ကို ကျန်းချန်က သိမ်းထားရန် ရည်ရွယ်ချက် မရှိဘဲ ချက်ချင်းဆိုသလို တစ်စက်ပြီးတစ်စက် မျိုချလိုက်၏။

"ဒင်.. သင်က ရေရောထားသော ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၁စက်ကို မျိုချပြီး နတ်စွမ်းအားများကို ရရှိလိုက်ပါတယ်"

"ဒင်.. ရေရောထားသော ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၁စက်ကို မျိုချပြီး သင်၏ နတ်ခန္ဓာပုံရိပ်က အတွေ့အကြုံ ရမှတ်များစွာ ရရှိသွားခဲ့ပါပြီ"

"ဒင်.. သင်က ရေရောထားသော ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၁စက်ကို မျိုချပြီး နတ်စွမ်းအားများကို ရရှိလိုက်ပါတယ်"

"ဒင်.. ရေရောထားသော ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၁စက်ကို မျိုချပြီး သင်၏ နတ်ခန္ဓာပုံရိပ်က အတွေ့အကြုံ ရမှတ်များစွာ ရရှိသွားခဲ့ပါပြီ"

"............"

"ဒင်.. သင်၏ ကျင့်ကြံခြင်းအဆင့်က အလယ်အလတ် ပကတိနတ်ဘုရား အလယ်အဆင့်ကို ထိုးဖောက်သွားခဲ့ပါပြီ"

ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၈စက်လုံးကို မျိုချလိုက်ပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် အဆုံးသတ်၌ အလယ်အလတ် ပကတိနတ်ဘုရား အလယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

"ပကတိ နတ်ဘုရားနယ်ပယ်အဆင့်မှာ အဆင့်ငယ်လေး တစ်ဆင့်စီတိုင်း အတွက် အခက်အခဲက ၁၀ဆကျော် တိုးမြှင့်လာတာပဲ"

ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၈စက်ဖြင့် အဆင့်ငယ်တစ်ဆင့်သာ မြှင့်တင်နိုင်ခဲ့သောကြောင့် ကျန်းချန်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူက အဆင့်နိမ့် ပကတိနတ်ဘုရား နှောင်းပိုင်း အဆင့်တွင် ရှိစဥ် ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၁စက်ဖြင့်ပင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို အဆင့်နိမ့် ပကတိနတ်ဘုရား အထွတ်အထိပ် အဆင့်ထိ အလွယ်တကူပင် မြှင့်တင်နိုင်ခဲ့သည်။

ယခု အလယ်အလတ် ပကတိနတ်ဘုရား အဆင့်တွင်မူ ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၈စက်ဖြင့်ပင် အဆင့်ငယ်တစ်ဆင့်သာ မြှင့်တင်နိုင်ခဲ့သည်။

ထို့အပြင် ရွှေလင်းလုံ သူ့ကို ပေးခဲ့သော ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၃စက်သည် ကောင်းကင်နဂါးနန်းတော်ကနေ ဆုချခဲ့သော ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၅စက်ထက် ပို၍ အရည်အသွေး မြင့်မားသည်ကို ရှင်းလင်းစွာ ခံစားမိခဲ့သည်။

အကယ်၍ ထိုရှေးဟောင်းနဂါး သွေးအဆီအနှစ်၃စက်သာ ပို၍ မြင့်မားသော အရည်အသွေးတွင် မရှိဘဲ အတွေ့အကြုံရမှတ် ၂ဆကျော် မရရှိခဲ့လျှင် သူ့အနေဖြင့် အလယ်အလတ်ပကတိနတ်ဘုရား အလယ်အဆင့်ကို ထိုး‌ဖောက်ဖို့ အတွက် အချိန်အတော်ကြာ ကျင့်ကြံရဦးမည် ဖြစ်သည်။

မှန်ပါသည်။ မည်သို့ပင် ဖြစ်စေကာမူ ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၈စက်သည် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို အဆင့်ငယ် တစ်ဆင့် တိုးတက်စေရုံသာမက ကျန်းချန်၏ နတ်ခန္ဓာပုံရိပ်ကိုလည်း များစွာ တိုးတက်စေခဲ့သည်။

နတ်ခန္ဓာပုံရိပ်က ထပ်မံ အဆင့်တက်ခြင်း မရှိသည့်တိုင် ကျန်းချန်သည် နတ်ခန္ဓာပုံရိပ်၏ ပြောင်းလဲမှုများကို ရှင်းလင်းစွာ ခံစားမိခဲ့၏။

ကျန်းချန်၏ နတ်ခန္ဓာပုံရိပ်သည် ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၈စက်ကို မျိုချခြင်း မပြုရသေးခင်က အလယ်အလတ် အစောပိုင်းအဆင့်သာ ဖြစ်သော်လည်း ယခုအခါတွင် အလယ်အလတ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီး နောက်တစ်ဆင့်သို့ တက်ရန် အလှမ်းမဝေးတော့‌ပေ။

"အလယ်အလတ် ပကတိနတ်ဘုရား အလယ်အဆင့်မှာ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့က ပိုပြီး ခက်ခဲလာတယ်.. ဒီအတိုင်းဆို ၃နှစ်အတွင်း အလယ်အလတ် ပကတိနတ်ဘုရားအလယ်အဆင့်ကို ကျော်ဖြတ်ဖို့က မလွယ်လောက်ဘူး ထင်တယ်"

ကျန်းချန်က သက်ပြင်းချကာ စိတ်ထဲကနေ ရေရွတ်လိုက်သည်။

ရှေးဟောင်းနဂါး သွေးအဆီအနှစ် ၈စက်နှင့်အတူ နောက်ထပ် ၂နှစ်၊ ၃နှစ်ခန့် ကျင့်ကြံလိုက်လျှင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ မဖွင့်လှစ်မီတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် အလယ်အလတ် ပကတိနတ်ဘုရား အထွတ်အထိပ်သို့ ရောက်ရှိရန် ခက်ခဲလိမ့်မည် မဟုတ်ဟု မူလက သူ ထင်ခဲ့သည်။

သို့ရာတွင် ကျန်းချန်သည် အလယ်အလတ် ပကတိနတ်ဘုရားအဆင့်၏ ကျင့်ကြံခြင်း အခက်အခဲကို အလွန်တရာလျှော့တွက်မိခဲ့ကြောင်း သူ့ကိုယ်သူ သဘောပေါက်လိုက်သည်။

အလယ်အလတ် ပကတိနတ်ဘုရား အများစုက ဤအဆင့်တွင် နှစ်ရာပေါင်းများစွာ အဘယ်ကြောင့် ကြန့်ကြာနေရသည်ကို အဆုံးသတ်တွင် သူ နားလည်သွားခဲ့သည်။

အဆ၁၀၀ စနစ် နှင့် နတ်ခရစ္စတယ်များကို လျင်မြန်စွာ စုပ်ယူနိုင်စွမ်းတို့ ရှိနေလျှင်ပင် ၂နှစ်၊ ၃နှစ်အတွင်း နယ်ပယ်အဆင့်ငယ် တစ်ဆင့်ကို မြှင့်တင်ရန်မှာ သူ့အတွက် ခက်ခဲလွန်းနေသည် မဟုတ်ပါလား။

"ကြည့်ရတာ အချိန်မျှော်စင်မှာ ကျင့်ကြံရမယ် ထင်တယ်"

ကျန်းချန်၏ မျက်လုံးများက ဖျတ်ခနဲလက်သွားခဲ့သည်။

ကောင်းကင်နဂါးမြို့တော်တွင် အချိန်မျှော်စင်တစ်ခု ရှိပြီး အတွင်းဘက်တွင် အချိန်စီးဆင်းမှုသည် အပြင်ကမ္ဘာ၏ ၁၀ဆရှိသည်။

အချိန်မျှော်စင်သည် ကောင်းကင်နဂါးမြို့တော်မှ တပည့်များအတွက် ကိုယ်ခံပညာများကို နားလည် သဘောပေါက်ရန်နှင့်ကျင့်ကြံရန် အဖိုးထိုက်တန်သော နေရာတစ်ခု ဖြစ်၏။

သို့သော်လည်း အချိန်မျှော်စင်တွင် ကျင့်ကြံခြင်းသည် အလွန်တရာပင် စျေးကြီးသည်။

၁လကို ကောင်းကင်နဂါးအမှတ် ၁သိန်းအပြည့် ယူ၍ လူအများစုသည် မတတ်နိုင်ကြပေ။

မာနနဂါးအဆင့် တပည့်ဖြစ်သည့် ကျန်းချန်သည် နှစ်စဥ်အချိန်မျှော်စင်ကို ဝင်ရောက်ရန်အတွက် အခမဲ့ ၁လကို ရရှိခဲ့သည်။

ကျန်းချန်က မာနနဂါးအဆင့် တပည့်ဖြစ်လာပြီးနောက်တွင် အချိန်မျှော်စင်သို့ မသွားခဲ့ဖူးပေ။

သူသာ နောက်ထပ်၂နှစ်ကြာ ကျင့်ကြံပြီးမှ အချိန်မျှော်စင်သို့ ဝင်ရောက်မည် ဆိုလျှင် သူ၏ အခမဲ့အချိန်ကို ၄လ သို့မဟုတ် ၅လ အထိ စုဆောင်းထားနိုင်မည် ဖြစ်သည်။

ထိုအချိန်သို့ရောက်မှ အချိန်မျှော်စင်သို့ ဝင်ရောက်ပြီး ၄၊ ၅လ ကျင့်ကြံမည် ဆိုလျှင် အပြင်ဘက်တွင် ၃၊၄နှစ် ကျင့်ကြံခြင်းနှင့် ညီမျှမည် မဟုတ်ပါလား။

ယင်းအချိန်တွင် သူသည် အလယ်အလတ် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်ကို ထိုးဖောက်ဖို့ပင် ပြဿနာများစွာ ရှိနိုင်မည် မဟုတ်ပေ။

စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်ပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ နတ်ခရစ္စတယ်များကို စုပ်ယူကာ စတင် ကျင့်ကြံခဲ့သည်။

"ဒင်.. သင်က နတ်ခရစ္စတယ် ၁ခုကို အသုံးပြုပြီး ကျင့်ကြံခြင်းအတွေ့အကြုံ ရမှတ် ၃၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က နတ်ခရစ္စတယ် ၁ခုကို အသုံးပြုပြီး ကျင့်ကြံခြင်းအတွေ့အကြုံ ရမှတ် ၃၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

".............."

သူ၏ ကျင့်ကြံခြင်းအဆင့်က အလယ်အလတ် ပကတိနတ်ဘုရား အဆင့်ကို ထိုးဖောက်သွားသည်နှင့်အမျှ နတ်ခရစ္စတယ် ကျောက်တုံးကို စုပ်ယူမှုတွင်လည်း ပိုမို မြန်ဆန်လာခဲ့သည်။

သို့သော် ဤကဲ့သို့ တိုးတက်လာမှုသည် အလယ်အလတ်ပကတိနတ်ဘုရား အဆင့်တွင် အဆင့်ငယ်တစ်ဆင့်ကို တက်ရန် လိုအပ်သည့် အတွေ့အကြုံရမှတ်များနှင့် နှိုင်းယှဥ်လျှင် ရေပုံးထဲမှ ရေတစ်စက်မျှသာ ရှိ၏။

ကျန်းချန်က အပတ်တကုတ် ကျင့်ကြံခဲ့သည်။

ဤသို့ဖြင့် ၂နှစ်ဟူသောအချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ဤ၂နှစ်အတွင်း ကျန်းချန်သည် နတ်ခရစ္စတယ် ၁သိန်းကျော်ကို စုပ်ယူခဲ့၏။

သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း လွန်ခဲ့သည့် ၂နှစ်ကထက် မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် ပို၍ အားကောင်းလာခဲ့သည်။

သို့သော် အလယ်အလတ် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်နှင့်မူ အလှမ်းဝေးနေဆဲ ဖြစ်သည်။

"အချိန်မျှော်စင်ကို သွားဖို့ အချိန်ကျပြီ"

လွန်ခဲ့သော ၂နှစ်အတွင်း သူ၏ တိုးတက်လာမှုများကို ခံစားရင်း ကျန်းချန်က မျက်လုံးများကို ဖွင့်လိုက်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

မကြာမီမှာပင် ကျန်းချန်သည် ထရပ်လိုက်ပြီး သူ၏ ရှေ့ရှိ နတ်ခရစ္စတယ် အားလုံးကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ကာ ဒသမမြောက် တောင်ထွတ်ကနေ ထွက်ခွာသွားခဲ့သည်။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက ဖွင့်လှစ်တော့မည် ဖြစ်ရာ သူ့အတွက် အချိန်များစွာ မရှိတော့ပေ။

သူက ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ မဖွင့်လှစ်မီ အလယ်အလတ် ပကတိနတ်ဘုရား အလယ်အဆင့်ကို ထိုးဖောက်ရန် လိုလားနေခဲ့သည်။

"ဆရာကျန်းချန်"

ကျန်းချန် ရောက်လာသည်ကိုမြင်လျှင် အချိန်မျှော်စင်၏ အပြင်ဘက်တွင် စောင့်ကြပ်နေသော အစောင့်တစ်ဦးသည် တလေးတစားဖြင့် နှုတ်ဆက်လိုက်သည်။

ကျန်းချန်သည် တတိယမြောက် မာနနဂါးအဆင့် ဖြစ်သည့် လုံကျီကိုပင် အနိုင်ယူခဲ့သူ ဖြစ်၏။

ထို့အပြင် ကောင်းကင်နဂါးနန်းတော်တွင် အသက်ရှူကြိမ် ၃၅ ကြိမ်ကိုပင် ခံနိုင်ရည်ရှိခဲ့ပြီး မာနနဂါးအဆင့် တပည့်များထဲတွင် ပထမနေရာတွင် ရှိသည့် လုံ‌ဟောင်စန်းကိုပင် လိုက်မီခဲ့သည်။

ယခုအခါတွင် ကျန်းချန်သည် ကောင်းကင်နဂါး မြို့တော်တွင် နာမည်ကျော်တစ်ယောက် ဖြစ်နေခဲ့ချေပြီ။

သို့ဖြစ်ရာ ကောင်းကင်နဂါးမြို့တော်ရှိ အချိန်မျှော်စင်မှ အစောင့်သည် ကျန်းချန်ကို မည်ကဲ့သို့ မလေးမစား ဆက်ဆံရဲပါမည်နည်း။

ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ငါ အချိန်မျှော်စင်မှာ ကျင့်ကြံဖို့ လိုအပ်တယ်.. အချိန်မျှော်စင်မှာ ကျင့်ကြံဖို့အတွက် ငါရရှိထားတဲ့ အခမဲ့အချိန်တွေ အားလုံးကို အသုံးပြုမယ်"

"ကောင်းပါပြီ.. ဆရာကျန်းက အချိန်မျှော်စင်မှာ ကျင့်ကြံဖို့ အခမဲ့အချိန် စုစုပေါင်း ၅လရှိပါတယ်.. ဒါက ဆရာကျန်း ကျင့်ကြံဖို့အတွက် အခန်းနံပါတ်ပါ"

အစောင့်က တရိုတသေ ပြောလိုက်ပြီး ကျန်းချန်ကို တံဆိပ်ပြားတစ်ခု အလျင်အမြန်ပင် ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ကျန်းချန်က တံဆိပ်ပြားကို လှမ်းယူလိုက်ပြီးနောက်တွင် အချိန်မျှော်စင်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး သူနေထိုင်ရမည့် အခန်းထဲသို့ ဝင်ရောက်ကာ ကျင့်ကြံခဲ့သည်။

၁ရက်၊၂ရက်၊၃ရက်...

၁နှစ်၊၂နှစ်၊၃နှစ်...

ဤတစ်ကြိမ်တွင် ကျန်းချန်သည် အချိန်မျှော်စင်ထဲတွင် ၃နှစ်နီးပါး ကုန်ဆုံးခဲ့ပြီး အဆုံးသတ်တွင် အလယ်အလတ် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်ကို အောင်မြင်စွာ ထိုးဖောက်သွားခဲ့သည်။

"နောက်ဆုံးတော့ ထိုးဖောက်နိုင်ခဲ့ပြီ"

စိတ်ထဲမှ ရင်းနှီးသော စနစ်၏ အသံကိုကြားလျှင် အဆုံးသတ်တွင် ကျန်းချန်၏ မျက်နှာပေါ်၌ ရှားရှားပါးပါး အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။

အချိန်မျှော်စင်ထဲတွင် ၃နှစ် နီးပါး ကြာမြင့်ခဲ့သော်လည်း အပြင်ဘက်တွင်မူ ၄လပင် မကျော်သေးပေ။

"၁လကျော် ကျန်သေးတယ် ဆိုတော့ ဒီမှာပဲ ဆက်လက်ကျင့်ကြံဦးမယ်.. လက်ကျန် အချိန်တွေကို ဖြုန်းတီးပစ်လိုက်လို့မဖြစ်ဘူး"

သူ၏ ကျင့်ကြံခြင်းအဆင့်က အလယ်အလတ် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်ကို ထိုးဖောက်သွားသော်လည်း ကျန်းချန်သည် အချိန်မျှော်စင်ကနေ ထွက်ခွာရန် မစဥ်းစားခဲ့ပေ။

ဆိုရလျှင် အချိန်မျှော်စင်တွင် ၁လကျော် ကျင့်ကြံခြင်းသည် အပြင်ဘက်ကမ္ဘာတွင် ၁နှစ်ခန့် ကျင့်ကြံခြင်းနှင့် ညီမျှ၍ ကျန်းချန်သည် ဖြုန်းတီးရန် မလိုလားခဲ့ပေ။

သို့ရာတွင် မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားမှ သတင်းတစ်ခုကြောင့် ကျန်းချန်၏ ကျင့်ကြံမှုသည် ကြာရှည်မခံခဲ့ပေ။

ထိုသတင်းမှာ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက မကြာမီ ဖွင့်လှစ်တော့မည် ဟူသောသတင်းပင် ဖြစ်၏။

အခန်း(၁၅၈၃)ပြီး၏။

အခန်း(၁၅၈၄)

"ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက ဖွင့်လှစ်တော့မှာလား"

ကျန်းချန်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

သူက ကျင့်ကြံမှု ပြီးဆုံးသွားပြီဖြစ်ရာ အချိန်မျှော်စင်ကနေ လျင်မြန်စွာ ထွက်ခွာလာခဲ့၏။

ကျန်းချန် အချိန်မျှော်စင်ကနေ ထွက်လာသည့် အခိုက်အတန့်မှာပင် ရွှေလင်းလုံ၏ အသံသည် သူ၏စိတ်ထဲတွင် တိုက်ရိုက်ထွက်ပေါ်လာခဲ့သည်။

"ကျန်းချန်.. ကောင်းကင်နဂါးမြို့တော်ရဲ့ ဗဟိုရင်ပြင်ကို အမြန်လာခဲ့ပါ.. အမွေအနှစ်နယ်မြေ ဖွင့်လှစ်တော့မယ်.. ငါမင်းတို့ကို ရှန်လုံမြို့ဆီ ခေါ်သွားပေးမယ်"

ကျန်းချန်က တုံ့ဆိုင်းမနေတော့ပေ။

သူ၏ ပုံရိပ်က ချက်ချင်းဆိုသလိုပင် အနက်ရောင်အရိပ် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်နဂါး မြို့တော်၏ ဗဟိုရင်ပြင်ဆီသို့ ပျံသန်းသွားခဲ့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ကျန်းချန်သည် ဗဟိုရင်ပြင်သို့ ရောက်ရှိလာခဲ့၏။

ထိုအခါ ဗဟိုရင်ပြင် အလယ်တွင် ဝင့်ကြွားစွာ ရပ်နေသော လူငယ်၂ဦးကို တွေ့ရှိခဲ့သည်။

ထိုလူငယ်၂ဦးထဲမှ ၁ဦးမှာ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံပင်ရွှေရောင်နှင့် လူငယ်တစ်ဦး ဖြစ်ပြီး အားကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။။

နောက်တစ်ဦးကမူ အဖြူ‌ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချောမောသော မျက်နှာအသွင်အပြင် ရှိ၏။

ထိုလူငယ်က အပေါ်ယံကြည့်လျှင် အားနည်းသော လူငယ်တစ်ဦးဟု ထင်ရသော်လည်း သူ၏ နက်ရှိုင်းသော မျက်ဝန်းများသည် လူအများကို အလွန်အန္တရာယ်ရှိသည် ဟူသော ခံစားချက်အား ပေးစွမ်းနေခဲ့သည်။

ကျန်းချန်က ထို၂ဦးနှင့် တစ်ခါမှ မတွေ့ဖူးပေ။

သို့သော်လည်း ထို၂ဦးက မည်သူဖြစ်ကြောင်း ခန့်မှန်းရန်မှာ သူ့အတွက် မခက်ခဲခဲ့ချေ။

ထို၂ယောက်မှာ မာနနဂါးအဆင့် တပည့်များထဲတွင် ပထမနေရာ၌ ရှိသည့် လုံဟောင်စန်းနှင့် ဒုတိယနေရာ၌ ရှိသည့် လျှိုထျန်းရှင်း တို့ပင် ဖြစ်သည်။

ထို၂ယောက်မှာ သူ့အပြင် မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားကို ရရှိထားသူများလည်း ဖြစ်၏။

"လူစုံပြီဆိုတော့ ငါတို့ သွားကြစို့"

ကျန်းချန် ရောက်လာသည်ကိုမြင်လျှင် ရွှေလင်းလုံက ပြုံးကာပြောလိုက်သည်။

သို့သော် ထိုအခိုက်အတန့်မှာပင် ဒေါသတကြီး ကြုံးဝါးလိုက်သော အသံတစ်သံသည် ကောင်းကင်ယံကနေ ရုတ်တရက်ပျံ့နှံ့လာခဲ့သည်။

"ကျန်းချန် ရပ်လိုက်စမ်း"

ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး အသံလာရာဆီသို့ မော့ကြည့်လိုက်သည်။

ထိုအခါ တတိယမြောက် မာနနဂါးအဆင့် တပည့်ဖြစ်သည့် လုံကျီသည် ဗဟိုရင်ပြင် ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

"ကျန်းချန်.. မင်းဆီကနေ မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားကို ငါ ပြန်ယူမယ်လို့ ပြောခဲ့တာ မေ့နေပြီလား"

လုံကျီ၏ မျက်ဝန်းများက အလွန်တရာပင် အေးစက်နေခဲ့သည်။

"မင်းက ကျန်းချန်ဆီက မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားကို လိုချင်တယ်ဆိုရင် ငါသဘောတူမတူ အရင်မေးရမယ်"

ရွှေလင်းလုံက ရန်လိုနေသော လုံကျီကို စူးစိုက်၍ကြည့်ကာ မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။

"လုံကျီ.. မင်းက ကျန်းချန်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး.. မင်းအနေနဲ့ ပြဿနာမရှာသင့်တော့ဘူးလို့ ငါအကြံပေးချင်တယ်"

"အကြီးအကဲလင်းလုံ.. လွန်ခဲ့တဲ့၂နှစ်ကျော်က ကျွန်တော်သူ့ကို ရှုံးနိမ့်ခဲ့တာ မှန်ပါတယ်.. ဒါပေမဲ့ အခုအချိန်မှာ ရှုံးနိမ့်မယ်လို့တော့ တပ်အပ် ပြောလို့မရဘူးလေ"

လုံကျီက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ဒါက ပကတိနတ်ဘုရား နယ်ပယ်အဆင့်ရဲ့ မဟာနဂါးကျောက်စိမ်းတံဆိပ်ပြား အတွက် တိုက်ပွဲပဲ.. ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်က သူတွေ ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူး.. အကြီးအကဲက စည်းမျဥ်းတွေကို မချိုးဖောက်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်"

"လုံကျီ.. ငါက မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြား ပြိုင်ပွဲရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်မှာ မဟုတ်ဘူး"

လုံကျီ၏ စကားကိုကြားလျှင် ရွှေလင်းလုံ၏ မျက်နှာအမူအရာက ရုတ်တရက် အေးစက်သွားခဲ့သည်။

"မင်း ကျန်းချန်ကို ထပ်ပြီး စိန်ခေါ်ချင်ရင်တော့ ငါမတားတော့ဘူး.. ဒါပေမဲ့ မင်းမျက်လုံးကို ပြူးနေအောင်ဖွင့်ပြီး ကျန်းချန်ရဲ့ကျင့်ကြံခြင်းအဆင့်ကို အရင်ကြည့်လိုက်တာ ပိုကောင်းမယ်လို့ ထင်တယ်.. နောက်မှ နောင်တမရနဲ့"

ထိုစကားကိုကြားလျှင် လုံကျီက အနည်းငယ် ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်ကို ကြည့်ရှုလိုက်သည်။

ထိုအခါ ကျန်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိလျှင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာသည် သူ၏ မျက်ဝန်းတွင် ဖြစ်ပေါ်လာခဲ့သည်။

"ဒီကောင်က အလယ်အလတ် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်တောင် ရောက်သွားပြီလား.. ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လုံကျီ၏ မျက်ဝန်းများက မှုန်မှိုင်းနေခဲ့ပြီး သူ၏ မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

သူနှင့် ကျန်းချန် တိုက်ခိုက်စဥ်က ကျန်းချန်သည် အလယ်အလတ် ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်ကာစသာ ရှိသေး၏။

ယခု ၃နှစ်မျှ ကုန်ဆုံးသွားပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်ငယ် နှစ်ဆင့်ကို ထိုးဖောက်သွားခဲ့ပြီး အလယ်အလတ် ပကတိနတ်ဘုရားနှောင်းပိုင်းအဆင့်သို့ပင် ရောက်ရှိနေခဲ့သည်။

ဤသည်မှာ အရမ်းကို လွန်ကဲလွန်းနေပြီ မဟုတ်ပါလော။

သိထားရမည့်အချက်မှာ အလယ်အလတ် ပကတိနတ်ဘုရား အစောပိုင်းအဆင့်ကနေ အလယ်အလတ် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်အထိ ကျင့်ကြံရန် နှစ်၂၀၀ကနေ ၃၀၀အထိ လိုအပ်ခြင်းပင်။

"လုံကျီ မင်း ငါ့လက်ထဲက မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားကို လိုချင်ရင် အချိန်မရွေး တိုက်ခိုက်လို့ရတယ်"

ကျန်းချန်က လုံကျီကို ထီမထင်ဟန်ဖြင့် ကြည့်လိုက်ပြီး အေးအေးဆေးဆေးပင်ပြောလိုက်သည်။

လွန်ခဲ့သည့် ၂နှစ်ကျော် အကြာက အလယ်အလတ် ပကတိနတ်ဘုရား အစောပိုင်းအဆင့်မှာ ရှိနေစဥ်ကပင် သူသည် လုံကျီကို ဖိနှိပ်နိုင်ခဲ့သည် ဖြစ်ရာ ယခုအခါတွင်မူ ပြောနေစရာပင်မလိုတော့ပေ။

"မမျှော်လင့်ဘဲ ဒီ၂နှစ်ကျော် အတွင်းမှာ မင်းက ကျင့်ကြံခြင်းနယ်ပယ် အဆင့်နှစ်ဆင့်ကို ထိုး‌ဖောက်နိုင်ခဲ့တာပဲ.. ကျန်းချန်.. ဒီတစ်ကြိမ်လည်း ငါရှုံးနိမ့်ခဲ့ပြီ.. မင်းအနိုင်ရတယ်"

လုံကျီက အံ့သြထိတ်လန့်နေရာကနေ အသိစိတ် ပြန်ဝင်လာပြီးနောက်တွင် မချိပြုံး ပြုံးကာ ပြောလိုက်သည်။

တစ်ခဏအတွင်းမှာပင် သူက အတော်လေး စိတ်ဓာတ်ကျသွားခဲ့၏။

လွန်ခဲ့သော၂နှစ်အတွင်း ကျန်းချန်ကို အနိုင်ယူရန်နှင့် မဟာနဂါး ကျောက်စိမ်းတံဆိပ်ပြားကို ပြန်လည်ရရှိရန် အတွက် လုံကျီသည် သူ၏ တိုက်ခိုက်ရေးစွမ်းအားကို တိုးတက်ရန် လျှို့ဝှက်နည်းစနစ် တစ်ခုကို အထူးတလည် ကျင့်ကြံခဲ့သည်။

ထိုလျှို့ဝှက်နည်းစနစ်ကြောင့် ကျန်းချန်ကို အနိုင်ယူရန် လုံလောက်လိမ့်မည်ဟု မူလက ထင်မြင်ခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် ဤမျှ တိုတောင်းသောအချိန်အတွင်း နယ်ပယ်အဆင့်ငယ် နှစ်ဆင့်အထိ အဆင့်တက်သွားမည်ဟု သူဘယ်လိုမှ မထင်ထားခဲ့ပေ။

သူ၏ လျှို့ဝှက်နည်းစနစ်သည် တိုက်ခိုက်ရေးစွမ်းအားကို အတိုင်းအတာ တစ်ခုအထိ တိုးတက်စေနိုင်သော်လည်း နယ်ပယ်အဆင့်ငယ် နှစ်ဆင့်အထိ တိုးတက်သွားခဲ့သော ကျန်းချန်နှင့် မည်ကဲ့သို့ ယှဥ်နိုင်ပါအံ့နည်း။

ဤအခိုက်အတန့်တွင် လုံကျီသည် ကိစ္စတစ်ခုကို ရှင်းလင်းစွာ နားလည်သွားခဲ့သည်။

သူသာ ကျန်းချန်နှင့် တိုက်ခိုက်မည်ဆိုလျှင် သူ၏ကံကြမ္မာသည် လွန်ခဲ့သော၂နှစ်ကထက် ပို၍ ဆိုးရွားသွားလိမ့်မည်ဖြစ်၏။

ကောင်းကင်နဂါးမြို့တော်တွင် နှစ်၃၀၀၀ကြာ အပတ်တကုတ် ကြိုးစားပြီး အဆုံးသတ်တွင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်မည့်အချိန်ကို သူက စောင့်ဆိုင်းခဲ့သည်။

အကြောင်းရင်းမှာ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေသည် သူ့အတွက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို တက်လှမ်းနိုင်မည့် အခွင့်အရေး တစ်ခုဟု ထင်မြင်ခဲ့သောကြောင့်ပင်။

သို့သော်လည်း ကျန်းချန်ကဲ့သို့ ကြောက်မက်ဖွယ် ပါရမီရှင်တစ်ဦးက ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး သူ၏ နေရာကို ဝင်ယူသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကျန်းချန်ကဲ့သို့ မွန်းစတားတစ်ဦးနှင့် တစ်ခေတ်တည်းတွင် ပေါ်ထွက်လာခြင်းကပင် သူ့အတွက် အလွန်တရာ ဆိုးရွားသော ကံကြမ္မာ ဖြစ်နေခဲ့၏။

"သွားကြစို့"

ရွှေလင်းလုံက စိတ်ဓာတ်ကျနေသော လုံကျီကို ကရုဏာသက်စွာ ကြည့်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို သူ၏ လက်ဖဝါးကို ဝှေ့ယမ်းကာ ကျန်းချန်တို့ ၃ဦးကို ကောင်းကင်ထဲသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။

ရွှေလင်းလုံ၏ ဦးဆောင်မှုအောက်တွင် သူတို့၃ဦးသည် ကောင်းကင်နဂါးမြို့တော် အထက်ရှိ အဆုံးမဲ့ ကြယ်တာရာကောင်းကင် ဆီသို့ ရောက်ရှိသွားခဲ့သည်။

အချိန်မည်မျှကြာသွားသည်ကို မသိရပေ။

ကြယ်တာရာကောင်းကင်၏ နက်ရှိုင်းသောနေရာတွင် ရှေးခေတ်သားရဲတစ်ကောင် တွားသွားနေသကဲ့သို့ မြို့တစ်မြို့သည် အဆုံးသတ်တွင် ကျန်းချန်တို့၏ မြင်ကွင်း၌ ပေါ်လာခဲ့သည်။

ထိုမြို့တော်ကို မြင်သည်နှင့် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ မြို့တော်၃မြို့ထဲမှ အဓိကမြို့တော် ဖြစ်သော ရှန်လုံမြို့တော်ဖြစ်ရမည်ဟု စဥ်းစားနေစရာမလိုဘဲ ကျန်းချန် ချက်ချင်း သိခဲ့သည်။

ရွှေလင်းလုံက ကျန်းချန်တို့ကို ရှန်လုံမြို့ထဲသို့ ခေါ်ဆောင်သွားခဲ့ခြင်းမရှိဘဲ ရှန်လုံမြို့၏ အထက်တွင် ပျံဝဲနေသော အပြာရောင် နန်းတော် တစ်ခုဆီသို့ တိုက်ရိုက်ပင် ခေါ်ဆောင်သွားခဲ့၏။

ရှန်လုံမြို့၏ အထက်မှ စိမ်းပြာရောင် နန်းတော်သည် အပြာရောင် နတ်အလင်းများဖြင့် တောက်ပနေခဲ့သည်။

ထိုနန်းတော်က လျှို့ဝှက်ဆန်းကြယ်ပြီး ခမ်းနားသော ထာဝရအရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။

ဤအခိုက်အတန့်တွင် စိမ်းပြာရောင် နန်းတော်၏ အရှေ့ရှိနေရာလွတ်တွင် လူ၁၀ယောက် ရှိနေခဲ့သည်။

ထို ၁၀ယောက်ထဲတွင် ကျန်းချန်နှင့် အလွန်တရာ ရင်းနှီးသောပုံရိပ် နှစ်ခုလည်း ပါဝင်ခဲ့၏။

၎င်းတို့မှာ သူ နှစ်အနည်းငယ်ကြာ မတွေ့ခဲ့ရသော ရှေးဟောင်းနဂါးမျိုးနွယ်စု၏ တတိယပုဂ္ဂိုလ်ဖြစ်သည့် အကြီးအကဲချုပ်လုံကျန့်ရှင်းနှင့် ဖန်းချင်းယွမ်တို့ပင် ဖြစ်သည်။

"အကြီးအကဲလုံ၊ အကြီးအကဲဖန်း ကောင်းကင်နဂါးမြို့တော်က တပည့်၃ယောက်ကို ကျွန်မ ခေါ်လာခဲ့ပါပြီ"

ရွှေလင်းလုံက ကျန်းချန်တို့ ၃ယောက်ကို လုံကျန့်ရှင်း၏ ရှေ့သို့ ခေါ်ဆောင်လာပြီးနောက်တွင် တရိုတသေ ပြောလိုက်သည်။

"ဒါက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ ခေါင်းဆောင်ပြီးရင် ရာထူးအကြီးဆုံး ပုဂ္ဂိုလ်နှစ်ယောက်ပဲ.. မင်းတို့တွေ ဂါဝရပြုလုပ်ပါဦး"

"ငါက အခုအချိန်မှာ ကမ္ဘာ့စွမ်းအား ပျက်စီးနေတဲ့ အဘိုးအို တစ်ယောက်ပါပဲ...မင်းတို့တွေ ဂါဝရပြုစရာ မလိုပါဘူး"

ဖန်းချင်းယွမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ ညင်သာစွာပြုံး၍ ပြောလိုက်သည်။

"မင်းတို့အနေနဲ့ ငါ့ကို ရှေးဟောင်းနဂါးမျိုးနွယ်စုက သာမန် အဘိုးအိုတစ်ယောက်လို့ သဘောထားလိုက်ရင် ရပါပြီ"

"ဟားဟား ရွှေလင်းလုံ.. ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက မကြာခင် ဖွင့်လှစ်တော့မယ်.. မင်းက ဘာလို့ ကလေးတွေကို အပိုတွေ လုပ်ခိုင်းနေတာလဲ"

လုံကျန့်ရှင်းက ရယ်မောလိုက်ပြီး ကျန်းချန်တို့ ၃ယောက်ကိုကြည့်ကာ ပြောလိုက်သည်။

"ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို ဝင်ရောက်ခွင့်ရတာက မင်းတို့အတွက် တစ်သက်မှာ တစ်ခါသာ ရရှိမဲ့ အခွင့်အရေးပဲ မင်းတို့အနေနဲ့ ဒီအခွင့်အရေးကို အပြည့်အဝ အသုံးချရမယ်"

"ဟုတ်ကဲ့ပါ"

ကျန်းချန်တို့၃ယောက်က တလေးတစား ပြန်ဖြေလိုက်ပြီး နံဘေးတွင်ရပ်ကာ ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်မည့် အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

အခန်း(၁၅၈၄)ပြီး၏။

၁၅၉၀)ပြီး၏။

All Chapters