← Chapters

အခန်း (၁၅၈၅-၁၅၈၇)

Vol. 106 Ch. 1585-1587

အခန်း (၁၅၈၅-၁၅၈၇)

Vol. 106 Ch. 1585-1587

အခန်း(၁၅၈၅)

စောင့်ဆိုင်းနေရင်း ကျန်းချန်သည် ဖန်းချင်းယွမ် ဆီသို့ လှမ်းကြည့်လိုက်သည်။

"အကြီးအကဲဖန်း ကျွန်တော်တို့ ပြန်တွေ့ကြပြီ"

"ဟားဟား အချိန်တိုအတွင်းမှာ ငါတို့၂ယောက် တစ်ယောက်ကို တစ်ယောက် ပြန်ဆုံတွေ့ကြမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"

ဖန်းချင်းယွမ်၏ ပေါ့ပါးသော ရယ်မောသံက ကျန်းချန်၏ နားထဲကို ဝင်ရောက်လာခဲ့သည်။

"အကြီးအကဲဖန်း.. ကျန်းချန်က အကြီးအကဲဖန်းကို အမြဲတမ်းကျေးဇူးတင်နေတာပါ.. အကြီးအကဲ လုံကျန့်ရှင်းထံကနေ အကြီးအကဲဖန်းနဲ့ ပတ်သက်ပြီး ပြောတာကို ကြားခဲ့ရတယ်.. စိတ်မပူပါနဲ့.. ကျွန်တော် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲကို ဝင်ရောက်တဲ့အခါ ကမ္ဘာ့စွမ်းအားကို ပြန်လည်ရရှိစေမဲ့ ရတနာကို ရှာဖွေပြီး အကြီးအကဲကို ထိပ်ဆုံးအထိ ပြန်လာနိုင်ဖို့အတွက် အကူအညီပေးပါမယ်"

ကျန်းချန်က အလေးအနက်ပင် ပြောလိုက်သည်။

သူက ဖန်းချင်းယွမ်နှင့် လုံကျန့်ရှင်း တို့ကို အမြဲတစေကျေးဇူးတင်ခဲ့၏။

ဖန်းချင်းယွမ်သာ မရှိခဲ့လျှင် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ အကြီးအကဲ၏ ထောက်ခံမှုဖြင့် မြေကမ္ဘာနဂါး မြို့တော်သို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

နတ်ဘုရင်အဆင့် နည်းစနစ်ဖြစ်သည့် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်နှင့် ထိုနည်းစနစ်ထံမှ အကျိုးကျေးဇူးများကို ရရှိဖို့မှာ ပို၍ပင် မဖြစ်နိုင်ချေ။

ထိုအရာများသာ မရှိခဲ့လျှင် ကျန်းချန်တွင် စနစ် ရှိနေလျှင်ပင် ၁နှစ်ကျော်အတွင်း ကောင်းကင်နဂါးစာရင်း၏ အဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ်အဖြစ် ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

ဤနှစ်တွေအတွင်း ကောင်းကင်နဂါး မြို့တော်တွင် လုံကျန့်ရှင်းနှင့် ဖန်းချင်းယွမ် တို့၏ လျှို့ဝှက် အကူအညီသာ မရခဲ့လျှင် ယခု သူရောက်ရှိနေသော နေရာအထိ ချောချောမွေ့မွေ့ကြီးထွားရန်မှာ မဖြစ်နိုင်ပေ။

ယခုတစ်ခေါက်တွင်လည်း သူသည် ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေကို ဝင်ရောက်ရန် ဝင်ခွင့် တစ်နေရာကို ရရှိခဲ့သည်။

"ငါနဲ့ကျန့်ရှင်းက မင်းကို အကူအညီတွေ ပေးခဲ့တယ်ဆိုပေမဲ့ နှစ်အနည်းငယ်အတွင်း ဒီအဆင့်အထိ ရောက်လာဖို့က မင်းအပေါ်မှာပဲ အရာအားလုံး မူတည်နေတာပါ.. မင်းလို ပါရမီရှင်တစ်ယောက်ကို ရှေးဟောင်းနဂါး မျိုးနွယ်စုဆီ ခေါ်လာနိုင်ခဲ့တာက ငါ့အတွက်လည်း ကံကောင်းပါတယ်.. အနာဂတ်မှာ ရှေးဟောင်းနဂါး မျိုးနွယ်စုက မင်းအပေါ်မှာ မှီခိုဖို့အချိန်တွေ ရှိလာနိုင်တယ်.. ငါ့အတွက်ကတော့ အရာအားလုံး အဆင်ပြေပါတယ်"

"ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေမှာက အခက်အခဲ အကျပ်အတည်းတွေ အများကြီး ပြည့်နှက်နေတယ်.. နယ်မြေနတ်ဘုရား အဆင့်တွေတောင် ကျဆုံးနိုင်တဲ့ အန္တရာယ်ရှိတယ် မင်းအနေနဲ့ အသက်စွန့်ရလောက်တဲ့ အထိတော့ အတင်းအကျပ် မလုပ်ပါနဲ့.. ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ မဖွင့်ခင် အချိန်အနည်းငယ် ကျန်သေးတယ် ငါမင်းကို ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေနဲ့ ပတ်သက်ပြီး အချက်အလက်တချို့ ပြောပြမယ်.. ဒါက မင်းကို အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ထို့နောက်တွင် ဖန်းချင်းယွမ်သည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေနှင့် ပတ်သက်သည့် အကြောင်းအရာများကို ကျန်းချန်အား အသိပေးလိုက်သည်။

အလွယ်တကူ ဝင်ရောက်၍ မရနိုင်သည့် ရှေးဟောင်းနဂါးအမွေအနှစ်နယ်မြေမှ တားမြစ်နေရာများ အပါအဝင် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ရရှိခဲ့သည့် နေရာကိုလည်း ဖန်းချင်းယွမ်က ပြောပြခဲ့သည်။

ထိုနည်းစနစ်က နတ်ဘုရင်အဆင့် နည်းစနစ် ဖြစ်၍ နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ အမွေအနှစ် ချန်ရစ်ထားသောနေရာ ဖြစ်နိုင်သည်ဟု တွေးမိကာ ကျန်းချန်၏ နှလုံးသားထဲတွင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို ဝင်ရောက်လိုစိတ်များ ပို၍ပင် တောင့်တလာခဲ့သည်။

သူက စနစ်၏ စွမ်းအားဖြင့် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့၍ ပြီးပြည့်စုံသော ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ရှာဖွေရန် မလိုအပ်တော့ပေ။

သို့သော်လည်း နတ်ဘုရင်အဆင့် ကျင့်ကြံသူ၏ အမွေကို ဆက်ခံနိုင်ခြင်းသည် အလွန်ပင် မက်မောလောက်စရာ အခွင့်အရေး ဖြစ်သည်။

ဤကမ္ဘာပေါ်တွင် မည်သို့သောသူက နတ်ဘုရင်အဆင့် အမွေအနှစ်၏ သွေးဆောင်မှုကို တွန်းလှန်နိုင်ပါမည်နည်း။

"ကျန်းချန် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲကို ဝင်ရောက်ပြီးရင် အန္တရာယ်တွေကို အထူးသတိထားရမယ်.. ဒါ့အပြင် ငါတို့ ရှေးဟောင်းနဂါးမျိုးနွယ်စုမှာ ငါ့အပေါ် မလိုလားတဲ့ သူတစ်ယောက်ရှိတယ်.. အဲဒီလူက ငါ ကမ္ဘာ့စွမ်းအားကို ပြန်လည်ရရှိပြီး အထွတ်အထိပ် အခြေအနေအထိ ရောက်ရှိသွားမှာကို မလိုလားပုံရတယ်.. သူက ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေထဲမှာ မင်းကို သတ်ဖြတ်ဖို့ အစီအစဥ်ဆွဲထားမှာ အသေအချာပဲ"

ဖန်းချင်းယွမ်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ၏ အချက်အလက်များကို ကျန်းချန်အား ပြောပြခဲ့ပြီးနောက်တွင် ရုတ်တရက် သတိပေးလိုက်သည်။

ကျန်းချန်က စိတ်နှလုံးထဲတွင် တုန်လှုပ်သွားခဲ့ပြီး မေးခွန်းထုတ်လိုက်သည်။

"အဲဒီလူက ဘယ်သူလဲ"

"သူက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ စတုတ္ထမြောက် ပုဂ္ဂိုလ်ပဲ.. ဟိုဘက်က အနီရောင် အဝတ်အစားကို ဝတ်ဆင်ထားတဲ့ ဆံပင်အနီရောင်နဲ့ ကောင်လေးကို တွေ့လား.. အဲဒါက သူ့ရဲ့တပည့် ကျွမ်းရှန့်ယန်ပဲ.. ကျွမ်းရှန့်ယန်က နဂါးအစောင့်အရှောက်တွေ ထဲမှာ ဒုတိယနေရာမှာ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်တယ်"

"သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ် နယ်ပယ်ကို ရောက်ရှိနေခဲ့ပြီ.. ဒါ့အပြင် မီးလမ်းစဥ် ဥပဒေသရဲ့ မူလစွမ်းအားကိုလည်း အတော်လေးမြင့်မားတဲ့အဆင့် အထိ နားလည်သဘောပေါက်နေခဲ့ပြီ.. သူက ကောင်းကင်နတ်ဘုရား အဆင့်နဲ့ သိပ်မဝေးတော့ဘူး"

ထိုစကားကိုကြားလျှင် ကျန်းချန်သည် ပုံရိပ်၇ခုကို မကြည့်ဘဲ မနေနိုင်တော့ပေ။

သူ၏ ရှေ့မှ လူ၇ယောက်သည် ရှန်လုံမြို့၏ ဝင်ခွင့်နေရာ ၇နေရာကို သိမ်းပိုက်ထားသော လူ၇ယောက် ဖြစ်သည်။

၎င်းတို့အားလုံးသည် အလွန်အစွမ်းထက်သော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။

အထူးသဖြင့် ကျွမ်းရှန့်ယန်နှင့် ဓားတစ်လက်ကို ကိုင်ကာ ရပ်နေသော ခရမ်းရောင်ဝတ်စုံဝတ် လူတစ်ဦးသည် ကျန်းချန်ကို အလိုလိုနေရင်း အန္တရာယ်ဟူသော ခံစားချက်အား ခံစားရစေခဲ့သည်။

"ဒါက ရှန်လုံမြို့က အဆင့်မြင့် ပကတိနတ်ဘုရားအဆင့် ထိပ်တန်းတပည့်တွေရဲ့ စွမ်းအားလား.. တကယ်ကိုအားကောင်းတာပဲ"

ကျန်းချန်၏ နှလုံးသားက အနည်းငယ် အေးစက်နေခဲ့သည်။

သူက ရှေးဟောင်းနဂါး မျိုးနွယ်စု၏ နဂါးအစောင့်အရှောက်များကို အတိုင်းအတာတစ်ခု အထိ နားလည်ခဲ့သည်။

ကောင်းကင်နဂါးမြို့မှ တပည့်တစ်ဦးသည် ကောင်းကင်နဂါးမြို့တော်တွင် တပည့်အဖြစ် ကျင့်ကြံရန်အတွက် ရရှိသော အချိန်သည် အများဆုံး နှစ်၅၀၀၀သာ ရှိ၏။

ထိုနှစ်၅၀၀၀ အတွင်း ကောင်းကင်နဂါးမြို့တော်မှ တပည့်များသည် နဂါးအစောင့်အရှောက် ရာထူးအတွက် အချိန်မရွေး စမ်းသပ်နိုင်ကြပြီး အောင်မြင်သူများသည် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ နဂါးအစောင့်အရှောက်များ ဖြစ်လာနိုင်ကြသည်။

နှစ်၅၀၀၀ အတွင်း နဂါးအစောင့်အရှောက် မဖြစ်ခဲ့လျှင်မူ ကောင်းကင်နဂါးမြို့ကနေ ထွက်ခွာရမည် ဖြစ်၏။

နဂါးအစောင့်အရှောက်အဖြစ် စစ်ဆေးမှုတွင် ကောင်းကင်နဂါး အစောင့်အရှောက် စစ်ဆေးမှုနှင့် ရှန်လုံမြို့အစောင့်အရှောက် စစ်ဆေးမှုအဖြစ် ခွဲခြားထားသည်။

ကောင်းကင်နဂါး အစောင့်အရှောက် စစ်ဆေးမှုကို အောင်မြင်လျှင် ကောင်းကင်နဂါး အစောင့်အရှောက် ဖြစ်လာနိုင်ပြီး ကောင်းကင်နဂါးမြို့တော်တွင် ထာဝရနေထိုင်နိုင်မည် ဖြစ်၏။

ရှန်လုံမြို့ အစောင့်အရှောက် စစ်ဆေးမှုကို အောင်မြင်လျှင်မူ ရှန်လုံမြို့၏ နဂါးအစောင့်အရှောက် ဖြစ်လာနိုင်ပြီး ရှန်လုံမြို့တွင် နေထိုင်နိုင်မည့် အခွင့်အရေးကို ရရှိမည် ဖြစ်သည်။

မှန်ပါသည်။အကယ်၍ သင်က နှစ် ၅၀၀၀ အတွင်း ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်လာနိုင်လောက်သည် အထိ ပါရမီရှိခဲ့လျှင် နဂါး အစောင့်အရှောက် စစ်ဆေးမှုကို ပါဝင်ရန် မလိုအပ်တော့ပေ။

ဆိုရလျှင် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူများသည် မည်သည့် စစ်ဆေးမှုကိုမှ ပြုလုပ်စရာ မလိုဘဲ ရှန်လုံမြို့သို့ တိုက်ရိုက် ရာထူးတိုးနိုင်မည် ဖြစ်သည်။

သို့ရာတွင် ပကတိနတ်ဘုရားများ အတွက် ကောင်းကင်နတ်ဘုရားအဆင့်ကို ထိုးဖောက်ရန်မှာ မလွယ်ကူပေ။

ရှေးဟောင်းနဂါး မျိုးနွယ်စု၏ နှစ်သန်းပေါင်းများစွာ သမိုင်းမှာပင် နှစ်၅၀၀၀ အတွင်း ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်သူ အနည်းငယ်သာ ရှိခဲ့၏။

ထို့အပြင် ထိုလူအနည်းငယ်သည် ကောင်းကင်နဂါးမြို့တော်တွင် ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့ကြခြင်း မဟုတ်ပေ။

သူတို့က ရှန်လုံမြို့သို့ ရှန်လုံမြို့၏ နဂါး အစောင့်အရှောက်အဖြစ် ရာထူးတိုးမြှင့် ခံရပြီးမှသာလျှင် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ကြခြင်း ဖြစ်သည်။

ရှန်လုံမြို့သည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ အဓိကမြို့တော် ဖြစ်၏။

ရှေးဟောင်းနဂါး ကုန်းမြေတစ်ခုလုံးတွင် အကောင်းဆုံး ပတ်ဝန်းကျင်နှင့် ကျင့်ကြံခြင်း အရင်းအမြစ်များ ရှိသော နေရာလည်း ဖြစ်၏။

ရှန်လုံမြို့တွင် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်ရန်သည် ကောင်းကင်နဂါးမြို့တော်ထက် များစွာလွယ်ကူ၏။

သူ၏ ရှေ့မှ နဂါးအစောင့်အရှောက် ၇ယောက်သည် ရှန်လုံမြို့၏ နဂါး အစောင့်အရှောက်များထဲတွင် အစွမ်းအထက်ဆုံး နဂါးအစောင့်၇ယောက် ဖြစ်သည်။

ကျန်းချန်က သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ယုံကြည်မှုရှိနေလျှင်ပင် သူ၏ ရှေ့ရှိ လူ၇ယောက်နှင့် ရင်ဆိုင်ရလျှင် သတိထား၍ ရင်ဆိုင်ရမည် ဖြစ်၏။

ကျန်းချန်က နဂါးအစောင့်အရှောက် ၇ယောက်ကို အကဲခတ်နေစဥ်မှာပင် စိမ်းပြာရောင်နန်းတော်တွင် ရုတ်တရက် စွမ်းအင်လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မကြာမီမှာပင် စိမ်းပြာရောင်နန်းတော်၏ ရှေးဟောင်းတံခါးသည် ဖြည်းဖြည်းချင်း ပွင့်လာသည်ကို အားလုံးက တွေ့လိုက်ရ၏။

တံခါးထဲတွင် အလင်းများဖြင့် လွှမ်းခြုံနေသည်ကိုပါ ကျန်းချန်က တွေ့ရှိခဲ့၏။

ထိုအချိန်မှာပင် အတွင်းဘက်ကနေ ရုန့်ရင်းသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

"ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ ဖွင့်လှစ်ပြီ.. အထဲကိုမြန်မြန်ဝင်ကြတော့"

စိမ်းပြာရောင်နန်းတော်၏ တံခါးပွင့်လာသည်ကို မြင်သည်နှင့် လုံကျန့်ရှင်းသည် ကျန်းချန်တို့ ၁၀ယောက်ကို ချက်ချင်းပင် အော်ဟစ် သတိပေးလိုက်သည်။

လုံကျန့်ရှင်း၏ စကားသံ ဆုံးသည်နှင့် နဂါး အစောင့်အရှောက် ၇ယောက်သည် ချက်ချင်းဆိုသလိုပင် စိမ်းပြာရောင် နန်းတော်ထဲသို့ ဝင်ရောက်သွားခဲ့ကြ၏။

ထိုမြင်ကွင်းကို မြင်လျှင် လုံဟောင်စန်းနှင့် လျှိုထျန်းရှင်းတို့သည်လည်း ထို၇ယောက်၏ နောက်သို့ လိုက်ကာ စိမ်းပြာရောင်နန်းတော် ဆီသို့ ဝင်ရောက်သွားခဲ့သည်။

"ရှေး‌‌ဟောင်းနဂါး အမွေအနှစ်နယ်မြေ ငါကျန်းချန် ရောက်လာပြီကွ"

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီးနောက်တွင် လျင်မြန်စွာ ပျံသန်း၍ စိမ်းပြာရောင် နန်းတော်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

အခန်း(၁၅၈၅)ပြီး၏။

အခန်း(၁၅၈၆)

ကျန်းချန်က စိမ်းပြာရောင်နန်း‌တော်၏ တံခါးထဲသို့ ဝင်ရောက်ပြီးနောက်တွင် နေရာလွတ်စွမ်းအား ထဲ၌ နစ်မြုပ်သွားခဲ့ပြီး ရှေးဟောင်းသစ်တော တစ်ခုတွင် ထွက်ပေါ်လာခဲ့သည်။

သူက ပတ်ဝန်းကျင်တွင် ရှေးဟောင်းနဂါး ကုန်းမြေထက် ပိုမိုသန့်ရှင်းစင်ကြယ်သော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များကို ခံစားမိလိုက်သည်။

"ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. ဒီနေရာရဲ့ စွမ်းအင်ကြွယ်ဝမှုက ရှေးဟောင်းနဂါး ကုန်းမြေထက် အနည်းဆုံး ၃၀ရာခိုင်နှုန်း ပိုများတယ်"

ကျန်းချန်က စိတ်နှလုံးထဲတွင် တအံ့တသြ ရေရွတ်လိုက်ပြီး သူ၏ ဝိညာဥ်အသိစိတ်အာရုံကို ထုတ်ဖော်ကာ ပတ်ဝန်းကျင်ကို စတင် အကဲခတ်လိုက်သည်။

ထိုအခါ မလှမ်းမကမ်းရှိ သစ်ပင်ထူထပ်သော နေရာမှ ဧရာမအနက်ရောင် အရိပ်တစ်ခုသည် ကြောက်မက်ဖွယ် စွမ်းအင်များကို သယ်ဆောင်ကာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာသည်ကို သတိပြုမိခဲ့သည်။

ကျန်းချန်က အသေအချာ အကဲခတ်လိုက်ရာ ထိုဧရာမ အနက်ရောင်အရိပ်က ကျားတစ်ကောင် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ထိုအနက်ရောင်ကျားက အလွန်ပင်ကြီးမားပြီး ပေ၁၀၀ခန့် မြင့်မားသည်။

အနက်ရောင်ကျား၏ ခြေလှမ်းတိုင်းတွင် မြေပြင်က တုန်ခါနေခဲ့၏။

ထိုအနက်ရောင်ကျား၏ အရှိန်အဝါသည် အဆင့်မြင့်ပကတိနတ်ဘုရား အဆင့်ထက် လုံးဝ မနိမ့်ကျ‌ပေ။

"ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက တကယ်ကို အန္တရာယ်ရှိတာပဲ.. ဒီထဲကို ရောက်လာတာနဲ့ အဆင့်မြင့် ပကတိနတ်ဘုရားတစ်ပါးနဲ့ နှိုင်းယှဥ်နိုင်တဲ့ သားရဲတစ်ကောင်နဲ့မှ တည့်တည့်တိုးမိတယ်"

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

သူက အနက်ရောင်ကျားဆီသို့ ရည်ရွယ်ကာ သူ၏လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတစ်ခုက ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းဆိုသလိုပင် အနက်ရောင်ကျား၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့သည်။

ထို့နောက်တွင် အနက်ရောင်ကျား၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။

အနက်ရောင်ကျား၏ စွမ်းအားသည် အဆင့်မြင့် ပကတိ နတ်ဘုရားအဆင့်နှင့် နှိုင်းယှဥ်နိုင်သော်လည်း ဤအဆင့်၏ စွမ်းအားသည် ကျန်းချန်ကို မည်သည့်အန္တရာယ်မှ မပေးနိုင်တော့ပေ။

"ဒီအနက်ရောင်ကျားမှာ အဆင့်မြင့် ပကတိနတ်ဘုရားနဲ့ နှိုင်းယှဥ်နိုင်တဲ့ စွမ်းအားရှိနေတယ် ဆိုတော့ တကယ်ကို ကြောက်စရာပဲ.. ဒီကျားက အသွင်ပြောင်းအဆင့်ကို မရောက်ရှိသေးတဲ့အပြင် ဥာဏ်အလင်းပွင့်တဲ့ အခြေအနေကိုလည်း မရောက်ရှိသေးတဲ့ပုံပဲ"

ဓားတစ်ချက်တည်းဖြင့် အနက်ရောင်ကျားကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းထဲ၌ ထူးဆန်းသောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရှန်းဝူတိုက်မှ သားရဲ အများအပြားသည် သိုင်းသခင်နယ်ပယ်အဆင့်တွင် ဥာဏ်အလင်းများ ပွင့်လာကြပြီး စကားများပင် ပြောဆိုနေကြပြီ ဖြစ်သည်။

နတ်ဝိညာဥ်အဆင့်သို့ရောက်လျှင် အသွင်ပြောင်းအဆင့်ကိုပင် ပိုင်ဆိုင်နေကြပြီဖြစ်၏။

ဆိုရလျှင် ဤရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲမှ သားရဲသည် ရှန်းဝူတိုက်ကြီး၏ သားရဲများထက် စွမ်းအားပို၍ ကောင်းမွန်သော်လည်း ဥာဏ်ရည်ကမူ အတော်လေး နိမ့်ပါးနေခဲ့သည်။

ထို့နောက်တွင် ကျန်းချန်က အနက်ရောင်ကျားနှင့် ပတ်သက်သည့် အတွေးများကို ရပ်တန့်လိုက်ပြီး အနက်ရောင်ကျား၏ ခန္ဓာကိုယ် ဆီသို့ လျှောက်လှမ်းလာခဲ့သည်။

ဤအနက်ရောင်ကျားက အဆင့်မြင့် ပကတိနတ်ဘုရားတစ်ပါးနှင့်ပင် နှိုင်းယှဥ်နိုင်သော သားရဲတစ်ကောင် ဖြစ်ရာ ၎င်းထံမှ သားရဲအမြုတေသည် တန်ဖိုးကြီးမားသဖြင့် ကျန်းချန်က စုဆောင်းရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း ကျန်းချန်က သားရဲအမြုတေကို စုဆောင်းတော့မည့် အချိန်မှာပင် အန္တရာယ်ရှိသော ခံစားချက်ကို ရုတ်တရက် ခံစားမိလိုက်၏။

သူက ရုတ်တရက် လှည့်ကြည့်လိုက်ရာ တောက်ပသော အနီရောင် ဓားအလင်းသည် ပေထောင်ချီ နေရာလွတ်ကို ထိုးဖောက်ကာ ချက်ချင်းဆိုသလို သူနှင့် ၃ပေအောက် အကွာတွင် ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။

သူ၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး လက်ချောင်းမှ ဓားအလင်းဖြင့် ပစ်ခတ်လိုက်ရာ အနီရောင်ဓားအလင်းကို တိုက်ရိုက်ပင် ထိမှန်သွားခဲ့ပြီး လုံးဝပင် ကြေမွသွားစေခဲ့သည်။

"ဘယ်သူလဲ ထွက်လာခဲ့စမ်း"

အနီရောင်ဓားအလင်းကို ဖျက်ဆီးပြီးနောက်တွင် ကျန်းချန်၏ အေးစက်စက် အသံသည် တိတ်ဆိတ်နေသော သစ်တောထဲတွင် ချက်ချင်း ဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

ကျန်းချန်၏ စကားဆုံးသည်နှင့် ဓားရှည်ကို ကိုင်ဆောင်ထားသော အနီရောင်ဝတ်စုံဝတ် အမျိုးသမီး တစ်ဦးသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ထွက်ပေါ်လာခဲ့သည်။

"အခြားနယ်မြေက ကျင့်ကြံသူများလား"

ရုတ်တရက် ထွက်ပေါ်လာသော အနီရောင်ဝတ်စုံဝတ် အမျိုးသမီးကို မြင်လျှင် ကျန်းချန်သည် စိတ်ထဲကနေ ရေရွတ်လိုက်သည်။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ မဝင်ရောက်ခင် ကျန်းချန်သည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေက ရှေးဟောင်းနဂါး မျိုးနွယ်စု တစ်ခုတည်းက ဖွင့်လှစ်၍ရသည့် အရာမဟုတ်မှန်း သိရှိခဲ့သည်။

သို့ရာတွင် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲ ဝင်ရောက်ပြီး သိပ်မကြာခင်မှာပင် အခြားသော နယ်မြေမှ ပါရမီရှင်နှင့်တွေ့ဆုံရလိမ့်မည်ဟု ကျန်းချန် မမျှော်လင့်ထားခဲ့ပေ။

"ရှင်က အတော်အားကောင်းတာပဲ.. ကျွန်မချီးကျူးပါတယ်"

အနီရောင်ဝတ်စုံဝတ် အမျိုးသမီးက ကျန်းချန်ကို ဂါဝရပြုကာ တောင်းပန်သောလေသံဖြင့် ပြောလိုက်သည်။

"ရှင့်ကို တောင်းပန်ပါတယ်.. ဒီနေရာမှာ သားရဲရှိတယ် ဆိုတာ ကျွန်မ ခံစားမိခဲ့လို့ တိုက်ခိုက်မိခဲ့တာပါ.. ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"ရပါတယ် ဒါက နားလည်မှု လွဲသွားတာပဲ"

ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

ထိုအမျိုးသမီးက သားရဲ၏ တည်ရှိမှုကိုပင် ခံစားနိုင်သည့်အတွက် သူ့ကို သတိမထားမိသည်မှာ မဖြစ်နိုင်ပေ။

ဆိုရလျှင် ထိုအမျိုးသမီး၏ လှုပ်ရှားမှုသည် သူ့ကို သတ်ဖြတ်ရန် ရည်ရွယ်ခဲ့ခြင်းပင် ဖြစ်သည်။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေသည် အန္တရာယ်များနှင့် ပြည့်ကျပ်နေ၍ ဤနေရာသို့ ဝင်ရောက်ခဲ့သော ရှေးဟောင်းနဂါး မျိုးနွယ်စုမှ ကျင့်ကြံသူများကိုပင် ကျန်းချန်သည် အလွယ်တကူ ယုံကြည်မည် မဟုတ်ပေ။

သို့ဖြစ်ရာ သူ၏ ရှေ့ရှိ အခြားသော နယ်မြေမှ အမျိုးသမီး ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။

သို့သော်လည်း ကျန်းချန်က အနီရောင်ဝတ်စုံဝတ် မိန်းကလေးလောက်ကို ဂရုမစိုက်ခဲ့ပေ။

ထိုအမျိုးသမီး၏ စွမ်းအားသည် လုံကျီ၏ အဆင့်တွင်သာရှိ၏။

ထို့အပြင် ကျန်းချန်သည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေတွင် ရန်သူတစ်ယောက် တိုးလာမည်ကို မလိုလားပေ။

ထိုအမျိုးသမီးက စတင်၍ တောင်းပန်ခဲ့သည့် အတွက် ကျန်းချန်က ထိုကိစ္စကို မရိပ်မိသလိုပင် နေပေးလိုက်သည်။

"ဒီက မိတ်ဆွေ.. ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေမှာ အန္တရာယ်တွေ အများကြီးပဲ.. ရှင်နဲ့ ကျွန်မက နယ်မြေတစ်ခုတည်းက မဟုတ်ပေမဲ့လည်း အတူတူ လုပ်ဆောင်နိုင်ပါတယ်.. ရှင် ကျွန်မနဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားသလားဆိုတာ ကျွန်မသိချင်တယ်"

ထိုစကားကို ပြောဆိုနေစဥ်တွင် အနီရောင်ဝတ်စုံဝတ် အမျိုးသမီး၏ မျက်ဝန်းထဲ၌ အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။

အစောပိုင်းက သူမသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်က အလယ်အလတ် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်တွင်သာ ရှိသည်ကို မြင်ပြီး အမှောင်ရိပ်ထဲကနေ တမင်တကာ လုပ်ကြံခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကျင့်ကြံခြင်းအဆင့် မမြင့်မားသော်လည်း တိုက်ခိုက်ရေး စွမ်းရည်တွင် သူမထက် နိမ့်ကျခြင်း မရှိပေ။

သူမ တစ်ယောက်တည်း ဆိုလျှင် ထိုအနက်ရောင်ဝတ်စုံဝတ် ကောင်လေး၏ ပြိုင်ဘက် လုံးဝ ဖြစ်နိုင်မည်မဟုတ်ပေ။

ကံကောင်းစွာဖြင့် သူမသည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေသို့ ဝင်ရောက်ရာတွင် စီနီယာအစ်ကိုတစ်ဦးနှင့် ဝင်ရောက်ခဲ့ပြီး ထိုစီနီယာအစ်ကိုသည် လမ်းတစ်ဝက်တွင် ရောက်ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် သူမက ဤလူကို တောင်းပန်ပြီး အခြေအနေကို အရင် ငြိမ်သက်အောင် ထိန်းသိမ်းထားမည် ဖြစ်ကာ စီနီယာအစ်ကို ရောက်လာသည်နှင့် ဤကောင်လေးကို ရှင်းပစ်မည်ဟု တွေးထားခဲ့သည်။

"စိတ်မဝင်စားဘူး"

ကျန်းချန်က ပြတ်ပြတ်သားသားပင် ပြောလိုက်ပြီး အနက်ရောင်ကျားထံမှ အမြုတေကို ချက်ချင်းဆိုသလို ယူလိုက်ကာ လှည့်ထွက်သွားခဲ့သည်။

အနီရောင်ဝတ်စုံဝတ် အမျိုးသမီး၏ ဇစ်မြစ်ကို မသိရှိ၍ ကျန်းချန်သည် လူစိမ်းတစ်ဦးကို သူနှင့်အတူ ခေါ်သွားရန် စိတ်မဝင်စားခဲ့ပေ။

ပြောနေစရာ မလိုလောက်အောင်ပင် ကျန်းချန်သည် ထိုအမျိုးသမီးပေါ်တွင် ကောင်းမွန်သော ခံစားချက်မျိုး ရှိမနေခဲ့ချေ။

"ရှင်က ကျွန်မနဲ့ ပူးပေါင်းဖို့ ဘာလို့ ငြင်းဆန်ရတာလဲ.. သိပ်မကြာခင်က နယ်မြေ နတ်ဘုရားအဆင့် ဂိုဏ်းတစ်ဂိုဏ်းရဲ့အမွေအနှစ် နယ်မြေကို ကျွန်မ ရှာတွေ့ခဲ့တယ်.. အဲဒီနေရာမှာ စွမ်းအားကြီးတဲ့ အင်မော်တယ် သတ္တဝါအချို့လည်း ရှိတယ် ကျွန်မ တစ်ယောက်တည်းဆို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး.. ဘယ်လိုလဲ.. ရှင် ကျွန်မနဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားသွားပြီလား.. ကျွန်မနဲ့ ပူးပေါင်းလို့ ရှင် မနစ်နာစေရဘူး.. အဲဒီက ရတနာတွေကို ကျွန်မတို့ တစ်ယောက်တစ်ဝက်စီ ခွဲဝေယူကြတာပေါ့"

ကျောခိုင်း၍ ထွက်ခွာသွားသော ကျန်းချန်ကို အနီရောင်ဝတ်စုံဝတ်အမျိုးသမီးက ရုတ်တရက် အော်ပြောလိုက်သည်။

"နယ်မြေနတ်ဘုရားအဆင့်ဂိုဏ်းရဲ့ အမွေအနှစ်လား"

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

အကယ်၍ ထိုကိစ္စသာ အမှန်တကယ်ဆိုလျှင် အနီရောင်ဝတ်စုံဝတ် အမျိုးသမီးနှင့် ပူးပေါင်းမည် ဖြစ်သည်။

သူက နောက်လှည့်၍ အနီရောင်ဝတ်စုံဝတ် အမျိုးသမီးကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

"ကောင်းပြီလေ.. ဒါဆိုလည်း ငါတို့တွေ ပူးပေါင်းကြတာပေါ့ နယ်မြေနတ်ဘုရားအဆင့်ဂိုဏ်းရဲ့ အမွေအနှစ်နယ်မြေ ရှိတဲ့နေရာကို လမ်းပြပေးပါ"

အနီရောင်ဝတ်စုံဝတ် အမျိုးသမီးတွင် မကောင်းသောရည်ရွယ်ချက်များ ရှိမှန်း သိနေသော်လည်း ကျန်းချန်သည် အရေးမစိုက်ခဲ့ပေ။

သူ၏ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ဆိုလျှင် ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအားကို နားလည်ထားသော ပါရမီရှင်အချို့နှင့် ရင်ဆိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့လျှင်ပင် နောက်ဆုတ်၍ ထွက်ပြေးနိုင်သေးသည် မဟုတ်ပါလား။

"ကျွန်မနဲ့ ပူးပေါင်းတဲ့အတွက် ရှင့်ကို ကျေးဇူးတင်ပါတယ်"

အနီရောင်ဝတ်စုံဝတ် အမျိုသမီးက ကျေးဇူးတင်စကား ပြောလိုက်သော်လည်း မျက်ဝန်းတွင်မူ လှောင်ရိပ်များ ယှက်သန်းသွားခဲ့သည်။

သူမ၏ စီနီယာအစ်ကို ရောက်လာရန် အချိန်အနည်းငယ်လိုသေးသည် ဖြစ်ရာ သူမအနေဖြင့် ထိုကောင်လေးကို နယ်မြေနတ်ဘုရားအဆင့်ဂိုဏ်း၏ အမွေအနှစ်နယ်မြေထဲသို့ ခေါ်သွားပြီး ရတနာများကို ရှာဖွေရာတွင် လက်တိုလက်တောင်း အသုံးပြုနိုင်သည် မဟုတ်ပါလော။

သူမ၏လစီနီယာအစ်ကို ရောက်လာသည်နှင့် စီနီယာအစ်ကိုနှင့် လက်တွဲကာ ထိုကောင်လေးကို သတ်ပစ်မည် ဖြစ်သည်။

ထိုအချိန်သို့ ရောက်လျှင် နယ်မြေနတ်ဘုရားအဆင့်ဂိုဏ်း၏ ရတနာအားလုံးသည် သူတို့၏ အိတ်ကပ်ထဲတွင်သာ ရှိနေမည်မဟုတ်ပါလော။

အခန်း(၁၅၈၆)ပြီး၏။

အခန်း(၁၅၈၇)

အနီရောင်ဝတ်စုံဝတ် အမျိုးသမီး၏ ဦးဆောင်မှုဖြင့် ကျန်းချန်သည် သစ်တောထဲတွင် ဖြည်းဖြည်းချင်းရှေ့သို့ လျှောက်လှမ်းသွားခဲ့သည်။

လမ်းခရီးတွင် ကျန်းချန်သည် အနီရောင်ဝတ်စုံဝတ်အမျိုးသမီးက နင်ယန်ဟု ခေါ်ပြီး ပိုင်ယွင်နယ်မြေဟု ခေါ်သော နေရာမှ လာသည်ကို သိခဲ့ရသည်။

သူတို့နှစ်ယောက်က ခရီးလမ်းတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသော သန်မာသည့် သားရဲများစွာကို အလွယ်တကူပင် ဖြေရှင်းခဲ့သည်။

မကြာခင်မှာပင် သူတို့သည် မြူများဖြင့် ပြည့်နှက်နေသော တောင်တစ်လုံးဆီသို့ ရောက်ရှိလာခဲ့သည်။

တောင်ပေါ်တွင် ရှေးဟောင်း အရှိန်အဝါကို ထုတ်လွှတ်နေသည့် အိုမင်းပျက်စီးနေသော အဆောက်အအုံတစ်ခု ရှိ၏။

ထိုအဆောက်အအုံသည် တစ်ချိန်က အလွန်တရာပင် ခမ်းနားသည်ဟု ထင်ရသည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင် ဤတောင်ပေါ်တွင် အလွန်အစွမ်းထက်သော အရှိန်အဝါ နှင့် သိုင်းဆန္ဒများ ကျန်ရှိနေဆဲပင်။

ထိုအရာများက သန်မာသော ကျင့်ကြံသူနှစ်ဦး၏ တိုက်ပွဲကြောင့် ကျန်ရစ်ခဲ့သည်မှာ ထင်ရှားနေ၏။

သူ၏ရှေ့ရှိ တောင်ကို အနည်းငယ် အကဲခတ်ပြီးနောက်တွင် ကျန်းချန်သည် နင်ယန်က သူ့ကို မလိမ်ညာခဲ့ကြောင်း သိလိုက်သည်။

ဤတောင်သည် တစ်ချိန်က အလွန် အစွမ်းထက်သော နယ်မြေနတ်ဘုရားအဆင့် ဂိုဏ်းတစ်ဂိုဏ်း၏ နယ်မြေ ဖြစ်ခဲ့ပြီး ဘာမှန်းမသိရသော အကြောင်းကြောင့် ယခုအခါတွင် အပျက်အစီးတစ်ခု အဖြစ်သို့ ပြောင်းလဲနေခဲ့၏။

သို့‌သော်လည်း လေထဲတွင် ပျံ့နှံ့နေသော သွေးမြူများနှင့် နှလုံးကိုပင် တုန်လှုပ်စေသော ဆိုးယုတ်သော အရှိန်အဝါများမှတစ်ဆင့် ကျန်းချန်သည် ဤနေရာတွင် အလွန်ကြေကွဲဖွယ်ကောင်းသည့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ဟု ခန့်မှန်းမိခဲ့သည်။

"အတွင်းထဲကို ဝင်ကြစို့"

ကျန်းချန်က ပြောလိုက်ပြီး တောင်ဆီသို့ ဂရုတစိုက် ချဥ်းကပ်သွားခဲ့သည်။

"ဝေါင်း.."

နှစ်ဦးသား တောင်နှင့် နီးကပ်လာသည်နှင့်အမျှ ကြောက်မက်ဖွယ် ဟိန်းဟောက်သံ တစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ပုံရိပ်၇ခု ၈ခုသည် ကျန်းချန်တို့၂ယောက်ကို ဝိုင်းရံလိုက်သည်။

ထိုပုံရိပ်၇ခု၊၈ခုမှာ တစ်ကိုယ်လုံး ခြောက်သွေ့နေခဲ့ပြီး အရိုးများ အပြိုင်းပြိုင်းထကာ မျက်လုံးများ ဟောက်ပက် ဖြစ်နေခဲ့သည်။

သူတို့၏ မျက်ဝန်းတွင် ဆန်းကြယ်သော သွေးစွမ်းအားများ စီးဆင်းနေခဲ့၏။

"ကျန်းချန်.. ဒါက ဒီတောင်ထဲမှာ မွေးဖွားလာတဲ့ အင်မော်တယ်သတ္တဝါပဲ"

နင်ယန်က ပုံရိပ်၇ခု၊ ၈ခုကို ကြည့်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"ဒီအင်မော်တယ် သတ္တဝါတွေက အရမ်း အစွမ်းထက်ကြတယ်.. သူတို့ထဲက တချို့ဆိုရင် အဆင့်မြင့် ပကတိနတ်ဘုရားတွေထက် လုံးဝမနိမ့်ဘူး.. ဒါ့အပြင် သူတို့က ဓား၊လှံ၊လက်နက် မတိုးပေါက်တဲ့အတွက် ရင်ဆိုင်ရ အရမ်းခက်ခဲတယ်"

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

ဤနေရာတွင် တစ်ချိန်က ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့၏။

သူ၏ရှေ့ရှိ ပုံရိပ်များသည် ထိုတိုက်ပွဲတွင် သေဆုံးသွားသော ရုပ်အလောင်းအချို့ ဖြစ်ရပေမည်။

သူတို့က ဤနေရာရှိ သွေးမြူများနှင့် ယင်ဓာတ် လွန်ကဲသော စွမ်းအားများကြောင့် အလောင်းအဖြစ်ကနေ ပျိုးထောင်ခံခဲ့ရပြီး အင်မော်တယ် သတ္တဝါများ ဖြစ်လာခဲ့ကြပုံရ၏။

"တိုက်ခိုက်ကြစို့"

ကျန်းချန်က နင်ယန်ကို သတ္တိပေးလိုက်ပြီးနောက်တွင် အားအကောင်းဆုံး အင်မော်တယ်သတ္တဝါ၂ကောင်ကို ချက်ချင်း တိုက်ခိုက်လိုက်သည်။

ထိုမြင်ကွင်းကို မြင်လျှင် နင်ယန်ကလည်း သူမ၏ လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းကာ အနီရောင်ဓားအလင်း ဒါဇင်ပေါင်းများစွာကို ထုတ်ဖော်၍ သူမနှင့် အနီးဆုံးရှိ အင်မော်တယ်သတ္တဝါကို လျှပ်တစ်ပြက် တိုက်ခိုက်လိုက်၏။။

"ထန်း.. ထန်း.. ထန်း.."

အင်မော်တယ်သတ္တဝါ၏ ခန္ဓာကိုယ်ပေါ်သို့ ဓားအလင်းဒါဇင်ပေါင်းများစွာ ထိမှန်သွားခဲ့ပြီးနောက်တွင် မီးပွားများသည် ပျံ့လွင့်လာခဲ့သည်။

လေထဲတွင်လည်း သတ္တုချင်း ထိရိုက်သံများသည် ချက်ချင်းဆိုသလိုပင် ပဲ့တင်ထပ်သွားခဲ့၏။

နင်ယန်၏ ဓားချက် ဒါဇင်ပေါင်းများစွာကို ထိမှန်ခံရပြီးနောက်တွင် အင်မော်တယ် သတ္တဝါသည် အဆုံးသတ်၌ ပေါက်ကွဲသွားခဲ့ပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အရိုးပုံတစ်ပုံအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကျန်းချန်က သူ၏စွမ်းအားကို ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ဖြင့် မြှင့်တင်လိုက်ပြီး လူသားဧကရာဇ် စည်းတံဆိပ်၏ တတိယစည်းတံဆိပ် ဖြစ်သော ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို ထုတ်ဖော်ကာ သူ၏ ရှေ့ရှိ အင်မော်တယ် သတ္တဝါ၂ကောင်ကို တိုက်ရိုက်ပင် ဖိနှိပ်လိုက်သည်။

ဤအင်မော်တယ် သတ္တဝါ၂ကောင်၏ စွမ်းအားသည် ယခင်က သူ သတ်ဖြတ်ခဲ့သော အနက်ရောင်ကျားနှင့် အတူတူ နီးပါးပင် ဖြစ်သည်။

ကျန်းချန်၏ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်အောက်တွင် အင်မော်တယ် သတ္တဝါ ၂ကောင်သည် လုံးဝ ခုခံနိုင်ခြင်းမရှိဘဲ တိုက်ရိုက်ပင် သတ်ဖြတ်ခံလိုက်ရသည်။

သူတို့၂ဦးက အင်မော်တယ်သတ္တဝါ၇ကောင်၊ ၈ကောင်ကို လျင်မြန်စွာ ရှင်းလင်းခဲ့ပြီးနောက်တွင် သူတို့၏ အရှိန်အဝါကို တတ်နိုင်သမျှ သိုဝှက်ကာ တောင်အတွင်းဘက် ဆီသို့ ဂရုတစိုက် ဝင်ရောက်သွားခဲ့၏။

အချိန်က အလွန်ကြာမြင့်သွားပြီ ဖြစ်သည့် အတွက် ဤနေရာရှိ အဆောက်အအုံ များစွာသည် ရာသီဥတုဒဏ်ကို အလူးအလဲ ခံခဲ့ရပြီး အတော်လေး ပျက်စီးနေခဲ့သည်။

ကျန်းချန်က အင်မော်တယ်သတ္တဝါ အများအပြားကို သတ်ဖြတ်ခဲ့ပြီး ပျက်စီးနေသော အဆောက်အအုံ များစွာကို စစ်‌ဆေးခဲ့သော်လည်း ဘာတစ်ခုမှ ရှာမတွေ့ခဲ့ပေ။

"ကျန်းချန်.. ဟိုကို ကြည့်လိုက်ပါဦး.. ရှေ့မှာ ဆေးဥယျာဥ်တစ်ခု ရှိနေတဲ့ပုံပဲ"

ဤအခိုက်အတန့်တွင် သူ၏ နံဘေးရှိ နင်ယန်သည် အရှေ့ရှိ တစ်နေရာကို လက်ညှိုးထိုးပြကာ တအံ့တသြ ပြောလိုက်သည်။

နင်ယန် ညွှန်ပြသည့်နေရာသို့ ကျန်းချန်က လှမ်းကြည့်လိုက်ရာ ပေထောင်ချီ ကျယ်ဝန်းသော ဥယျာဥ်တစ်ခုကို တွေ့ရှိခဲ့၏။

ဤဥယျာဥ်သည် နယ်မြေနတ်ဘုရားအဆင့် ဂိုဏ်း၏ နတ်ဆေးဝါးများကို စိုက်ပျိုးခဲ့သော ဆေးဥယျာဥ် ဖြစ်သည်မှာ ထင်ရှားသည်။

ဆေးဥယျာဥ်က အချိန်အကြာကြီး စွန့်ပစ်ခံထားရသော်လည်း အဖိုးထိုက်တန်သည့် နတ်ဆေးပင်များစွာ ရှိနေမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

ကျန်းချန်၏ မျက်ဝန်းများက တဖျပ်ဖျပ် လင်းလက်သွားခဲ့၏။

"သွားစို့ ငါတို့ ဆေးဥယျာဥ်ထဲ ဝင်ကြည့်ကြမယ်"

ဤသို့ဖြင့်ပင် သူတို့၂ဦးသည် ဆေးဥယျာဥ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ထိုအချိန်မှာပင် အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်နေသည့် အင်မော်တယ် သတ္တဝါအချို့သည် ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ သူတို့ကို ဝိုင်းရံလိုက်၏။

ဆေးဥယျာဥ်ထဲမှ မှော်ဆန်သော ဆေးဝါးအချို့၏ အရှိန်အဝါဖြင့် ပျိုး‌ထောင်ခံထားရသည့် အတွက် သူတို့၏ ရှေ့ရှိ အင်မော်တယ် သတ္တဝါများသည် အပြင်က သူတို့ ရင်ဆိုင်ခဲ့ရသည့် အင်မော်တယ် သတ္တဝါများထက် သိသိသာသာပင် ပို၍ အားကောင်းနေခဲ့သည်။

အထူးသဖြင့် ခေါင်းဆောင်ဖြစ်သည့် အင်မော်တယ်သတ္တဝါ၏ စွမ်းအားသည် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။

ကျန်းချန်က အင်မော်တယ် သတ္တဝါများ၏ အနောက်တွင် ရှိသော ကြီးမားသည့် ဆေးဥယျာဥ်ကို လှမ်းကြည့်လိုက်သည်။

ဤဆေးဥယျာဥ်သည် တစ်ချိန်က ပြင်းထန်သောတိုက်ပွဲကြောင့် ပျက်စီးသွားခဲ့သော်လည်း ကောင်းမွန်သော နေရာတချို့ ကျန်ရှိနေပါသေး၏။

ဆေးဥယျာဥ်၏ အလယ်ဗဟိုတွင် မှိန်ဖျော့ဖျော့ အဖြူရောင်အလင်းများ လွှမ်းခြုံနေသော နေရာတစ်ခုကို ကျန်းချန်က သတိပြုမိခဲ့သည်။

ကျန်းချန်ကို အံ့အားအသင့်ဆုံး ဖြစ်စေခဲ့သည်မှာ ထိုနေရာရှိ မြေဆီလွှာသည် အပြစ်အနာအဆာကင်းသော မြေဆီလွှာ ဖြစ်နေခြင်းပင်။

ထိုမြေဆီလွှာက ကျောက်စိမ်းကဲ့သို့ ဖြစ်နေခဲ့ပြီး အလွန်ပင်သန့်ရှင်းစင်ကြယ်သည့် အဖြူရောင်အလင်းကို ထုတ်လွှတ်နေခဲ့သည်။

ဆိုရလျှင် ထိုနေရာတစ်ကွက်သည် အေးစက်စက် သွေးမြူများဖြင့် လွှမ်းခြုံထားသော ‌‌ဆေးဥယျာဥ်ထဲတွင် အထူးပင် ထင်ရှားနေခဲ့၏။

ထို့အပြင် ထိုအဖြူရောင်မြေဆီလွှာ ပေါ်တွင် ဆန်းကြယ်သော အပင်တစ်ပင်လည်း ပေါက်ရောက်နေခဲ့သည်။

ထိုအပင်ပေါ်တွင် သလင်းကျောက်ကဲ့သို့ ကြည်လင်သောအသီး၂လုံး သီးနေခဲ့ပြီး တောက်ပသော အလင်းကို ထုတ်လွှတ်နေ၏။

ထိုထူးဆန်းသော အသီး၂လုံးကိုမြင်လျှင် ကျန်းချန်၏ မျက်ဝန်းတွင် လိုချင်တောင့်တသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤအသီးက မည်သည့်အသီးမှန်း သူ မသိသော်လည်း သာမန်အသီး မဟုတ်ကြောင်း သူ ရိပ်စားမိခဲ့သည်။

"ဒါက ဝူရှို့နတ်မြေဆီလွှာကနေ ပျိုးထောင်ထားတဲ့ ဝူရှို့နတ်သစ်သီးပဲ"

နံဘေးရှိ နင်ယန်က သူမ၏ ရှေ့ရှိ ဆေးဥယျာဥ်ကို ကြည့်ကာ တအံ့တသြ ရေရွတ်လိုက်သည်။

သူမ၏ စကားကိုကြားလျှင် ကျန်းချန်က စိတ်ဝင်တစား မေးလိုက်၏။

"ဝူရှို့သစ်သီးဆိုတာ ဘာလဲ"

"နတ်ဘုရားနယ်မြေမှာ ထူးဆန်းတဲ့ အရည်အသွေးရှိတဲ့မြေဆီလွှာ အများအပြားရှိတယ်.. ဒီဝူရှို့နတ်မြေဆီလွှာက အဲဒါတွေထဲက တစ်ခုပဲ.. အပြစ်အနာအဆာကင်းတဲ့ မြေဆီလွှာပေါ်မှာ စိုက်ပျိုးထားတဲ့ ဘယ်လိုအပင်မဆို အဆုံးသတ်မှာ အပြစ်အနာဆာကင်းတဲ့ သစ်ပင်အဖြစ်ကို ပြောင်းလဲသွားပြီး အပြစ်အနာအဆာကင်းတဲ့ ဝူရှို့နတ်သစ်သီးကို ထုတ်လွှတ်ပေးလိမ့်မယ်.. ဝူရှို့နတ်သစ်သီးက ကမ္ဘာပေါ်မှာ ရှားပါးတဲ့ နတ်သစ်သီးတစ်မျိုးပဲ.. ဒီသစ်သီးက ကျင့်ကြံခြင်းကို တိုးမြှင့်ပေးနိုင်ပြီး ဝိညာဥ်ကိုပါ သန့်စင်စေနိုင်တဲ့ အရည်အသွေးရှိတယ်.. ဝူရှို့သစ်သီးက မှော်ဆန်တဲ့ အကျိုးသက်ရောက်မှုတွေကို ပေးစွမ်းနိုင်တယ်လို့ ဆိုကြတယ်"

နင်ယန်က ဝူရှို့သစ်သီးကို စူးစိုက်၍ ကြည့်ရင်း‌ ပြောလိုက်သည်။

သူမက အလွန်တရာပင် စိတ်လှုပ်ရှားနေခဲ့၏။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ ဝင်ဝင်ချင်းမှာပင် ဝူရှို့နတ်သစ်သီး ကဲ့သို့ အနှိုင်းမဲ့နတ်သစ်သီးနှင့် တွေ့ရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ဤသည်က ကြီးမားသော အခွင့်အလမ်းတစ်ခုပင် မဟုတ်ပါလော။

နင်ယန်၏ ရှင်းပြမှုကိုကြားလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဤဝူရှို့နတ်သစ်သီးသည် ဤမျှအထိ လျှို့ဝှက်ဆန်းကြယ်နေသည် ဖြစ်ရာ သူ့လက်ထဲသို့ ရောက်အောင် ယူရပေလိမ့်မည်။

"ဝေါင်း.."

ကျန်းချန်တို့ ၂ဦး ဝူရှို့နတ်သစ်သီးကို ကြည့်နေစဥ်မှာပင် သူတို့ကို ဝိုင်းရံထားသော အင်မော်တယ် သတ္တဝါ သတစ်ဒါဇင်ကျော်သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြပြီး သူတို့ကို စတင် တိုက်ခိုက်လိုက်ကြသည်။

အခန်း(၁၅၈၇)ပြီး၏။

All Chapters