အပိုင်း ၁၂
Vol. 1 Ch. 12
အာလူးသီးစားရန် အဆင်ပြေသွားသောကြောင့် မော့ယန်နှင့် မော့ချူးသည် မကြာခဏ ဈေးသွားလေ့ရှိကြသည်။ သို့သော် သူတို့ တစ်ခုခုဝယ်လိုက်တိုင်း သူများတွေ မကြိုက်ကြတဲ့ အရာတွေပါ။ အစပိုင်းတွင် တုန်လှုပ်သွားကြသူများ များစွာရှိခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ လူတိုင်း အသားကျသွားကြသည်။
မော့ယန်သည် နာမည်ကျော် လူသိများသူတစ်ယောက်ဖြစ်သောကြောင့် သူ့ကိုအတုယူ၍ ထိုအရာများကို လိုက်ဝယ်သူ အများအပြားရှိခဲ့သည်။ သို့သော်လည်း အရေးကြီးသည့်အချက်ဖြစ်သည့် ထိုအရာများကို ဝယ်ယူပြီး မည်ကဲ့သို့အသုံးပြုရမည်ကို မသိခဲ့ကြပေ။
သူတို့ဆီကနေ ဘာကိုမှ မထုတ်နိုင်ခဲ့ကြပေ။ နောက်ပြီး ပတ်ဝန်းကျင်တွင် ထိုအရာများကို မည်ကဲ့သို့ အသုံးချမည်ကိုလည်း သတင်းမကြားပေ။ နောက်ဆုံးတွင် သူတို့ကံမကောင်းကြောင်းသာ ဝန်ခံနိုင်ခဲ့သည်။
မော့ချူးသည် အခြားသူများ၏ သံသယများနှင့် မလိုလားမှုများကို ဂရုမစိုက်နိုင်ပေ။ သူမ အရမ်းပျော်နေပြီ။
ရက်အနည်းငယ်ကြာပြီးနောက် သူမသည် ပါဝင်ပစ္စည်းအနည်းငယ်ကို အောင်အောင်မြင်မြင် ရှာဖွေတွေ့ရှိခဲ့သည်။ ထို့အပြင် မော့ယန်သည် စတားနက်တွင် သူမအတွက် မီးဖိုချောင်သုံးပစ္စည်းများကို အထူးမှာယူပေးခဲ့သည်။ ယခုတွင် သူမသည် ရိုးရှင်းတဲ့ အရံဟင်းအနည်းငယ်လေးကို ချက်ပြုတ်နိုင်နေပြီပင်။
အရသာ သိပ်မရှိလှသေးပေမယ့် သူမက အနည်းဆုံးတော့ သန့်စင်သောနို့ကဲ့သို့ ဆိုးရွားလှတဲ့ အစားအစာတွေကို စားသောက်စရာမလိုတော့ပေ။ သူမအတွက်တော့ ကမ္ဘာကြီးတစ်ခုလုံး ပျော်ရွှင်စရာကောင်းနေခဲ့သည်။
ချူးလေး၏ ကျန်းမာရေး ကောင်းသထက်ကောင်းလာသည်ကိုမြင်ရ၍ မော့ယန်လည်း ပျော်ရွှင်လာသည်။ သူ ချူးလေးကို ဆေးဘက်ဆိုင်ရာဌာနသို့ စစ်ဆေးရန် ခေါ်သွားရမည့် အချိန်ရောက်လာသည်။
စစ်ဆေးချက်အဖြေများက ရှန်ယိနှင့်အခြားသူများကို အံ့သြသွားစေသည်။
သဘာဝကျကျပြောရလျှင် မော့ချူး၏ ချူချာသော ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ သူမသည် သန့်စင်သောနို့ကိုသာ သောက်နိုင်သော်လည်း နို့တစ်မျိုးတည်းသည် သူမခန္ဓာကိုယ်၏ စွမ်းအင်လိုအပ်ချက် အမျိုးမျိုးကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။ ရေရှည်တွင် မော့ချူး၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း အားနည်းလာမည်ဖြစ်သည်။ သို့သော်လည်း စစ်ဆေးချက်အဖြေများက ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။
မော့ချူး၏ ခန္ဓာကိုယ်သည် သူတို့မျှော်လင့်ထားသလောက် မချူချာရုံသာမက လျင်မြန်သောနှုန်းဖြင့် ပြန်လည်ကောင်းမွန်လာခဲ့သည်။ ဤနှုန်းဖြင့်သာပြောင်းလဲနေမည်ဆိုလျှင် မော့ချူး၏ ခန္ဓာကိုယ်သည် သာမန်လူတစ်ဦးနှင့် မခြားမနားဖြစ်နေတော့မည်။
နောက်ဆုံးတော့ ဒီသတင်းကိုကြားသောအခါ မော့ယန်သည် စိတ်သက်သာရာရသွားသည်။ အချိန်အတော်ကြာ လျစ်လျူရှုထားခဲ့သော အရာတစ်ခုကို အခုမှ ပြန်သတိရမိသည်။ ဒြပ်စင်စွမ်းရည်စစ်ဆေးခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် အဖွဲ့ချုပ်၏ နိုင်ငံသားတစ်ဦးမွေးဖွားပြီးနောက်တွင် သူတို့၏အခြေခံစွမ်းရည်ကို စမ်းသပ်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ သူတို့၏မိဘများက စေလွှတ်၍ စစ်ဆေးကြသည်။ သို့သော် မော့ချူးမွေးပြီးမကြာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး သူမသည် ယခုအချိန်အထိ သတိလစ်နေခဲ့သည်။ ထို့ကြောင့် ထုံးစံအတိုင်း သူမသည် သူမ၏ဒြပ်စင်စွမ်းရည်ကို စမ်းသပ်စစ်ဆေးခွင့် မရခဲ့ပေ။
"အစ်ကို ညီမလေး လုပ်နိုင်ပါ့မလား" နှစ်ရက်အတွင်း ဒြပ်စင်စွမ်းရည်စစ်ဆေးခြင်းတွင် ပါဝင်ရမည့်အတွေးဖြင့် မော့ချူးသည် အနည်းငယ် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။
ဒီအခြေခံစွမ်းရည်မျိုးသည် လမ်းများပေါ်တွင် ဂေါ်ဖီထုပ်များ ထွက်ဝယ်ရသကဲ့သို့ မဟုတ်ပေ။ လူတိုင်းတွင်မရှိနိုင်ပါ။ ဥပမာအားဖြင့် လူသန်းတစ်ရာနီးပါးရှိသော အဖွဲ့ချုပ်၏ လူဦးရေအတွင်း၌ ၎င်းတို့၏ စွမ်းရည်ကို မြှင့်တင်နိုင်သူများမှာ လူတစ်သန်းမျှသာ ရှိသေးသည်။ ထိုကဲ့သို့ဖြစ်နိုင်ခြေမှာ တစ်ထောင်မှာ တစ်ယောက်သာရှိသည်။ အရင်ခေတ်တုန်းက ပုံစံနှင့် နှိုင်းယှဥ်ရလျှင် ကောလိပ်ဝင်ခွင့်စာမေးပွဲနှင့် တူသည်။
"ကောင်းပြီ မင်းအဲဒါကို ဂိမ်းတစ်ခုလို သဘောထားလိုက်" မော့ယန်သည် ပွင့်လင်းသူတစ်ယောက်ဖြစ်သည်။ သူ့အတွက် ချူးလေးနိုးထလာခြင်းပင်လျှင် ဘုရားသခင်၏လက်ဆောင်တစ်ခု ဖြစ်နေပြီးဖြစ်သည်။ ကျန်တာများမှာ သိပ်အရေးမကြီးတော့ပေ။
စစ်ဆေးမည့် ပထမညတွင် မော့ချူးသည် သူမ အိပ်မပျော်နိုင်လောက်အောင်ထိ တကယ်ကြောက်ရွံ့နေခဲ့သည်။
နှစ်ပေါင်း ၁၀၀၀ အကြာတွင် ကမ္ဘာမြေ၏ အရင်းအမြစ်များ ကုန်ခမ်းသွားကြောင်း ကြေငြာခဲ့သည်ကို သိထားရမည်ဖြစ်သည်။ လက်ရှိတွင် အဖွဲ့ချုပ်၏ အရင်းအမြစ် ၉၀ ရာခိုင်နှုန်းသည် ပတ်ဝန်းကျင်ရှိ မှော်အပင်များနှင့် မှော်သားရဲများမှ ရသည်။ သူတို့စုဝေးရာနေရာကို 'မှော်ဒေသ' ဟုခေါ်သည်။ အဲဒီနေရာတွင် အဖွဲ့ချုပ်၏ နည်းပညာမြင့်လက်နက်တွေဟာ လုံးဝအသုံးမဝင်သလို သူတို့အားကိုးနိုင်တဲ့ တစ်ခုတည်းသော အရာကတော့ သူတို့ရဲ့ အခြေခံစွမ်းရည်ပါပဲ။
ရှင်းရှင်းလင်းလင်း ပြောရမည်ဆိုလျှင် သင်သည် ဒြပ်စင်စွမ်းရည်များ တကယ် ပိုင်ဆိုင်ထားမှသာလျှင် သင့်အသက်သည် သင့်လက်ထဲတွင် ရှိနေမည်။
ဟူချင်း၏ စကားများသည် အချိုးမပြေသော်လည်း သူမပြောခဲ့သည်မှာ မှန်သည်။ လက်ရှိ မော့ချူးသည် အမှန်တကယ်ပင် မော့ယန်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်။ သူမသည် မော့ယန်၏ တိုးတက်မှုကို နှောင့်နှေးစေသည်။
မော့ယန်၏ စွမ်းရည်များသည် သူမအတွက်သာ မဟုတ်ပါက သူသည် အရည်အချင်းများကို ကမ္ဘာသို့ ပြသကာ ထွန်းသစ်စကြယ်တစ်ပွင့်အဖြစ် အချိန်အတော်ကြာ တည်ရှိနေပေလိမ့်မည်။ သူက ခရိုင် ၁၂ ကဲ့သို့ သေးငယ်သော နေရာလေးတွင်သာ ပိတ်မိနေမည်မဟုတ်ပေ။
ထို့ကြောင့် သူမသည် အရှိန်အဟုန်မြှင့်ကာ အစ်ကိုဖြစ်သူ၏ အရှိန်အဟုန်ကို တတ်နိုင်သမျှ အမီလိုက်ရန် လိုအပ်သည်။
နောက်တစ်နေ့ မနက်စောစော၌
မော့ချူးသည် ဂျုံယာဂုအဖြူပန်းကန်လုံးနှစ်လုံးနှင့် ဂေါ်ဖီ တစ်ပန်းကန်ကို လှမ်းယူလိုက်သည်။ သင်းပျံ့သောရနံ့သည် တစ်အိမ်လုံးကို ပျံ့နှံ့စေပြီး သားရေယိုစေသည်။
ပြောရလျှင် အဖွဲ့ချုပ်ရဲ့ အစားအသောက်များက တကယ့်ကို ထူးဆန်းသည်။
ထမင်းကို ဥပမာယူ၍ပြောရလျှင် မော့ချူးသည် ၎င်းကို ပထမဆုံး အနံ့ခံလိုက်သောအခါ ပြောင်းဖူးဟု ထင်ခဲ့သည်။ ချက်ပြုတ်ပြီးသောအခါ ထမင်းအရသာဖြစ်သွားသည်။ သို့သော်လည်း ကမ္ဘာမြေပေါ်က ဆန်နှင့် နှိုင်းယှဉ်ပါက အဖွဲ့ချုပ်၏ ဆန်အရွယ်အစားမှာ သိသိသာာ ကြီးမားသည်။ ဆန်တစ်စေ့သည် လက်သည်းအရွယ်လောက်ရှိသည်။
မော့ယန်သည် သူ့ညီမချက်ပြုတ်သော အစားအစာများကို အလွန်နှစ်ခြိုက်လှသည်။
သူစားလိုက်တိုင်း အရသာက အမြဲတမ်းနှစ်လိုဖွယ်ကောင်းနေသည်။ အစားအသောက်၏ အနံ့က သူ့အတွက် တစ်နေ့တာလုံး လန်းဆန်းနေစေသည်။
စားသောက်ပြီးသောအခါ နှစ်ယောက်သား စမ်းသပ်စစ်ဆေးရေးဌာနသို့ သွားလိုက်ကြသည်။
ထိုနေရာတွင် မော့ချူးထင်သလောက် လူများအပြားမရှိပေ။ ဆန့်ကျင်ဘက်တောင်ဖြစ်နေသေးပြီး တိတ်ဆိတ်နေခဲ့သည်။ တောက်ပပြီး ကျယ်ဝန်းသော ခန်းမထဲတွင် လူအနည်းငယ်သာ ရှိခဲ့သည်။
သို့သော် သူတို့အားလုံးသည် ကလေးတစ်ဦး သို့မဟုတ် နှစ်နှစ်အရွယ် ကလေးများကို ခေါ်ဆောင်လာသော မိဘများသာဖြစ်ပြီး မော့ချူးကဲ့သို့ အသက်ကြီးနေသူများကို တွေ့ရခဲသည်။
"မင်္ဂလာပါ ခင်ဗျားတို့ လိုအပ်တာတစ်ခုခုရှိလား" ခန်းမအလယ်ရှိ ဉာဏ်ရည်ထက်မြက်သော စက်ရုပ်သည် သူစိမ်းများ၏ အချက်အလက်များကို စကန်ဖတ်ကာ အသံဖြင့် စုံစမ်းမေးမြန်းမှုတစ်ခု ပေးပို့ခဲ့သည်။
မော့ယန်သည် မော့ချူးကို ရှေ့သို့ခေါ်ဆောင်ကာ အလင်းဖန်သားပြင်ပေါ်ရှိ 'ဓာတ်ကြီးလေးပါးစွမ်းရည်စမ်းသပ်ခြင်း' ကို ရွေးချယ်ခဲ့သည်။ အလင်းမျက်နှာပြင်ပေါ်တွင် ပုံစံတစ်ခု ချက်ချင်းပေါ်လာသည်။ မော့ယန်သည် မော့ချူး၏ အခြေခံအချက်အလက်များကို ဖြည့်သွင်းပြီး တစ်မိနစ်ခန့် ပြန်လည်သုံးသပ်ပြီးနောက် ဉာဏ်ရည်ထက်မြက်သည့်စက်ရုပ်က ညွှန်ကြားချက်ကို ပေးခဲ့သည်။ "စာမေးပွဲမှာ ပါဝင်ဖို့ ကျေးဇူးပြုပြီး အခန်း(၅) ကို လာခဲ့ပါ"