အပိုင်း ၁၇
Vol. 2 Ch. 17
“ချူးလေး မင်းရဲ့လက်ဘယ်လိုလဲ” ငွေပုန်းငါးကို သတ်လိုက်ပြီးနောက် မော့ယန် ပထမဆုံးလုပ်သည့်အရာမှာ မော့ချူးရဲ့လက်ကို စစ်ဆေးခြင်းပင်ဖြစ်သည်။
ငွေပုန်းငါးလေးမှာ အရမ်းမကြီး အရမ်းလည်း မသန်မာပေ။ သို့သော် သူ့ရဲ့ပါးစပ်မှာ အလွန်စွမ်းသည်။ တစ်ခါကိုက်ခံလိုက်ရသည်နှင့် သူက သွေးတွေပေပွနေသည်အထိ လွှတ်ပေးတော့မည် မဟုတ်ပါ။ အရင်ကလည်း သူတို့လက်တစ်ခုလုံး ဒီငါးသေးသေးလေးဆီမှာ အကိုက်ခံလိုက်ရသူတွေအများကြီးပင်။
သို့သော်လည်း မော့ချူးရဲ့လက်ကောက်ဝတ်ကို အနည်းငယ်ပဲ ကိုက်ထားသောကြောင့် မော့ယန်သက်သာရာရသွားသည်။ အနည်းငယ် နာတာလေးကလွဲလို့ ဒါက မပြောပလောက်ပါချေ။
“ဒါက ဘာမှာမဖြစ်ပါဘူး” မော့ချူးက သူမရဲ့ခေါင်းကို အနည်းငယ် ရမ်းလိုက်သည်။ သူမ ဒီတစ်ချိန် သတိပေါ့သွားတာကို သိသည်။ ယခု သူမ ကြင်လင်နေတဲ့ချောင်းကလေးကို ငုံ့ကြည့်လိုက်သည့်အခါ ဘာမှမရှိသည်မှာ သေချာသလောက်ပင်။ ဘယ်လိုကြောင့် ငါးတစ်ကောင်က ရုတ်တရက် ပေါ်ပေါက်လာရသနည်း။
“ဒီငါးကို ငွေပုန်းငါးလို့ခေါ်တယ်” မော့ချူးရဲ့ဝေခွဲမရဖြစ်နေသည့်ပုံကို ကြည့်လိုက်ပြီး မော့ယန်က ရှင်းပြလိုက်သည်။ “ငွေ” ကအရောင်ကို ရည်ညွှန်းတာ “ပုန်း”ဆိုတာက သူတို့က ရေထဲမှာ ကိုယ်ရောင်ဖြောက်နေနိုင်တာကို ပြောတာ။ ရေက ကြည်လင်ပြီး ဘာမှမရှိတဲ့ပုံပေါ်နေပေမဲ့ အထဲမှာ ငွေပုန်းငါးတွေရှိနေတယ်”
“ဒါပေမဲ့လည်း သူတို့ရေထဲက ထွက်လာတာနဲ့ သူတို့ရဲ့မမြင်နိုင်စွမ်း စွမ်းအားက ပျောက်ကွယ်သွားပြီး မြင်ရတယ်လေ”
မော့ချူးသည် ကျန်ရှိနေသေးတဲ့ အသီးရဲ့အခွံကိုကြည့်လိုက်ပြီး “ဒါက ဘာသီးတွေလဲ”
“သူတို့က ငွေပုန်းငါးတွေ အကြိုက်ဆုံးဖြစ်တဲ့ ငွေဝါအသီးတွေ။ လူတစ်ယောက်က ငွေပုန်းငါး ကိုက်ခံလိုက်ရတာနဲ့ သူ့ကိုဖယ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ မင်းသူ့ကို သတ်လိုက်မယ်ဆိုရင်တောင် သူ့ရဲ့သွားတွေက မင်းအသားထဲကို ပိုပိုပြီး စိမ့်ဝင်သွားမှာပဲရှိတယ်။ သူ့ကိုဖယ်ပစ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ငွေဝါသီးတွေနဲ့ အာရုံပြောင်းလိုက်တာပဲ။ မင်း မပြင်ဆင်ထားဘူး ဆိုရင်တောင် သူကို တစ်ချက်တည်းနဲ့ အသေသတ်လိုက်လို့ရတယ်”
ဒါကိုကြားပြီး မော့ချူးက မော့ယန်ဘာကြောင့် ခုဏကပြေးထွက်သွားတယ်ဆိုတာကို နားလည်လိုက်သည်။ ရုတ်တရက် မော့ချူးရဲ့မျက်လုံးများက မော့ယန်ရဲ့ အင်္ကျီလက်များကို ငေးကြည့်နေလိုက်သည်။ အဲ့ဒီမှာ သွေးတွေအများကြီး စွန်းနေသည်။
ပြောနေစရာမလိုပေ။ အဲ့ဒါတွေက သူ ငွေဝါသီးရှာနေချိန်တွင် ရခဲ့သည့်ဒဏ်ရာများပင်ဖြစ်သည်။
“အစ်ကို တောင်းပန်ပါတယ်။ ညီမလေး အရမ်းပေါ့ဆသွားတယ်” မော့ချူးက မော့ယန်ရဲ့ဒဏ်ရာကို ကုသပေးဖို့ သူမ ခလုတ်ခုံကနေ ဆေးကို မြန်မြန်ဆန်ဆန်ယူလိုက်သည်။ သူ့ရဲ့လက်မောင်းကဒဏ်ရာကို ကြည့်လိုက်ပြီး မော့ချူးက အပြစ်ရှိသလို ခံစားလိုက်ရသည်။
လမ်းတစ်လျှောက်တွင် မော့ယန်၏အစောင့်အရှောက်အောက်မှာသာ မဟုတ်ပါက သူမသည် ကြိမ်ဖန်များစွား သေပြီးဖြစ်သည်။ သူမက သူ့အစ်ကိုကို မကူညီတဲ့အပြင် ဒုက္ခပေးသလိုဖြစ်နေသည်။
“ဒီကောင်မလေးကတော့ ဘာတွေပြောနေတာလဲ” မော့ယန်က သူမရဲ့ခေါင်းလေးကို ပုတ်လိုက်သည်။ “မင်းလုပ်နေတာတွေက အကုန်အဆင်ပြေပါတယ်။ ငါ့ရဲ့နှလုံးသားထဲမှာ မင်းက အကောင်းဆုံးပဲ”
တကယ်ကို မော့ချူးနိုးလာကတည်းက သူမက သူ့ကို အံ့သြစရာတွေချည်း ပေးနေတာပင်။ အရသာရှိတဲ့ မှော်ဆန်ဆန်အစားအစာတွေ၊ ကြောက်စရာကောင်းလောက်တဲ့ ကျင့်ကြံခြင်းပါရမီ၊ နောက်ပြီး သတ္တိရှိပြီး အကြောက်တရားကင်းတဲ့ သဘောထား.... သူ့ရဲ့ညီမကတော့ အကောင်းဆုံးပဲ။
“အင်”မော့ချူးက အသံတိုးတိုးလေးနှင့် ပြောလိုက်ပြီး သူမနှာခေါင်းက နည်းနည်းနာနေသည်။ ငွေငါးပျောက်ကို ကြည့်လိုက်ပြီး သူမက ရုတ်တရက် ပြောလိုက်သည်။ “အစ်ကို ညီမလေး အကို့အတွက ငါးကင်လုပ်ပေးမယ်လေ”
ဒီ ငွေပုန်းငါးစုတ်က ငါ့ကိုလည်းကိုက်တယ်။ အကို့ကိုလည်း ဒဏ်ရာရအောင်လုပ်တယ်။ သူ့အရေခွံကို ခွာလိုက်ပြီး အရိုးတွေကို တစ်စစီလုပ်လိုက်မှာ ဒေါသထွက်ပြေမယ်နဲ့တူတယ်။
“ငါးကင်ဆိုတာ ဘာကိုပြောတာလဲ” ဒီတစ်ခါတော့ မော့ယန်က စဥ်းစားမရဖြစ်နေသည်။ သူ့ရဲ့ နှစ်၂၀ကျော်ကာလတစ်လျှောက်လုံး အဖွဲ့ချုပ်က ထောက်ပံ့ပေးတဲ့ စားစရာတွေကိုဘဲ စားလာခဲ့သည်။ သူက မှော်အပင်တွေနဲ့ သားရဲတွေက စားလို့ရမှန်းတစ်ခါမှ မတွေးဖူးချေ။
“အမ်....” သူမဘယ်လိုရှင်းပြပါ့လိမ့်။ “အစ်ကို ညီမပြီးသွားရင် သိလိမ့်မယ်”
“ဟုတ်ပါပြီဗျာ” မော့ယန်က ချူးလေးလုပ်မည့် စားစရာနဲ့ပတ်သက်ပြီး အရမ်းစိတ်ဝင်စားနေသည်။
ဘယ်လို အရသာမျိုးရှိမလဲ။ မော့ချူးရဲ့ စားစရာတွေကို မစားဖူးတဲ့ သူတွေကတော့ အရသာ ဘယ်လိုရှိမယ်ဆိုတာကို စိတ်တောင် ကူးတတ်မည်မဟုတ်ပေ။ အဲ့ဒါက လျှာပေါ်မှာ စီးဆင်းနေတဲ့ အရသာနှင့် ပျော်ရွှင်မှု စမ်းချောင်းလေးသကဲ့သို့ပင်။ နောက်ပြီး အရသာက လည်ချောင်းထဲအထိပင် စီးဆင်နေသည်။ သူတို့တစ်ခါစားပြီးသည်နှင့် အဖွဲ့ချုပ်က ထောက်ပံ့ပေးတဲ့ စားစရာတွေကို စားချင်တော့မည်မဟုတ်ပေ။
“ဒါပေမယ့်...” မော့ချူးကတော့ အခက်တွေ့နေသည်။ ဒီငါးက အရမ်းငါးညှီနံ့ နံသည်။ သူမသာ ငါးညှီနံ့ကိုဖယ်ပစ်ဖို့ ဖြည့်စွက်စာတွေ မရှိဘူးဆိုရင် အရသာကကောင်းမည်မဟုတ်ပေ။
“ဘာဖြစ်လို့လဲ” မော့ချူးရဲ့ အခက်တွေ့နေတဲ့ ပုံစံကိုတွေ့ပြီး မော့ယန်က မေးလိုက်သည်။
“ငါးကင်လုပ်ဖို့ဆို ညီမလေးတို့ အရသာအတွက် ချောင်းထဲက ရေမှော်တွေလိုတယ်။ ဒါပေမဲ့လည်း ဘယ်လိုရအောင်လုပ်ရမှာလဲ” ရေမှော်တွေက ဟိုးအောက်ခြေမှာရှိတာနေသည်။ တစ်ယောက်ကပဲဖြစ်ဖြစ် သွားယူလိုက်တာနဲ့ ရေထဲက ငွေပုန်းငါးတွေနဲ့သွားတိုးမည်။ အဲ့ဒါက အန္တရာယ်ကို ဖိတ်ခေါ်နေသည့်အတိုင်းပင်။
“ဒါလေးများ ဘာခက်လို့” မော့ယန်က အနည်းငယ်ပြုံးလိုက်သည်။ သူက ချောင်းအောက်ခြေအထိ ရောက်မယ့် သစ်သားရှည်တစ်ချောင်းကို ချိုးယူလိုက်သည်။ အားနဲ့ဆွဲလိုက်တော့ ရေထဲကအပင်များဟာ ကမ်းပေါ်ကို ရောက်ရှိလာပြီ။ သူဆွဲနေတဲ့အချိန်အတွင်း ငွေငါးပျောက်အချို့လည်း ပါလာသည်။
ဝိုး...
မော့ချူးက ခေါင်းတဆက်ဆက် ခါနေတော့သည်။ သူမက ဘာလို့ဒီလို ရိုးရိုးရှင်းရှင်း နည်းလမ်းလေးကို မစဥ်းစားနိုင်ရတာလား။
သို့သော်လည်း ငွေပုန်းတွေနဲ့ ရေမှော်တွေပါလာတော့ မော့ချူးလည်း မပြုံးဘဲ မနေနိုင်တော့ချေ။
မိုက်လိုက်တာ။ ပါဝင်ပစ္စည်းတွေနဲ့ လိုအပ်တာတွေတော့ ပြည့်စုံသွားပြီ။
ငွေပုန်းငါး သူ၏ဝမ်းဗိုက်တွင် ငွေရောင်ဖျော့ဖျော့တောက်ပနေသည်။ ကျန်တဲ့နေရာများမှာ မည်းနေ၍ စာဖို့မဖြစ်နိုင်ပေ။ မော့ချူးသည် သေးငယ်သော ဓားတစ်ချောင်းကို ထုတ်ကာ မစားနိုင်သော အစိတ်အပိုင်းများကို သေသေသပ်သပ် လှီးဖြတ်ကာ စွန့်ပစ်လိုက်သည်။
သူမသည် ထိုအပိုင်းများကို ဖယ်ထုတ်ပစ်နေချိန်တွင် အကြေးခွံများကိုလည်း ဖယ်ပစ်လိုက်သည်။ ဝမ်းဗိုက်ထဲက ကလိစာများကိုလည်း ဆေးကြောပစ်လိုက်သည်။
ရေမှော်များကိုလည်း ဆေးကြောလိုက်သည်။ သူမက အမြစ်များကို ချန်ထားလိုက်ပြီး အသုံးပြုရန်အတွက် အပိုင်းများခွဲထားသည်။
သို့သော်လည်း ရေမှော်များက မော့ချူးကို အံ့သြသွားစေပါသည်။ သူတို့က တစ်ကယ်တော့ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်နီစိမ်း သုံးမျိုးရောစပ်ထားတာပင်။ နောက်ပြီး သူတို့ရဲ့အရသာကလည်း အဲ့ဒီအတိုင်းပင်။ သူမလုပ်ဖို့လိုတာကတော့ ငါးရဲ့ဝမ်းဗိုက်ထဲကို ရေမှော်တွေ သွပ်လိုက်ရုံပါပဲ။
မော့ချူးက ခလုတ်ခုံထဲမှာထားထားတဲ့ မြေပဲဆီကိုယူလိုက်ပြီး ငါးပေါ်ကို သုတ်လိုက်သည်။ အဲ့ဒါကို ကြည့်လိုက်တော့ စားချင်စရာ အရမ်းကောင်းနေသည်။ သူမသေချာစဥ်းစားကြည့်လာတော့ သူမအသားနှင့် မထိတွေ့ရသည်မှာ တစ်လကျော်လောက်ရှိနေပြီ။ ဒါကိုကြည့်လိုက်သည်နှင့် သူမသားရေယိုနေသည်။
မော့ယန်က မီးပြင်ပြီးသွားပြီးသွားပြီဆိုတော့ သူမလုပ်ရမှာက ငါးအသားကို တံကျင်နဲ့ ကင်ပြီး အပေါ်ထပ်မှာ တင်ထားလိုက်ရန်ဖြစ်သည်။
မီးနည်းနည်းလောင်သွားပြီး ပဲဆီ ကျက်သွားသည်။ ငါးအသားကလည်း တဖြည်းဖြည်း ကျက်လာပြီး ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ ရနံ့က တဖြည်းဖြည်း ပျံ့သွားလာသည်။
မော့ချူးကတော့ မျက်မှောင်ကြုတ်လိုက်သည်။
ပါဝင်ပစ္စည်းတွေ သိပ်မရှိတဲ့အတွက်ကြောင့် သူမကတော့ အနီးစပ်ဆုံ ရိုးရိုးရှင်းရှင်းလေးပဲ လုပ်လိုက်နိုင်သည်။ သူမက ဒီလိုသဘာဝဖြစ်ကို တစ်ခါမှမမြင်ဘူးချေ။ ပဲဆီ၏ အဝါရောင်ဖျော့ဖျော့လေး၊ ငါးရဲ့ငွေရောင်ဖျော့ဖျော့လေး နဲ့ ရေမှော်တို့ရဲ့ အစိမ်းရောင် တောက်တောက်လေးသာဖြစ်သည်။ ဒီလိုမတူညီတဲ့ အရောင်သုံးရောင်ပေါင်းသွားပြီး နောက်ဆုံးတော့ နို့နှစ်ရောင်ပုံစံဖြစ်သွားသည်။
ဘာမှတော့မဖြစ်ဘူးမလား။
“အစ်ကို ခဏစောင့်ဦးနော်။ ညီမ အရင်မြည်းကြည့်မယ်နော်” မော့ချူးက အရမ်းစားချင်နေတဲ့ပုံနဲ့ ငါးအစိတ်အပိုင်းတစ်ခုကို ယူလိုက်သည်။ သူမက တစ်ကိုက်ကိုက်လိုက်ပြီး ဗိုက်ထဲကို မျိုချလိုက်သည်။ တစ်မိနစ်လောက်ကြာသောအခါ မကောင်းတဲ့ပုံစံမျိုးတော့မရှိချေ။ အခုချိန်မှာမှ သူမ သက်သာရာရသွားပြီး မော့ယန်ကို ငါးကင်ကို လှမ်းပေးလိုက်သည်။
“အစ်ကို စားကြည့်လေ။ ဒီငါးကင်က အရမ်းအရသာရှိတာပဲ”
တကယ်တော့ သူမ မျိုချကြည့်လိုက်သော်လည်း အရသာမရှိချေ။ ဘေးကင်းမကင်းသာ အတည်ပြုကြည့်လိုက်ပြီးမှ သူမက မြည်းကြည့်လိုက်သည်။ မြည်းသွားပြီးသော် သူမပြောလိုက်တာက ချဲ့ကားတာ လုံးဝမဟုတ်ကြောင်း သိလိုက်ရသည်။ အရသာမှာ တကယ်ကို မိုက်လွန်းသည်။
ငွေငါးပျောက်၏ အရသာမှာ အလွန်လတ်ဆတ်ပြီး နူးညံ့သည်။ တစ်ကိုက်ကိုက်လိုက်ရုံနှင့် ငါးညှီနဲ့မရသည့်အပြင် ဆန့်ကျင်ဘက်အနေနဲ့ လတ်ဆတ်တဲ့ ရေမှော်နံ့ကိုသာရတော့သည်။
ထူးခြားတဲ့ရေမှော်က ငါးအသားအတွင်းကို စိမ့်ဝင်သွားသည်။ အဲ့ဒါရဲ့အပေါ်မှာတော့ မြေပဲဆီအနံ့က သင်းပျံ့နေသည်။ ဒါလေးက လူတွေလက်က မချချင်တော့လောက်တဲ့အထိ အရသာရှိလွန်းသည်။