အပိုင်း ၂၉
Vol. 2 Ch. 29
စစ်တက္ကသိုလ်တက်ရောက်ရန် စာရင်းမပေးမှီ အချိန်အတော်လေး ကျန်သေးပြီး သူတို့နှစ်ယောက်သည် လမ်းတစ်လျှောက်တွင် ပျော်စရာရွှင်စရာများကို ပြင်ဆင်နေကြသည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်သည်။
မော့ချူးသည် သူမ၏ အကျင့်ဟောင်းလေးကို မဖျောက်ထားနိုင်ခဲ့ပေ။ သူမသည် သူမ၏ အရသာရှိသော ဟင်းချက်နည်းကို ပြီးပြည့်စုံစေရန် နောက်ထပ် ပါဝင်ပစ္စည်းများ ရှာဖွေရန် အုံ့ဆိုင်းသောတောအုပ်သို့ နောက်ထပ် ခရီးထွက်ရန် ပြင်ဆင်ခဲ့သည်။ ညီမချစ်တဲ့ မော့ယန်ကလည်း ထုံးစံအတိုင်း ခေါင်းညိတ် သဘောတူလိုက်သည်။
ဒီတစ်ခါတော့ သူတို့ဟာ မစ်ရှင်တစ်ခုပြီးမြောက်ဖို့ မလိုအပ်တော့သည့်အတွက် နောက်ဆုံးအကြိမ်ကထက် ပိုလွယ်ကူခဲ့သည်။ မော့ချူးသည် နေ့လည်မရောက်မီတွင်ပင် ပါဝင်ပစ္စည်းအများအပြားကို အောင်အောင်မြင်မြင် ရှာဖွေတွေ့ရှိခဲ့သည်။ ခဏလောက်ကြာတော့ သူမရဲ့ မျက်နှာငယ်လေးဟာ ဂန္ဓမာလို တောက်ပလာခဲ့သည်။
မော့ယန်ကတော့ ဘာမှမလုပ်ပဲ အနားမှာပါ။ သူက စားသုံးနိုင်သည့် ပါဝင်ပစ္စည်းများကို မခွဲခြားတတ်သော်လည်း သူတို့ကို စုဆောင်းရန်တော့ ကူညီပေးနိုင်သည်။ တကယ်တော့ မော့ချူးဟာ အဆင့်(၂) မှာသာရှိသေးပြီး မှော်အပင်တစ်ပင်ကို အောင်မြင်စွာ ဖျက်ဆီးဖို့အတွက် ကြိုးစားအားထုတ်မှုတွေ အများကြီး လိုအပ်ပါသေးသည်။ ဒီလိုအချိန်မျိုးမှာ သူမ မော့ယန်ကို လိုအပ်သည်။
ရနံ့သာနွယ် သည် အလွန်ထူးခြားသော မှော်အပင်ဖြစ်သည်။ အချိန်မရွေး နေရာမရွေး လန်းဆန်းသည့် ရနံ့ကို ထုတ်ပေးနိုင်သည်။ အနံ့ရလိုက်သည့်သူတိုင်း ဆွဲဆောင်ခံလိုက်ရပြီး သူဆီကို သွားပါလိမ့်မည်။
သို့သော်လည်း ရနံ့သာနွယ်ပင်၏ အကွာအဝေးထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် မွှေးရနံ့က ချက်ချင်း ပိုအားကောင်းလာကာ လူများကို မှင်တက်ကာမေ့လျော့သွားစေသည်။ ထိုအချိန်တွင် ရနံ့သာနွယ်ပင်အတွက် တိုက်ခိုက်ရန် အချိန်ကောင်းဖြစ်သည်။
သူ့အနွယ်များကို တိတ်တဆိတ် တိုးချဲ့ပြီး သားကောင်၏ အသွေးအသားကို စုပ်ယူရန်အတွက် နွယ်တွေကို အသုံးချသည်။ နောက်ဆုံးတွင် စုပ်ယူခံလိုက်ရသည့်သူမှာ အရိုးစုတစ်ခုသာ ကျန်ရှိခဲ့တော့သည်။
မော့ယန်သည် မွေးရနံ့က မော့ချူးကို မြူဆွယ်မည်ကို စိုးရိမ်သောကြောင့် ရနံ့သာနွယ်ပင်၏ မွှေးရနံ့ကို ကိုယ်တိုင်သွားယူနေချိန်တွင် သူမကို သုံးပေအကွာတွင် ရပ်နေခိုင်းရန် ဆုံးဖြတ်လိုက်သည်။
မော့ယန်က အတွေ့အကြုံရှိပြီး မွှေးရနံ့ဆီကနေ မြူဆွယ်ခံလိုက်ရလျှင် အလွန်အန္တရာယ်များကြောင်း သိထားသည်။ တိုက်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ရမှာမို့ သူက တုံ့ဆိုင်းမနေခဲ့ချေ။ သူ့လက်ထဲက လျှပ်စီးတွေဟာ အစုအဝေးတစ်ခုအဖြစ် ဖြစ်ပေါ်လာပြီး ရနံ့သာနွယ်ပင်၏ အမြစ်ကို ချက်ချင်း တိုက်ခိုက်လိုက်သည်။
ရနံ့သာနွယ်ပင်၏ အမြစ်သည် လူတစ်ယောက်နှင့် နှိုင်းယှဉ်ရလျှင် နှလုံးသားနှင့် ဦးနှောက်နှင့်တူသည်။ ထိခံလိုက်ရသည်နှင့် တစ်ခဏတာ ရနံ့ထုတ်လုပ်ခြင်းကို နှေးကွေးစေသည်။
ရနံ့သာနွယ်ကလည်း မတုံးချေ။ ၎င်းသည် ချက်ချင်းပင် သူ၏နွယ်တစ်ချို့ကို နွယ်ပင်၏ အမြစ်ကို ပိတ်ဆို့ရန်လုပ်လိုက်ပြီး ကျန်တစ်ပိုင်းက မော့ယန်ဆီသို့ ဦးတည်သွားခဲ့သည်။
မော့ယန်သည် သူ့ခန္ဓာကိုယ်ကို ဘေးသို့လှည့်လိုက်ပြီး နွယ်ပင်၏ တိုက်ခိုက်မှုကို သွက်သွက်လက်လက် ရှောင်လိုက်သည်။ သူသည် ရနံ့သာနွယ်၏ အမြစ်ကို ပစ်မည့် သူရဲ့ မီးကိုသာ အာရုံစိုက်ထားခဲ့သည်။
ခဏလေးအတွင်းမှာပင် လူနှင့်မွှေးရနံ့သာပင်တို့သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတော့သည်။
မော့ချူးသည် ဘေးမှကြည့်ကာ ကြောက်လန့်သွားသည်။ သူမ ကူညီချင်သော်လည်း သူမ မတက်နိုင်တာ သိသည်။ သူမသည် မော့ယန်ကို တစ်ဖက်မှ အားပေးရုံသာ တတ်နိုင်ခဲ့သည်။
"အား" ထိုအခိုက်တွင် မော့ချူးသည် သူမ လေထဲသို့ အမှန်တကယ် ပျံတက်သွားသည်ကို ရုတ်တရက် သိလိုက်ရသည်။ ထိတ်လန့်စွာဖြင့် လှည့်ကြည့်လိုက်ရာ မှော်သားရဲ၏ ကုတ်ခြစ်ခြင်းကို ခံရပြီး လေထဲသို့ ပျံနေမှန်း သိလိုက်သည်။
မော့ချူး၏ အော်သံကိုကြားသောအခါ မော့ယန် ချက်ချင်းလှည့်ကြည့်လိုက်သည်။ သို့သော် သူကို ရနံ့သာနွယ်၏ ချည်နှောင်ထားလိုက်ပြီး သူလှုပ်လို့မရပေ။
ခဏတာ ထိတ်လန့်သွားပြီးနောက် မော့ချူး မကြာခင်ပဲငြိမ်သက်သွားသည်။ သူမလက်ထဲက ရေဓါးသည် မှော်သားရဲ၏ လည်ပင်းကို တည့်တည့်ချိန်ရွယ်ထားသည်။
သူမ၏ ကျင့်ကြံမှုတွင် ရေအလုံးသည်သည် အလွန်ကြီးမားပြီး ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားသည် လုံလောက်စွာ မပြင်းထန်ကြောင်း မော့ချူးက သဘောပေါက်သည်။ ထို့ကြောင့် သူမသည် ဤ ရေဓါး၏ လှုပ်ရှားမှုများကို မတီထွင်မီ အချိန်အတော်ကြာအောင် ကျင့်ကြခဲ့ရသည်။
မှော်သားရဲများသည် လူသားများထက် အမြဲတမ်း ပို၍ သိမ်မွေ့သည်။ လေပြင်းသားရဲသည် ခေါင်းကို အနည်းငယ်စောင်းကာ မော့ချူး၏ တိုက်ခိုက်မှုကို အောင်မြင်စွာ ရှောင်တိမ်းခဲ့သည်။
သို့သော်လည်း မော့ချူးသည် သူ့အားလမ်းကြောင်းအမျိုးမျိုးမှ ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်မယ်လို့ မထင်ထားခဲ့ပေ။ လေပြင်းသားရဲသည် ဘယ်ဘက်သို့ ရှောင်တိမ်းနိုင်သော်လည်း ညာဘက်ခြမ်းကို ဂရုမစိုက်နိုင်လိုက်ချေ။
ရေဓါးသည် အရွယ်အစားအားဖြင့် သေးသေးလေးသာရှိသော်လည်း အဓိကအချက်မှာ ၎င်း၏အစွန်းသည် အလွန်ပါးလွှာပြီး ချွန်ထက်နေခြင်းဖြစ်သည်။ ယှက်သွားရုံနှင့်ပင် လေပြင်းသားရဲ၏ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်သံယိုဖြင့်ဒဏ်ရာ များစွာ ပေါ်လာသည်။
လေပြင်းသားရဲသည် သူ၏ခြေသည်းအောက်ရှိ သတ္တဝါလေးကို လျှော့မလို့မရမှန်း အခုမှ သဘောပေါက်လာသည်။ ချွန်ထက်သော လက်သည်းများကို ဖြတ်လိုက်ရုံဖြင့် မော့ချူ၏ ပခုံးပေါ်ရှိ အရေပြား စုတ်ပြဲသွားသည်။
သိပ်မကြာခင်မှပဲ မော့ချူးသည် သူမ၏တစ်ကိုယ်လုံး ပျော့ပျောင်းသွားသည်ကို သိလိုက်ပြီး သူမသည် ဒီမှော်သားရဲကို တိုက်ခိုက်ရန် နည်းလမ်းမရှိတော့ပေ။
ထိုမှသာ လေပြင်းသားရဲလည်း နောက်ဆုံးတွင် သက်သာရာရသွားတော့သည်။ သူသည် ကောင်းကင်ဆီသို့ အကြိမ်အနည်းငယ် အော်ဟစ်ကာ အတောင်များကို ခတ်လိုက်ပြီး မော့ချူးကို သူ့အပေါ်သို့တင်လိုက်သည်။
ရလာဒ်အနေဖြင့် မော့ချူးသည် အိတ်စုတ်တစ်လုံးလို သယ်သွားခြင်းခံလိုက်ရသည်။
တစ်ဖက်တွင်မူ မော့ယန်သည် နောက်ဆုံးတွင် ဒုက္ခနွယ်ပင်များကို ဖယ်ရှားနိုင်ခဲ့သည်။ သို့သော် ချူးလေးအား လေပြင်းသားရဲမှ ခေါ်ဆောင်သွားကြောင်း သိလိုက်ရသောအခါတွင် သူသည် စိုးရိမ်စိတ်နှင့် ဒေါသတို့ထွက်လာတော့သည်။
သူသည် လေပြင်းသားရဲကို တိုက်ခိုက်ချင်သော်လည်း တစ်ချိန်တည်းမှာပင် မော့ချူးကိုလည်း ငှဲ့ရသည်။ ခဏလောက် အကျပ်ရိုက်နေပြီး အသဲအသန် လိုက်ဖမ်းရုံသာ တတ်နိုင်တော့သည်။ သို့သော် လေပြင်းများသည် ၎င်းတို့၏ အမြန်နှုန်းကြောင့် နာမည်ကြီးပြီး မော့ယန်လည်း မည်မျှပင် ပင်ပင်ပန်းပန်း ကြိုးစားခဲ့သည်ဖြစ်စေ သူသည် သူတို့ကို ခဏလေးအတွင်းတွင် မျက်ချေပြတ်သွားသည်။
"လခွမ်းပဲ" မော့ယန်သည် အလွန်မောပြီး အသက်ရှုကြပ်ကာ ကျိန်ဆဲလိုက်သော်လည်း လေပြင်းသားရဲနောက်ကိုမျူ ဆက်လက် လိုက်နေဆဲဖြစ်သည်။
မော့ချူးသည် လေပြင်းသားရဲ၏ခြေသည်းများထဲတွင် သူမဘယ်လောက်ကြာကြာနေခဲ့ရသည်ကို မသိသော်လည်း လေသည် သူ့မျက်နှာကို ထိခိုက်သွားသည်အထိ ဖြတ်သွားသလို ခံစားလိုက်ရသည်။ နောက်ဆုံးရပ်တန့်သွားသောအခါ မော့ချူးသည် နှင့်အတူ မြေပြင်ပေါ်သို့ ‘ဘုန်း’ခနဲ ပစ်ချခံခဲ့ရသည်။ ပျော့ပျောင်းနေသည့် မြက်ခင်းပြင်သာ မဟုတ်ပါက သူမ၏ အရိုးများ ကျိုးသွားပေလိမ့်မည်။
ဒါတောင် မော့ချူးရဲ့ ပြုတ်ကျမှုက မပေါ့ပါးချေ။ သူမသည် ရင်ထဲတွင် ငိုနေတော့သည်။ ဟေး မင်း ဒီထက်ပိုနူးညံ့လို့မရဘူးလား။
နောက်ဆုံး ပြန်လည်သက်သာလာပြီးနောက် မော့ချူးသည် မျက်လုံးများကို မော့ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ရုတ်တရက် သူမ မျက်လုံးတွေ လင်းလက်လာသည်။
အိုး မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တွေ့လိုက်ရခြင်းဖြစ်သည်။
ထူးခြားတဲ့ ဆံပင်ပုံစံနဲ့ ထွားကြိုင်းတဲ့ သူလေးတစ်ယောက် သူ့မရှေ့မှာ ရှိနေသည်။ အရင်က သူမ အစာကျွေးဖူးတဲ့ သွေးအလင်းသားရဲပင်။
“ဟေး ဟေး" မော့ချူးက သူမကိုသတိထားမိရန် ကမန်းကတန်း ပြောလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း သွေးအလင်းသားရဲသည် သူမကိုမြင်လိုက်သောအခါ မျက်နှာငယ်လေးသည် ချက်ချင်းပင် ပြုံးသွားကာ ခုန်ဆင်းသွားခဲ့သည်။
"မင်း ငါ့ကို မှတ်မိသေးလား။ မင်းကိုအရင်က အာလူးချောင်းကြော်နဲ့ ငါးကင် ကျွေးဖူးတဲ့လေ” မော့ချူးသည် ဒီအကောင်လေးက အစားကြူးသူလေဆိုတာကို သိထားသည်။ အမှန်မှာ သူမ အစားအစာကို ပြောလိုက်တိုင်း သွေးအလင်းသားရဲ၏ မျက်လုံးနီနီလေးများ တောက်ပလာသည်။
ဒါက စိတ်ဝင်စားစရာကောင်းလှသည်။ မော့ချူးသည် ဒီအကောင်လေးက နားမလည်မှာကို စိုးရိမ်နေစရာမလိုတော့ပေ။ အရင်တစ်ခါတုန်းက ဒီကောင်ငယ်လေးဟာ ချစ်စရာကောင်းပြီး ဘာမှမသိတဲ့ပုံစံပေါ်နေပေမယ့် ထက်မြက်ပြီး သွက်လက်မြန်ဆန်ကြောင်း သူမသိသည်။
သို့သော်လည်း အခုချိန်မှာ မော့ချူး တွေးနေတာကို အခြားသူများ သိပါက မျက်ရည်ကျမိလိမ့်မည်မှာ သေချာသည်။ ဒီ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲက ဘယ်လိုတောင် ချစ်စရာကောင်းပြီး အပြစ်ကင်းနေလိုက်လဲ။ ဒါပေမဲ့လည်း သူက သားရဲကြီးဆိုတာ ထင်ရှားနေသည်။
သွေးအလင်းသားရဲသည် သူကို စားကောင်းသောက်ဖွယ်တွေကျွေးခဲ့တဲ့သူကို မြင်ပြီး ရွှင်လန်းစွာ ခုန်ဆင်းလိုက်သည်။
သူနဲ့စကားပြောနေရန် မော့ချူးတွင် အချိန်မရှိတော့ပေ။ သွေးအလင်းသားရဲက သူရဲ့လက်တွေကို ဆန့်ထုတ်လိုက်ပြီး သူမကို အသာလေးတွန်းလိုက်သည်။ မော့ချူးသည် အရိုးမရှိသည့် အတုံးလေးကဲ့သို့ လိမ့်သွားသည်။ သူက သူမကို တော်တော်လေးလိမ့်ပြီးမှ ရပ်လိုက်သည်။
ဒါကိုကြည့်ပြီး သွေးအလင်းသားရဲက စာနာစိတ်သေးသေးလေးတောင် မရှိသည့်အပြင် သူရဲ့ မျက်လုံးကြီးကြီးတွေကို မှိတ်လိုက်ဖွင့်လိုက် လုပ်နေသည်။ သူ့ကိုကြည့်ရသည်မှာ ပျော်နေသည့်ပုံပင်။
သူသည် ရင်တွေခုန်ပြီး စိတ်တွေလှုပ်ရှားနေသည်။
မော့ချူးက အတော်ကြာအောင် အော်ပြီးတဲ့နောက်မှာတော့ သူမ မူးဝေလာသည်။ သွေးအလင်းသားရဲတွန်းတာကိုခံရပြီးတဲ့ နောက်မှာ သူမကြယ်တွေကို မြင်နေရသည်။
သူပုံစံကို ကြည့်ရသည်မှာ စိတ်ဝင်စားစရာအရုပ်လေးတစ်ရုပ်တွေ့လိုက်ရသည့်တိုင်းပင်။ သူသည် မော့ချူးကို ပလက်စတစ် အပိုင်းအစတစ်ခုကဲ့သို့ ဘယ်တွန်းလိုက် ညာတွန်းလိုက်လုပ်နေပြီး ဒီလိုကစားနေရတာထက် ဘာကိုမှမလိုချင်တော့ပါ။ မော့ချူးက ညည်းညူနေလိုက်သည်မှာ မဆုံးတော့ပေ။
ဒါလည်း ကံကြမ္မာပဲနေမှာ။
အရင်က သူမလည်း ဒီအကောင်လေးကို စိတ်ပျော်ပျော်နှင့် စခဲ့သေးသည်။ ဒီတစ်ခါတော့ သူမပြန်စခံရတာပဲဖြစ်လိမ့်မည်။