အပိုင်း ၄၀
Vol. 3 Ch. 40
ချီးပဲ
အခုတော့ မော့ချူးက ဘာလို့ ဒီမိန်းကလေးကို ရင်းနှီးသလို ခံစားနေရလဲနားလည်တော့သည်။ ဒီအမျိုးသမီးက သွေးအလင်းသားရဲကို ဝယ်လို့မရလို့ ဒေါတကြီးနဲ့ ပြေးသွားတဲ့သူပါ။
သို့သော်လည်း သူမရဲ့အခုစိတ်ညစ်စရာကောင်းတဲ့ပုံစံက အရင်က မိတ်ကပ်အပြည့်နဲ့ မောက်မာနေတဲ့မိန်းကလေးပုံစံနဲ့တော့ တစ်ခြားစီပင်။ မော့ချူး သူမကို မမှတ်မိတာ အံ့သြစရာမဟုတ်ပေ။
ပြီးသွားပြီ။
မော့ချူးက လူအုပ်ထဲမှာ ပုန်းနေချင်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ဒီမိန်းမက သူမကို ဆွဲထုတ်လိုက်တော့ သူမက လူတိုင်းရဲ့ရှေ့ကို ရောက်သွားတော့တာပေါ့။ ချွေးအေးအေးတွေက သူမခေါင်းပေါ်ကနေ စီးကျလာပါပြီ။
နောက်မှာရှိတဲ့ မော့ယန်တောင်မှ ကြောက်ပြီး တုန်လှုပ်နေပြီဖြစ်သည်။ သူရဲ့လက်တွေကို တိုက်ခိုက်ဖို့ အသင့်ပြင်ထားသည်။ တစ်ခုခုလွဲသွားလို့ သူတိုက်ရင်းသေရမယ်ဆိုရင်တောင် ချူးလေးကို အထိခိုက်ခံမှာမဟုတ်ချေ။
“ဟ မင်းဒီအခြေနေပဲ ရောက်နေပြီ။ အခုထိ အကူအညီတောင်းနေတုန်းပေါ့လေ။ ကြည့်ရတာ ဦးနှောက်အလုပ်မလုပ်တဲ့ပုံပဲ” လင်းက လှောင်ပြောင်ပြီးပြောလိုက်သည်။ သူက အမှတ်မထင် မော့ချူးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သို့သော် သူ့ရဲ့အကြည့်က ရုတ်တရက် ရပ်တန့်သွားသည်။
ဖြစ်နိုင်တာက သူမက ဒီသေမလား ရှင်မလား အခြေအနေမှာ ကြောက်ရွံ့မှုတွေကြောင့် သူမရဲ့ အာရုံတွေမြင့်တက်လာကြောင့်ဖြစ်နိုင်သည်။ ဒီမိန်းမက လင်း အကြည့်ရပ်လိုက်တာကို သတိထားမိသွားသည်။ သူမတစ်ကိုယ်လုံး ပျော်ရွှင်မှုတွေ ဖုန်းလွှမ်းသွားပြီး သူက မော့ချူးကို ရှေ့ကိုတွန်းလိုက်ပြီး သူက သူမနောက်မှာ ပုန်းနေလိုက်သည်။ “သူမကို သတ်လိုက် သတ်လိုက်၊ ကျွန်မကို မသတ်ပါနဲ့”
ချီးပဲ
မော့ချူးက ဒုတိယအကြိမ် ဆဲလိုက်တော့သည်။ ဒီမိန်းမက ယုတ်မာတာပဲ။ ခုဏလေးတင်ကမှာ ကူညီဖို့တောင်းပန်နေတာ အခုတော့ သူမလွတ်လပ်ဖို့ မော့ချူးကို တွန်းပို့နေပြီ။
“ဒီကိုလာ” လင်းက ရုတ်တရက် စကားပြောလိုက်ပြီး မော့ချူးကို တည့်တည့်စိုက်ကြည့်လိုက်သည်။
သေစမ်း။ မော့ချူးက သူမရဲ့နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး လင်းဆီကို ဖြေးဖြေးချင်း သွားလိုက်သည်။ သူမစိတ်ထဲမှာတော့ ဒီအခြေအနေကို ဘယ်လိုဖြေရှင်းရမလဲဆိုပြီး တွက်ချက်နေသည်။
မော့ချူးရဲ့ လှုပ်တုပ်လှုပ်တုပ်သွားနေတာကို စိတ်မရှည်ဖြစ်ပြီး သူကိုယ်တိုင်ရှေ့ကို သွားပြီး မော့ချူးကို ဆွဲခေါ်လိုက်သည်။ သူ့ရဲ့နှာခေါင်းနဲ့ စူးစူးရှုရှု ရှူရိုက်လိုက်ပြီးတော့ ချက်ချင်းပဲ သူ့ရဲ့စိတ်ကြွမှုက သက်သာသွားသည်။
“မင်း ခန္ဓာကိုယ်က အနံ့က ဘာလဲ” လင်းက မော့ချူးရဲ့ လက်ကို တင်းတင်းကြပ်ကြပ်ကိုင်ထားလိုက်ပြီး စိုက်ကြည့်လိုက်သည်။
“အနံ့လား” မော့ချူးက ကြောင်ကြည့်နေသည်။ သူမက အခုလေးတင်ပဲ ဖြစ်နိုင်ခြေတွေအများကြီးကို ကြိုတွေးထားတာပါ။ ဒါပေမဲ့ လင်းက ဒီလို ထူးထူးဆန်းဆန်း မေးခွန်းမျိုး မေးလိမ့်မယ်လို့ ထင်မထားခဲ့ချေ။ “ကျွန်မ ခန္ဓာကိုယ်ပေါ်မှာ ဘာနံ့မှ မရှိပါဘူး”
သူမလိမ်နေတာ ဟုတ်မဟုတ်ကို သူမရဲ့မျက်နှာကို စိုက်ကြည့်လိုက်ပြီး လင်းက သူမရဲ့ခါးကို ဆုပ်ကိုင်လိုက်ပြီး “ငါ မင်းကို ကာကွယ်ပေးလို့ရတယ် ဒါပေမဲ့...”
လင်းက မော့ချူးလက်ထဲကို စွမ်းအင်သုံးသေနတ်လွှဲပေးလိုက်ပြီး ပြုံးလိုက်သည်။ “အပြန်အလှန်အနေနဲ့တော့ မင်း ဒီမိန်းကလေးတွေထဲက တစ်ယောက်ကို သတ်ရမယ်။ ဒါမှ မင်းအသက်ရှင်ခွင့်ရမယ်”
ဘာကြီး။
မော့ချူးက မယုံနိုင်စွာဖြင့် သူမမျက်လုံးတွေကို ပြူးလိုက်သည်။ သို့သော်လည်း လင်းက သူမအကြည့်ကို လျစ်လျူရှုလိုက်ပြီး “သူဆိုရင်ရော ဘယ်လိုလဲ”
လင်းက အော်ဟစ်နေတဲ့ မိန်းမကို လက်ညိုးထိုးလိုက်သည်။ “သူမက ခုဏလေးကမှ မင်းကို သူ့အစား သေစေချင်နေတာမဟုတ်လား။ မင်း အခု သူ့ကို သတ်လိုက်ရင် မင်းကို ချမ်းသာခွင့်ပေးမယ်။ စိတ်မပူပါနဲ့ ငါက ကတိတည်တဲ့သူပါ”
မော့ချူးက ဘာမှတော့ မပြောချေ။ သို့သော် သူမသည် စွမ်းအင်သုံးသေနတ်ကို တုန်တုန်ယင်ယင်နှင့် ကိုင်ထားသည်။
“ဘယ်လို သုံးရမလဲမသိလို့လား” လင်းက ထပ်ပြောလိုက်သည်။ “အဲ့ဒါဆိုလည်း သင်းပေးရတာပေါ့။ လွယ်လွယ်လေးပါ”
“မင်းလုပ်ရမှာက သေနတ်ရဲ့ ပြောင်းဝကို အဲ့ဒီမိန်းမရဲ့ခေါင်းကို ချိန်လိုက်ပြီး ဒီခလုတ်လေးကို ဆွဲလိုက်ရုံပဲ။ အဲ့လိုပြီးသွားရင်တော့ မင်းက သူမကို အသာလေးအဆုံးသတ်ပြီးသွားပြီပေါ့”
ဒီစွမ်းအင်သုံးသေနတ်က အဖွဲ့ချုပ်က ထုတ်ထားတဲ့ နောက်ဆုံးပေါ်လက်နက် ဖြစ်သည်။ သူက တိကျမှန်ကန်ပြီး အရည်အသွေးလည်းမြင့်သည်။
“မလုပ်ပါနဲ့ ငါ့ကို မသတ်ပါနဲ့” မဲမှောင်နေတဲ့ သေနတ်ရဲ့ပြောင်းဝကို ကြည့်ပြီး မိန်းကလေးရဲ့မျက်နှာက အကြောက်တရားတွေနဲ့ ပြည့်နေသည်။ သူမတစ်ခြားဘာကိုမှ ဂရုမစိုက်တော့ဘဲ အသနားခံပြီးသာ အော်နေတော့သည်။
“သူမကို ချုပ်ထားလိုက်” လင်းက မာန်လိုက်သည်။
ဘေးနားက လူနှစ်ယောက်က ချက်ချင်း သူမဆီကို သွားလိုက်ပြီး သူမကို ချုပ်ထားလိုက်သည်။ ဒီမိန်းမက သူမတတ်နိုင်သလောက် ရုန်းကန်သည်။ သို့သော်လည်း တစ်လက်မလေးတောင် မရွေ့နိုင်ပေ။ “မလုပ်ပါနဲ့ မလုပ်ပါနဲ့ ငါ့ကို မသတ်ပါနဲ့”
“ဘာဖြစ်လို့လဲ။ မသတ်ရဲလို့လား” လင်းရဲ့ လေးလံပြီးသိပ်သည့်တဲ့ အသက်ရှုထုတ်လိုက်တာတွေက သူမရဲ့နောက်ကြောကို ရိုက်ခတ်သွားပြီး သူမတစ်ကိုယ်လုံး ကြက်သီးတွေထသွားသည်။
မော့ချူးက စွမ်းအင်သုံးသေနတ်ကို ချထားလိုက်ပြီး ရုတ်တရက် သူ့ကို ကြည့်ရန် ခေါင်းကို မော့လိုက်သည်။ သူမက စကားတစ်လုံးချင်းစီကို ရှင်းရှင်းလင်းလင်းပြောလိုကသည်။ “ အမျိုးသမီးတွေက လူသတ်ဂိမ်းမှာ ဝင်ပါစရာမလိုဘူးဆိုပြီး ပြောထားတယ်မလား”
ဒါကို ကြားပြီး လင်းက ပြုံးလိုက်သည်။ သို့သော် သူ့မျက်လုံးတွေထဲက စိတ်ဝင်စားမှုက ပို၍ ပြင်းထန်လာသည်။ “မင်းက သတ္တိရှိသားပဲ... ငါ့ကို အပေါက်ပိတ်ဖို့ ငါ့စကားတွေကို ပြန်သုံးလိုက်တယ်ပေါ့”
သူက အခုမှပဲ မော့ချူးကို သေချာတိုင်းကြည့်တော့သည်။ သူမရဲ့ ကိုယ်အင်္ဂါတွေက သေသပ်လှပပြီး အရှားဆုံးကတော့ အဲ့ဒီ ဖော်ပြလို့မရလောက်တဲ့စိတ်ဓာတ်ပါပဲ။
“ကောင်းပြီလေ မင်းက မပါချင်းဘူးဆိုတော့လည်း ငါက လူချိန်းပေးရတာပေါ့”
လင်းက သူ့ရဲ့ မျက်ခုံးတွေကို ပင့်လိုက်သည်။ သူက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို မစတင်ခင်လေးမှာပဲ ပြောင်းလဲမှုတစ်ခုဖြစ်သွားသည်။
ရုတ်တရက် ဘယ်ကမှန်းမသိတဲ့ လူတစ်ချို့က ထွက်လာပြီး လင်းရဲ့ လက်အောက်ငယ်သားအများစုကို ချေမှုန်းလိုက်သည်။ ချွန်ထက်နေတဲ့ လေဓားပျံတစ်ခုက လင်းရဲ့ မျက်နှာဆီကို တည့်တည့်ပျံသွားသည်။
အခြေအနေတွေက ရုတ်တရက် ပြောင်းပြန်ဖြစ်သွားသည်။