အပိုင်း ၄၇
Vol. 4 Ch. 47
မြွေသားရဲ့အာဟာရ အကျိုးသက်ရောက်မှုများကြောင့် သူတို့နှစ်ယောက်လုံးရဲ့ စွမ်းအင်အဆင့်တွေက ပိုပြီးမြင့်လာပြီ ဖြစ်သည်။ မော့ယန်က နောက်ဆုံးမှာ အဆင့်(၆)ရဲ့ အလယ်အဆင့်လောက်ကို ရောက်သွားပြီး မော့ချူးကတော့ အဆင့်(၂)ရဲ့ အထက်အဆင့်ကို ရောက်ရှိသွားပြီပင်။
ခန္တာကိုယ်ထဲက ပေါကြွယ်ဝနေတဲ့ စွမ်းအင်တွေကို ခံစားရင်း မော့ယန်ရဲ့ရင်ထဲ အပျော်တွေနှင့် ပြည့်နေသည်။ သူက အရင် ငါးကင်တုန်းကမှ နည်းနည်းသံသယရှိသေးသည်။ သို့သော် အခုတော့ ဒီမြွေသားကြော်က မော့ချူးဘယ်လောက် အစွမ်းထက်လဲဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်စေလိုက်သည်။
ဆေးသောက်တာကလည်း ဒြပ်စွမ်းအင်ကို မြင့်တင်နိုင်ပေမဲ့ ဒီလိုအရမ်းကြီးမားတဲ့ သက်ရောက်မှုမျိုးက အလွန်ရှားသည်။ များသောအားဖြင့် ပရောဂဆရာများသာ လုပ်နိုင်စွမ်းရှိကြသည်။
နောက်ပြီး မော့ချူးက ဆေးတွေရဲ့သက်ရောက်မှုကို သေးသေးလေးတောင် မထည့်ခဲ့ချေ။ အဲ့ဒီအစား သူမက လမ်းအသစ်ကို ဖောက်လိုက်ပြီး နောက်ထပ်အရင်းအမြစ်တစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်သည်။
မော့ယန်က အရင်တုန်းက သူတို့အမှိုက်လိုပစ်ခဲ့တဲ့ ပစ္စည်းတွေအကြောင်းကို တွေးမိသွားသည်။ သို့သော်လည်း သူ့ညီမလက်ထဲမှာ အဲ့ဒီအမှိုက်တွေကနေ မှော်အဖြစ် ပြောင်းလဲသွားပြီး ရည်ရွယ်ချက်အသစ်ကိုတောင် ရရှိစေလိုက်သေးသည်။ မော့ယန်က အဲ့ဒီအကြောင်းကြောင့် ဂုဏ်မယူဘဲ မနေနိုင်တော့ချေ။
သူခေါင်းကို လှည့်ကြည့်လိုက်တော့ မော့ချူးက မီးဖိုထဲမှာ အလုပ်ရှုပ်နေတာကို တွေ့လိုက်ရသည်။
သူမက ဒြပ်စွမ်းအင်ကိုတိုးစေတဲ့ စားစရာနှစ်ခုကို လုပ်လိုက်သော်လည်း ဒီဟာရဲ့အဓိကချက်ကို အဖြေမရှာနိုင်ဖြစ်နေသေးသည်။ သူမက အဖြေမှန်ကို ကြက်ကန်းဆန်အိုးတိုးမိသွားသလိုပဲ။ သို့သော်လည်း သူမဘယ်လောက်ပဲကြိုးစားကြိုးစား ဖြစ်စဉ်ကို ကောက်ချက်မချနိုင်သေးချေ။ မော့ချူး စိုးရိမ်စိတ်ဝင်လာတော့သည်။
သူမက ကျန်ရှိနေသေးတဲ့ မြွေသားတွေ အကုန်ယူလိုက်ပြီး ထပ်ကာထပ်ကာ ပြန်စမ်းကြည့်နေသည်။
ပထမဆုံးမော့ချူးက သူမခုဏက ချက်ပြုတ်တဲ့အတိုင်း နောက်ထပ် မြွေသားအိုးကို ထပ်ချက်ကြည့်သည်။ မျှော်လင့်ထားသည့်အတိုင်း အရောင်တွေက ရောပြီး နောက်ဆုံးတော့ အဖြူရောင်အဖြစ်ပြောင်းလဲသွားသည်။ တုန့်ပြန်မှုက ငါးကင်တုန်းကနဲ့ လုံးဝ အတူတူပါပင်။ ဒါပေမဲ့ ငါးကင်တုန်းက အဖြူရောင်က နည်းနည်းပိုပြစ်သည်။
မြွေသားအိုးကို ချပြီးတဲ့နောက် မော့ချူးက မီးပြန်တင်ပြီး တစ်ခြားပါဝင်ပစ္စည်းတွေကို ထည့်ကြည့်ပြီး ပြန်ချက်ကြည့်သည်။ နောက်ဆုံးထွက်လာတဲ့ မြွေသားက အရင်ကနဲ့ အရသာတူတူပင်။ ဒါပေမဲ့ စွမ်းအင်တိုးလာတော့ကိုတော့ မတွေ့ရချေ။ သူမ တစ်ခြားပါဝင်ပစ္စည်းတွေကို လျှော့ကြည့်လိုက်ပေမဲ့လည်း ရလာဒ်က တူတူပင်။
အမျိုးမျိုး စမ်းကြည့်ပြီးတဲ့ နောက်မှာတော့ မော့ချူးက အဓိကချက်အချို့ကို တွေ့လိုက်ရသည်။ ကြည့်ရတာ အဲ့ဒီစားစရာက ဒြပ်စွမ်းအင်ကို တိုးစေတဲ့နေရာမှာ တိကျတဲ့အချိုးရှိသည့်ပုံပင်။ အဲ့ဒါက ပါဝင်ပစ္စည်း နှစ်မျိုးသုံမျိုးလောက်နှင့် လုပ်၍မရနိုင်ပါ။
“ဒီကိစ္စနဲ့ပတ်သတ်ပြီး အလျင်လိုစရာ မရှိပါဘူး။ ညီမလေးက ဘာတွေ အဲ့လောက် စိတ်ပူနေတာလဲ” မော့ယန်က လျှောက်သွားလိုက်သည်။ သူ ချူးလေး မျက်နှာဖျော့နေတာကို တွေ့လိုက်ရတော့ အသံတိုးတိုးလေးဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
“ဟုတ်ပြီ ညီမလေးနောက်တစ်ခါမှပဲ ဂရုစိုက်ကြည့်လိုက်တော့မယ်” မော့ချူးက ပြုံးပြီး သဘောတူလိုက်သည်။ သူမက မြွေသားကို ၁၀ခါလောက် ချက်ပြီးနေပါပြီ။ သူမ တကယ်ပင်ပန်းသွားပေမဲ့ အဲ့ဒီ အစားပုပ်ပေါက်စလေးအတွက်ကတော့ ရှယ်ဖြစ်နေသည်။ ဒီစားစရာတွေ အကုန်စားပြီး သူလည်းဗိုက်ပြည့်နေတော့သည်။
ဟုတ်တယ်။ သွေးအလင်းသားရဲလည်း စားပွဲပေါ်က ၁၀ ခုထက်ပိုတဲ့ စားစရာပန်းကန်တွေကို ကြည့်ပြီး စိတ်လှုပ်ရှားနေပြီပင်။
အရသာရှိတာတွေ၊ ဒီအရသာရှိတာတွေအကုန် ငါပိုင်တယ်ကွ၊ ဟား ဟား။ သူကတော့ သာယာနေသည်။
လေပွေတစ်ခုလိုပဲ သွေးအလင်းသားရဲက စားပွဲပေါ်က စားစရာတွေ အကုန်လုံးကို ရှင်းပစ်လိုက်သည်။ သူရဲ့ဗိုက်က ဖောင်းကားနေတာတောင် သူကတော့ သိပ်ဂရုမစိုက်ပေ။ သူရဲ့မျက်နှာ ပြဲပြဲကြီးက ကျေနပ်မှုတွေနဲ့ပြည့်နေသည်။
သွေးအလင်းသားရဲ စားလို့သောက်လို့ပြီးသွားတဲ့နောက်မှာ မော့ချူးက သူ့ကို သယ်သွားလိုက်သည်။ သူမက သူ့ရဲ့ဗိုက်ကို ထိလိုက်ပြီး အရင်ကထက် ပိုဖောင်းနေသလို ခံစားလိုက်ရသည်။ “ဝိုင်းဝိုင်း မင်းအရင်ကနဲ့စာရင် တော်တော်လေး ဝိတ်တက်လာလိုပဲ။ ဝိတ်လျှော့ကြည့်ပါလား”
ဒါကို ကြားပြီး သွေးအလင်းသားရဲက ရုတ်တရက်မျက်လုံးဖွင့်လိုက်ပြီး သူက ကြောက်လန့်စွာနဲ့ ငေးကြည့်နေသည်။
ဝိတ်လျှော့တာလား။ ငါက ဘာလို့ဝိတ်လျှော့ရမှာလဲ။ ဒီလောက် အားကြီးပြီးသန်မာတာ ရှင်းလင်းနေတာကို ဝတယ်လို့ ဘယ်လိုခေါ်လို့ရမှာလဲ။
သွေးအလင်းသားရဲ၏ ‘မယုံပါဘူး၊ မင်းငါ့ကို လိမ်နေတာ’ ဆိုသည့်မျက်နှာထားကြည့်ရင်း မော့ချူး တခစ်ခစ်ရယ်လိုက်သည်။ သူမ၏ လိပ်ပြာလွင့်သွားသည့်အတိုင်းပင်။ ဘာလို့ ဒီအကောင်လေးက ဒီလောက်ရယ်စရာကောင်းနေရတာလဲ။
မော့ချူးရဲ့ လှောင်ရယ်သည့်ပုံကို ကြည့်ပြီး သွေးအလင်းသားရဲလည်း နောက်ဆုံးတော့ မခံနိုင်တော့ပါ။ သူ လှည့်စားခံလိုက်ရတာပဲ။ ဒီအချိန်မှာ သူ့ရဲ့ ဒေါသက ငယ်ထိပ်ရောက်လာပြီး မော့ချူးရဲ့ရင်ခွင်ထဲကနေ ခုန်ထွက်လာကာ တံခါးဆီကို လျှောက်သွားတော့သည်။ ဟွန့် ငါ မင်းနဲ့ နောက်ထပ်မနေတော့ဘူး။
“မသွားပါနဲ့” မော့ချူးက ဒီမာနကြီးတဲ့အကောင်လေး ထွက်သွားဖို့ပြင်လိုက်တာကို ကြည့်ပြီး ရင်ခွင်ကို ဖက်လိုက်သည်။ “ဒီလိုဆိုရင်ရော ငါ ပါဝင်ပစ္စည်းအသစ်ရတိုင်း မင်းကို အရင်ဆုံးစားခိုင်းမယ်လေ” ဟုပြောလိုက်သည်။
ဒီစကားလုံးတွေရဲ့အစွမ်းက သွေးအလင်းသားရဲရဲ့ အခုလက်ရှိအခြေအနေကို ရပ်တန့်လိုက်တဲ့ထိ ကြီးသည်။
သူက ခဏတာ ချည်တုံချတုံဖြစ်နေပြီးတော့ နောက်ဆုံးမှာ အရသာရှိတာတွေရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရပြီး မော့ချူးရဲ့ လက်မောင်းထဲမှာ လှဲနေလိုက်သည်။
ဟူး ဒီအစားပုပ်လေးကို ဖြောင်းဖျရတာ အရမ်းလွယ်တာပဲ။
မော့ချူးက ပြုံးလိုက်ပြီး မော့ယန်ကို ကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။ “ဟုတ်သားပဲ။ အစ်ကို့ ဒီနားလေးမှာ အုံ့ဆိုင်းသည့်တောအုပ်လိုမျိုး မှော်ဒေသတစ်ခုလောက်ရှိလား”
သူမ ဒြပ်စွမ်းအင်တိုးစေဖို့ အစားအစာချက်ပြုတ်နည်းလှည့်ကွက်တစ်ချို့ကို သိလိုက်ကတည်းက ဒီအခြေအနေကနေ အကျိုးအမြတ်ထုတ်ပြီး စမ်းကြည့်ချင်နေတာ ဖြစ်သည်။
“ရှိတာပေါ့” မော့ယန်က ခေါင်းညိတ်လိုက်သည်။ သူက သူ့ရဲ့အိမ်စာတွေ အကုန်လုပ်ပြီးသွားပြီး အခုဆိုရင် ဒီဒေသနဲ့ အရမ်းရင်းနှီးနေပြီ။ “မနက်ဖြန် အတူတူသွားကြတာပေါ့။ ဝိုင်းဝိုင်းကိုတော့ ခေါ်မလာနဲ့နော်”
မော့ယန်က သူ့ရဲ့စွမ်းအင်ကို တက်နိုင်သလောက် အမြန်ဆုံး တိုးမြင့်ဖို့ ဆုံးဖြတ်လိုက်သည်။ ဒီလိုမှ သူက ချူးလေးကို ကူညီနိုင်မှာဖြစ်သည်။
ဒါကို သွေးအလင်းသားရဲ ကြားလိုက်တော့ ချက်ချင်းပဲ မကျေနပ်ဖြစ်သွားသည်။ သူက မော့ယန်ကို ငေးကြည့်နေလိုက်သည်။ ငါ့ကိုဘာလို့ တူတူမခေါ်သွားချင်တာလဲ။ မင်းက နတ်ဆိုးသားရဲတွေကို ခွဲခြားဆက်ဆံနေတာပဲ။
သွေးအလင်းသားရဲက မော့ယန်ကို ကိုက်ချင်နေတာတွေ့လိုက်ပြီး သူက ချက်ချင်းပဲ ရှင်းပြလိုက်သည်။ “မင်းရဲ့အင်အားက အရမ်းကြီးတယ်။ မင်းက ငါတို့နဲ့အတူတူရှိနေရင် ဘယ်သူက ငါတို့ကို လာတိုက်ရဲမှာလဲ”
ဒါက သူတို့ရဲ့ ရည်ရွယ်ချက်ကို အနှောက်အယှက်ဖြစ်စေသည်။
“အာဝူး အာဝူး” သွေးအလင်းသားရဲက ပြန်ပြောလိုက်သည်။ သူက မှော်ဒေသထဲမှာပဲ တစ်သက်လုံးနေလာတာ။ အခုတော့ သူ ပြန်ပြီးသွားလည်ဖို့ ဘာတွေလွတ်သွားလည်းဆိုတာကြည့်ဖို့ အခွင့်ကြုံလာပြီ။
မော့ချူးက အတွေးတစ်ခုရလိုက်သည်။ “ဒီလိုလုပ်ကြရင်ရော၊ ဝိုင်းဝိုင်းကို အတူတူခေါ်သွားပြီး အဲ့ဒီကို ရောက်တဲ့အခါ ညီမလေးနဲ့ ဝိုင်းဝိုင်းနဲ့က တစ်ဖွဲ့၊ အစ်ကိုက တစ်ဖွဲ့ ခွဲလိုက်မယ်လေ။ ပြန်တဲ့အခါကျ အတူတူပြန်ဆုံတာပေါ့။ ဘယ်လိုထင်လဲ”
မော့ယန်နဲ့ ဝိုင်းဝိုင်းက မငြင်းတဲ့အတွက် အဲ့ဒါအတည်ဖြစ်သွားပြီပင်။
တံခါးခေါင်းလောင်းက ရုတ်တရက်မြည်လာသည်။
မော့ချူးက ကြောင်ကြည့်နေသည်။ သူတို့ အခုမှ ပြောင်းလာခါစရှိသေးတာကို ဘယ်သူများပါလိမ့်။ မော့ယန်က ထင်တော့ထင်လိုက်ပြီး တံခါးကိုဖွင့်လိုက်သည်။
ထင်ထားတဲ့အတိုင်း တံခါးအပြင်ဘက်မှာရပ်နေတာက မော့ချူးကို ပုတီးရောင်းပေးလိုက်တဲ့ အဖိုးကြီးပါ။ နောက်ပြီး သူ့ရဲ့နောက်မှာ လူနည်းနည်းလည်းပါလာသေးသည်။ “စိတ်တော့မရှိပါနဲ့နော်၊ ကျွန်တော်တို့ နောက်ထပ် ပုတီးစေ့တွေ ယူလာသေးတယ်။ ကြည့်များကြည့်ချင်မလားလို့ပါ”
မော့ချူးက လမ်းလျှောက်သွားလိုက်သည်။ ခြင်းတောင်းတွေနဲ့အပြည့် ပုတီးစေ့တွေသယ်လာတာတွေ့တော့ ပျော်ရွှင်သွားသည်။ “ဝင်လာပါ ဝင်လာပါ”
“ရပါတယ် မဝင်တော့ပါဘူး” အဖိုးကြီးက သူတို့ကို ကြည့်လိုက်ပြီး မြန်မြန်လက်ကို ယမ်းလိုက်သည်။ သူတို့ နှစ် ၃၀,၄၀လောက်လုပ်လာတာတောင် အိမ်ကောင်းကောင်းတစ်ခုကို မဝယ်နိုင်ဘူး။ သူများကို ဒုက္ခမပေးချင်တာနဲ့ “ကျွန်တော်တို့ ဒီမှာပဲ နေလိုက်ပါ့မယ်”
ဒါကို တွေ့ပြီး မော့ချူးက ဘာမှမပြောတော့ပေ။ သူမက ပုတီးစေ့တွေအတွက် ပိုက်ဆံရှင်းပေးလိုက်သည်။ ခဏလောက်စဉ်းစားပြီးတဲ့နောက်မှာတော့ သူမက အဖိုးကြီးဘက်ကို လှည့်လိုက်ပြီး “အစ်ကိုနဲ့ကျွန်မက တစ်ခြားသွားစရာတွေရှိသေးတော့ ဒီအိမ်မှာပဲ တစ်ချိန်လုံးရှိမှာ မဟုတ်ဘူး။ ဒီလိုလုပ်ရင်ရော။ တစ်ယောက်ယောက်က ပုတီးစေ့တွေရောင်းချင်ရင် အဖိုးဆီကို အရင်ဆုံးယူလာခိုင်းလိုက်။ အဖိုးက ၁၀ရက်နေတိုင်း ငွေရှင်းဖို့ ပြန်လာလိုက်၊ အဲ့လိုဆိုရင်ရော”
မော့ချူးရဲ့ ယုံကြည်နေတဲ့ အကြည့်ကိုကြည့်ပြီး အဖိုးကြီးက နည်းနည်းစိတ်ပူပေမဲ့လည်း သဘောတူလိုက်သည်။ “ဟုတ်ပါပြီ ကျွန်တော်ပြန်ပြီး သူတို့ကို ပြောလိုက်ပါမယ်”