အပိုင်း ၅၄
Vol. 4 Ch. 54
ကျောလင်က ဘေးဘီမကြည့်ဘဲ ပျော်ပျော်ကြီး ရယ်နေသေးသည်။ သူက နျဉ်ယိယွမ်ရဲ့ မျက်နှာ မဲမှောင်သွားတာကို သတိမထားမိလိုက်ချေ။ “ဘာကို အဲ့လောက်ရယ်စရာပါနေလို့လဲ”
“မပါ ပါ ဘူး။ ရယ်စရာလုံးဝမကောင်းပါဘူး” ကျောလင် လှည့်ကြည့်လိုက်တဲ့အချိန်မှာ သူ့ဆရာရဲ့ ရုပ်ဆိုးနေတဲ့မျက်နှာကြီးကို တွေ့လိုက်ရသည်။ သူက သူ့ရဲ့အပြုံးကြီးကို ချက်ချင်းဖယ်ပစ်လိုက်ပြီတော့ ပြောလိုက်သည်။ “ဆရာ ကျွန်တော့မျက်နှာ ကြွက်တက်လို့ပါ။”
“ဟုတ်ရဲ့လား” ကံမကောင်းစွာနဲ့ပဲ နျဉ်ယိယွမ်က သူ့ရဲ့အခြေအမြစ်မရှိတဲ့စကားကို မယုံချေ။ “အဲ့ဒါကြောင့် မင်းရဲ့ လေ့ကျင့်ရေးကို ငါတို့ပြန်ရောက်ရင် နှစ်ဆဆင်းခိုင်းမယ်။ ပြီးရင် ရောဂါတွေ အကုန်လုံးကိုလည်း ကုသရမယ်”
မဟုတ်ဘူးလေ။ ဒါကိုကြားပြီး ကျောလင်ရဲ့ မျက်နှာချောလေးလည်း ငြိုးကျသွားတော့သည်။ အဖွဲ့ရဲ့ပုံမှန်လေ့ကျင့်ရေးကိုတောင် သူ့မှာ မခံနိုင်တာ။ ၂ဆဆိုတော့ သွားပြီ။ သူအတွက် အဆုံးသတ်ပဲ။
ကျုံးဝမ်က ဘေးကနေကြည့်နေပြီးတော့ ‘မှတ်ကရော’ ဆိုတဲ့အကြည့်နဲ့ ကြည့်နေသည်။
လူရွှင်တော်ကျောလင်ကို လျစ်လျူရှုလိုက်ပြီး နျဉ်ယိယွမ်က မော့ချူးကို ပြန်လှည့်ကြည့်လိုက်သည်။ “အို့ ဟုတ်သားပဲ။ မင်းက ဘာလို့အဲ့ဒီနေရာမှာ တစ်ယောက်တည်း မျောနေတာလဲ။ မင်းရဲ့အကိုရော။ သူနဲ့ အတူတူမဟုတ်ဘူးလား”
“ကျွန်မက အစက အစ်ကိုနဲ့ အတူတူရှိနေတာပါ။ ဒါပေမဲ့ ဝိညာဉ်သစ်ပင်ရဲ့ဖမ်းတာခံလိုက်ရပြီး...” မော့ချူးက သူမရဲ့ ခုဏက အကြောင်းကို အတိုချုပ်ရှင်းပြလိုက်သည်။ “ကံကောင်းတာက ရှင်တို့နဲ့တွေ့တာပဲ။ မဟုတ်ရင် ကျွန်မ အသက်အန္တာရယ်ရှိနေတော့မှာ”
“အဲ့ဒီတော့ မင်းက လက်တစ်ပြားလောက် စွမ်းအင်အရင်းအမြစ်ကို ဗိုက်ထဲမျိုချလိုက်တာပေါ့” မော့ချူးရဲ့အကြောင်းကို ကြားပြီး ကျောလင်ရဲ့မျက်နှာက ထိန်လန့်မှုတွေနဲ့ ပြည့်နေသည်။ ဒီကလေးမလေးက ရဲရင့်ရုံတင်မကဘူး ကံလည်းကောင်းတာပဲ။
မှော်အပင်တွေက စွမ်းအင်အရင်းအမြစ်ဆိုတာ တကယ့် ဒြပ်စွမ်းအင်ကို တိုးစေတဲ့အရာပဲ။ အရင်တုန်းက အဲ့ဒါတွေကို မှောင်ခိုဈေးကွက်မှာ ရောင်းတဲ့သူတွေရှိသည်။ လက်တစ်ဆုပ်လောက် စွမ်းအင်အရင်းအမြစ်လောက်ကိုတောင် မိုးလောက်မြင့်တဲ့ ဈေးနဲ့ရောင်းချကြသည်။
သို့သော်လည်း လူတိုင်းဒီပစ္စည်းကို မခံစားနိုင်ကြပေ။
အစကတော့ လူတွေက စွမ်းအင်အရင်းအမြစ်အကြောင်းကို မသိကြချေ။ ထို့ကြောင့် ဒီလိုပစ္စည်းမျိုး ဈေးကို ရောက်တာနဲ့ ချက်ချင်းရောင်းထွက်သွားးသည်။
သို့သော် အထူးစွမ်းအင်အသုံးပြုသူတွေက တစ်ခုခုမှားနေတယ်ဆိုတာကို သတိထားမိခဲ့ကြသည်။ လူတိုင်းက စွမ်းအင်အရင်းအမြစ်ကို သုံးဆောင်ပြီးတဲ့နောက်မှာ သူတို့ရဲ့စွမ်းအင်တွေကို တိုးနိုင်တာမဟုတ်ပါဘူး။ ပြောင်းပြန်အနေနဲ့ တစ်ချို့သူတွေဆို စွမ်းအင်တွေလျော့နည်းကုန်ပြီး အားအင်နည်းသွားတာတွေတောင် ရှိသည်။
နောက်တော့ အစားအသောက် ကျွမ်းကျင်သူတွေရဲ့ နှစ်ပေါင်းများစွာ ရှာဖွေမှုတွေကြောင့် သူတို့တွေ့လိုက်ရတာက မှော်အပင်တွေကနေ ထုတ်လုပ်တဲ့ စွမ်းအင်အရင်းအမြစ်တွေက ကွာခြားတယ်ဆိုတာပင်။
အထူးစွမ်းအင်အသုံးပြုသူတွေကို သတ္တု၊ သစ်၊ ရေ၊ မီး နှင့် မြေ ဆိုပြီး ခွဲခြားထားသည့်အတိုင်းပင်။ စွမ်းအင်အရင်းအမြစ်များနှင့် ဂုဏ်သတ္တိများလည်း ကွာခြားသည်။ စွမ်းအင်အသုံးပြုသူက တူညီတဲ့ စွမ်းအင်အရင်းအမြစ်ကို ရရှိမှာသာ သူတို့ရဲ့ဒြပ်စွမ်းအင်က တိုးလာမည်ဖြစ်သည်။
ရှင်းပြရမယ်ဆိုရင် သတ္တုစွမ်းအင်အရင်းအမြစ်ရှိတယ်ဆိုပါစို့၊ သတ္တုအထူးစွမ်းအင်အသုံးပြုသူကပဲ စားသုံးနိုင်သည်။ တစ်ခြားအထူးစွမ်းအင်အသုံးပြုသူတွေက ယူမယ်ဆိုလျှင် ဘာအကျိုးသက်ရောက်မှုမှ ရှိမည်မဟုတ်ပါ။ သို့သော် စွမ်းအင်အသုံးပြုသူအနေနဲ့ ရုန်းကန်မှုတွေတောင် ဖြစ်လာနိုင်သည်။
သို့သော်လည်း ဖြေရှင်းရခက်သည့်အချက်က ယခုနည်းပညာလောက်နဲ့ စွမ်းအင်အရင်းအမြစ်ရဲ့ ဂုဏ်သတ္တိကို ထောက်လှမ်းနိုင်သည့် နည်းလမ်းမရှိသေးချေ။
ထို့ကြောင့် သူတို့ရဲ့မျက်လုံးထဲမှာ ဒီအရာက လောင်းကစား လုပ်ရသည့်အတိုင်းပင်။ သူတို့ လောင်းတာနိုင်ရင် အကျိုးအမြတ်ရမည်။ လောင်းတာ ရှုံးရင်တော့ သူတို့ရဲ့ အထူးစွမ်းအင်ကိုတောင် ဆုံးရှုံးရနိုင်သည်။
မော့ချူး ဒီကောင်မလေးက တော်တော်လေးကို ကံကောင်းလွန်းသည်။ ပေါ့ပေါ့ပါးပါးတစ်ချက်လောက်ကိုက်လိုက်တာနဲ့ သူမက ရေစွမ်းအင်အရင်းအမြစ်ကို စားသုံးနိုင်သည်။ သို့သော် ဝိညာဉ်သစ်ပင်က စွမ်းအင်က ရေစွမ်းအင်ဆိုတာ ဟုတ်ရဲ့လား။
မော့ချူးရဲ့ ဖြူရော်နေတဲ့မျက်နှာကို ကြည့်ပြီး နျဉ်ယိယွမ်က အနည်းငယ်စိုးရိမ်လာသည်။ “ကျုံးဝမ် နောက်ထပ်တစ်ခါ ထပ်စစ်လိုက်ပါဦး”
“ဟုတ်” ကျုံးဝမ်လည်း သိချင်နေပြီ။ သူက ရှေ့ကို သွားပြီး သေသေချာချာ စစ်ဆေးလိုက်သည်။ သူက ဘာမှပြဿနာအကြီးကြီး မရှိတာကို တွေ့ရသည်။ “စိတ်မပူပါနဲ့။ မင်းခန္ဓာကိုယ်က အဆင်ပြေပါတယ်။ မင်းက စွမ်းအင်အရင်းမြစ်တွေကို တက်နိုင်သလောက် အမြန်ဆုံး သန့်စင်ပစ်ဖို့ပဲလိုတာပါ။”
“သန့်စင်တာ” မော့ချူးက နည်းနည်းမရှင်းဖြစ်နေသည်။ ငါဘာလုပ်ရမှာလဲ။
နျဉ်ယိယွမ်က မော့ချူး ဗဟုသုတနည်းတာကို တွေ့လိုက်သည်။ သူက သူမကို ငြင်ငြင်သာသာ ရှင်းပြလိုက်သည်။ “မင်း ပုံမှန်လေ့ကျင့်တဲ့အတိုင်းပဲ ဒါပေမဲ့ မင်းက မင်းရဲ့စွမ်းအင်တွေကို ခန္ဓာကိုယ်ထဲက စွမ်းအင်အရင်းအမြစ်နဲ့ တိုက်ပြီး သူ့ကို မင်းရဲ့ကိုယ်ပိုင်စွမ်းအင်အဖြစ်လုပ်တာကို ပြောတာ”
မော့ချူးက နားလည်သွားသည့်ပုံပင်။ ဒါပေမဲ့ သိပ်တော့မဟုတ်ပေ။ “အို့ သိပြီ”
“ဟုတ်ပြီ။ ငါတို့ မင်းကို မနှောက်ယှက်တော့ဘူး။ တစ်ခုခုလိုတာရှိရင် ငါ့ကို ခေါ်လိုက်ပါ။ မင်းငါ့ကို လိုသော်လိုငြား အပြင်မှာရှိနေမယ်” အဲ့ဒီလိုပြောကာ နျဉ်ယိယွမ်က ကျောလင်နဲ့ ကျုံးဝမ်တို့ကိုပါ ဆွဲပြီးအပြင်ထွက်သွားလိုက်သည်။
မော့ချူးက တဲထဲမှာ သူမတစ်ယောက်ထဲရှိတော့မှပဲ ခလုတ်ခုံထဲက စားစရာကိုထုတ်ပြီး ပါးစပ်ထဲသွတ်ရဲတော့သည်။
သူမက နေ့လည်စာ ဘာမှမစားရသေးတာကြောင့် ဗိုက်တွေအရမ်းဆာနေပြီ။ သူမ စားစရာတော်တော်လေး စားပြီးသွားတော့မှဘဲ သူမရဲ့ခွန်အားတွေပြန်ပြည့်လာသည်။ အဲ့ဒါပြီးတော့မှ မော့ချူးက ကျင့်ကြံမှုစတင်ဖို့ အာရုံစိုက်တော့သည်။
သူမရဲ့မျက်လုံးတွေကို အသာလေး ပိတ်လိုက်ပြီး အာရုံကို စူးစိုက်လိုက်သည်။ မော့ချူးက မတူညီတဲ့ဒြပ်စင်တွေသူမရဲ့ ပတ်ဝန်းကျင်မှာ တစ်ခုပြီးတစ်ခု ပေါ်လာတာကို ခံစားလိုက်ရသည်။ သူတို့က အဆက်မပြတ်ခုန်ပေါက်ကာ မတူညီတဲ့ အရောင်နဲ့ တောက်ပမှုတို့ကို ထုတ်လွှတ်နေကြသည်။
မော့ချူးက ဝိညာဉ်စွမ်းအားကြိုးအထုံးကို ဆွဲလိုက်ကာ ဒြပ်စင်များနှင့် ချိတ်ဆက်လိုက်သည်။
ထို့နောက် ဒီဝိညာဉ်ကြိုးထုံးက အပြားဖြစ်သွားသည်။ ခုန်ပေါက်နေကြတဲ့ ဒြပ်စင်တွေက အပြားနဲ့ ဆော့နေကြတဲ့ ဆိုးသွမ်းတဲ့ ကလေးများလိုပင်။ တစ်ယောက်ပြီးတစ်ယောက် အပြားကို ဖြတ်ပြီး သူမရဲ့ခန္ဓာကိုယ်ထဲကို ဝင်သွားကြသည်။
ဒြပ်စင်တွေက မော့ချူးခန္ဓာကိုယ်ထဲမှာ စုဝေးလာကြပြီး ချောင်းသေးသေးလေး အသွင်ပြောင်းလဲသွားသည်။ အဲ့ဒါက သွေးပြန်ကြောတွေထဲမှာ ရေကူးနေသည့်အတိုင်း စွမ်းအင်အရင်းအမြစ်ကို ဆက်တိုက်ဆေးကြောချလိုက်သည်။
စွမ်းအင်ရင်းမြစ်သည် လျင်မြန်စွာ ကျုံ့လာသည်။ မျောပါသွားသော အစိတ်အပိုင်းများသည် မော့ချူး၏ ခန္ဓာကိုယ်ထဲသို့ ရောနှောသွားသည်။ သေးငယ်သော စွမ်းအင်စီးကြောင်းသည် တဖြည်းဖြည်း မြစ်တစ်စင်းအရွယ်သို့ ပြောင်းလဲသွားပြီး ရွှင်မြူးမှုသည် ပို၍ပင် ပြင်းထန်လာသည်။
နောက်ဆုံးတွင် မော့ချူးသည် စွမ်းအင်ရင်းမြစ်တစ်ခုလုံးကို လုံးလုံးလျားလျား ပြောင်းလဲလိုက်ကာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်သည်လည်း လျှပ်တစ်ပြက်အတွင်းပြည့်သွားခဲ့သည်။ ခြောက်သွေ့သော သဲကန္တာရတွင် ရုတ်တရက် မိုးသက်မုန်တိုင်း ကျလိုက်သည်နှင့် တူသည်။ အက်ကွဲနေသောမြေသည် ရေများဖြင့် ရောနှောပြည့်လျှံသွားပြီး ဒီလိုကျေနပ်မှုမျိုးသည် တကယ်ကို ကြည်နူးဖွယ်ကောင်းလှသည်။
အနီးကပ် စစ်ဆေးပြီးတဲ့နောက် မော့ချူသည် တုန်လှုပ်သွားသည်။ သူမက အဆင့်(၂)အထက်ပိုင်း မှ အဆင့်(၄) ကို ခုန်တက်သွားခဲ့သည်။ ဒီလိုခုန်တက်မှုမျိုးသည် တကယ်ကို အံ့ဖွယ်ကောင်းလှသည်။
မော့ချူး တဲထဲက ထွက်လာတော့ ကောင်းကင်က မှောင်နေပြီဆိုတာ သူမ သိလိုက်သည်။
မသိလိုက်ဘဲ သူမသည် နေ့ခင်းတစ်ခင်းလုံး ကျင့်ကြံမှုကို လုပ်နေတာဖြစ်သည်။ သူ့အစ်ကို အခုချိန်အခြေအနေ ဘယ်လိုရှိလဲ သူမ မသိသလို ဝိုင်းဝိုင်းအကြောင်းလည်း သူမ မသိချေ။ အရင်ကတော့ နေဝင်တဲ့အချိန်မှာ ပြန်ဆုံဖို့ သဘောတူထားကြသည်။ အခုတော့ သူမသည် ချိန်းဆိုထားသည့်အချိန်ကို ရွေးချယ်စရာမရှိဘဲ လွတ်သွားရသည်။
သူတို့ မော့ချူးကို တွေ့လိုက်သည့်အချိန် နျဉ်ယိယွမ်ရော ကျန်တဲ့နှစ်ယောက်ရော အလွန်အံ့ဩသွားကြသည်။ သို့သော် သူတို့အတွေးက မော့ချူးအတွေးနဲ့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေသည်။
နောက်ပြီး နတ်ဆိုးအပင်မှ ထုတ်လုပ်ထားတဲ့ စွမ်းအင်အရင်းအမြစ်သည် သူတို့ကျင့်ကြံထားသည့် အရာမဟုတ်ပေ။ ထို့ကြောင့် ၎င်းကို ပြုပြင်ရန် လိုအပ်သော အချိန်မှာလည်း အတော်လေး ရှည်လျားသည်။ ပုံမှန်အားဖြင့် နှစ်ရက်သုံးရက်လောက် ကြာတတ်ကြသည်။
သို့သော်လည်း မော့ချူးသည် နေ့ခင်းတစ်ချိန်လောက်ပဲ ကျင့်ကြံလိုက်ပြီး လက်ဖဝါးအရွယ် စွမ်းအင်ရင်းမြစ်ကို သူမ၏ ကိုယ်ပိုင်စွမ်းအင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ ဒီလိုအရည်အချင်းက လျှော့တွက်လို့မရချေ။