← Chapters

အပိုင်း ၆၂

Vol. 5 Ch. 62

အပိုင်း ၆၂

Vol. 5 Ch. 62

သားရဲကြီးက ရက်စက်တဲ့မျက်နှာရှိပြီး သူ့ရဲ့ တြိဂံပုံမျက်လုံးတွေက သူမကို စေ့စေ့စိုက်ကြည့်နေသည်။ သူ့ရဲ့ သန်မာတဲ့ ခန္ဓာကိုယ်ပေါ်မှာ ထူထဲတဲ့ အခွန်တွေက တစ်ခုပြီး တစ်ခုဖုံးလွှမ်းထားသည်။ တစ်ချက်ကြည့်ရုံနှင့် သူက မယဉ်ပါးဘူးဆိုတာ သိနိုင်သည်။

“သွားပြီ” ဒီကောင်မလေးရဲ့ကံကတော့ ဆိုးလိုက်တာ။ ပွဲစဉ်ကြည့်နေတဲ့ သူတွေက သူတို့ရဲ့ ခေါင်းတွေကို ယမ်းလိုက်သည်။ ဒီမှော်သားရဲကြီးရဲ့ စွမ်းအင်က အဆင့်(၆)အလယ်လောက်ရှိပြီး မော့ချူးက အဆင့်(၅)ကို ခြေလှမ်းခါစရှိသေးသည်။ သူတို့ကြားက စွမ်းအင်ကွာခြားမှုကို ဒီကောင်မလေးကို အကြိမ်ကြိမ်ချေမှုန်းပစ်နိုင်သည်။

“ဟူး ဒီကောင်မလေးရဲ့ အလားအလာက တော်တော်ကောင်းတယ်” တစ်စုံတစ်ယောက်က မော့ချူးရဲ့ ပုဂ္ဂိုလ်‌ရေးအချက်အလက်တွေကို သတိထားမိလိုက်သည်။ “သူမက အသက် ၁၆နှစ်ပဲ ရှိသေးတာကို အဆင့်(၅)ရောက်နေပြီ။ သူမကို မျိုးစေ့ကောင်းလို့ သတ်မှတ်လို့ရတယ်”

ပွဲစဉ်ကို စိတ်မဝင်စားတဲ့သူများလည်းရှိသည်။ “ဟုတ်ပါပြီ။ ဒီလို သန်မာတဲ့ပြိုင်ဘက်ကို ပေါက်မိတာတော့ သူမအတွက် စိတ်မကောင်းစရာပါပဲ”

မော့ယန်ကတော့ မဲမနှိုက်ရသေးသော်လည်း သူက ဘေးမှာ ရပ်ကြည့်နေသည်။ စဉ်ပေါ်က မော့ချူးကိုကြည့်ပြီး သူ့ရဲ့ နှလုံးခုန်သံတွေ‌ တော်တော်မြန်လာပါပြီ။

ပင်လယ်နက်တောအုပ်ထဲမှာ ၃လ‌လောက် သူတို့ရဲ့ လေ့ကျင့်မှုတွေက အချည်းအနှီးမဖြစ်ပေ။ မော့ချူးက အဆင့်(၅)အခြေခံလောက်ပဲ ရှိသေးသော်လည်း သူမက အဆင့်(၅)ထက်မြင့်တဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ခဲ့ပြီးပါပြီ။ သို့သော်လည်း အခုလက်ရှိ သူမက အဆင့်(၆) ပြိုင်ဘက်ကို ရင်ဆိုင်နေရတာပါ။ သူမဒါကို ကိုင်တွယ်နိုင်ပါ့မလား။

ပြိုင်ပွဲရဲ့ ဒုတိယအဆင့်က သေရေးရှင်ရေးကိစ္စဖြစ်နေပါပြီ။ သူတို့ယုံကြည်မှုမရှိရင် ပြိုင်ပွဲကနေ နှုတ်ထွက်နိုင်ပါသည်။ သို့သော်လည်း သူတို့ အဖွဲ့ချုပ်စစ်တက္ကသိုလ်ကို ဝင်ရောက်ရမည့် ဖြစ်နိုင်ချေကိုတော့ ဆုံးရှုံးသွားမှာပါ။

မော့ချူးကတော့ မနှုတ်ထွက်ခဲ့ချေ။

“ပွဲစဉ် စတင်” စက်မှထွက်လာတဲ့ အသံကြားသည်နှင့် သားရဲကို ချည်နှောင်ထားသည့်ကြိုးတွေကို လွှတ်ချပေးလိုက်သည်။

“ဝေါ.” မှော်သားရဲက ကောင်းကင်ကို ကြည့်လိုက်ပြီး ဟိန်းသံအရှည်ကြီးကို ပြုလုပ်လိုက်သည်။ စူးရှတဲ့မျက်လုံးတွေက မော့ချူးကို တစ်စစီ ဆုတ်ဖြဲပစ်လိုက်ချင်သည့်အတိုင်း တည့်တည့်စိုက်ကြည့်နေသည်။ သူ့ရဲ့ ကြွက်သားတွေ ဖောင်းကြွလာပြီး မော့ချူးကို အလင်းအလျင်နဲ့ တစ်ဟုန်ထိုးတိုက်ခိုက်‌တော့သည်။

“အား” ဒီမြင်ကွင်းကို ကြည့်လိုက်ပြီး လူတိုင်းက အံ့ဩသွားပြီး အော်လိုက်ကြသည်။ တစ်ချို့ကဆို သွေးသံရဲရဲမြင်ကွင်းကို မကြည့်ရဲလို့ မျက်လုံးတွေကို အုပ်ထားလိုက်ကြသည်။

မော့ချူး နိုင်လိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်ချက်မရှိပါ။

အမှန်တော့ သူတို့နှစ်ယောက်ကြားက ဆန့်ကျင်ဘက်အရာတွေက တော်တော်လေးများသည်။

မော့ချူးက ပိန်ပါးပြီး နှစ်လိုဖွယ်ကောင်းသည်။ သို့သော် မှော်သားရဲက သူမရဲ့ ဆန့်ကျင်ဘက် ကြောက်စရာကောင်းပြီး ထွားကြိုင်းသည်။ သူမရဲ့ နှစ်ဆလောက်ရှိသည်။ အင်အားချင်းကွာခြားမှုကလည်း ရလာဒ်ကို အများကြီး အကျိုးသက်ရောက်မှုရှိသည်။

သို့သော်လည်း မော့ချူး ရှုံးတော့မယ်လို့ လူတိုင်းထင်နေတဲ့အချိန်မှာ အခြေအနေတွေက ရုတ်ချည်း ပြောင်းလဲသွားသည်။

မော့ချူးဘာလုပ်လိုက်လဲဆိုတာကိုတော့ ဘယ်သူမမြင်လိုက်ချေ။ သို့သော် မှော်သားရဲရဲ့ လက်သည်းတွေက မော့ချူးရဲ့ ၁၀စင်တီမီတာလောက်ပဲ ကွာတော့တဲ့အချိန်မှာ သူ့ရဲ့လှုပ်ရှားမှုတွေကို အဲ့နေရာမှာဘဲ ရုတ်တရက်ရပ်လိုက်သည်။

ထို့နောက် လူတိုင်းရဲ့ အံ့ဩနေတဲ့ အကြည့်တွေရဲ့အောက်မှာ စောစောလေးကမှ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်နေတဲ့ပုံပေါက်နေတဲ့ မှော်သားရဲက တကယ်ကို ကြောက်ရွံ့မှုတွေ ပေါ်လာခဲ့သည်။ သူမက မော့ချူးကို ကြောက်ကြောက်လန့်လန့်ကြည့်နေပြီး နောက်ကို တုန်တုန်ယင်ယင်နဲ့ ပြန်ဆုတ်သွားသည်။

ဘာတွေဖြစ်နေတာလဲ။

သူတို့ တစ်ခုခုလွဲသွားတာများလား။ အခြေအနေကြီးက ဘာလို့ ဒီလို ရုတ်ချည်းပြောင်းလဲသွားရတာလဲ။

အဲ့ဒီနောက် မော့ချူးက စတင်လှုပ်ရှားပါတော့သည်။ သူမက မှော်သားရဲဆီကို ဖြေးဖြေးချင်းလျှောက်သွားလိုက်သည်။ သူမရဲ့ ငြင်သာတဲ့ခြေလှမ်းတွေက နောက်ကို ပြန်သွားနေသည့်အတိုင်းပင်။ သူမက မှော်သားရဲဆီကို ရောက်သွားသည့်အခါ မော့ချူးက လက်ကို မှော်သားရဲရဲ့ခေါင်းပေါ်တင်လိုက်သည်။ လူတိုင်းကို အံ့ဩသွားစေတာက ဒီကောင်မလေးက ဒီအခွင့်အရေးကို ယူပြီး မတိုက်ခိုက်သည့်အပြင် သူ့ရဲ့ခေါင်းကို ငြင်ငြင်သာသာပွတ်ပေးနေလိုက်သည်။

ဒါက အရေးမကြီးတော့ပါဘူး။ နောက်ထပ်ဖြစ်ပျက်သွားတာကမှ ပိုပြီး အံ့ဩဖို့ကောင်းသည်။

စောစောလေးကမှ ရက်စက်ကြမ်းကြုတ်မှုတွေပြည့်နေတဲ့မှော်သားရဲက မော့ချူးကို နာခံနေပြီး သူကို ပွတ်ပေးတာကို ခံနေသည်။ သူရဲ့မျက်နှာမှာ ကျေနပ်နေသည့် အမူအရာများပင် တွေ့ရသည်။

ဘာလဲ။

ဘာတွေ ဖြစ်နေတော့တာလဲ။

သူတို့မျက်လုံးတွေကများ သူတို့ကို လှည့်စားနေတာလား။ သူတို့က ဘေးနားက ကြောင်ကြည့်နေကြတဲ့ သူတွေကိုလည်း အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။ အဲ့ဒီတော့မှ ဒါက အမှန်တရားကြီးဆိုတာကို သူတို့ အတည်ပြုနိုင်လိုက်သည်။

“အာ ကမ္ဘာပေါ်မှာ ဘာတွေဖြစ်ပျက်နေတာလဲ”

“ဘုရားရေ ငါဘာမှတောင် မမြင်လိုက်ရသေးဘူးကို ပြီးသွားတော့တာလား”

“မင်းမြင်လိုက်လား။ မြန်မြန်ပြောစမ်း”

ပရိတ်သက်တွေက လှုပ်လှုပ်ရွရွ ဆွေးနွေးနေကြသည်။ ခဏလောက်တော့ တော်တော်လေး အသက်ဝင်နေလိုက်သေးသည်။

“စာမေးပွဲ အောင်မြင်ကြောင်း” လူတိုင်း နားမလည်ဖြစ်နေတုန်းမှာဘဲ စက်က ကြေညာလိုက်သည်။

မော့ချူးက အောင်မြင်တဲ့အမှတ်ကို ယူပြီး တိတ်တိတ်ဆိတ်ဆိတ်ဘဲ နောက်ကို လျှောက်သွားလိုက်သည်။ ကောင်မလေးရဲ့ သွေးသွယ်တဲ့ ခန္ဓာကိုယ်လေးကို ကြည့်လိုက်ပြီး လူတိုင်းသက်ပြင်းချလိုက်သည်။ သမိုင်းတစ်လျှောက်လုံးမှာ ဒုတိယအဆင့်ရဲ့ အလွယ်ကူဆုံး စစ်ဆေးမှု ဖြစ်သင့်သည်။

All Chapters